အခန်း ( ၂၂၈ )
ဂူဗိမ္မာန်
“ဒီနေရာက ဘာလို့ကြောက်စရာ ကောင်းလောက်အောင် အုံ့ဆိုင်းမှောင်မည်း နေတာလဲ … ဒီ ရေအောက်လိုဏ်ဂူမှာ ဘယ်လို ရာဇဝင်တွေ ရှိနေမလဲ … ဘာလို့ဒီလောက် များပြားတဲ့ အုတ်ဂူတွေ ရှိနေတာလဲ … ”
မီးလျှံလမ်းရှိ ကျွင်းနက်ကြီးမှ ထွက်လိုက်သည်နှင့် ရဲချန်ဖန်သည် သင်္ချိုင်းကုန်း တစ်ခုထဲ ရောက်ရှိနေသည်။ သင်္ချိုင်းကုန်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ် ငြိမ်သက်ကာ မည်းမှောင်ညှိုမှိုင်း အုံ့ဆိုင်းနေသည်။ သင်္ချိုင်းကုန်း ကြီးထဲတွင် မရေတွက်နိုင်အောင် များပြားလှသည့် အုတ်ဂူများက မျက်စိတစ်ဆုံးထိ မြင်တွေ့နေရသည်။
အရာရာသည် ကြောက်မက်ဖွယ် ကောင်းအောင် ခြောက်သွေ့နေသည်။ တစ်ခါတစ်ခါ ငှက်ဆိုး ထိုးသံများ ထွက်ပေါ်လာရာ အသဲငယ်သူများအဖို့ တစ်ခါတည်း အကြောက်လွန်၍ သေဆုံးသွားနိုင်သည်။
“ဒီ သင်္ချိုင်းကြီးထဲမှာ ဘာအန္တရာယ်တွေ ရှိနိုင်မလဲ မသိဘူး … … ”
ရဲချန်ဖန်သည် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်နှင့် နေရာတိုင်းတွင် အန္တရာယ် ပြည့်နှက် နေသည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် ဓားစက်ရုပ်ကို ဆင့်ခေါ်လိုက်သည်။
“ပေါင်းစပ်စမ်း … ”
ဓားစက်ရုပ် အစွမ်း တိုးလာစေရန် ရဲချန်ဖန်သည် မိစ္ဆာအရိုး သလင်းကျောက်တုံး သုံးဆယ်ကို ဓားစက်ရုပ် ကိုယ်ထဲ ထည့်သွင်းလိုက်သည်။ ချက်ချင်းပင် မိစ္ဆာဓာတ်များ ထွက်ပေါ်ကာ ဓားစက်ရုပ်၏ မျက်နှာတွင်ပြင်ပင် မကောင်းဆိုးဝါးကဲ့သို့ ပြောင်းလဲသွားသည်ဟု ထင်ရပြီး ကြောက်မက်ဖွယ် ရက်စက်မည့် မိစ္ဆာဟန် ပြောင်းလဲသွားသည်။
မိစ္ဆာဓာတ်များ ထွက်ပေါ်လာသော်လည်း ဓားမိစ္ဆာအပေါ် လွမ်းမိုးနိုင်ခြင်း မရှိပေ။ ဓားစက်ရုပ်ထဲတွင် ရှိနေသော ဦးနှောက် သေးလေးသည် ရဲချန်ဖန်၏ စိတ်ထိန်းချုပ်မှု အောက်တွင် အကြွင်းမဲ့ ရှိနေသည်။ မိစ္ဆာအရိုး သလင်းကျောက်မှ အစွမ်းများ ဓားစက်ရုပ်နှင့် ပေါင်းစပ်ပြီးနောက် ဓားစက်ရုပ် အစွမ်းက လျင်မြန်စွာ တိုးတက်လာသည်။
“ဟုတ်တယ် … မိစ္ဆာအရိုး သလင်းကျောက်က အစွမ်းနဲ့ဆို ဓားစက်ရုပ်ရဲ့ တန်ခိုးအဆင့်ကို မြင့်ပေးနိုင်တာပဲ … ”
