သူသည် မိဘမဲ့တစ်ဉီး၊ အမည်နာမပင် မရှိခဲ့သော ကလေးငယ် တစ်ဉီး ဖြစ်သည်။ သူ့အသက် လေးနှစ်သား အရွယ်ကပင် စွန့်ပစ် အမှိုက်ပုံမှ အလေအလွင့် ခွေးများ ကြောင်များကို တိုက်ခိုက် စားသောက်ရင်း ရှင်သန်လာခဲ့သည်။
သူ့ကံကြမ္မာကို အင်မော်တယ် တစ်ဉီးကဲ့သို့ ကောင်းကင်တွင် ဝဲပျံလျက် တောင်များ၊ ပင်လယ်များအား ဖြတ်သန်းနိုင်သည့် တန်ခိုးရှင်ပမာ ပြောင်းလဲ ပစ်ချင်သည်။
ထို့ကြောင့် ရှန်းယွမ်ဟု သူ့ကိုယ်သူ အမည် ပေးလိုက်သည်။
အကြောင်းမှာ… တောင်းရမ်း စားသောက်၍ နက္ခတ်ဗေဒင် ဟောပြောပေးသည့် မျက်မမြင် လူအိုကြီး တစ်ဉီးထံမှ
‘ ဧကရာဇ် ရှစ်ပါးကို အုပ်စိုးသော လူအပေါင်း ခစားကြရသည့် ကြီးမြတ်သော ဧကရာဇ်မျိုးဆက် ရှန်းယွမ်’ ဆိုသည့် တိုးတိုး ရေရွတ်သံကို ကြားဖူးသောကြောင့် ဖြစ်သည်။
အသက် ငါးနှစ်သား အရွယ်တွင် သူတောင်းစားအိုကြီး တစ်ယောက်သည် သူ့အား ခေါ်ယူ စောင့်ရှောက် ပေးခဲ့သည်။ ထိုအဘိုးအိုမှ ရှင်သန် နေထိုင်နိုင်မည့် နည်းလမ်းတို့ကို သင်ကြား ပေးခဲ့၏။
သူတောင်းစား အဘိုးအိုက- ‘ရှန်းယွမ် … မင်းကျောင်းတက်ရမယ်’“ငါက အသက်ကြီးလာပြီ သေဖို့လည်း နီးနေပြီ။ ပြီးတော့ မင်းကို သူတောင်းစား ဘဝနဲ့ နေခွင့် မပေးနိုင်ဘူး၊ ဒီဘဝနဲ့ဆို မင်းကို လူတွေက အထင်သေးကြလိမ့်မယ်… မင်းဘဝကို သူတောင်းစားဘဝနဲ့ အဆုံးမသတ်စေချင်ဘူး။ ဒီတော့ စာဖတ်ခြင်းက မင်းအတွက် တစ်ခုတည်းသော နည်းလမ်းကောင်းပဲ။ မင်းက ထက်မြက်တဲ့ ကလေးပါ။ ဒါကြောင့် မင်း စာသင်ရမယ်။ မြို့ကြီးတစ်မြို့ကို ဝင်လိုက်တာနဲ့ မိန်းမလှလေးတွေ တန်းစီရပ်ခိုင်းပြီး မင်းစိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အနေအထားမျိုးထိ ရောက်အောင် မင်းရှင်သန်ကြီးပြင်းရမယ် ”
—
ကျောင်းစတက်သည့် ပထမဆုံးနေ့၌ ရှန်းယွမ်မှာ လမ်းတစ်လျှောက် ငိုရှိုက်ရင်း သွားခဲ့သည်။ သို့သော် သူသည် ထက်မြက်သည့် ကလေးတစ်ဉီး ဖြစ်သည်။ တရုတ်၊ သင်္ချာနှင့် အဂ်လိပ် စသည့် ဘာသာရပ်တို့ သာမက ဘက်စုံ ထူးချွန်ခဲ့သည်။
မြို့၏ နံပါတ်တစ် ထူးချွန်သူ ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ တစ်ဉီးဖြစ်ကြောင်းလည်း သိထားသဖြင့် ကျောင်းမှ သင်ကြားစရိတ်များ ကင်းလွတ်ခွင့် ရရှိသည့်ပြင် ထောက်ပံ့ကြေး အချို့လည်း ရရှိခဲ့သည်။
—
သို့ရာတွင် သူ၏ ကံကြမ္မာ တစ်လှည့် ပြောင်းခဲ့ပြန်သည်။ ရှန်းယွမ်သည် သူ နှစ်ပေါင်းများစွာ မှီခိုသမှုပြုနေသော သူတောင်းစား အဘိုးအို ဂုဏ်ယူနိုင်စေရန် အစွမ်းကုန် ကြိုးစားနေစဉ်မှာပင် အဘိုးအိုသည် အလွန်အေးသည့် ဆောင်းညတစ်ည၌ သေဆုံးသွားခဲ့သည်။
