Switch Mode

Chapter – 35.2

ငါ မရှုံးသေးဘူး

အပိုင်း ၃၅•၂

” ငါမရှုံးသေးဘူး ”
°°°
၀ူဖုန်းက လွဲချော်သွားခဲ့တဲ့အတွက် သူမရဲ့နောက်ကျောက ဟို့ယွိဟောင်ဆီကို မြင်သာလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်က ပူပြင်းတဲ့အပူရှိန်ကို ကြံ့ကြံ့ခံနေရင်း ၀ူဖုန်းကို ကန်ချဖို့လုပ်တယ်။ ဒါပေမယ့် တခဏတာ ကြာပြီချိန်မှာ ဟို့ယွိဟောင် ပြန်လွှတ်လိုက်ရပါတယ်။ သူမရဲ့ နဂါးမီးလျှံတွေကသူ့ရဲ့ တစ်ပေအတွင်းကို ပူပြင်းလောင်မြိုက်စေတဲ့အတွက် အနားကို ကပ်ဖို့က ခက်ခဲလွန်လှတယ်။ ဒါ့အပြင် သူ့ကို ဆွဲယူပြီချိန်မှာတော့ တစ်ခုခုလွဲနေတာကို ခံစားမိခဲ့ပါတယ်။

သူဆွဲယူလိုက်မိတဲ့အရာက ချွန်ထက်ပြီ တောင်ပူစာလိုမော်မောက်နေတဲ့အရာတွေပါ။ ဒါပေမယ့် သူလက်ကလဲ ချက်ချင်းဆိုသလို ပြန်လွှတ်လိုက်မိပါတယ်။ ဟို့ယွိဟောင်က ၀ူဖုန်းရဲ့ အင်္ကျီတွေကို ဆွဲလိုက်မိတယ်လို့ထင်ပေမဲ့ ဘယ်အရာကိုဆွဲလိုက်မိလဲဆိုတာ မျက်လုံးပိတ်ထားတာကြောင့် ရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူး။ တခဏတာ သတိလစ်သွားခဲ့တာကြောင့် သူ့ရဲ့ကန်ချက်နေရာကလဲ အနည်းငယ်နှိမ့်ပါးသွားခဲ့ရပါတယ်။ ၀ူဖုန်းကတော့ အရမ်းကိုဒေါသထွက်ပြီ ရှက်ရွံ့မှုကြောင့် ဒီကန်ချက်ကို ရှောင်ရှားရင်းနဲ့ အရှိန်နှုန်းပိုမြင့်တင်တော့တယ်။

ဒီကောင်စုတ်က အရှက်မရှိတဲ့ကိစ္စကို လုပ်ပြီတာတောင် တခဏတာ သတိလစ်သွား၀ံ့တယ်လား။ ဟို့ယွိဟောင်လဲ သူပြောတဲ့အတိုင်း ဖြစ်နေခဲ့တာပါ။ မျက်လုံးနဲ့မမြင်ရပေမဲ့ သုံးဖက်မြေပုံရိပ်တွေက တကယ်အစစ်အမှန်တွေနဲ့ သိပ်ပြီးမကွာခြားပါဘူး။

” ငါတကယ်ဘာမှမမြင်လိုက်ပါဘူး ”

သူစကားကိုပြောလိုက်ချိန်မှာ ၀ူဖုန်းရဲ့ ကန်ချက်က မျက်နှာပေါ်ကို ရောက်ရှိသွားပါတော့တယ်။

၀ူဖုန်းရဲ့ကန်ချက်ကို ခုန်ရှောင်ဖို့က မဖြစ်န်ိုင်တဲ့ကိစ္စပါပဲ။ ဒါကြောင့် သူ့ရဲ့ကျောက်စိမ်းလက်တွေကိုသာ အသုံးပြုရင်း တိုက်ခိုက်မှုကို တားဆီးလိုက်ပါတယ်။

၀ူဖုန်းက အရမ်းကိုသန်မာလွန်လှပြီ ၀ိညာဥ်စွမ်းအားကိုအသုံးပြုရင်း ကိုယ့်ကိုကိုယ် ပိုအားကောင်းအောင် လုပ်ထားခဲ့တဲ့အတွက် ကန်ချက်က သံပူတုံးကြီးကို ဖမ်းရသလို နာကျင်စေခဲ့ပါတယ်။

