Switch Mode

Chapter – 229

မြွေဘုရင်မကို လိုက်ဖမ်းခြင်း

အခန်း ( ၂၂၉ )
မြွေဘုရင်မကို လိုက်ဖမ်းခြင်း

“မင်းက ငါအိပ်စက် အနားယူနေတာကို နှောင့်ယှက်ရဲ ဟုတ်လား … သေစမ်း … ”

ဖုတ်ကောင် ဘုရင်သည် ဧရာမ တူကြီးကို ကိုင်လျက် ထွက်ပေါ်လာသည်။ ကြောက်ခမန်းလိလိ အော်ရာ ထွက်ပေါ်နေသည့် ဧရာမတူကြီးသည် ငါးမီတာကျော် ရှည်လျားပြီး အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက် ဖြစ်သည်။ ဖုတ်ကောင် ဘုရင်သည် အော်ဟစ် မာန်သွင်းလျက် မြွေဘုရင်မထံ ပြေးဝင်သွားပြီး တူကြီးဖြင့် လွဲယမ်းထု လိုက်လေသည်။

မြွေဘုရင်မသည် မဟာသားရဲဘိုးဘေး ဆဌမအဆင့် ဖြစ်သော ဖုတ်ကောင်ဘုရင်ကို သာမန် အခြေအနေ ဆိုလျှင် ကြောက်စရာ မလိုပေ။ ယခု မြွေဘုရင်မသည် ဝင်္ကပါကြောင့် ဒဏ်ရာ ရရှိနေသည့် အပြင် ဂူဗိမ္မာန်မှ ထူးဆန်းသော အင်အားတစ်ခုက သူမကို ဖိနှိပ်ထား သောကြောင့် သူမ အစွမ်းကို လိုသလို ထုတ်သုံးနိုင်စွမ်း မရှိဖြစ်နေသည်။ ထို့ကြောင့် ဖုတ်ကောင် ဘုရင်၏ တိုက်ခိုက်မှုကို ကသောကမျော ရှောင်တိမ်း လိုက်ရသည်။

“ဝုန်း … ”

မာကျောလှသည့် မြေသားသည် ကြီးမားလှသည့် တူကြီးနှင့် အထုခံလိုက်ရ သောကြောင့် ချိုင့်ငယ်တစ်ခုပင် ဖြစ်ပေါ်လာသည်။ ထို့အပြင် တူထဲရှိ စွမ်းအားမှာ ကြောက်မက်ဖွယ် ပါဝင်နေသဖြင့် မြေငလျင် အသေးလေးတစ်ခု လှုပ်ခတ်သွား သလိုပင် တုန်ခါနေသည်။

“ဓားစက်ရုပ် … မြွေဘုရင်မကို အားကုန်သုံး သတ်စမ်း … ”

ဖုတ်ကောင် ဘုရင်နှင့် စာလျှင် မြွေဘုရင်မသည် သူ့ကို ပိုအန္တရာယ် ပေးနိုင်သောကြောင့် ရဲချန်ဖန်သည် မြွေဘုရင်မကို သတ်ရန် ဓားစက်ရုပ်ကို အမိန့်ပေး လိုက်သည်။ နတ်ဘုရား သွေးပါသော မြွေဘုရင်မသည် အပြင်၌ဆိုလျှင် ဖုတ်ကောင်ဘုရင်ကို အလွယ်တကူ အနိုင်ယူ နိုင်စွမ်းရှိသည်။

ထို့အပြင် ယခု မြွေဘုရင်မသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသောကြောင့် ယခုအချိန် သတ်ရန် မကြိုးစားပါက နောက်တွင် ပိုခက်ခဲ လာပေမည်။ ရဲချန်ဖန် အမိန့်ရသည်နှင့် ဓားစက်ရုပ်က အားကုန်သုံးပြီး မြွေဘုရင်မကို စတင်တိုက်ခိုက် လိုက်သည်။

“ဝှစ် … ”

