ဇမ္ဗူဒီပါ တောင်ကျွန်းသခင် ( ယဲ့ဖန် )
Shrouding the Heavens 遮天
အကျဉ်းချုပ်
အေးခဲပြီး မည်းမှောင်နေသည့် စကြာဝဠာတစ်လျောက် အလွန်ဝေးကွာလွန်းသော တစ်နေရာတွင် ဖြစ်၏။ ထိုနေရာတွင် ရှေးဟောင်း ကြေးနီရောင် ခေါင်းတလားတစ်လုံးနှင့် ချည်နှောင်ဆက်စပ်လျက်ရှိသည့် ကြီးမားသည့် နဂါးအလောင်းကြီး ကိုးလောင်းက ရှိနေသည်။ ၎င်းတို့က စကြာဝဠာကြီး စတင်တည်ရှိချိန်တည်းက ရှိနေခဲ့သည့်အလား ထင်ရလေသည်။
ထိုသို့ မင်သက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို အာကာသအပြင်ဘက်တွင် လွှင့်မျောနေသည့် အာကာသ စူးစမ်းရှာဖွေရေး ယာဉ်ပျံမှ ဖမ်းယူရိုက်ကူးမိခဲ့ခြင်းလည်း ဖြစ်၏။
ယင်းနဂါးကိုးကောင်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် ခေါင်းတလားကြီးက ရှေးခေတ်ကာလမှ ရောက်ရှိလာခြင်းလား သို့မဟုတ် စကြာဝဠာ၏ အခြားတစ်ဖက်ခြမ်းမှ ရောက်ရှိလာသည်လား အစရှိသဖြင့် လူအများအား တုန်တုန်ယင်ယင် တွေးမိသွားစေတော့သည်။ လျှို့ဝှက်ဆန်းကြယ်သည့် မဟာလောကတစ်ခု၏ တံခါးပေါက်က ပွင့်ဟလာသည့်အခါ မသေမျိုးများက ပေါ်ပေါက်လာတတ်သည့် ဖြစ်ရပ်များကဲ့သို့ သိပ္ပံ နည်းပညာများဖြင့် အဖြေထုတ်ရန် ခက်ခဲသည့် ဖြစ်ရပ်များကလည်း ဆက်တိုက် ဖြစ်ပွားလာတော့သည်။
မရေမတွက်နိုင်သည့် လူပေါင်းများစွာက လျှို့ဝှက်လမ်းစဉ် ( တာအိုလမ်းစဉ် ) များကို ရှာဖွေကြလေသည်။ သူတို့၏ စိတ်ဆန္ဒများက မည်သည့်အခါမှ ငြိမ်သက်နိုင်ခြင်း မရှိသည့် လှိုင်းထန်နေသော သမုဒ္ဒရာကြီးနှင့် ဆင်တူ၏။ သူတို့၏ အတွေးများမှ အပူဒဏ်က ပေါက်ကွဲထွက်နေသည့် မီးတောင်တစ်ခုအလား ထင်ရ၏။ သူတို့၏ အာဏာနှင့် မသေမျိုး ဖြစ်လာရန် ပြင်းပြသည့် စိတ်ဆန္ဒက သူတို့အား မသိလိုက် မသိဘာသာပင် အဆုံးအစမဲ့သော ညို့ငင်မှုတစ်ခုအတွင်းသို့ ဆွဲချသွားသလိုမျိုး ဖြစ်သွားစေသည်။
ဘွဲ့ရရှိပြီးနောက် ပြန်လည်တွေ့ဆုံပွဲသို့ ရောက်ရှိလာသည့် အတန်းဖော် သုံးဆယ်သုံးယောက်က သူတို့၏ ခင်မင်ရင်းနှီးမှုများကို စမ်းသပ်ခံရသည့်အလား ကြေးနီ ခေါင်းတလားကြီးမှ သူတို့အား အမည်မသိရသည့် ဂြိုလ်တစ်ခုဆီ ခေါ်ဆောင်သွားခဲ့၏။
ထိုအခါ ရှင်သန်လိုသော စိတ်ဆန္ဒက သူတို့အား ရှေးခေတ် နတ်ဘုရားများ၏ လမ်းစဉ်သို့ လိုက်ပါသွားပြီး ကျင့်ကြံခြင်း လောကတစ်ခုသို့ ဝင်ရောက်သွားစေသည်။
သူတို့ထဲမှ မည်သူကများ ထာဝရ ရှင်သန်သည့် မသေမျိုးအဆင့်သို့ ရောက်ရှိသွားမည်နည်း။ သို့မဟုတ် လမ်းခရီးအတွင်း၌ပင် သေဆုံးသွားကြမည်လားဆိုသည်ကို မည်သူက သိရှိနိုင်မည်နည်း။