ဟို့ယွိဟောင်အနေနဲ့ ၀ူဖုန်းရဲ့ တိုက်ခိုက်မှုကို ကျောက်စိမ်းလက်ရဲ့အကာအကွယ်ရှိနေတာတောင် အပြည့်အ၀မတားဆီးနိုင်ပါဘူး။ သူ့ကန်ချက်က အရမ်းကို အင်အားကြီးနေခဲ့တဲ့အတွက် လက်နှစ်ဖက်ရဲ့အင်အားတစ်ခုထဲနဲ့ တောင့်ခံဖို့ကခက်ပါလိမ့်မယ်။ ဒါ့အပြင် သူ့ရဲ့လက်မောင်းတွေက မျက်နှာအနားထိတောင်ကပ်လာပြီ အပြည့်အ၀ ခုခံနေခဲ့ရတယ်။ ဟို့ယွိဟောင်အနေနဲ့ နှာခေါင်းကနေသွေးတွေထွက်တော့မလို အခြေအနေဖြစ်နေတာကို ခံစားမိပါတယ်။

၀ူဖုန်းက ဟို့ယွိဟောင်ကို ကန်ပြီတဲ့နောက် သူ့ရဲ့ပြဲသွားတဲ့အ၀တ်အစားကို ပြန်ကြည့်နေရင်း ပိုပိုပြီး ဒေါသထွက်လာပါတော့တယ်။

” ဟို့ယွိဟောင် ခွေးမသား ”

ပူပြင်းတောက်ပတဲ့အနီရောင်အလင်းတန်းက ချက်ချင်းဆိုသလို ကြက်သွေးရောင်အဖြစ် ပြောင်းလဲလို့သွားပြီ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နဂါးမီးလျှံက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူမခန္ဓာကိုယ်​တစ်ခုလုံးက အနီရောင်နဂါးတစ်ကောင်အဖြစ်ကို ပြောင်းလဲလို့သွားရင်း ဟို့ယွိဟောင်ကို နောက်တစ်ကြိမ် ခုန်အုပ်ဖို့လုပ်ပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ကိုဆက်တိုက်သတ်ဖြတ်လိုချင်စိတ်တွေအပြည့်ရှိနေခဲ့တယ်။

ချက်ချင်းဆိုသလို ဟို့ယွိဟောင်က မျက်လုံးဖွင့်လာခဲ့ပါပြီ။ ၀ူဖုန်းရဲ့တိုက်ခိုက်မှုကနေ ဟို့ယွိဟောင်ကို ကယ်တင်ဖို့လုပ်နေခဲ့တဲ့ ၀မ်ယန်လဲ ရပ်တန့်လို့သွားခဲ့ပါတယ်။

၀ူဖုန်းရဲ့ဘေးပတ်လည်မှာ ကြက်သွေးရောင်မီးလျှံတွေ တောက်လောင်နေသလို ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေကလဲ ရွှေရောင်တောက်ပလို့နေခဲ့ပါတယ်။ သူမ ဒေါသထွက်နေတဲ့အချိန်မှာ ၀ူဖုန်းကတော့ ဟို့ယွိဟောင်ရဲ့တကယ်စစ်မှန်တဲ့တိုက်ခိုက်မှုကို ခုခံဖို့အတွက် မေ့လျော့သွားခဲ့ရတယ်။ ၀ူဖုန်းရဲ့ဦးနှောက်ကလဲ အပ်နဲ့ထိုးခံလိုက်ရသလို နာကျင်လို့သွားခဲ့ရပြီ တခဏတာ တွေဝေလို့သွားပါတော့တယ်။ အဲ့ဒီနောက် အနီရင့်ရောင်အလင်းတန်းက မှိန်ဖျော့သွားပြီ ခေါင်းကိုဖိထားလိုက်မိတယ်။ ဒီနာကျင်မှုက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကနေ လာရောက်တာပါ။

အခွင့်အရေးယူရင် ဟို့ယွိဟောင်က လေထဲကို ခုန်ချလိုက်ပြီ ၀ူဖုန်းဆီ ပြန်ထိုးဆင်းလာပါတော့တယ်။ ၀ူဖုန်းရဲ့အ၀တ်တွေကိုဆွဲရင်း သူမကို မြေပြင်ပေါ်လှဲချဖို့ကြိုးစားနေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ တွက်ချက်နိုင်စွမ်းက အရမ်းကို ကောင်းမွန်ပေမဲ့ ဒီတစ်ကြိမ်မှာ သူတော့အမှားပြုလုပ်လိုက်မိပါပြီ။ ၀ူဖုန်းရဲ့စွမ်းရည်တွေကို သူလျှော့တွက်လိုက်မိပါတယ်။

