အခန်း ( ၂၃၂ )
ဆင့်ကဲပြောင်းလဲခြင်း
“အင်း … ဒီ ဘုရင်စာလုံးကနေ ရှေးဟောင်း အော်ရာတွေ ထွက်နေတာပဲ … ကြည့်ရတာ ငါ့သားရဲက ကောင်းကင် ဝိညာဉ်သွေးကို စုပ်ယူပြီး သွေးနဂါး ဘုရင်အဖြစ် ပြောင်းလဲသွားတာနဲ့ တူတယ် … ”
ပြောရမည်ဆိုလျှင် မဟာသားရဲဘုရင် အဆင့်မှ မဟာသားရဲ ဧကရာဇ်အဆင့် တက်ရောက်သွားမှသာ ဝိညာဉ်သားရဲသည် ဘုရင်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ယခု ရဲချန်ဖန်သည် ကောင်းကင်သားရဲ ဘုရင် ဆဌမအဆင့်နှင့် ရဲချန်ဖန်၏ ဝိညာဉ်သားရဲသည် သားရဲဘုရင် အဆင့်ဖြစ်သွားရာ အမြွာညီနောင် တိုက်ကြီးတွင် ဘယ်သောအခါမှ မရှိခဲ့သော အဖြစ်အပျက်ပင် ဖြစ်သည်။
“ဟင် … တစ်ယောက်ယောက်က ရောက်လာတာလား … ”
“ဟင် … သူတို့ပဲ…”
ရဲချန်ဖန်က သူ၏ဝိညာဉ်သားရဲ ပြောင်းလဲမှုကို လေ့လာနေစဉ် သူ၏ ထက်မြက်သော စိတ်အာရုံက လူနှစ်ယောက် သူထံ ချဉ်းကပ် လာသည်ကို တွေ့ရှိလိုက်သည်။ ထိုလူနှစ်ယောက်မှာ အမှောင်သခင်နှင့် မြွေဘုရင်မတို့ ဖြစ်သည်။ ကြည့်ရသည်မှာ အမှောင်သခင်တို့ နှစ်ယောက်သည် နဂါးတွန်သံ ကြားပြီး သူရှိသည့် နေရာကို သိရှိသွားကြပုံပင်။
“ဓားစက်ရုပ် … ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီနှစ်ယောက်ကို ငါ့နားမကပ်စေနဲ့ … ”
ရဲချန်ဖန်တွင် ကောင်းကင် ဝိညာဉ်သွေး တစ်စက်သာ ရှိရာ သွေးနဂါး၏ ဆင့်ကဲ ပြောင်းလဲနေမှုကို အနှောင့်အယှက် ဖြစ်မည်ကို လက်မခံနိုင်ပေ။ အနှောင့်အယှက် နည်းနည်းနှင့် ကြုံတွေ့လျှင်ပင် သွေးနဂါး၏ ပြောင်းလဲနေမှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ရဲချန်ဖန်က ဓားစက်ရုပ်ကို ဘယ်လို အကြောင်းမျိုးကြောင့်ပဲ ဖြစ်ဖြစ် အမှောင်သခင်တို့ကို သူ့နား ချဉ်းကပ်ခွင့် မပေးနိုင်ချေ။
ရဲချန်ဖန် အမိန့်ပေး လိုက်သည်နှင့် ဓားစက်ရုပ်က ဂူအပြင် ခုန်ထွက်ပြီး ဂူနား ချဉ်းကပ်လာသော အမှောင်သခင်နှင့် မြွေဘုရင်မတို့ကို စိုက်ကြည့်နေသည်။
“ရဲချန်ဖန် … မင်းဒီမှာ ပုန်းနေမယ်လို့ ထင်မထားမိဘူး … မင်း ဒီနေ့ သေရတော့မယ် … ”
ဓားစက်ရုပ်က ကြောက်စရာ ကောင်းသော်လည်း အမှောင်သခင်နှင့် ပူးပေါင်းထား သောကြောင့် မြွေဘုရင်မသည် ရဲချန်ဖန်ကို လက်စားချေ သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူမက ကျယ်လောင်စွာ ကြုံးဝါးပြောဆို လိုက်သည်။
“မင်းတို့ ရှေ့ထပ်တိုးလာတာနဲ့ သေရမယ် … ”
ဓားစက်ရုပ်၏ ကျောက်မျက် ကဲ့သို့သော မျက်လုံးများမှ ပြင်းထန်သော လူသတ်အော်ရာ ထွက်ပေါ်နေသည်။
“အမှောင်သခင် … ရှင်က ဓားစက်ရုပ်ကို ထိန်းထား … ကျွန်မက ဂူထဲဝင်ပြီး အဲဒီကောင်ကို သွားသတ်မယ် … ”
