အခန်း ( ၂၃၃ )
မြွေဘုရင်မ
“မှော်အစီအရင် ဝင်္ကပါ … ပြန်အသက်ဝင်စမ်း … ”
ဂူထဲသို့ မြွေဘုရင်မ ဝင်ရောက် လာသည်နှင့် ရဲချန်ဖန်၏ လက်များသည် လျင်မြန်စွာ လှုပ်ရှားသွားပြီး တားဆီးဖုံးကွယ် ဝင်္ကပါကို ပြန်လည် ပြုပြင်လိုက်သည်။ ထို့နောက် ဝင်္ကပါသည် အပြင်မှလည်း ဝင်လာလို့ မရတော့သလို အထဲမှလည်း ရဲချန်ဖန် မဖွင့်ပေးလျှင် ထွက်လို့ မရနိုင်တော့ပေ။
“အမ် … ”
ရဲချန်ဖန် ဝင်္ကပါကို ပြန်လည် ပြုပြင်သည်ကို သိလိုက်သည်နှင့် မြွေဘုရင်မ မျက်နှာ ပျက်သွားသည်။ သူမစိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။ ရဲချန်ဖန်က သူ့ကိုယ်သူ ယုံကြည်မှု အပြည့်မရှိပါက ဝင်္ကပါဖြင့် ပိတ်ဆို့ထားမည် မဟုတ်ပေ။ ယခုတော့ …
“မြွေဘုရင်မ … ငါတို့ အချိန်တိုအတွင်း ပြန်တွေ့ရမယ်လို့ မထင်ထားမိဘူး … ”
ရဲချန်ဖန် လက်ဝါး နှစ်ဖက်ကို ပွတ်သပ်ကာ မြွေဘုရင်မကို ရယ်မောပြောဆို လိုက်သည်။
“ရဲချန်ဖန် … မင်းက အဆင့်တက်သွားတယ် ဆိုတာနဲ့ ငါ့ကိုနိုင်မယ် ထင်နေတာလား … ဒီနေ့ မင်းကို မျိုချစားသောက် ပစ်မယ် … ”
မြွေဘုရင်မသည် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့် အားပေးလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။
“မင်းကလား … ဟုတ်လား … ”
ရဲချန်ဖန် နှုတ်ခမ်းများပင် ကွေးအောင် ပြုံးသွားပြီး အထင်သေးဟန်ဖြင့် မြွေဘုရင်မကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ ရဲချန်ဖန် စိတ်ထဲတွင် တိုက်ခိုက် လိုစိတ်များ ပြည့်နှက်နေသည်။ ရဲချန်ဖန်သည် သူ၏ သွေးနဂါးအစွမ်းကို စမ်းသပ် ချင်နေသည် မဟုတ်ပါလော။ လက်တည့်စမ်း ချင်နေသော ရဲချန်ဖန်နှင့်တွေ့သည့် မြွေဘုရင်မ ကံမကောင်းလေစွ။ ရဲချန်ဖန်၏ တိုက်ခိုက်လိုစိတ် ပြင်းထန်မှုသည် အရောင်များပင် ထွက်နေရာ မြွေဘုရင်မသည် ခံစားလိုက်ရပြီး ကြောက်လန့်သွားသည်။
စပင်မတိုက်ခိုက် ရသေးသော်လည်း ရဲချန်ဖန်၏ တိုက်ခိုက် လိုစိတ်က အလွန် ပြင်းထန်နေရာ မြွေဘုရင်မသည် ပို၍ စိတ်လေးလံလာသည်။ ရဲချန်ဖန်လို ကောင်းကင်သားရဲ ဘုရင် ဆဌမအဆင့်က သူမလို မဟာသားရဲ ဘိုးဘေး ဆဌမအဆင့်ကို မည်သို့သော အစွမ်းရှိ၍ ဤမျှတိုက်ခိုက် လိုစိတ် ပြင်းပြနေသည်ကို မြွေဘုရင်မ မတွေးတက်အောင် ဖြစ်နေသည်။
“ဂရား … ”
