အပိုင်း ၃၃•၁
” ၀ိညာဥ်အရိုးနှစ်ခု ”
°°°
သုဝေ့လွမ်အနေနဲ့ ဟို့ယွိဟောင်ရဲ့ တုန့်ပြန်မှုကို အတော်လေး စိတ်ကျေနပ်နေခဲ့ပါတယ်။ သူခေါင်းညိတ်ရင်းနဲ့ ညာဘက်လက်ကို လှုပ်ရှားလိုက်ချိန်မှာ အနီရောင်ကျောက်မျက်ရတနာတစ်ခုက ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီလက်ထဲမှာ ကြီးမားတဲ့ အိတ်ကြီးတစ်ခုလဲရှိနေခဲ့ပါတယ်။
ဒီအိတ်က ၀ိညာဥ်လက်နက်တစ်ခုလိုပါပဲ။ မှောင်မိုက်တဲ့သင်္ကေတတွေက အညိုရောင်အိတ်ရဲ့အပေါ်မှာ ရှိနေခဲ့တယ်။ ဟို့ယွိဟောင်တို့အနေနဲ့လဲ အထဲမှာများပြားတဲ့ စိတ်၀ိညာဥ်စွမ်းအားပေါင်းစည်းထားတာကို ခံစားနေခဲ့မိပါတယ်။
” ကလေးတို့ မင်းတို့တွေ ၀ိညာဥ်အကြီးအကဲတွေကို သုံးယောက်ဆက်တိုက်အနိုင်ယူခဲ့တဲ့ အစွမ်းအစကိုကြည့်ရင်း ငါအနေနဲ့ ကျောင်းတော်ကို နောက်ထပ် ဆုလာဘ်တစ်ခုပေးဖို့အတွက် တောင်းဆိုခဲ့တယ်..ဒါပေမယ့် ဆုလာဘ်ကတော့ တစ်ခုပဲရှိတယ်…အဲ့ဒီတော့ မင်းတို့အနေနဲ့ ဘယ်သူကို ပေးမလဲဆိုတာ ရွေးချယ်လိုက် တစ်ချိန်မှာပဲ ဒီဆုလာဘ်ကကျောင်းတော်အနေနဲ့ လွန်ခဲ့တဲ့ အနှစ်သုံးရာလုံးလုံး ပေးဖူးခဲ့တဲ့ဆုလာဘ်တွေထဲမှာ တန်ဖိုးအကြီးဆုံးဆုလာဘ်ပဲ တစ်ချက်ကြည့်လိုက် ”
သူပြောပြီတဲ့နောက် ၀မ်သုန့်ကို အိတ်ကမ်းပေးလိုက်ပါတော့တယ်။
၀မ်သုန့်လဲ အိတ်ကိုယူလိုက်ချိန်မှာ စိတ်ထဲဟို့ယွိဟောင်ရဲ့ အဓိကတပည့်သားမဖြစ်နိုင်မှုအတွက် ၀မ်းနည်းစိတ်က ထွက်ပေါ်လို့လာပါတော့တယ်။ ဒါကြောင့် သူ့ရဲ့စိတ်လှုပ်ရှားမှုတွေ လျော့ပါးနေခဲ့ပါပြီ။ အိတ်ကိုယူလိုက်ချိန်မှာ ချက်ချင်းဆိုသလို ဖွင့်ကြည့်လိုက်မိပါတော့တယ်။ အ၀ါရောင်အလင်းတန်းတစ်ခုက အိတ်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်တို့သုံးယောက်ရဲ့ အထိတ်တလန့်အကြည့်တွေအောက်မှာ အဲ့ဒီအရာက လေထဲကို ဖြည်းဖြည်းချင်း မြင့်တက်လို့သွားခဲ့ပါပြီ။
သေးငယ်ပေမဲ့ ထူးခြားလှပတဲ့အရိုးက လူတစ်ယောက်ရဲ့လက်၀ါးအရွယ်ရှိပါတယ်။ အ၀ါဖျော့ဖျော့အလင်းတန်းတွေ တောက်ပလို့နေခဲ့ပြီ ဟို့ယွိဟောင်တို့သုံးယောက်ရဲ့ နှလုံးခုန်သံတွေကို မြန်ဆန်လာစေခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားက အရမ်းကို အားကောင်းလို့နေခဲ့ပြီ သူတို့မြင်ဖူးတဲ့ ပထမဆုံးကြောက်စရာအရိုးပါပဲ။