သားရဲအမြုတေ အစွမ်း သုံးပုံနှစ်ပုံ ကုန်ခန်းထား သောကြောင့် မြွေဘုရင်မ အစွမ်းသည် များစွာ လျော့နည်းနေသည်။ ထိုကြောင့် သူမသည် ဓားစက်ရုပ်နှင့် မတိုက်ခိုက်ချင်ပေ။ ထို့ကြောင့် သူမ အကြံအစည်ကို အမှောင်သခင် ကိုပြောလိုက်သည်။
“ကောင်းပြီ … ဒါပေမဲ့ အဲဒီကောင်ကို သတ်ပြီးရင် ပထမဆုံး ရတနာကို ငါ ကြိုက်တာ ရွေးခွင့်ပေးရမယ် … ”
အမှောင်သခင်က မြွေဘုရင်မကို ပြောလိုက်သည်။
“ရတယ် … ”
မြွေဘုရင်မ ခေါင်းညိတ်လိုက်ပြီး အမှောင်သခင်၏ တောင်းဆိုချက်ကို ချက်ချင်းပင် လက်ခံလိုက်သည်။
“သတ်ဖြတ်ခြင်း မှော်ဝင်္ကပါ … ”
အမှောင်သခင်သည် ဓားစက်ရုပ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိထားသည်။ ထို့ကြောင့် အမှောင်သခင်က စတင် တိုက်ခိုက်သည်နှင့် သတ်ဖြတ်ခြင်း မှော်ဝင်္ကပါကို အသုံးပြုလိုက်သည်။ အမှောင်သခင်က ဝိညာဉ် စွမ်းအင်များ ဖြည့်သွင်း လိုက်သည်နှင့် မှော်ဝင်္ကပါက အသက် ဝင်လာသည်။
“ဓားစက်ရုပ် … ဘာပဲဖြစ်ဖြစ် ဆယ်ငါးမိနစ် တောင့်ခံထား … သူတို့ငါ့ဆီ လုံးဝ ချဉ်းကပ်မခံနဲ့…”
သတ်ဖြတ်ခြင်း မှော်ဝင်္ကပါ၏ အော်ရာကို ခံစားမိလိုက်သည်နှင့် ရဲချန်ဖန်က ချက်ချင်းပင် ဓားစက်ရုပ်ကို အလေးအနက် အမိန့်ပေး လိုက်သည်။ ရဲချန်ဖန် အမိန့်ကြောင့် ဓားစက်ရုပ်သည် မိစ္ဆာအရိုး သလင်းကျောက်နှင့် ဝိညာဉ်ကျောက်တုံး စွမ်းအင်များကို လောင်ကျွမ်း စေလိုက်သည်။ စွမ်းအင်များ လောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင် လေထုပင် တုန်ခါနေသည်။
“သတ်ဖြတ်ခြင်း ဝင်္ကပါ … အဆုံးမဲ့ သတ်ဖြတ်ခြင်း … ”
အမှောင်သခင်သည် ဝင်္ကပါ အစွမ်း ထက်လာစေရန် သူ၏သွေးစက် အနည်းငယ်မျှပင် ပေါင်းစပ် ထည့်သွင်း လိုက်သည်။ ရုတ်တရက် ဝင်္ကပါ တိုက်ခိုက်သည်နှင့် အစွမ်းထက်သည့် အော်ရာ ထွက်ပေါ်လာရာ ကောင်းကင်နှင့် မြေကြီးပင် အံ့ဩသွား စေနိုင်သည်။ ဝင်္ကပါဆီမှ အလင်းတန်းများက မဟာသားရဲဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင်ကို လျှပ်တစ်ပြက် အတွင်းမှာပင် သတ်ဖြတ်နိုင်ရန် စွမ်းအား ကြီးမားလှသည်။ အလင်းတန်းများက မျက်စိဖြင့် မြင်ရန်ပင် ခက်ခဲပြီး အလွန်လျင်မြန်စွာ ဓားစက်ရုပ်ကို သွားရောက် ထိမှန်လေသည်။
ဓားစက်ရုပ်ကလည်း ဓားအင်အား ဖြည့်သွင်းပြီး ရှေ့သို့ခြေတစ်လှမ်း တက်ကာ အလင်းတန်းနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ချက်ချင်းပင် ဓားစက်ရုပ် ရပ်တန့်သည့် နေရာတွင် ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြီး မြေကြီးသည် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