၀ူဖုန်းရဲ့ အင်္ကျီတွေကို ဆွဲလိုက်နိုင်ပေမဲ့ ပူပြင်းတဲ့လေတွေက သူ့ကို ချက်ချင်းပြန်လည်၀ါးမြိုလိုက်ရင်း လှိုင်းတွေက မျက်နှာကို လောက်မြိုက်လို့သွားစေခဲ့တယ်။ နေမင်းကြီးနဲ့ ထိတွေ့လိုက်တဲ့အတိုင်း အင်္ကျီတွေတောင် ပြာမှုန့်ဖြစ်သွားခဲ့ရပါပြီ။ ဒါကြောင့် သူလဲ လက်ပြန်လွှတ်လိုက်ပြီ ပြင်းထန်တဲ့နာကျင်မှုကို လျော့ကျစေဖို့ကြိုးစားမိတော့တယ်။

၀ူဖုန်းက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် ရိုက်ခတ်ခံလိုက်ရပေမဲ့ အခြေခံတိုက်ခိုက်ရေးအသိ၀ိညာဥ်ကြောင့် ချက်ချင်းသတိပြန်၀င်လာပြီ ဟို့ယွိဟောင်ရဲ့ ရင်ဘတ်ကို ရိုက်ချပြစ်လိုက်ပါတယ်။

၀ူဖုန်းရဲ့တိုက်ခိုက်မှုက အရမ်းကိုပြင်းထန်လွန်လှတယ်။ ၀ိညာဥ်စွမ်းအားကာကွယ်ထားတာကြောင့် အရိုးတွေကျိုးမသွားနိုင်ပေမဲ့ မီးလျှံတွေကတော့ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ လေထဲကို လွှင့်ထွက်လို့သွားခဲ့ပြီ ​ချောင်းဆိုးရင်းနဲ့ သွေးတစ်ဗွက်ကိုအန်လိုက်မိတယ်။ နောက်ဆုံးမြေပြင်ပေါ် ရောက်ရှိသွားချိန်မှာတော့ မျက်လုံးရှေ့မှာရှိသမျှအရာအားလုံးက မည်းမှောင်သွားရင် သတိလစ်တော့မလို ဖြစ်နေခဲ့ပါပြီ။

၀ူဖုန်းကလဲ မြေပြင်မှာ ဒူးထောက်နေခဲ့ပြီ သူ့ရဲ့ခေါင်းကိုလက်နဲ့ဖိထားရင်း နာနာကျင်ကျင် အော်ဟစ်နေခဲ့တယ်။ စွမ်းအားအပြည့်ရှိနေတဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်တိုက်ခိုက်မှုက တောင့်ခံဖို့မလွယ်ကူပါဘူး။ ၀ူဖုန်းရဲ့ နှာခေါင်းထဲကနေ သွေးတွေလဲစီးကျနေခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ထက်တော့ အခြေအနေအနည်းငယ်ပိုကောင်းပါသေးတယ်။ နောက်ဆုံးတော့ ပြီးသွားပြီပဲ။ ၀မ်ယန် စိတ်ထဲမှာ သက်ပြင်းချနေခဲ့မိတယ်။ ဟို့ယွိဟောင် ရှုံးသွားပေမဲ့ အတော်လေးကောင်းတဲ့အရှုံးပါ။ ၀ူဖုန်းကို အနီးကပ်တိုက်ပွဲမှာ ဒဏ်ရာရအောင်လုပ်နိုင်ရုံတင်မကပဲ ဒီလိုနှာခေါင်းသွေးလျှံတဲ့အထိလဲ တိုက်ခိုက်နိုင်ပါသေးတယ်။ ဒါက သူဂုဏ်ယူသင့်တဲ့အရာပါပဲ။ နောက်ဆုံးတော့လဲ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောာက်အနေနဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ကို ဒီလောက်အထိ အနီးကပ်တိုက်ပွဲမှာ တော်မယ်လို့ထင်မထားခဲ့မိတာအမှန်ပါ။