ပြင်းထန်သော လေခွင်းသံကို ကြားလိုက်ရသည်။ ထိုအသံမှာ ဓားစက်ရုပ်သည် ကောင်းကင် အဆင့်ဓားဖြင့် မြွေဘုရင်မ ကိုယ်ကို တိုက်ခိုက် လိုက်ခြင်းပေ။ မြွေဘုရင်မသည် ဖုတ်ကောင်ဘုရင်၏ တိုက်ခိုက်မှုကို အချိန်မီ ရှောင်တိမ်းနိုင် လိုက်သော်လည်း ဓားစက်ရုပ်၏ တိုက်ခိုက်မှုကို မရှောင်တိမ်း နိုင်တော့ချေ။

ထို့ကြောင့် မြွေအကြေးခွံများ လန်ထွက်သွားပြီး ကြီးမားသော ဓားဒဏ်ရာကြီးက မြွေဘုရင်မ ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်။ သွေးများက စီးထွက်လာပြီး မြွေဘုရင်မ သည်နာကျင်စွာ အော်ဟစ် ညည်းညူးလိုက်သည်။

“ရဲချန်ဖန် … ဒီ ရန်ကြွေးကို ငါ့မှတ်ထားတယ် … အေး တစ်နေ့နေ့ကျရင် နင် ဒီရန်ကြွေးကို အတိုးနဲ့ ပေးဆပ်ရမယ် … ”

မြွေဘုရင်မသည် နီရဲတောက်နေသော သွေးမျက်လုံးများဖြင့် ရဲချန်ဖန်ကို မုန်းတီးစွာ ကြည့်လိုက်ပြီး ကြုံးဝါးလိုက်သည်။

“မြွေဘုရင်မ … မင်းက ဒီနေ့ဒီနေရာမှာ သေတော့မှာ … နောက်ဘဝမှ ဆက်ကြိုးစား … ဟုတ်ပြီလား … ”

ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံကို အသုံးပြုလိုက်သဖြင့် လျှပ်တစ်ပြက် အတွင်းမှာပင် မြွေဘုရင်မ ရှေ့သို့ ရောက်ရှိသွားသည်။

“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း … ”

ရဲချန်ဖန်သည် ချက်ချင်းပင် ဓားအင်အား အမြင့်ဆုံး အဆင့်ကို ပေါင်းစပ်ပြီး မဟာအေးခဲခြင်း အကွက်ကို အသုံးပြုလိုက်သည်။ ချက်ချင်းပင် လေထုတစ်ခုလုံး အပူချိန် လျော့ကျပြီး အေးစက်သွားသည်။ ထို့နောက် မြေကမ္ဘာအဆင့် ကျောက်စိမ်းဓားက ရေခဲကြယ် တစ်စင်းအလား မြွေဘုရင်မထံ တိုးဝင်သွားသည်။

မြွေဘုရင်မသည် ဖုတ်ကောင်ဘုရင်၊ ဓားစက်ရုပ်နှင့် ရဲချန်ဖန်တို့ ပူးပေါင်းပိတ်ဆို့ခံ တိုက်ခိုက်ခြင်း ခံနေရသဖြင့် သားရဲအမြုတေကို လောင်ကျွမ်း စေလိုက်သည်။ တစ်မုဟုတ်ချင်း မြွေဘုရင်မ အစွမ်းများ တိုးလာပြီး ရဲချန်ဖန် ဓားအလင်းကို ခုခံလိုက်နိုင်သည်။

“ဝုန်း … ”

ပြင်းထန်လှသည့် အားနှစ်ခု ဆုံတွေ့သွားချိန်တွင် အဆုံးမဲ့ ကောင်းကင်မိုးကြိုး ပစ်ချလိုက် သလိုပင် ပတ်ဝန်းကျင်က အဆက်မပြတ် ပေါက်ကွဲနေသည်။ အရာရာပေါက်ကွဲ နေသောကြောင့် အုတ်ဂူများ၊ သစ်ပင်များသည် ပေါက်ကွဲကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ ကမ္ဘာမြေကြီးပင် တုန်ခါ နေလေသည်။ မဟာသားရဲ ဘိုးဘေး ဆဌမအဆင့်ရှိသော မြွေဘုရင်မ၏ သားရဲအမြုတေ အစွမ်းသည် အံ့ဖွယ်အစွမ်း ကြီးမားလှသည်။ ထို့ကြောင့် တာအိုသိုင်း ဖြစ်သော တရားစီရင်ရေး သိုင်းကို ခုံနိုင်ခြင်း ဖြစ်သည်။