“ဓားအင်အား အမြင့်ဆုံးအဆင့် … ”
ဓားစက်ရုပ်က မာန်သွင်းကာ ဓားအင်အား အမြင့်ဆုံး အဆင့်ဖြင့် တိုက်ခိုက် လိုက်သဖြင့် ကောင်းကင်နှင့် မြေကြီးပင် ဆယ်မီတာကျော် အက်ကွဲသွားပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် ဓားအလင်းနှင့် ဓားစက်ရုပ်ထံ ဝင်လာသည့် အဆုံးမဲ့ သတ်ဖြတ်ခြင်း ဝင်္ကပါအလင်းက ထိမှန်သွားသည်။
“ဝုန်း … ”
ပြင်းထန်သည့် မဟာပေါက်ကွဲမှုက ဖြစ်ပေါ်လာပြီး သတ်ဖြတ်ခြင်း ဝင်္ကပါပင် တုန်ခါသွားသည်။ ဝင်္ကပါ ပတ်ပတ်လည် မြေကြီးသည် အက်ကွဲကြောင်းများ ဖြစ်လာပြီး မြေပြိုမည့် အလားပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဓားစက်ရုပ်မှာမူ ဘာမှ မဖြစ်ချေ။
ဓားစက်ရုပ် အစွမ်းကို ကြည့်ပြီး အမှောင်သခင် မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူရင်ထဲတွင် ကြောက်လန့်စိတ် ဖြစ်ပေါ်လာသည်။သူသည် ဓားစက်ရုပ်နား အရမ်းကာရော မချဉ်းကပ်ဝံတော့ချေ။
“ကြည့်ကြသေးတာပေါ့ … မင်း ဝင်္ကပါတိုက်ခိုက်မှုကို ဘယ်လောက်ကြာကြာခံနိုင်မလဲ … ”
ဓားစက်ရုပ် အစွမ်းကို အမှောင်သခင် ကြောက်လန့်သွား သော်လည်း အမှောင်သခင်က သူ၏ဝင်္ကပါကို သူအလွန် ယုံကြည်သည်။ ထို့ကြောင့် ဝင်္ကပါကို ထိန်းချုပ်ပြီး ဓားစက်ရုပ်ကို ထပ်မံတိုက်ခိုက် လိုက်သည်။ ဝင်္ကပါ တိုက်ခိုက်မှုက ပြင်းသထက် ပြင်းထန်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါနေသည်။ ကမ္ဘာဖျက်မည့် အဆုံးမဲ့ မုန်တိုင်းများက ကမ္ဘာမြေပြင်ကို တိုက်ခိုက်သည်နှင့် တူနေလေသည်။
ပြင်းထန်လှသော ဝင်္ကပါ တိုက်ခိုက်မှုနှင့် ကြုံတွေ့နေရ သော်လည်း ဓားစက်ရုပ်ကလည်း စစ်နတ်ဘုရားအလား မားမားမတ်မတ်ပင် ရပ်ကာ ဝင်္ကပါကို တုံ့ပြန်တိုက်ခိုက် နေသည်။
“ခင်ဗျားက ဘာရပ်လုပ် နေတာလဲ … အခုထိ ရဲချန်ဖန်ကို သွားမသတ် သေးဘူးလား … ”
အမှောင်သခင်က ဝင်္ကပါကို ထိန်းချုပ်ရင်း သူတို့ တိုက်ခိုက်သည်ကို ကြည့်နေသာ မြွေဘုရင်မကို စိတ်ဆိုးစွာ ပြောဆိုလိုက်သည်။
“အမှောင်သခင် … ရှင်တို့ တိုက်ခိုက်တာ ဒီလောက် ပြင်းထန်နေတဲ့ဟာကို … ကျွန်မက ဂူထဲကို ဘယ်လိုလုပ် ဝင်မလဲ … ”
သားရဲအမြုတေ အစွမ်းသာ ရှိနေပါက ယခုဖြစ်ပေါ်နေသော တိုက်ခိုက်မှု ကြားထဲမှ ဂူထဲဝင်ရောက်ကာ ရဲချန်ဖန်ကို သတ်ဖြတ်ပြီး ဖြစ်သည်။ ယခု သားရဲအမြုတေ အစွမ်းကုန်ဆုံး ထားသောကြောင့် မြွေဘုရင်မက မစွန့်စားရဲချေ။
“အသုံးကို မကျဘူး … ”