ရဲချန်ဖန် တိုက်ခိုက်လိုစိတ် အမြင့်ဆုံး ရောက်သွားချိန်တွင် အလွန်တက်ကြွ လန်းဆန်း နေပုံရသော နဂါးတစ်ကောင်၏ တွန်သံက ထွက်ပေါ်လာသည်။ နဂါးသံနှင့် မရှေ့မနှောင်းမှာပင် တစ်ကီလိုမီတာကျော် ရှည်လျားပြီး လုံးပတ်မှာ တစ်မီတာကျော် ကြီးမားသည့် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ နဂါးကြီး၏ သွေးရောင် အကြေးခွံများမှ သွေးရောင် အလင်းများ ထွက်ပေါ်နေသည်။ နဂါးကြီး၏ သွေးအလင်းများကြောင့် မြွေဘုရင်မ မျက်စိများ ကျိန်းစပ်သွားပြီး ရုတ်တရက် မျက်လုံး မှိတ်လိုက်ရသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း … ”
မြွေဘုရင်မသည် အံ့အားသင့်ကာ မျက်လုံး မှိတ်ထားမိချိန်တွင် ရဲချန်ဖန် ကိုယ်နှင့်သွေးနဂါးက ပေါင်းစပ်သွားပြီး အလွန်ကြီးကျယ် အစွမ်းထက်သော ဝိညာဉ်စွမ်းအင်က ထွက်ပေါ်လာသည်။ ရဲချန်ဖန်က သွေးနဂါးနှင့် ပေါင်းစပ်သွားသည်နှင့် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ဖြင့် မြွေဘုရင်မကို တိုက်ခိုက် လိုက်သည်။
ရဲချန်ဖန် ဓားအလင်းက မြွေဘုရင်မ ဝမ်းဗိုက်ရှိ အကြေးခွံများကို ထိမှန်သွားသည်။ သို့သော် မြွေဘုရင်မသည် နတ်ဘုရားသွေး အနည်းငယ် ရှိနေသော သားရဲကြီး ဖြစ်သောကြောင့် သူမ ခန္ဓာကိုယ်သည် အလွန် မာကျောလေသည်။
“ကောင်လေး မင်းက လာကစားနေတာကိုး … ”
ရဲချန်ဖန်၏ ကျောက်စိမ်းဓားသည် မြွေဘုရင်မ၏ အကြေးခွံများကို မထိုးဖောက်နိုင်ချေ။ ထို့ကြောင့် မြွေဘုရင်မ၏ ချောမောလှပသည့် မျက်နှာလေးတွင် ရက်စက်မည့် အရောင်များ ထွက်လာကာ ရဲချန်ဖန်ကို တုံ့ပြန်တိုက်ခိုက်ရန် လုပ်လိုက်သည်။
“ပေါင်ခြောက်သိန်းကျော် အစွမ်း … …”
ရဲချန်ဖန်သည် အားဖြည့်ပြီး ပေါင်ခြောက်သိန်းကျော် အစွမ်းဖြင့် မြွေဘုရင်မကို ထပ်မံ ဓားဖြင့် ထိုးလိုက်သည်။ ဤတစ်ကြိမ်တွင် မြွေဘုရင်မ ဝမ်းဗိုက်ရှိ အကြေးခွံများ ကြေကွဲ ထွက်သွားသည်။ ထို့နောက် ဓားအလင်းက မြွေဘုရင်မ ဗိုက်ကို စိုက်ဝင်သွားရာ သွေးများ ကျဆင်းလာသည်။
“မုန်းစရာ ကောင်းလိုက်တဲ့ကောင် … မင်းကို ငါသတ်မယ် … ”
ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာ ရသွားသဖြင့် မြွေဘုရင်မသည် ရုတ်တရက် အရူးတစ်ယောက်လို ဒေါသထွက်သွားသည်။ သူမက အမြီးဖြင့် ရဲချန်ဖန်ကို ရိုက်ချလိုက်သည်။
“ရေမီး ဝဲကတော့ … ”
ရဲချန်ဖန် ထိန်းချုပ်မှု အောက်တွင် ဝိညာဉ်မီးတောက်နှင့် ဆန်းကြယ် ရေခဲဝိညာဉ် ပေါင်းစပ်ထားသည့် ရေမီး ဝဲကတော့က မြွေဘုရင်မထံ ဝင်ရောက်သွားပြီး မြွေဘုရင်မကို စုတ်ဖြဲ စွဲစုပ်နိုင်အောင် ကြိုးစားနေသည်။