မြွေဘုရင်မက ရဲချန်ဖန် ဓားချက်ကို ခုခံလိုက်ချိန်တွင် ဖုတ်ကောင်ဘုရင်နှင့် ဓားစက်ရုပ်တို့က မြွေဘုရင်မကို တိုက်ခိုက် လိုက်ကြသည်။ ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲက ဖြစ်ပေါ်လာသည်။

“ကောင်းကင်ပေါ်က မြွေမိစ္ဆာများ … ”

ဒဏ်ရာက ပိုမို ပြင်းထန်လာသဖြင့် မြွေဘုရင်မသည် သားရဲအမြုတေကို ထပ်မံလောင်ကျွမ်း လိုက်ရပြီး အစွမ်းထက်လှသော မိစ္ဆာသားရဲ ပညာရပ်ကို အသုံးပြု လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရာထောင်ချီသော မြွေများသည် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး မြင်မြင်သမျှကို တိုက်ခိုက်တော့သည်။

တစ်ဆက်တည်းမှာပင် မြွေဘုရင်မသည် ထူးဆန်းသော သွေးမြူခိုးထုကို ဖန်တီးလိုက်ပြီး အမြင်အာရုံများ ဝေဝါးစေရန် လုပ်လိုက်သည်။ထို့နောက် ဓားစက်ရုပ်နှင့် ဖုတ်ကောင်ဘုရင်တို့ ကြားမှ ဖောက်ထွက်ပြီး ဂူဗိမ္မာန် နယ်မြေမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဓားစက်ရုပ် … အားကုန်သုံး ဖုတ်ကောင် ဘုရင်ကိုသတ် … ”

မြွေဘုရင်မသည် ပိတ်ဆို့ထားမှုမှ လွတ်မြောက် ခါနီးတွင် ရဲချန်ဖန်က ဓားစက်ရုပ်ကို အမိန့်ပေး လိုက်သည်။

ရဲချန်ဖန်ကမူ ရွှေလင်းယုန် တောင်ပံကို အသုံးပြုလျက် မြွေဘုရင်မနောက် လိုက်ဖမ်း တော့သည်။ ရဲချန်ဖန်က အနာဂါတ် အန္တရာယ်ကြီးကို ယခုအချိန်တွင် ရှင်းပစ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ လိပ်နက်ဘုရင် တစ်ယောက်တည်းကိုပင် အနိုင်ယူဖို့ မဖြစ်နိုင်သေးရာ မြွေဘုရင်မပါ လိပ်နက်ဘုရင်နှင့် အတူရှိနေပါက သူတို့အား သတ်ဖို့မပြောနှင့် တွေ့သည်နှင့် ပြေးရမည် ဖြစ်လေသည်။ ထို့ကြောင့် အခွင့်အရေးရခိုက် မြွေဘုရင်မကို ဖယ်ရှား သုတ်သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဓားစက်ရုပ်လည်း ရဲချန်ဖန် အမိန့်ရသည်နှင့် ပစ်မှတ်ကို ပြောင်းလဲကာ ဖုတ်ကောင် ဘုရင်ကို အားကုန်သုံး တိုက်ခိုက်တော့သည်။ ဓားစက်ရုပ်၏ တိုက်ခိုက်မှုက အလွန် ပြင်းထန်လှသည်။ ထို့ကြောင့် စက်ရုပ်နှင့် ဖုတ်ကောင်ကြားက ကြီးမားသည့် တိုက်ပွဲက ဖြစ်ပေါ်လာသည်။

မြွေဘုရင်မသည် ထူးဆန်းသော စွမ်းအားတစ်ခု၏ ဖိနှပ်ခြင်း ခံထားရသောကြောင့် သူမ အစွမ်းကို လိုသလို ထုတ်အသုံးမပြုနိုင်ဘဲ ဖြစ်နေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်သည် အလွန် မာကျောသဖြင့် တော်ရုံ တန်ရုံ ဖုတ်ကောင်ဘုရင်၏ တိုက်ခိုက်မှုကိုပင် မြွေဘုရင်မက မကြောက်ပေ။

တစ်ဖက်တွင် ဓားစက်ရုပ်နှင့် ဖုတ်ကောင် ဘုရင်၏ တိုက်ပွဲက အလွန် ပြင်းထန်နေသည်။ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မိတိုင်း ပေါက်ကွဲမှုက ကြီးမားလှရာ မကြာမီ ကြီးမားသော အနက်ရောင် မုန်တိုင်းကြီးက ဖြစ်ပေါ်လာပြီး အရာရာကို ဆွဲယူကာ ဖျက်ဆီးပစ် နေလေသည်။

“ဆန်းကြယ်ရေခဲ ဝိညာဉ်စမ်းရေ … အေးခဲစမ်း … ”

ရဲချန်ဖန်က ရွှေလင်းယုန်တောင်ပံ အသုံးပြု၍ အစွမ်းကုန် ပျံသန်းလိုက်ဖမ်း နေသောကြောင့် မကြာမီ မြွေဘုရင်မကို လိုက်မီသွားသည်။ ထို့နောက် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းကို အသုံးပြုကာ မြွေဘုရင်အား အေးခဲစေပြီး နှေးကွေးအောင် ကြိုးစားနေသည်။

“ရဲချန်ဖန် … မင်း … မင်းငါ့ကို လိုက်သတ်ဖို့ ကြိုးစားနေတယ် ဟုတ်လား … ”

ရဲချန်ဖန်က အလွတ်မပေးဘဲ သူမနောက် လိုက်၍ သတ်ရန် ကြိုးစားနေသည်ကို မြင်လိုက်သောအခါ မြွေဘုရင်မ ဒေါသအိုး ပေါက်ကွဲသွားသည်။ သူမ၏ မြွေခန္ဓာကိုယ်ကို လှည့်ပတ် ခုန်ပေါက်လိုက်ပြီး ကြီးမားလှသော ပါးစပ်ကြီးဟကာ ရဲချန်ဖန်ထံ အော်ဟစ်လိုက်သည်။ အသံနှင့် အတူ အစိမ်းနက်ရောင် အဆိပ်မြူမှုန်များ ထွက်ပေါ်လာပြီး ရဲချန်ဖန်ဆီ ဝင်ရောက်သွားသည်။ မြွေဘုရင်မက ရဲချန်ဖန်ကို အဆိပ်မိစေရန် ကြိုးပမ်းလိုက်သည်။

“သရဲစိမ်း မီးတောက် … လောင်ကျွမ်းစမ်း … ”

ရုတ်တရက် အဆိပ်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော်လည်း ရဲချန်ဖန်က ပျာယာခတ်သွားခြင်း မရှိပေ။ ချက်ချင်းပင် သရဲစိမ်း မီးတောက်ကို အသုံးပြုလျက် အဆိပ် မြူမှုန်များကို လောင်ကျွမ်း စေလိုက်သည်။ အဆိပ်မြူမှုန်များက သရဲစိမ်း မီးတောက်ကြောင့် အပြာရောင် အခိုးအငွေ့အဖြစ် လောင်ကျွမ်းကာ ပျောက်ကွယ်သွားသည်။

“ဝိညာဉ် မီးတောက် … မင်းမှာ ဝိညာဉ်မီးတောက် ရှိနေတာလား … ”

မြောက်ပင်လယ်မှ သားရဲကြီး ဖြစ်သော မြွေဘုရင်မသည် ဝိညာဉ် မီးတောက်ကို အလွန်ကြောက်ရွံ့ လေသည်။ မီးတောက်သည် မြွေဘုရင်မကို အန္တရာယ် အပေးနိုင်ဆုံး အရာထဲတွင် ထိပ်ဆုံးက ရှိနေသည်။ ထို့ကြောင့် မြွေဘုရင်မသည် ရဲချန်ဖန် ချဉ်းကပ်လာမည်ကို အလွန် စိုးရိမ်သွားသည်။

“အရိပ်မဲ့ ရွှေအပ် … ”

ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံကို အစွမ်းကုန် ခတ်လိုက်ပြီး မြွေဘုရင်မထံ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ မြွေဘုရင်မနှင့် ငါးမီတာသာ ကွာဝေးတော့ချိန်တွင် အရိပ်မဲ့ ရွှေအပ်များကို ရဲချန်ဖန် ပစ်လွှတ်လိုက်သည်။ မျက်စိဖြင့် မြင်ရန် ခက်ခဲလှသည့် အရိပ်မဲ့ ရွှေအပ်များသည် မြွေဘုရင်မ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်တော့သည်။

“အ… အား … ”

သားရဲများသည် သာမန်လူသား တန်ခိုးရှင်များထက် ပိုမိုမာကျော အစွမ်းထက်သည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ကြသည်။ သို့သော် သူတို့၏ စိတ်ဝိညာဉ်မှာမူ သူတို့၏ အားနည်းချက် ဖြစ်သည်။ လူသား တန်ခိုးရှင်များထက် သားရဲများ၏ စိတ်ဝိညာဉ် အစွမ်းမှာ ပိုမိုနိမ့်ကျသည်။ ယခု အရိပ်မဲ့ရွှေအပ်ဖြင့် စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက် ခံရသောအခါ သားရဲကြီး ဖြစ်သော မြွေဘုရင်မ၏ ဝိညာဉ်သည် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသည်။ မြွေဘုရင်မသည် အလွန်နာကျင်စွာ ညည်းညူလိုက်သည်။

“ရေမီးဝဲကတော့ … ”

ရဲချန်ဖန်က မြွေဘုရင်မ နာကျင်စွာ အော်ဟစ်ညည်းညူ နေသည့်အချိန်တွင် ရေမီးဝဲကတော့ကို အသုံးပြုကာ မြွေဘုရင်မကို တိုက်ခိုက် လိုက်သည်။ မြွေဘုရင်မ ခန္ဓာကိုယ်တွင် နဂိုထဲက ပြင်းဒဏ်သော ဒဏ်ရာများ ရရှိထားရာ ရေမီးဝဲကတော့နှင့် ထိမှန်ချိန်တွင် ဒဏ်ရာများက အလွန်ဆိုးသွားပြီး အသားများ ကွဲထွက်ကာ အရိုးများပင် ပေါ်လာလေသည်။

“သားရဲ အမြုတေ လောင်ကျွမ်းစမ်း … ”

အသက် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မြွေဘုရင်မသည် သိပ်စဉ်းစား မနေတော့ဘဲ သားရဲအမြုတေမှ အစွမ်းကို သုံးပုံနှစ်ပုံနီးပါး လောင်ကျွမ်းစေ လိုက်သည်။ သားရဲအမြုတေကို လောင်ကျွမ်းစေ ပြီးနောက် အလွန် ကြောက်မက်ဖွယ် အစွမ်းများက မြွေဘုရင်မဆီမှ ထွက်ပေါ်လာသည်။

ထို့နောက် မြွေဘုရင်မ၏ ကြီးမားသော ကိုယ်ကြီးသည် ရေမီးဝဲကတော့ကို ဖျက်ဆီး ပစ်လိုက်ပြီး ရဲချန်ဖန်ဆီ ဝင်ရောက် လာလေသည်။ မြွေဘုရင်မ တိုက်ခိုက်မှုက ကြောက်မက်ဖွယ် ကောင်းလှသည် ဖြစ်ရာ ရဲချန်ဖန်ကို သတ်နိုင်ရန် အစွမ်းများ ရှိနေလေသည်။ မြွေဘုရင်မက သူ့နားလျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လိုက်သည်နှင့် ရဲချန်ဖန်လည်း ရွှေလင်းယုန် တောင်ပံကို အစွမ်းကုန် ခတ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

“ဝုန်း … ”