အမှောင်သခင်က စိတ်ထဲ မကျေမနပ် ရေရွတ်လိုက်သည်။ သူက သွေးစက်များကို ဝင်္ကပါထဲ ထပ်မံ ပေါင်းထည့်လိုက်ပြီး တိုက်ခိုက်မှုကို ပိုမို ပြင်းထန်လာအောင် ကြိုးစားနေသည်။ အမှောင်သခင်က ဓားစက်ရုပ်ကို မခုခံနိုင်ရန် အစွမ်းကုန် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။
ဓားစက်ရုပ် ခန္ဓာကိုယ်သည် အလွန်မာကျော လှသောကြောင့် ဝင်္ကပါ၏ တိုက်ခိုက်မှုက အရာမထင်ချေ။ သို့သော် ဓားစက်ရုပ်ထဲရှိ စွမ်းအင်များကမူ လျင်မြန်စွာ ကုန်ခန်း လောင်ကျွမ်းနေသည်။
“သွေးနဂါး … ကောင်းကင် ဝိညာဉ်သွေးကို အစွမ်းကုန် စုပ်ယူစမ်း … ”
ရဲချန်ဖန်က ဓားစက်ရုပ်ထဲတွင် ထည့်သွင်းထားသော စွမ်းအင်၏ သုံးပုံနှစ်ပုံ ကုန်ဆုံးသွားသည်ကို သိလိုက်သည်နှင့် ကောင်းကင် ဝိညာဉ်သွေးကို အစွမ်းကုန် စုပ်ယူရန် သွေးနဂါးကို ထိန်းချုပ်လိုက်သည်။
သွေးနဂါး၏ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးရန် နီးကပ်လာသည် နှင့်အမျှ သွေးနဂါးကြီး၏ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်နေသည်။ ထိုအသံ တစ်ခုကပင် ဂူဗိမ္မာန် နယ်မြေကို ဖျက်ဆီး နေလေသည်။
“မြွေဘုရင်မ … ငါထင်တာ မမှားဘူးဆိုရင် ရဲချန်ဖန်ကို သတ်ဖို့ ဒီအချိန်က အကောင်းဆုံးပဲ… မင်းသာ ဒီအခွင့်အရေးနဲ့ လွဲရင် နောက်အခါကျရင် သူ့ကိုသတ်ဖို့ ပိုခက်လိမ့်မယ်…”
နဂါကြီး၏ နာကျင်စွာ အော်ဟစ် ညည်းညူသံကို ကြားလိုက်ချိန်တွင် အတွေ့အကြုံ ရင့်ကျက်လှသည့် အမှောင်သခင်က ရဲချန်ဖန်၏ သားရဲ အဆင့် တက်နေချိန်မှန်း ခန့်မှန်းမိ လိုက်သည်။ ထို့ကြောင့် မြွေဘုရင်မကို တိုက်တွန်းလိုက်သည်။
“ကောင်းပြီလေ … ”
မြွေဘုရင်မသည် သူမ၏ ကြီးမားသော မြွေကိုယ်လုံးကြီးကို လှုပ်ယမ်းကာ ဓားစက်ရုပ်နား ချဉ်းကပ်သွားသည်။ မြေဘုရင်မ ချဉ်းကပ်လာသည်ကို မြင်လိုက်သည်နှင့် ဓားစက်ရုပ်သည် ဝင်္ကပါ တိုက်ခိုက်မှုကို ပြန်မတိုက်ခိုက်တော့ပဲ အထိခံလိုက်သည်။ ထို့နောက် ဂူဝနား ချဉ်းကပ်လာသည့် မြွေဘုရင်မကို တိုက်ခိုက်လိုက်သည်။
“ရဲချန်ဖန် … မင်း ဒီစက်ရုပ်ကို ဘယ်က ရလာတာလဲ … ဘာလို့ ဒီလောက် အစွမ်းထက်ပြီး သန်မာနေရတာလဲ … ”
ဝင်္ကပါ တိုက်ခိုက်မှုကို အမှုမထားဘဲ အထိခံနေသောကြောင့် အမှောင်သခင် စိတ်ပူလာသည်။ ဝင်္ကပါ တိုက်ခိုက်မှုကို မဟာသားရဲဘုရင် အဆင့်ပင် မရှောင်တိမ်း၊ မခုခံပါက မဟာသားရဲ ဘုရင်ပင် ပြင်းထန်သော ဒဏ်ရာ ရရှိသွားမည် ဖြစ်သည်။ ယခုမူ ဓားစက်ရုပ်က ဂူဝကို ပိတ်ကာ ခုခံကာကွယ် နေသောကြောင့် မြွေဘုရင်မသည် ဂူထဲသို့ မဝင်ရောက်နိုင်ပဲ ရှိနေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေပြီး ရဲချန်ဖန်၏ သွေးနဂါးသည် ကောင်းကင်ဝိညာဉ် သွေးကို စုပ်ယူပြီး သွားချိန်တွင် ဓားစက်ရုပ်ထဲတွင် စွမ်းအင် ငါးပုံတစ်ပုံခန့်သာ ကျန်တော့သည်။ သွေးနဂါးက ဆင့်ကဲပြောင်းလဲမှုက မယုံနိုင်ဖွယ် အစွမ်းထက်လာသည်။
သွေးနဂါး၏ ခန္ဓာကိုယ်က လုံးဝပုံစံ ပြောင်းလဲသွားသည်။ သွေးနဂါး ကိုယ်ပေါ်တွင် အကြေးခွံများက နှစ်ဆမျှ များပြားလာသည်။ ခန္ဓာကိုယ်မှာ တစ်ကီလိုမီတာ ကျော်အထိ ကြီးထွားလာပြီး ချိုကြီးမှာ မြင်လိုက်သည်နှင့် ကြောက်စရာ ကောင်းအောင် ချွန်မြနေလေသည်။
လက်သည်းကြီး များသည်လည်း ကောင်းကင်နှင့် မြေကြီးပါ ဖျက်ဆီးနိုင်မည့် အစွမ်းများရှိနေပုံ ပေါ်သည်။ သို့သော် ဝိညာဉ်သားရဲကို သားရဲဘုရင်အဆင့် ပြောင်းလဲခြင်းသည် ကောင်းကင်တာအို အစွမ်းကိုပင် ကျော်လွန်သွားမည် ဖြစ်ရာ ကောင်းကင်ဝိညာဉ် သွေးတစ်စက်ဖြင့် ရဲချန်ဖန်၏ သွေးနဂါးကို နဂါးဘုရင် အဆင့်ထိ အပြည့်အဝ မပြောင်းလဲ ပေးနိုင်ချေ။
သို့သော် ယခုအချိန်တွင် ရဲချန်ဖန်၏သွေးနဂါးသည် သာမာန် မဟာသားရဲ ဘိုးဘေး အဆင့် တန်ခိုးရှင်များထက် အစွမ်း ပိုကြီးမားနေပြီ ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန် အစွမ်းသည် သွေးနဂါးကြောင့် မယုံနိုင်ဖွယ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ဓားစက်ရုပ် … မြွေဘုရင်မကို အထဲဝင်ဖို့ မသိမသာ လမ်းဖွင့်ပေးလိုက် … ”
သွေးနဂါးက ဆင့်ကဲပြောင်းလဲ သွားချိန်တွင် ရဲချန်ဖန်၏ ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကလည်း ရိုးတွင်းခြင်ဆီ သန်မာမှု အသေးစား အဆင့်အောင်မြင်ပြီး ရဲချန်ဖန်၏ သွေးများအားလုံးက အသစ်ဖြစ်နေပြီ ဖြစ်သည်။ ရဲချန်ဖန် အစွမ်းက လွန်ခဲ့သည့် ရက်များနှင့်ဆိုလျှင် ဘာဆိုဘာမှ မဆိုင်တော့ချေ။ ရဲချန်ဖန်က သူ၏တိုးတက်လာသော အစွမ်းကို စမ်းသပ်ကြည့် ချင်နေသည်။ ထို့ကြောင့် မြေဘုရင်မကို မသိမသာဂူထဲ ဝင်ခွင့်ပေးလိုက်ရန် ဓားစက်ရုပ်ကို အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
ရဲချန်ဖန်၏ အမိန့်ကြောင့် ဓားစက်ရုပ်သည် မြွေဘုရင်မကို မတားဆီးတော့ဘဲ သူ့ထံဝင်လာသည့် ဝင်္ကပါ တိုက်ခိုက်မှုများကို ဓားစက်ရုပ်က ခုခံလိုက်သည်။ ထို့နောက် အမှောင်သခင်ထံ လျင်မြန်စွာ ခုန်လွှား ဝင်ရာက်သွားပြီး အမှောင်သခင်ကို ဓားစက်ရုပ်က တိုက်ခိုက်လိုက်သည်။
“အခွင့်အရေးရပြီ … ”
မြေဘုရင်မသည် ဓားစက်ရုပ်က သူမအား မတားဆီးတော့ဘဲ အမှောင်သခင်ကို သွားရောက် တိုက်ခိုက်သည်ကို မြင်လိုက်သည်နှင့် ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ သူမက ရဲချန်ဖန်ကို သတ်နိုင်တော့မည် ဟူသော အတွေးဖြင့် မြွေဘုရင်မ ပျော်ရွှင်သွားသည်