ရှန်းယွမ်မှာ အံကို တင်းတင်းကြိတ်လျက် ပြင်းထန်လှသည့် အအေးဒဏ်ကို အန်တုရင်း သူတောင်းစား အဘိုးကြီး၏ သက်မဲ့ခန္ဓာအား လူသူကင်းမဲ့ရာ အရပ်သို့ သယ်ဆောင် လာခဲ့သည်။ မျက်ရည်များ စီးကျလျက် ဆီးနှင်းများ ဖုံးနေသော အေးခဲမာကျောလှသည့် မြေပြင်ကို လက်မှ သွေးထွက်သည့်တိုင် တူးဆွပြီး ကျေးဇူးရှင် အဘိုးအိုကို မြှုပ်နှံလိုက်သည်။
“အဘိုး ခင်ဗျား ခု တစ်ယောက်တည်း ထွက်သွားတာ အရမ်းအရမ်းကို အထီးကျန် ရတော့မယ်.. ခင်ဗျား ပြောတော့ လူကောင်းတွေကို ဆုချလိမ့်မယ်ဆို… ဘာကြောင့် ခင်ဗျား သေရတာလဲ။ နောက်နောင်ဘဝမှာ ခင်ဗျား ကြောင့်ကြမရှိ .. တည်ငြိမ် ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ်”
ရှန်းယွမ် ပြောရင်း မျက်ရည်များ ဝဲတက် လာပြန်သည်။
‘ဆင်းရဲဒုက္ခ ရောက်နေတဲ့ လူကောင်း တစ်ယောက်ကို အကြိမ်တစ်ရာလောက် အရိုအသေ ပေးမယ်ဆိုရင် အဲ့လူဟာ နောက်ဘဝမှာ ပိုပြီး ကောင်းမွန်တဲ့ ဘဝကို ရလိမ့်မယ်လို့ ဗေဒင်ဆရာ တစ်ယောက် ပြောတာကို ငါ ကြားခဲ့ဖူးတယ်။ ငါ အဘိုးအိုကြီးကို အကြိမ် တစ်ရာမက အရိုအသေ ပြုခဲ့ပြီးပြီ။ ဒါကြောင့် နောက်ဘဝမှာ သူ တစ်နေ့ ထမင်း သုံးကြိမ်စားပြီး အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေ ပျော်ရွှင်တဲ့ ဘဝမှာ နေနိုင်မှာပါ’
သူတောင်းစား အဘိုးကြီး၏ အုတ်ဂူရှေ့ရှိ နှင်းများပေါ်တွင် အနီရောင် သွေးကွက်များ ရှိနေသည်။ အုတ်ဂူအရှေ့ မတ်မတ် ရပ်နေသည့် ရှန်းယွမ်၏ နဖူးပြင်သည်လည်း သွေးစသွေးနများ စွန်းပေလျက်ရှိ၏။ သူ၏ မျက်ဝန်းတစ်စုံမှာ ဗလာကျင်းနေပြီး မျက်ရည်များ အဆီးအတားမရှိ ကျနေခဲ့သည်။
ရှန်းယွမ်သည် ဝမ်းနည်း ပူဆွေးစွာဖြင့် တစ်လှမ်းပြီး တစ်လှမ်း လှမ်းနေမိသည်။
သူ ဘာဆက်လုပ်ရမည်နည်း။
နှစ်ပေါင်းများစွာ သူတောင်းစားအိုကြီးနှင့် နေထိုင်ခဲ့ပြီး အဘိုးကြီး၏ နောက်သို့သာ အချိန်ကြာမြင့်စွာ လိုက်နေခဲ့သည်။ ယခု သူတောင်းစား အဘိုးအိုမှာ သေဆုံး သွားခဲ့လေပြီ။ သူ အဘယ်သို့ နေထိုင်ရမည်ကို မသိပေ။ ရှန်းယွမ်မှာ ဆောက်တည်ရာမဲ့ ခံစားနေရသည်။ ထူထပ်စွာ ကျနေသော ဆီးနှင်းများကြား ရှန်းယွမ်သည် ရီဝေမူးမိုက်လျက် အေးခဲထုံကျင် နေသော်ငြား ဉီးတည်ရာမရှိ လျှောက်လှမ်း နေမိသည်။ အဆုံး၌ သူသည် မဟန်နိုင်တော့ပဲ နှင်းခဲပြင်ပေါ်သို့ လဲကျသွားတော့သည်။ ပိန်းပိတ်အောင် ကျနေသော ဆီးနှင်းထုက တစ်ခဏ အတွင်းမှာပင် သူ့အား ဖုံးလွှမ်း သွားခဲ့ပြီး မကြာမီ အုတ်ဂူ တစ်ခုပမာ ဖြစ်သွားတော့သည်။