” ဒါက၀ိညာဥ်အရိုးလား ”
၀မ်သုန့်က အထိတ်တလန့် မေးလိုက်မိပါတော့တယ်။ သုဝေ့လွမ်က ဒီဆုလာဘ်ကိုအရမ်းတန်ဖိုးကြီးတယ်လို့ အရိပ်အမြွက်ပြောထားပေမဲ့ ၀ိညာဥ်အရိုးဖြစ်နေမယ်လို့ တွေးတောင်မတွေးပါဘူး။ တကယ်ကို ၀ိညာဥ်အရိုးကြီးပါ။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေအတွက် ၀ိညာဥ်စက်ကွင်းထက်တောင် ပိုတန်ဖိုးကြီးတဲ့အရာဖြစ်နေခဲ့ပါသေးတယ်။
၀ိညာဥ်စက်ကွင်းတွေက ၀ိညာဥ်သားရဲကောင်တွေ သေဆုံးချိန်တိုင်း ပေါ်လာနိုင်တဲ့ စွမ်းအင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ၀ိညာဥ်အရိုးကို ရဖို့ကိစ္စကတော့ အပုံတစ်သောင်းမှာ တစ်ပုံသာဖြစ်နိုင်တာပါ။ အဆင့်မြင့်တဲ့၀ိညာဥ်သားရဲကောင်တွေမှာတောင် ၀ိညာဥ်အရိုးက လက်ရှိရှားပါးလွန်ပါတယ်။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေသာ ၀ိညာဥ်အရိုးတွေရှိနေဖို့ အာမခံချက်ရှိနေတယ်။
အကယ်၍ ၀ိညာဥ်ပညာရှင်တစ်ယောက်သာ ၀ိညာဥ်အရိုးတွေကို ရခဲ့မယ်ဆိုရင် သူတို့ရဲ့အင်အားက သေချာပေါက် အဆင့်တစ်ဆင့်ကို တက်သွားခဲ့မှာပါ။ ဒါ့အပြင် အဆင့်တူ၀ိညာဥ်ပညာရှင်တွေထက်လဲ အများကြီးပိုပြီးသာလွန်တဲ့အကျိုးအမြတ်ကို ရပါလိမ့်မယ်။ ၀ိညာဥ်ပညာရှင်တစ်ယောက်မှာ ၀ိညာဥ်အရိုးခြောက်ခုသာ အများဆုံးရှိနိုင်တယ်။ အဲ့ဒါကတော့ ဦးခေါင်းခွံရိုး ရင်ခေါင်းရိုးနဲ့ ခြေလက်အရိုးလေးခုပါပဲ။ ဒီခြောက်ခုထဲမှာ အဓိက တန်ဖိုးအကြီးဆုံးအရိုးကတော့ ရင်ခေါင်းရိုးဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် အရှားပါးဆုံးပါပဲ။ ဦးခေါင်းရိုးကတော့ ဒုတိယမြောက်အရိုးဖြစ်ပါတယ်။ တတိယမြောက်ခြေလက်အရိုးတွေကတော့ သူတို့နဲ့ ယှဥ်လိုက်မယ်ဆိုရင် အနည်းငယ်တန်ဖိုးလျော့နေခဲ့တယ်။
ဒီလိုဖြစ်တာတောင် ၀ိညာဥ်အရိုးတစ်ခုချင်းဆီတိုင်းက အရမ်းကို တန်ဖိုးကြီးလွန်လှတဲ့ အရာတွေကြီးပါပဲ။ ဘယ်နိုင်ငံရဲ့ လေလံပွဲမှာဖြစ်ပါစေ ရှာဖွေတွေ့ရှိမှုလွယ်မှာမဟုတ်ဘူး။ ဒါ့အပြင် လက်ရှိအချိန် စျေးကွက်ထဲမှာတောင် ၀ိညာဥ်အရိုးတစ်ခုကို ရိုးရိုးရှင်းရှင်း၀ယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စဖြစ်နေခဲ့တယ်။ အနည်းဆုံး၀ိညာဥ်အရိုးတစ်ခုကို လေလံဆွဲနိုင်ဖို့အတွက် အခြေခံ၀ိညာဥ်ရွှေပြားတစ်သိန်းမရှိရင် မရပါဘူး။ ဒါ့အပြင် ၀ိညာဥ်အရိုးကို ရယူပြီ ကိုယ်နဲ့ကိုက်ညီအောင်လုပ်ဖို့က ပိုခက်ပါသေးတယ်။
ကျောင်းတော်က ဘယ်လောက်အထိ ချမ်းသာလဲဆိုတာ သူတို့မသိပေမဲ့ ၀ိညာဥ်အရိုးတွေကို အများကြီးသိမ်းဆည်းမထားနိုင်တာတော့ နားလည်နေခဲ့ပါတယ်။ ဒါ့အပြင် အထူးချွန်ဆုံးကျောင်းသားတွေအနေနဲ့ များပြားတဲ့ ဆုလာဘ်တွေကို ရရှိဖို့လိုအပ်တယ်။ ဒါ့အပြင် ၀ိညာဥ်အရိုးကို ဆုလာဘ်အဖြစ်ရယူဖို့ အခွင့်အရေးဆိုတာက တကယ်ကို ကြောက်စရာကောင်းအောင် ရှားပါးတဲ့ ကိစ္စပါပဲ။ ကျောင်းတော်အနေနဲ့ ဒီလိုဆုလာဘ်မျိုးကို ထုတ်ပေးလာတဲ့အတွက် အနာဂတ်မှာ သူတို့ကို ဘယ်လောက်အထိ အလေးအနက်ထားရင် ဖိအားပေးမလဲဆိုတာ သိနေခဲ့ပါတယ်။
ဟို့ယွိဟောင်အနေနဲ့လဲ အတွင်းတပည့်သားဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့ ၀မ်းနည်းမှုနဲ့ နောင်တတွေက ကျန်ရှိနေဆဲပါ။ ဒါပေမယ့် ၀ိညာဥ်အရိုးကို မြင်လိုက်ချိန်မှာတော့ ဒီအတားအဆီးက ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါက သူလိုချင်နေတဲ့အရာမဟုတ်ပေမဲ့ ကျောင်းတော်အနေနဲ့ ဘယ်လောက်အထိ တရားမျှမျှတတ ဆက်ဆံနေလဲဆိုတာကို သူနားလည်သဘောပေါက်သွားရပါတယ်။
သူ့အနေနဲ့ အတွင်းတပည့်သား မဖြစ်နိုင်ပေမဲ့ ကျောင်းတော်က သူ့ကို လုံး၀ မတရားမမျှမတဖြစ်အောင် မလုပ်ခဲ့ပါဘူး။ သူက ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာ ရှိသေးတဲ့သူပါ။ တခြားအဆင့်အတန်းမြင့်မြင့် ကျင့်ကြံထားတဲ့ လူသစ်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူအနေနဲ့ကတော့ အဖွဲ့ထဲမှာ အဓိက မကျတဲ့သူအဖြစ်သာ ပြင်ပလူတွေက မြင်ရတာပါ။ ပထမ၀ိညာဥ်စက်ကွင်းကလဲ အဖြူရောင်ဖြစ်တဲ့အတွက် သုဝေ့လွမ်အနေနဲ့ သူ့ကို အဓိကတပည့်သားအဖြစ် ပေးမယ်ဆိုရင်တောင် သူကိုယ်တိုင်အနေနဲ့ လက်ခံဖို့ရှက်ရွံ့ရပါလိမ့်မယ်။