“ကောင်းကင်ပေါ်က မြွေမိစ္ဆာ … …”
မြွေဘုရင်မသည် ချက်ချင်းပင် မြွေမိစ္ဆာများစွာကို ဖန်တီးပြီး ရေမီးဝဲကတော့ကို ပြန်လည် တိုက်ခိုက်လိုက်သည်။
“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း … …”
ရဲချန်ဖန်က မြွေဘုရင်မကို အနားမပေးဘဲ တာအိုသိုင်းဖြင့် တိုက်ခိုက် လိုက်သည်။ မဟာအေးခဲခြင်း အကွက် ဓားအလင်းက လေဟာနယ်ကို ဖြတ်သန်းပြီး မြွေဘုရင်မ၏ ကြီးမားသော ကိုယ်လုံးကြီးကို ထိမှန်သွားသည်။ ကောင်းကင် သားရဲဘုရင် ဆဌမအဆင့် ရောက်ရှိသွားပြီး သွေးနဂါးကလည်း ဆင့်ကဲပြောင်းလဲပြီး အစွမ်းများ ထက်လာသဖြင့် မဟာအေးခဲခြင်း အကွက်က အလွန်ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်နေသည်။
သားရဲအမြုတေ ကုန်ဆုံးထားသော မြွေဘုရင်မသည် သူမ၏ပင်ကို အစွမ်းသုံးပုံ နှစ်ပုံခန့်သာ ထုတ်သုံးနိုင်သော အချိန် ဖြစ်သောကြောင့် ရဲချန်ဖန်၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။
“ဗြန်း … ”
မဟာအေးခဲခြင်း ဓားအလင်းက မြွေဘုရင်မ ကိုယ်ကို ထိမှန်သွားရာ ချက်ချင်းပင် မြွေဘုရင်မ၏ အကာအကွယ်များကို ချိုးဖောက်သွားပြီး မြွေဘုရင်မ ကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်သွားသည်။ တစ်မုဟုတ်ချင်း မြွေဘုရင်မ ကိုယ်ပေါ်တွင် သွေးဒဏ်ရာ အပေါက်ကြီး ဖြစ်ပေါ်လာသည်။
“ဒိ … ဒီကောင် … ဂူဗိမ္မာန်ထဲက ဘာရတနာတွေ ရလိုက်တာလဲ … ဘာလို့ ဒီကောင် အစွမ်းက ဒီလောက်မြန်မြန် တိုးတက်လာတာလဲ … ”
ရဲချန်ဖန်သာ မရှိခဲ့လျှင် ဂူဗိမ္မာန်ထဲက ရတနာများသည် သူမအတွက် ဖြစ်နေမည်မှာ သေချာသည်။ ယခု သူမပိုင်ဆိုင်မည့် အရာများကို ရဲချန်ဖန် ယူသွားသဖြင့် မြွေဘုရင်မ၏ အမုန်းတရားသည် မိုးထိတိုင် ရောက်ရှိသွားသည်။
“သားရဲအမြုတေ လောင်ကျွမ်းစမ်း … ”
မြွေဘုရင်မသည် ဒေါသအလွန် ထွက်နေသော်လည်း ရဲချန်ဖန်ကို ပိုမို ကြောက်ရွံ့လာသဖြင့် ဒဏ်ရာကို ဂရုမစိုက်တော့ဘဲ သားရဲအမြုတေကို လောင်ကျွမ်းလိုက်ပြီး ဝင်္ကပါကို ထိုးဖောက်ပြီး ရဲချန်ဖန်လက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
သားရဲအမြုတေ အစွမ်းကို အကုန်လောင်ကျွမ်း စေလိုက်သော မြွေဘုရင်မ အစွမ်းသည် ကြောက်မက်ဖွယ် တိုးတက်လာပြီး ချက်ချင်းပင် ဝင်္ကပါကို ချိုးဖောက်ပြီး ဂူအပြင်သို့ ရောက်ရှိသွားသည်။ မြွေဘုရင်မသည် ဂူပြင်ရောက်အောင် ထွက်လာနိုင်သဖြင့် ဝမ်းမသာ နိုင်ခင်မှာပင် နောက်က လိုက်ပါလာသော ရဲချန်ဖန်က သူမအား တိုက်ခိုက် လိုက်သည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန်က မြွေဘုရင်မကို ထွက်ပြေး လွတ်မြောက်ခွင့် ပေးတော့မည် မဟုတ်ပေ။