ရဲချန်ဖန် ရှောင်တိမ်း လိုက်သည်နှင့် ရဲချန်ဖန် ရပ်နေခဲ့သော နေရာကို မြွေဘုရင်မ၏ ကြီးမားသော အမြီးကြီးက ရိုက်ခတ်သွားသည်။ အမြီးကြီး ဖြတ်သန်းရာ လမ်းတစ်လျှောက် လေထုသည် ပေါက်ကွဲ ပျက်စီးနေသည်။

“မကောင်းတော့ဘူး … ”

မြွေဘုရင်မ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ် အလွန်ကောင်းပြီး မယုံနိုင်စရာ ကောင်းအောင် လျင်မြန်နေရာ ရဲချန်ဖန် အချိန်မီ မရှောင်တိမ်း နိုင်တော့ချေ။ ထို့ကြောင့် မှော်တစ်ရာ သလင်းကျောက် အစီအရင် သုံးခုကို ထုတ်ယူလိုက်သည်။

ထို့နောက် အစီအရင် သုံးခုလုံးကို တစ်ပြိုက်နက် အသက်သွင်း လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် အေးစက် မာကျောလှသည့် ရေခဲလွှာသုံးခုက ရဲချန်ဖန် ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာကာ ရဲချန်ဖန်ကို အကာအကွယ် ပေးနေသည်။ ထို့နောက် အဆက်မပြတ် ဝင်ရောက်လာသော မြွေဘုရင်မ၏ အမြီး ရိုက်ချက်များက ရေခဲလွှာများကို ဖျက်ဆီးနိုင်ရန် ကြိုးစားနေသည်။

သို့သော် သားရဲအမြုတေ သုံးပုံနှစ်ပုံ လောင်ကျွမ်းထားသော မြွေဘုရင်မ အစွမ်းမှာ မယုံနိုင်လောက်အောင် ပြင်းထန်နေသည်။ ထို့ကြောင့် ခြောက်စက္ကန့်အတွင်း ရဲချန်ဖန်ကို ကာကွယ်ထားသည့် ရေခဲလွှာတစ်ခု ပြီးတစ်ခု ပျက်စီးသွားသည်။ ရဲချန်ဖန် မတုံ့ပြန်နိုင်မီ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားသည်။ မြွေဘုရင်မထံတွင် အစွမ်း အများအပြား ကျန်ရှိနေသေးရာ ရဲချန်ဖန် ခန္ဓာကိုယ်က ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ရဲချန်ဖန်သည် ရွှေလင်းယုန် တောင်ပံနှင့် လေပေါ်သို့ ပျံဝဲတက်လိုက်သည်။

ရဲချန်ဖန်၏ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အရိုးသန်မာစေခြင်း အဆင့်ကြောင့်သာ မဟုတ်လျှင် ရဲချန်ဖန်သည် ပြင်းထန်သော အတွင်းဒဏ်ရာပါ ရရှိသွားနိုင်သည်။ ဒေါသအလွန် ထွက်နေသော မြွေဘုရင်မသည် ရဲချန်ဖန်က သူမနှင့် ဆက်မတိုက်ခိုက်ပဲ လေပေါ်သို့ ပျံတက်သွားသည်ကို မြင်လိုက်သည်နှင့် သူမ သားရဲအမြုတေ သုံးပုံနှစ်ပုံခန့်ကို လောင်ကျွမ်း စေလိုက်သည့် အတွက် နောင်တရသွားသည်။

သူမသည် ရဲချန်ဖန်နောက် လိုက်၍ မတိုက်ခိုက်ရဲချေ။ သားရဲအမြုတေ အစွမ်း ကုန်သွားပါက သူမသည် ရဲချန်ဖန် ရှေ့တွင် လည်စင်းပေးသည့် သိုးငယ်လေးအလား ဖြစ်သွားပေမည်။ ထို့ကြောင့် သူမက အစွမ်းကုန် ရဲချန်ဖန် လက်မှ လွတ်မြောက်အောင် ပြေးလွှား ထွက်ခွာသွားသည်

Comment

Leave a Reply

Options

not work with dark mode
Reset