နောက်ဆုံးမှာတော့ နှလုံးသားထဲမှာရှိတဲ့ အစိုင်အခဲက ဖြည်းဖြည်းချင်း ပြေပျက်သွားခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ အမူအရာကလဲ ပိုပြီး အေးဆေးလာပါတော့တယ်။ အဲ့ဒီနောက် မူလရုပ်သွင်နဲ့ အေးဆေးတည်ငြိမ်မှုက ပိုလို့တောင် သဘာ၀ကျကျ ဖြစ်ပေါ်လာခဲ့ပါပြီ။
သုဝေ့လွမ်က ပြုံးနေခဲ့တယ်။
” မမျှော်လင့်ထားခဲ့မိဘူးမဟုတ်လား ဒါပေါ့ မင်းတို့ရဲ့ ဆုလာဘ်က ၀ိညာဥ်အရိုးပဲလေ ဒါပေမယ့် ဒီ၀ိညာဥ်အရိုးဘယ်လောက်အထိ တန်ဖိုးကြီးလဲဆိုတာ မင်းတို့သိမယ်လို့ ငါထင်ပါတယ်..ဒါကြောင့်သာ မင်းတို့သုံးယောက်ထဲမှာ တစ်ယောက်ပဲရနိုင်တယ်..ဘယ်သူ့ကိုပေးမလဲဆိုတာ ပြန်ရောက်ရင်းဆုံးဖြတ်ကြပေါ့ ဒါပေမယ့် ၀ိညာဥ်အရိုးတစ်ခုထဲအတွက်နဲ့ မင်းတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မပျက်ပြားစေနဲ့ ၀ိညာဥ်အရိုးတွေက ရှာဖို့ခက်ပေမဲ့ မိတ်ဆွေကောင်းဆိုတာက ၀ိညာဥ်အရိုးထက်တောင်ပိုပြီး ရှားသေးတယ်…ကောင်းပြီလေ မင်းတို့ယူသွားလိုက်တော့ ”
” ဒီ၀ိညာဥ်အရိုးက ငါကိုယ်တိုင် မင်းတို့အတွက် သေချာရွေးပေးလာခဲ့တာ သူက တိုက်ခိုက်တဲ့ ၀ိညာဥ်ပညာရှင်တွေအတွက်ကော ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေအတွက်ကော အသုံးပြုလို့ရနိုင်တယ်…ဒါ့အပြင် သူက ထာ၀ရရောင်စဥ်နတ်ဆိုးကျားသစ်ရဲ့ ဘယ်ဘင်ခြေထောက်အရိုးပဲ ဒါ့အပြင် ၀ိညာဥ်ပညာရှင်က အဲ့ဒီအရိုးနဲ့ ပေါင်းစပ်လိုက်လို့ကတော့ အရှိန်နှုန်းလဲ မြင့်လာလိမ့်မယ်…သူတို့ရဲ့ ဘယ်ဘက်ခြေထောက်ကို အသုံးပြုပြီ တိုက်ခိုက်ရေး၀ိညာဥ်စွမ်းရည်တစ်ခုကို ရရှိနိုင်မယ်….ဒါပေမယ့် အကြီးမားဆုံးရလဒ်ကတော့ မတူညီတဲ့သိုင်းပညာ၀ိညာဥ်တွေနဲ့ ပေါင်းစည်းရင်း မတူညီတဲ့ စွမ်းအင်အမျိုးအစားကို ထုတ်ဖော်နိုင်တဲ့ ကိစ္စပဲ လက်ရှိအချိန်မှာ မင်းတို့သုံးယောက်စလုံးအတွက် ဒါက သေချာပေါက် သင့်တော်တဲ့အရာဖြစ်နေခဲ့တယ်…ငါမင်းတို့ကို ဒီအိတ်နဲ့ပါ အတူတူပေးလိုက်မယ်…ဒီအိတ်က အရိုးနဲ့မင်းတို့ ပေါင်းစည်းတဲ့အချိန် ထွက်ပေါ်လာမဲ့၀ိညာဥ်စွမ်းအားကို ဖုံးကွယ်ထားပေးနိုင်တယ်..ဒါကြောင့် အမြန်ဆုံးသာ ပေါင်းစည်းလိုက် ကျောင်းတော်က အရမ်းကို လုံခြုံစိတ်ချပေမဲ့ တန်ဖိုးကြီးရတနာတွေဆိုတာက ရိုးသားတဲ့သူကိုတောင် စိတ်ဓာတ်ပျက်ပြားစေနိုင်တယ်…ကျောင်းတော်အနေနဲ့လဲ လျှို့၀ှက်ချက်အဖြစ် ထိန်းသိမ်းပေးလို့ထားပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာက အတိအကျပြောလို့မရဘူး…ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ မင်းတို့သိမယ်လို့ ငါယုံကြည်ပါတယ် “‘
၀ိညာဥ်အရိုးကို ပေးပြီတဲ့နောက် သုဝေ့လွမ်က သူ့တို့ကို ပြန်လိုက်ပို့တယ်။ သူတို့သုံးယောက်ကလဲ ပျော်ပျော်ကြီး ထွက်ခွာလာခဲ့ပါပြီ။
ကျောင်းတော်ရဲ့အဆောင်အပြင်ကို ရောက်ရောက်ချင် သူတို့ရပ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီတဲ့နောက် ရှောင်းရှောင်းက ပြောလာခဲ့တယ်။
” ယွိဟောင်ကိုပဲ ပေးလိုက်ရအောင် ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” ငါသဘောတူတယ် ”
သူတို့ပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို ကြည့်နေခဲ့ပါတယ်။၀မ်သုန့်က အိတ်ကိုဟို့ယွိဟောင်အရှေ့ ထိုးပေးနေပြီးသားပါ။ တစ်ယောက်ချင်းဆီရဲ့အင်အားမှာ ဟို့ယွိဟောင်က အားအနည်းဆုံးဖြစ်နေခဲ့တယ်။ အကယ်၍ သူသာ ဘယ်ဘက်ခြေထောက်အရိုးကို ရလိုက်မယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းရည်ကလဲ ရှိလာမှာပါ။ ဒါ့အပြင် အရှိန်နှုန်းသာ မြင့်မားလာလို့ကတော့ ဟို့ယွိဟောင်အနေနဲ့ တခြားအတွင်းတပည့်သားတွေကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းလဲ ရှိလာခဲ့ပါလိမ့်မယ်။
ဒါပေမယ့် ဟို့ယွိဟောင်က လုံး၀ကို ပြတ်ပြတ်သားသား ခေါင်းခါနေခဲ့တယ်။
” ငါဒီအရိုးကို မယူနိုင်ဘူး ၀မ်သုန့် အမျိုးသမီးကို ဦးစားပေးရမယ်ဆိုတဲ့ ကိစ္စမင်းမေ့သွားပြီလား ငါတို့တွေ ဒီအရိုးကို ရှောင်းရှောင်းဆီ ပေးလိုက်ရအောင် အခုက ကျောင်းတော်ရဲ့ ပထမစာမေးပွဲပဲ ရှိသေးတယ်…ဒါကြောင့် ငါတို့တွေ နောက်ပိုင်းမှာ ပိုအလုပ်ကြိုးစားရင် ပိုရလဒ်ကောင်းလာလို့ကတော့ နောက်ထပ် ၀ိညာဥ်အရိုးတစ်ခုကို ဆုလာဘ်အဖြစ်ထပ်ရမှာပဲ ငါတို့သုံးယောက်မှာ ရှောင်းရှောင်းတစ်ယောက်ပဲ မိန်းကလေးလေ ဒီတော့ ငါကိုအဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းတို့အသိအမှတ်ပြုတယ်ဆိုရင် ဒီလိုမျိုးပစ္စည်းကောင်းကို မင်းတို့ဆီကနေ ငါဘယ်လိုလုပ်ယူနိုင်မှာလဲ ”
သူက အတော်လေး ငယ်ရွယ်ပေမဲ့ သုဝေ့လွမ် အနေနဲ့ ဒီ၀ိညာဥ်အရိုးကို သူ့ဆီပေးဖို့စိတ်ကူးမရှိမှန်း ပြောနိုင်ပါတယ်။ ဒါ့အပြင် သူပြောခဲ့တဲ့အတိုင်း ခေါင်းဆောင်အနေနဲ့အကျိုးအမြတ်တွေအားလုံးကို တစ်ယောက်ထဲရယူဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။
ရှောင်းရှောင်းကလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။
” ယွိဟောင် ဒီလိုလုပ်လို့မရဘူးလေ နင်က ငါတို့ရဲ့ ပြိုင်ပွဲတွေထဲမှာ အရေးကြီးဆုံးနေရာကို တာ၀န်ယူထားရတာပဲ တစ်ချိန်ထဲမှာပဲ နင်က ဒီအရိုးကိုအလိုအပ်ဆုံးသူလေ ”
ဟို့ယွိဟောင်က ပြုံးသာပြုံးနေခဲ့ပါတယ်။
” ရှောင်းရှောင်း မင်းနောက်ထပ် ဘာမှဆက်ပြီပြောစရာမလိုဘူး..ငါဆုံးဖြတ်ပြီးသွားပြီ ဘယ်လိုပဲဖြစ်ပါစေ ဒီ၀ိညာဥ်အရိုးကို ငါမလိုချင်ဘူး မင်းတို့တွေ တွေးဖူးရဲ့လား ငါဒီ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် တိုက်ခိုက်ရေး၀ိညာဥ်စွမ်းရည်တစ်ခုကို ရရှိနိုင်တယ်…ဒါပေမယ့် ငါက စိတ််၀ိညာဥ်စွမ်းအားကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက် ဒါကြောင့် ဒီလိုအစွမ်းက ငါ့အတွက် ကောင်းနိုင်မှာမဟုတ်ဘူး…ငါနောက်ထပ် ပိုပြီးအလုပ်ကြိုးစားရင်းနဲ့ ကိုယ်ရဲ့ကိုယ်ကိုပိုင်စွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ပဲလိုမယ် ..လက်ရှိအချိန်မှာ ငါ့ကို ၀ိညာဥ်အရိုးတစ်ခုပေးတာက တိုက်ခိုက်နိုင်စွမ်းရှိလာကောင်း ရှိလာစေနိုင်ပေမဲ့ မင်းတို့အတွက်ဆိုရင်တော့ မတူဘူး….မင်းမှာ အမွှာ၀ိညာဥ်စွမ်းရည်ရှိနေပေမဲ့ အရှိန်နှုန်းကို တိုးတက်စေတာက မင်းလက်ရှိအချိန်မှာ အကောင်းဆုံးရလဒ်ရနိုင်တဲ့ ကိစ္စပဲ ဒါ့အပြင် ၀ိညာဥ်လက်နက်နှစ်ခုကို အသုံးပြုပြီ အရှိန်နှုန်းမြင့်မြင့်နဲ့ ပြန်တိုက်ခိုက်နိုင်တာက မင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် ..ငါဒါကို တွေးထားပြီးပြီ ဒီ၀ိညာဥ်အရိုးက မင်းအတွက် ပိုပြီး သင့်တော်တယ်..လုံး၀ စိတ်ထဲသံသယဖြစ်မနေနဲ့တော့ အမျိုးသမီးတွေကို ဦးစားပေးရမှာပဲ ယဥ်ကျေးနေဖို့မလိုဘူး ”
၀မ်သုန့်က ဟို့ယွိဟောင်ကို ကြည့်ပြီတဲ့နောက် ရှောင်းရှောင်းကို တစ်ချက် ပြန်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် သူပြောလာခဲ့တယ်။
” ယွိဟောင် မင်းကတော့လေ ချစ်သူကို သူငယ်ချင်းထက်တောင်ပိုပြီး တန်ဖိုးထားနေတာပဲ ”
ရှောင်းရှောင်းက ရယ်သာရယ်နေခဲ့ပါတယ်။
” ဒီလိုစကားကို ပြောနေသေးတယ်လား ဟို့ယွိဟောင်အတွက် နင်ကမှချစ်သူ ငါကသူငယ်ချင်းပဲ ပေါင်းစည်းစွမ်းရည်အတွက် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အတူတူ ဖက်နေကြတယ်ဆိုတာက ဖြစ်သင့်တဲ့ကိစ္စပဲလေ ဒါပေမယ့် မင်းတို့နှစ်ကောင်ကတော့ ပြိုင်ပွဲထဲမှာ ဒီလိုဖက်နေပြီ ပေါင်းစည်းစွမ်းရည်ကို သုံးခဲ့ကြတယ်မဟုတ်လား ”
၀မ်သုန့်ကတော့ ချက်ချင်းဆိုသလို ဒေါသထွက်လာရင်း အိတ်ကို ရှောင်းရှောင်းဆီ ပြစ်ပေးလိုက်ပါတော့တယ်။ ရှောင်းရှောင်းက ဖမ်းဆီးရင်းနဲ့ ရယ်မောနေခဲ့တယ်။
” ဒါဆိုငါလဲ ယဥ်ကျေးမနေတော့ဘူး အကယ်၍ နောက်ထပ် ၀ိညာဥ်အရိုးတစ်ခုကိုသာ ငါတို့အဖွဲ့အနေနဲ့ရရှိခဲ့မယ်ဆိုရင် နင်တို့နှစ်ယောက်ထဲက တစ်ယောက်ယူလိုက် ”
သူပြောပြီတဲ့နောက် ၀ိညာဥ်အရိုးကို သူ့ရဲ့သိမ်းဆီးရေး၀ိညာဥ်ကိရိယာထဲ ထည့်လိုက်ပါတော့တယ်။ အခုအချိန်မှာ အရမ်းကို စိတ်လှုပ်ရှားရင်း ပျော်ရွှင်လို့နေခဲ့တယ်။
၀မ်သုန့်က ဟို့ယွိဟောင်ဘက်ကို ပြန်လှည့်သွားခဲ့ပါပြီ။
” ယွိဟောင် မင်းအနေနဲ့ အဓိကတပည့်သားမဖြစ်လိုက်ဘူး…အဲ့ဒါက ”
ဟို့ယွိဟောင် ခေါင်းသာခါလိုက်ပါတယ်။
” နောက်ထပ် ဘာမှပြောဖို့မလိုဘူး ငါအဆင်ပြေတယ်..ငါဒါကိုတွေးထားပြီးပြီ လက်ရှိအချိန်မှာ မင်းနဲ့အတူတူ အတွင်းတပည့်သားဖြစ်လာဖို့ အရည်အချင်းက မရှိသေးဘူးငါမင်းနဲ့ ပေါင်းစည်းပြီတော့မှ ရန်သူတွေကိုအနိုင်ယူဖို့ အစွမ်းအစရှိနေမယ်ဆိုရင် ငါတစ်ယောက်ထဲနဲ့ ရန်သူတွေကို ဘယ်လိုအနိုင်တိုက်ခိုက်နိုင်မှာလဲ အကယ်၍ ငါရဲ့ ပြိုင်ဘက်ကသာ စိတ်၀ိညာဥ်ထိတ်လန့်မှု ရောက်ရှိနိုင်တဲ့ အကွာအဝေးထက် ကျော်လွန်နေခဲ့မယ်ဆိုရင် သေချာပေါက် သူတို့ကို မင်းတို့ရဲ့ အကူအညီမပါပဲ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး..ကျောင်းတော်က ငါ့ကို အဓိကအတွင်းတပည့်သားအဖြစ် မရွေးချယ်တာ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒါကြောင့် ငါအခုထက်ပိုကြိုးစားရင်း ကိုယ့်ကိုကိုယ် သက်သေပြရမယ် ”
” ပြောတာကောင်းတယ် ”
ဘယ်လောက်ပဲရင်းနှီးနေပါစေ သူတို့ကို ဒီလိုတုန်ရီသွားတဲ့အထိ အသံနဲ့ပြုလုပ်နိုင်သူက ဆရာကျိုးယိပါပဲ။
” ဆရာကျိုး “‘
ဟို့ယွိဟောင်တို့သုံးယောက်လဲ ဆရာကျိုးကိုမြင်ချိန်မှာ လန့်သွားပါတော့တယ်။ ဆရာကျိုးက အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေကို သင်ကြားနေရမှာမဟုတ်ဘူးလား။ ဘာကြောင့် ဒီကိုရောက်လာတာလဲ။
ကျိုးယိက ဟို့ယွိဟောင်ကို ကြည့်နေရင်း သူ့ရဲ့မျက်လုံးထဲမှာ ရှားပါးတဲ့ စိတ်ကျေနပ်မှုမျိုးက ဖြစ်ပေါ်နေခဲ့ပါတယ်။
” ယွိဟောင် ငါမင်းကို လာတွေ့တာ မင်းအနေနဲ့ ဒီကိစ္စကို ကိုယ့်ဘာသာကိုယ် သိရှိသွားမယ်လို့ ငါ မထင်ထားခဲ့မိဘူး..ဒါပေမယ့် ငါအတော်လေး ၀မ်းသာမိတယ်…တကယ်ကို ငါတပည့် ပီသတာပဲ မင်းတို့တွေက လူသစ်တွေအတန်းရဲ့ ချန်ပီယံဖြစ်လာနေပြီဆိုမှတော့ မင်းတို့အတွက် လက်ဆောင်ရှိတယ် ”
သူပြောပြီချိန်မှာပဲ သိမ်းဆီးရေးကိရိယာတစ်ခုက လက်ထဲမှာပေါ်လာပါတော့တယ်။ အဲ့ဒါက ငွေရောင်လက်ကောက်တစ်ခုပါ။ ငွေရောင်လက်ကောက် တောက်ပလာချိန်မှာတော့ သားရေအိတ်တစ်အိတ်ကလဲ သူမလက်ထဲမှာ ပေါ်လာပါတော့တယ်။ အဲ့ဒီအိတ်ကို ဟို့ယွိဟောင်ဆီ သူပေးလိုက်တယ်။
ဒီသားရေအိတ်က သုဝေ့လွမ် သူတို့ကိုပေးတဲ့အိတ်နဲ့ တစ်ပုံစံထဲပါပဲ။ ဒါကြောင့် ဟို့ယွိဟောင်တို့သုံးယောက်လဲ အရမ်းကို လန့်သွားပါတော့တယ်။
” အဲ့ဒါကြီးတော့ မဟုတ်နိုင်ဘူးမလား ”
သူတို့သုံးယောက် တစ်ပြိုင်နက်ထဲ ပြောမိပါတော့တယ်။ ကျိုးယိလဲ မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။
” ဘာမဖြစ်နိုင်ရတာလဲ ”
ရှောင်းရှောင်းကလဲ သုဝေ့လွမ်ပေးခဲ့တဲ့အိတ်ကို ထုတ်ယူလာခဲ့ပါပြီ။ တခြားကျောင်းသားတွေမသိအောင် လျှိူ့၀ှက်ချက်အပြည့်ထားဖို့လိုပေမဲ့ သူတို့အတန်းရဲ့ဆရာကိုတော့ လျှို့၀ှက်ထားစရာမလိုလောက်ပါဘူး။
အပိုင်း ၃၃•၁ ပြီး၏။