“အမှောင်သခင် … ငါ့ကို ကယ်ပါဦး … ”
မြွေဘုရင်မသည် ရဲချန်ဖန်သည် အဆင့်တစ်ဆင့်သာ တက်သွားသော်လည်း အစွမ်းသည် အဆပေါင်းများစွာ တိုးလာမည်ဟု ဘယ်တုန်းကမှ မတွေးထားဖူးပေ။ ရဲချန်ဖန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည်မှာ သေမင်းရှေ့ ရောက်ရှိနေသလို ခံစားလိုက်ရ၍ အမှောင်သခင်ကို အော်ဟစ်အကူအညီ တောင်းလိုက်သည်။
သို့သော် ဓားစက်ရုပ်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနေရသော အမှောင်သခင်သည် မြွေဘုရင်မကို ကယ်တင်နိုင်ရန် မဖြစ်နိုင်ပေ။ အမှောင်သခင်က သူအသက် မဆုံးစေရန်ပင် ဝင်္ကပါကို အသုံးပြုပြီး အစွမ်းကုန် ခုခံနေရသည်။
“အော်ဟစ်မနေနဲ့ … မင်းကို ကယ်မယ်လူ တစ်ယောက်မှ မရှိဘူး … ”
ရဲချန်ဖန်က ကြောက်လန့်တကြား ဖြစ်နေသော မြွေဘုရင်မကို ကြည့်ပြီး မြွေဘုရင်မထံ အလွန်လျင်မြန်စွာ တိုးဝင်သွားသည်။ ရဲချန်ဖန် ချဉ်းကပ်လာသည်နှင့် မြွေဘုရင်မသည် ပါးစပ်ဟကာ အနက်ရောင် အဆိပ်မြူများကို မှုတ်ထုတ်လိုက်သည်။ သူမက ရဲချန်ဖန် နောက်ဆုတ် သွားစေရန် ကြိုးစားလိုက်သည်။ ဝိညာဉ်မီးတောက် ရှိနေသော ရဲချန်ဖန်သည် အဆိပ်ကိုမမှုဘဲ ပေါင်ခြောက်သိန်းကျော် စွမ်းအား၊ ဓားအင်အား အမြင့်ဆုံးအဆင့် တို့ကို ပေါင်းစပ်ကာ မြွေဘုရင်မကို ခုတ်ချလိုက်သည်။
“ဗြန်း … အား … ”
အသဲခိုက်မတတ် နာကျင်မှုကို ခံစားရ၍ နာကျင်စွာ အော်ဟစ်သော အသံ ထွက်ပေါ်လာသည်။ ရဲချန်ဖန် ဓားက မြွေဘုရင်မကိုယ်ကို ခုတ်ဖြတ်သွားသည်။
“ရေမီးဝဲကတော့ … ”
ရေမီးဝဲကတော့က ထပ်မံ ထွက်ပေါ်လာပြီး မြွေဘုရင်မ၏ ပြတ်တောက်မတတ် ဖြစ်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို စုပ်ယူ ဆွဲဖြဲနေသည်။ မြွေဘုရင်မသည် သားရဲအမြုတေကို အသုံးချပြီး ရေမီးဝဲကတော့ကို ထိုးဖောက် လိုက်လာချိန်တွင် အသဲအေးမတတ် ကြောက်ရွံ့မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ရဲချန်ဖန်က ဖုတ်ကောင်ဘုရင်၏ တူကြီးကို ကိုင်ဆွဲကာ သူမကို ထုရန် ချိန်ရွယ်ထားသောကြောင့် ဖြစ်သည်။ နဂိုကပင် အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်ဖြစ်ပြီး ရဲချန်ဖန်၏ ပေါင်ခြောက်သိန်းကျော် စွမ်းအားကပါ ပေါင်းစပ်လိုက် သောအခါ အလွန်ကြောက်မက်ဖွယ် အော်ရာက ထွက်ပေါ်လာသည်။
“မလုပ်နဲ့ … မလုပ်ပါနဲ့… ငါ့ကို မသတ်ပါနဲ့ … ရှင့်သာ ကျွန်မကို အသက် ချမ်းသာပေးရင် … ကျွန်မ ရှင်အမိန့်ပေးသမျှ နာခံပါ့မယ် … …”
တစ်ကိုယ်လုံး ပြင်းထန်သော ဒဏ်ရာရနေပြီး သားရဲအမြုတေ အစွမ်းမှာလဲ ကုန်ခန်းသလောက် ဖြစ်နေရာ မြွေဘုရင်မသည် အလွန် ကြောက်လန့်နေသည်။ သူမက ကြောက်ရွံ့အားငယ်စွာ တောင်းပန်လိုက်သည်။
“မင်းက ငါ့ နောက်လိုက် လုပ်ဖို့တောင် အစွမ်းမရှိဘူး … ”
မြွေဘုရင်မ အဆင့်သည် ပြောရမည်ဆိုလျှင် ဂိတ်ဆုံး ရောက်နေမည် ဟု ပြောရမည် ဖြစ်သည်။ သူမသည် ပင်ကိုပါရမီ မရှိလှပဲ သူမကိုယ်ထဲတွင် နတ်ဘုရားသွေး အနည်းငယ် စီးဆင်းနေ သောကြောင့်သာလျှင် မဟာသားရဲဘိုးဘေး အဆင့် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် ရဲချန်ဖန် နောက်လိုက်လုပ်ရန်ပင် အရည်အချင်း မရှိဟု ဆိုရပေမည်။ ရဲချန်ဖန် ကလည်း တွေဝေမနေဘဲ တူကြီးဖြင့် ထုချလိုက်သည်။
“ရဲချန်ဖန် … မင်းလည်းငါနဲ့ အတူသေရမယ် … …”
သားရဲအမြုတေ အစွမ်းမှာ လောင်ကျွမ်း ကုန်ဆုံးပြီး အသက် စွမ်းအားများ လျော့နည်းလာသည်ကို ခံစားလိုက်သော မြွေဘုရင်မသည် အသက်ရှင် လွတ်မြောက်နိုင်ခွင့် မရှိကြောင်း နားလည်လိုက်သည်။
သို့သော် သူမသည် ရူးသွပ်သလို ဖြစ်သွားပြီး သူမကိုယ်သူမ အသေခံဗုံးလို ခွဲဖောက်ရန် ဆုံးဖြတ်လိုက်သည်။ သူမ မျက်လုံးထဲတွင် ရူးသွပ်မှုကို မြင်တွေ့နေရပြီး သူမက ရဲချန်ဖန်ကို သူမနှင့်အတူ သေရွာ ခေါ်ဆောင်သွားရန် ကြိုးစားလိုက်သည်။
သို့သော် မြွေဘုရင်မ သူမကိုယ်သူမ ဖောက်ခွဲရန် ကြိုးစားလိုက်သည်နှင့် ရဲချန်ဖန်က ချက်ချင်းပင် အန္တရာယ် ရှိနေသည်ကို သိရှိလိုက်သည်။ ထို့ကြောင့် အရိပ်မဲ့သိုင်း အသုံးပြုကာ နောက်သို့ ခုတ်ဆုတ်လိုက်သည်။ ထို့ကြောင့် ရဲချန်ဖန်သည် မြွေဘုရင်မ အသေခံ ဖောက်ခွဲမှုမှ လွတ်မြောက် သွားသည်။ အမှောင်သခင်သည် ဘာဖြစ်လိုက်သည်ကို နားလည်လိုက်ပြီး မြေဘုရင်မ ဖောက်ခွဲသည်နှင့် ဝင်္ကပါကို သိမ်းဆည်းပြီး အဝေးသို့ ထွက်ပြေး ပျောက်ကွယ်သွားသည်။
တစ်ချိန်က ကြယ်တာရာကျွန်းတွင် အမည်ကြားရုံဖြင့် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့အောင် အစွမ်းထက်ခဲ့သည့် မဟာသားရဲဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် မြွေဘုရင်မသည် ရဲချန်ဖန် လက်ချက်ဖြင့် သေဆုံးသွားပြီ ဖြစ်သည်။