ဒါပေမယ့် တကယ်ပြီးဆုံးသွားပြီလား။

ခေါင်းက်ိုဖိထားရင်း ၀ူဖုန်းက ဖြည်းဖြည်းချင်း မတ်တပ်ထလာခဲ့ပါတယ်။ ခြေထောက်ကို ငြိမ်အောင်ထိန်းမထားနိုင်ခဲ့ပေမဲ့ ဒီအရှက်ကွဲမှုက အရမ်းကိုကြီးမားလွန်လှတယ်။

ပြင်းထန်တဲ့ခေါင်းကိုက်မှုကို ခက်ခက်ခဲခဲတောင့်ခံနေရင်း ၀ူဖုန်းက ၀မ်ယန်အနေနဲ့ သူတို့ကြားမှာရှိနေတာကို သတိထားမိသွားပါပြီ။ ဟို့ယွိဟောင်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထိခိုက်အောင်မလုပ်နိုင်မှန်း သူသိနေခဲ့တယ်။ ဒါကြောင့် သူဒေါသတကြီးနဲ့ အော်လိုက်ပါတယ်။

” ဟို့ယွိဟောင် နင်စောင့်နေလိုက် နင်အတန်းနံပါတ်တစ်မှာ နေနေသရွေ့ ကျောင်းတော်ကနေထွက်သွားတဲ့နေ့ရောက်တဲ့အထိ ငါနင်ကိုဆက်ပြီ တိုက်ခိုက်နေမှာပဲ ”

အားလုံးရဲ့အကြည့်အောက်မှာ ဟို့ယွိဟောင်ကလဲ ခက်ခက်ခဲခဲနဲ့ တွားသွားရင်း ပြန်ထလာခဲ့ပါတယ်။ ကြည့်နေသူတွေ လန့်သွားရအောင် ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက နီရဲလို့နေခဲ့တယ်။ သူ့ရဲ့အကြည့်က အရမ်းကို အေးစက်နေခဲ့ပြီ ၀ူဖုန်းထက်တောင် ပိုသွေးဆာနေသလို လူတိုင်းကို ကိုက်ဖြတ်စားသောက်တော့မဲ့ကျားတစ်ကောင် သူ့သားကောင်ကိုကြည့်သလိုမျိုး အကြည့်ဖြစ်နေခဲ့ပါတယ်။ ဒေါသထွက်နေခဲ့တဲ့ ၀ူဖုန်းကိုယ်တိုင်းတောင်မှ ရုတ်တရက်ဆိုသလို အဆိပ်ပြင်းတဲ့ကင်းမြီးကောက်ရဲ့ အဆိပ်ဆူးနဲ့အထိုးခံလိုက်ရသလို ကျောရိုးတစ်ခုလုံးစိမ့်သွားပါတော့တယ်။

” ငါမရှုံးသေးဘူး ”

ဟို့ယွိဟောင်ရဲ့အက်ကွဲနေတဲ့အသံက အရမ်းကို မာကျောနေခဲ့ပါတယ်။ အမှန်ပါပဲ သူမရှုံးသေးပါဘူး သူ့မှာစွမ်းအင်ကျန်နေသေးပါတယ်။ ဟို့ယွိဟောင်က အရှုံးကိုဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူး။ သူ့ရဲ့စိတ်ထဲမှာရှိတဲ့ တောင်ခံနိုင်စွမ်းက သူကိုတွန်းအားပေးနေခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို ကြုံတွေ့ခဲ့ရတဲ့အခြေအနေက အရမ်းကို များလှပါပြီ။ ဒါ့အပြင် သူမရဲ့ဆက်တိုက်ရန်စမှုတွေနဲ့ အရှက်ခွဲမှုတွေကို ကြုံတွေ့နေရတာက နှစ်ပေါင်းများစွာကြာအောင် ဖိနှိမ့်ခံထားရတဲ့ မကျေနပ်ချက်တွေကို ပေါက်ကွဲထွက်လာစေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ သူ့ခန္ဓာကိုယ်က တုန်ရီလို့သွားခဲ့ရင်း အနီဖျော့ရောင်မျက်လုံးတွေက အရောင်နောက်တစ်ကြိမ် ပြောင်းလဲလို့သွားပါတော့တယ်။ သေခြင်းတရားရဲ့အငွေ့အသက်ဖြစ်တဲ့ မီးခိုရောင်မျက်လုံးတွေပါပဲ။

အပိုင်း ၃၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset