အပိုင်း ၃၂•၂
” ဆုလာဘ်နဲ့ အတွင်းတပည့်သားတွေ ”
°°°
ဟို့ယွိဟောင်ကိုယ်တိုင်က အရမ်းကို အားနည်းနေပေမဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်တောင်မှ သူလုပ်နိုင်သလောက်ကို အကောင်းဆုံးလုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးနေကြပါစေ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က သူ့ကို တကယ်စိတ်ထဲကနေ လေးစားနေခဲ့မိပါပြီ။ ဟို့ယွိဟောင်က အရည်အချင်းရော စိတ်ဓာတ်ပိုင်မှာပါ အတော်ကို လန့်စရာကောင်းလောက်အောင် ထူးချွန်နေခဲ့ပါတယ်။ ဒီအချက်ကို သူတို့နှစ်ယောက်ကသာ အဓိက သိနေခဲ့တာပါ။ စင်ပေါ်ကနေကျိုးယိလဲ သူတို့ဆီကို ပြေးဆင်းလာခဲ့ပါတယ်။ အမြဲတမ်းတင်းကြပ်နေခဲ့တဲ့ဆရာက ဟို့ယွိဟောင်တို့သုံးယောက်အဖွဲ့ကိုဖက်ပြီး အောင်ပွဲခံနေရင်း ကလေးတစ်ယောက်လို ပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့ပါတယ်။
ထိုက်ဟွပင်းတို့အဖွဲ့ရဲ့ဆရာကတော့ သူတို့အဖွဲ့ဆီကို လျှောက်လာရင်း နှစ်သိမ့်နေခဲ့တယ်။ ဒါပေမယ့် ထိုက်ဟွပင်းရဲ့မျက်နှာက မပြောင်းလဲခဲ့ပါဘူး။ အချိန်နဲ့အမျှ ဟို့ယွိဟောင်တို့အဖွဲ့ကို ကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေက ပိုမို ကြမ်းတမ်းလို့လာခဲ့ပါတယ်။ နောက်တစ်ခေါက် ငါလုံး၀မရှုံးစေရဘူး။
လူသစ်တွေရဲ့ပြိုင်ပွဲရလဒ်က ကျောင်းတော်တစ်ခုလုံးကို အလျင်အမြန်ပြန့်နှံ့လို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ဒီနေ့လဲ ငါးကင်မရောင်းပြန်ဘူး။ အဲ့ဒီအစား ၀မ်သုန့် ရှောင်းရှောင်းနဲ့ ထန်ယာ့တို့အတွက်သာ ငါးကင်ပြီ ကျွေးပါတော့တယ်။ ပေ့ပေ့နဲ့ ထန်ယာ့ကတော့ ဟို့ယွိဟောင်တို့အဖွဲ့အနေနဲ့ ချန်ပီယံဖြစ်လာမှာကို မမျှော်လင့်ခဲ့ပါဘူး။ ၀ိညာဥ်အကြီးအကဲသုံးယောက်ပြိုင်ပွဲမှာ ရှိနေပြီဆိုကထဲက ဒီကိစ္စကို မေ့ထားလိုက်ကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်းကြီး ဟို့ယွိဟောင်က သူတို့ကို တအံ့တဩဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။
” ၀မ်သုန့် ထန်မျိုးနွယ်ကို ၀င်ချင်သေးလား ”
ထန်ယာ့က ၀မ်သုန့်ရဲ့ ပြောခဲ့တဲ့စကားကို မှတ်မိတာကြောင့် ငါးကင်နေရင်း မေးလာခဲ့ပါတယ်။
၀မ်သုန့်က ခေါင်းညိတ်လိုက်တယ်။
” ဒါပေါ့ ကျွန်တော်၀င်ချင်သေးတယ် ”
ထန်ယာ့က ရယ်မောနေခဲ့ပါတယ်။
” မင်းတို့တွေ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာပြီဆိုမှတော့ ဒီမျိုးနွယ်စုခေါင်းဆောင်က စကားကို ဘယ်လိုလုပ်ရုတ်သိမ်းလို့ ဖြစ်မလဲ ထန်မျိုးနွယ်ကို ငါကတိပေးထားသလိုမျိုး ၀င်ခွင့်ပြုလိုက်မယ်…ရှောင်းရှောင်း မင်းရောဘယ်လိုလဲ စိတ်၀င်စားရဲ့လား ”
ရှောင်းရှောင်းက မျက်တောင်တဖျတ်ဖျတ်ခတ်နေရင်း ဗလုံးဗထွေးနဲ့ ပြောလာခဲ့တယ်။
” ထန်မျိုးနွယ်လား ”
ထန်ယာ့က ပြန်ဖြေလိုက်ပါတယ်။
” အမှန်ပဲ ထန်မျိုးနွယ်လေ ငါတို့က မင်းကို အကျိုးအမြတ်အများကြီးတော့ ပေးစရာမရှိဘူး…ဒါပေမယ့် ငါတို့ရဲ့ တပည့်သားတွေအားလုံးကို ညီတူညီမျှ တန်ဖိုးထားပါတယ်….ဒါ့အပြင် မျိုးနွယ်က လျှို့၀ှက်နည်းလမ်းတွေကို သေချာပေါက် ကျင့်ကြံဖို့ပေးနိုင်တယ် ”
ရှောင်းရှောင်းက ပြုံးပြရင်း ပြန်ဖြေလိုက်ပါတယ်။
” ဒါဆိုရင် ကောင်းတာပဲ ကျွန်မလဲ ၀င်မယ်လေ..ပြောရမယ်ဆိုရင် အခုအချိန်အထိ ကျွန်မ၀င်ရောက်ဖို့ မျိုးနွယ်မရှိသေးဘူး…အစ်မကြီးထန်ယာ့ ယွိဟောင်သုံးသွားတဲ့ ခြေထောက်နည်းလမ်းတွေကို ကျွန်မလဲ သင်ချင်တယ် ”
ထန်ယာ့က ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ကိစ္စမရှိဘူး ငါတို့ပြန်ရောက်ရင်း သင်ပေးမယ် ”
သူမ အရမ်းကို လွတ်လပ်ပျော်ရွှင်နေတဲ့ပုံစံက ဘယ်လောက်အထိ စိတ်အေးလက်အေး ဖြစ်နေလဲဆိုတာကို ဖော်ပြနေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အင်အားကို သံသယ၀င်နိုင်စရာလဲမရှိပါဘူး။ ဟို့ယွိဟောင်တို့အဖွဲ့ ဒီလိုမျိုး အောင်မြင်နိုင်တာ သူ့အင်အားကြောင့်ဆိုတာ အဓိကဖြစ်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ရှောင်းရှောင်းရဲ့ပါရမီကလဲ ၀မ်သုန့်ကို အမီလိုက်နေခဲ့တယ်။ သူမမှာ အမွှာ၀ိညာဥ်ရှိနေခဲ့တာပါ။ ထန်ယာ့အနေနဲ့ သူဒီလောက်အထိ အလွယ်လေး သဘောတူမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။
အမှန်တကယ်မှာတော့ ရှောင်းရှောင်းအနေနဲ့ ဒီလိုထန်မျိုးနွယ်ကို ၀င်ရောက်ဖို့သဘောတူခဲ့တာက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကြောင့်ပါ။ ထန်ယာ့ကတော့ မသိခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ပေါင်းစည်းပြီထုတ်လွှတ်လိုက်တဲ့ စွမ်းရည်က သူမကို အသက်ရှုမှားသွားစေခဲ့ပါတယ်။ သူတို့နဲ့ ပိုပြီးနေလေလေ သူတို့အပေါ်မြင်တဲ့ အမြင်ကပိုကောင်းလာလေပါပဲ။ ဟို့ယွိဟောင်ရဲ့အင်အားက ၀မ်သုန့်ထက် အများကြီးနောက်ကျနေပေမဲ့ တည်ငြိမ်မှုနဲ့ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်တွေက ၀မ်သုန့်တောင်မရှိနိုင်တဲ့အရာပါ။
ရှောင်းရှောင်းနဲ့လဲ အနာဂတ်တစ်နေ့မှာ ဟို့ယွိဟောင်က ၀မ်သုန့်ကို ယှဥ်နိုင်လာမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့နဲ့ အဖွဲ့အစည်းဖြစ်ရတာက ကောင်းတဲ့ကိစ္စပါပဲ။ အနာဂတ်မှာ သူမအတွက်လဲ အဆင်ပြေမဲ့ကိစ္စဖြစ်လာပါလိမ့်မယ်။
အပေါင်းအဖော်ကောင်းတွေက ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာ သေချာပေါက် လိုအပ်တဲ့အရာပါ။ ရှောင်းရှောင်းကလဲ လွတ်လွတ်လပ်လပ်နေထိုင်ပြီ ဟို့ယွိဟောင်နဲ့ တိုက်ခိုက်ရတာကို အတော်လေး ကျင့်သားရနေခဲ့ပါပြီ။ ဒါ့အပြင် သူတို့သုံးယောက်ကလဲ တစ်ယောက်နဲ့တစ်ယောက် ပေါင်းစည်းရင်း ပိုလို့အဆင်ပြေလာခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေကိုသာ ၀င်ရောက်ခဲ့မယ်ဆိုရင် သူတို့ကအနည်းဆုံးဆယ့်နှစ်နီးပါးအတူတူနေရမှာပါ။ အကယ်၍ ဒီအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားခဲ့လို့ကတော့ သူတို့အဖွဲ့ကြီးက ကျောင်းတော်ထဲကနေ ထွက်ခွာတာနဲ့ အရမ်းကိုတည်ငြိမ်ပြီး တိုးတက်လာပါလိမ့်မယ်။
ဒါပေမယ့် အဆုံးသတ်မှာ ရှောင်းရှောင်းကတော့ အနာဂတ်မှာ သူယုံကြည်လို့ရမဲ့ အပေါင်းအဖော်တွေကို တွေးတောတတ်တဲ့ကလေးမလေးတစ်ယောက်ပါပဲ။ ထန်မျိုးနွယ်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီ သူမရဲ့ဆုံးဖြတ်ချက်က လေးလေးနက်နက်တော့ မရှိခဲ့ပါဘူး။ တခြားတစ်ဖက်မှာ ထန်ယာ့အနေနဲ့ကလဲ နောက်ထပ်ထူးချွန်တဲ့ လူတစ်ယောက်ကို စည်းရုံးရမဲ့ပုံပါပဲ။
ထန်မျိုးနွယ်က လူခေါင်းလောက်ရှိတဲ့ မျိုးနွယ်စုဖြစ်လာခဲ့ပါပြီ။ အရင်နှစ်ယောက်ပဲရှိတာကနေ အခုက နှစ်ဆဖြစ်သွားခဲ့တာပါ။ သူတို့တွေက သိပ်ပြီ အသက်မကြီးသေးပေမဲ့ ထန်မျိုးနွယ်က အရွယ်အစားတော့ကြီးမားလာခဲ့ပါပြီ။
ပေ့ပေ့က ပြောလိုက်ပါတယ်။
” အခုအားလုံးက စာမေးပွဲအောင်ပြီဆိုတော့ အတန်းတွေ ခွဲကြရတော့မှာပဲ တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးတွေအားလုံးက တူညီတဲ့မိသားစုထဲမှာရှိတယ်..မင်းတို့သုံးယောက်ကအဖွဲ့တစ်ဖွဲ့ထဲဆိုတော့ သေချာပေါက် အတန်းတစ်တန်းထဲမှာကျမယ်လို့ထင်တာပဲ ယွိဟောင်ကို ထပ်ပြီပြောဖို့တော့မလိုဘူး..ဒါပေမယ့် ငါတို့မျိုးနွယ်စုက လျှို့၀ှက်လက်နက်တွေအတွက် ကျော်ကြားတယ်ဆိုတာကိုတော့ မင်းတို့သိသင့်တယ်…အခုအချိန်မှာ လျှို့၀ှက်လက်နက်တွေ ပေါ်ထွက်လာမှုကြောင့် ၀ိညာဥ်လက်နက်တွေကလဲ အတော်လေးကို သမိုင်းထဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ ဒါကြောင့် ငါတို့မျိုးနွယ်စုက ဒီလောက်မြန်မြန်ကြီး ပျက်စီးလို့သွားခဲ့ရတာ ဒါတွေကြောင့် ထန်မျိုးနွယ်ကိုပြန်ပြီ တည်ထောင်နိုင်ဖို့အတွက်ဆိုရင် ငါတို့လျှို့၀ှက်လက်နက်တွေကို အခုထက် အခြေအနေပိုကောင်းအောင် လုပ်မှဖြစ်မယ်.. ဒါပေမယ့် အဲ့ဒီကိစ္စက အရင်လျှို့၀ှက်လက်နက်တွေလို ရိုးရှင်းနေလို့မဖြစ်ဘူး… အရင်ကထက်ပိုပြီး ကောင်းမွန်တဲ့အခြေအနေကို ပြန်လည်တည်ဆောက်ဖို့အတွက် လျှို့၀ှက်လက်နက်တွေနဲ့ ၀ိညာဥ်လက်နက်ကို ပေါင်းစည်းမှဖြစ်မယ်… လျှို့၀ှက်လက်နက်တွေအကြောင်း မင်းတို့ဘယ်လိုထင်လဲ ပထမနှစ်ကျောင်းသားတွေ ဖြစ်လာခဲ့ပြီဆိုတော့ သေချာပေါက် လေ့ကျင့်ဖို့အတွက် ရွေးချယ်သင့်တယ် ”
၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပါတယ်။ ရှောင်းရှောင်းက ပြန်ဖြေလိုက်ပါတယ်။
” ကျွန်မမှာ သိုင်းပညာ၀ိညာဥ်နှစ်ခုရှိနေတာကြောင့် ၀ိညာဥ်လက်နက်တွေကို ဖန်တီးဖို့အတွက် လေ့ကျင့်ချိန်မရှိသေးဘူး..ဒါ့အပြင် ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်ကိုပဲ အဓိက ထားရမယ်လို့ ကျွန်မထင်တယ်..ဒါ့အပြင် ၀ိညာဥ်လက်နက်တွေဆိုတာက အသုံးပြုတဲ့သူ့ရဲ့ အရည်အချင်းနဲ့မှ တိုးတက်နိုင်တာလေ ဟုတ်တယ်ဟုတ် ”
၀မ်သုန့်ကလဲ ခေါင်းညိတ်လိုက်ပါတယ်။
” ကျွန်တော်လဲ ရှောင်းရှောင်းပြောတာကို ထောက်ခံတယ်…ဒါ့အပြင် ၀ိညာဥ်လက်နက်တစ်ခုကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ သင်ယူဖို့ကျွန်တော်လဲ စိတ်မ၀င်စားဘူး ”
စိတ်ရှိတဲ့အတိုင်း ပြောပြီတဲ့နောက် ပေ့ပေ့နဲ့ ထန်ယာ့တို့ သဘောမကျဖြစ်မယ်လို့ တွေးထားခဲ့တာပါ။ ဒါပေမယ့် ပေ့ပေ့နဲ့ ထန်ယာ့တို့က ရယ်သာရယ်နေခဲ့ပါတယ်။ ထန်ယာ့က ပြန်ပြောလာခဲ့ပါတယ်။
” မင်းတို့တွေ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးမှာ ထူးချွန်တဲ့ကျောင်းသားတွေ ဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ ဒါက လုံး၀ကို သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းက လူတွေ တွေးတဲ့အတွေးပဲလေ ပြောရမယ်ဆိုရင် မင်းတို့တွေပဲ အဲ့ဒီလိုတွေးတာမဟုတ်ဘူးလေ ငါနဲ့ ပေ့ပေ့လဲ ဒီလိုပဲတွေးထားခဲ့ကြတာ ၀ိညာဥ်လက်နက်တွေကို သေချာလေ့လာဖို့အတွက် အချိန်ကအများကြီးရှိမှာမဟုတ်ဘူး…ဒါကြောင့် အဆင်ပြေသလိုသာလုပ်ကြ ငါတို့ထန်မျိုးနွယ်က ဘယ်သူကိုမှ တွန်အားမပေးဘူးလေ စိတ်၀င်စားတဲ့ကိစ္စကို လုပ်ပြီ ပါရမီရှိတဲ့အတိုင်း ဆက်သွားတာက အကောင်းဆုံးပဲ ကိုယ်လျှောက်မဲ့လမ်းကို ဆက်တိုက်လျှောက်ပြီ အာရုံမလွဲတာက အကောင်းဆုံးဖြစ်လိမ့်မယ်…ငါတို့လဲ အနာဂတ်မှာ ၀ိညာဥ်လက်နက်တွေကို အဓိက အသုံးချမဲ့ကျောင်းသားတွေကို ထပ်ပြီ မျိုးနွယ်စုထဲ၀င်လာအောင် လုပ်ဖို့ပဲရှိတာပေါ့ ”
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ရုတ်တရက်ပြောလာခဲ့ပါတယ်။
” ဆရာရှောင်ယာ့ ကျွန်တော်၀ိညာဥ်လက်နက်တွေအကြောင်းကို သိချင်တယ်”
ထန်ယာ့ရဲ့မျက်လုံးတွေက တောက်ပလို့သွားခဲ့ပါပြီ။
” ယွိဟောင် တကယ်ပဲ သင်ချင်တာလား ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ၀ိညာဥ်လက်နက်တွေက သူတို့ကိုယ်တိုင်းအံ့ဩစရာကောင်းတဲ့အချက်တွေရှိတယ်…ကျွန်တော်တို့ ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေမှာအစားထိုးပြီ တန်ဖိုးကြီးတဲ့ လက်နက်တွေအဖြစ် နေရာယူနိုင်မှတော့ သေချာပေါက် အားမနည်းနိုင်ဘူးလေ သူတို့ကို ကျွန်တော် စမ်းသပ်ကြည့်ချင်တယ်…အကယ်၍ သူတို့အတွက် ပါရမီမရှိဘူးဆိုရင်တော့ ထားလိုက်ပေါ့ ဒါပေမယ့် ပါရမီရှိတယ်ဆိုရင်တော့ ကျွန်တော်တတ်နိုင်သလောက် လေ့လာချင်တယ် ”
” ကောင်းတယ်အရမ်းကောင်းတယ် ”
ထန်ယာ့ကတော့ ပျော်သွားခဲ့ပါတယ်။
” ၀ိညာဥ်လက်နက်တွေက မင်းနဲ့အတော် သင့်တော်တယ်..မင်းမှာ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ရှိတယ်..ဒါကြောင့် ပြိုင်ဘက်ကို တိုက်ခိုက်ဖို့အတွက်နည်းလမ်းက လိုအပ်နေမှာပဲ အကယ်၍ ၀ိညာဥ်လက်နက်တစ်ခုသာ ရှိနေမယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းအား တိုးတက်လိမ့်မယ်…ဒါ့အပြင် မင်းရဲ့ ၀ိညာဥ်လက်နက်စွမ်းအားက သူတို့အပေါ် နားလည်မှုကိုလဲ တိုးတက်စေလိမ့်မယ် ”
ပေ့ပေ့က သတိပေးလိုက်ပါတယ်။
” ဆရာတူညီလေး မင်းအချိန်ကို သေသေချာချာ စီမံခန့်ခွဲမှရမယ်…မင်းရဲ့သိုင်းပညာ၀ိညာဥ်က အနာဂတ်အလားအလာအတွက် အတော်ကို ကောင်းတယ်…ဒါကြောင့် လက်နက်တွေအပေါ်မှာကြီးပဲ အချိန်တွေကိုမဖြုန်းနဲ့ မင်းရဲ့၀ိညာဥ်စွမ်းအားနဲ့ မင်းရဲ့၀ိညာဥ်စက်ကွင်းတွေက ပညာရှင်တစ်ယောက်ရဲ့ အခြေခံပဲလေ.. သန်မာတဲ့၀ိညာဥ်လက်နက်ကို အသုံးပြုနိုင်ဖို့အတွက် သေချာပေါက် အားကောင်းတဲ့၀ိညာဥ်စွမ်းအားလဲလိုအပ်တယ် ”
အပိုင်း ၃၂•၂ ပြီး၏။