မိစ္ဆာအရိုး သလင်းကျောက် သုံးဆယ်နှင့် ဓားစက်ရုပ် ပေါင်းစပ် ပြီးနောက် ဓားစက်ရုပ် အစွမ်းသည် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် အစွမ်းကို ရရှိသွားပြီ ဖြစ်သည်။ ရဲချန်ဖန် အလွန် ပျော်ရွှင်သွားသည်။ လိပ်နက်ဘုရင်နှင့် မကြုံတွေ့ရသ၍ ဓားစက်ရုပ်၏ အကာအကွယ် ရှိနေပါက ရဲချန်ဖန်သည် အမှောင်သခင်၊ မြွေဘုရင်မနှင့် တခြားလူများကို စိုးရိမ် ကြောက်လန့်နေစရာ မလိုတော့ပေ။ ရဲချန်ဖန်တွင် ယခု အမှောင်သခင်နှင့် အခြားသူများကို သတ်ပြစ်နိုင်သည့် အစွမ်းရှိနေပြီ ဖြစ်သည်။
“သွားမယ် … ”
ရဲချန်ဖန်က ဓားစက်ရုပ်ကို ပြန်လည် သိမ်းဆည်းပြီးနောက် ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ သင်္ချိုင်းကုန်း အတွင်းပိုင်းသို့ လျင်မြန်စွာ ပျံသန်း ဝင်ရောက်သွားသည်။ အဆုံးအစမဲ့ များပြားလှသော အုတ်ဂူများကြား ရဲချန်ဖန် ပျံသန်းနေစဉ် အဆက်မပြတ် အုတ်ဂူများကို ရိုက်ခွဲပြီး ထူးခြားမှု တစ်ခုခုများ ရှိနေမလားဟု စူးစမ်း ရှာဖွေနေသည်။ သို့သော် အရိုးစုများသာ ထွက်ပေါ်လာပြီး မည်သည့် ထူးခြားမှုမှ မတွေ့ရချေ။
“ဘယ်လောက်တောင် ကြီးလိုက်တဲ့ ဂူဗိမ္မာန်ကြီးလဲ … ”
ရဲချန်ဖန်သည် ပျံသန်းနေသည်မှာ တစ်ရက်ကျော် ကြာပြီးနောက် ဆယ်ပေကျော်မြင့်ပြီး ပတ်လယ် သုံးမိုင်နီးပါးရှိသည့် အလွန် ကြီးမားလှသည့် ဧရာမ ဂူဗိမ္မာန်ကြီး တစ်ခုကို မြင်တွေ့ လိုက်ရသည်။ အလွန်ထူးခြားသည့် သွေးများ စွန်းထင်းနေသည့် အုတ်ဂူများက ထိုဂူဗိမ္မာန်ကြီး၏ အရှေ့တွင် ရှိနေသည်။ ထိုအုတ်ဂူများမှ အဆုံးမဲ့အော်ရာများ ထွက်ပေါ်နေကာ အုတ်ဂူများကို မြင်တွေ့သူတိုင်းက ကြီးမားသည့် ဖိအားကို ခံစားရမည် ဖြစ်သည်။
“ဒါ … ဒါ ဘယ်သူရဲ့ ဂူဗိမ္မာန်လဲ … … ဘာလို့ ဒီလောက်တောင် ကြီးအောင် ဆောက်ထားတာလဲ … ”
ရဲချန်ဖန်သည် ရွှေလင်းယုန် တောင်ပံကို အသုံးပြုကာ ဂူဗိမ္မာန်ဆီ သတိနှင့် ချဉ်းကပ်သွားသည်။ ရဲချန်ဖန်သည် လုံးဝ မပေါ့ရဲပဲ ကောင်းကင်အဆင့် ဓားပါ ကိုင်ဆောင်ထားသည်။
“ဟင် … မှော်ဝင်္ကပါပဲ … ”
ရဲချန်ဖန်သည် ဂူဗိမ္မာန်ကြီးနား ရောက်သည်နှင့် သူ၏အစွမ်းထက်သော စိတ်အာရုံက ဂူဗိမ္မာန်ကြီးကို အစွမ်းထက်သော မှော်အစီအရင်ကြီး တစ်ခုက ကွယ်ပေးထားသည်ကို တွေ့လိုက်ရသည်။ ဝင်္ကပါကြီးကြောင့် ဂူဗိမ္မာန်ကြီး၏ မူလအသွင် အမှန်ကို မမြင်ရချေ။ ရဲချန်ဖန်က မှော်ဝင်္ကပါကြီးနား မရောက်ခင် ရပ်နားလိုက်ပြီး နတ်ဦးနှောက် အကူအညီဖြင့် ဝင်္ကပါကြီးကို ချိုးဖောက်ရန် ကြိုးစားလိုက်သည်။ မကြာမီပင် မြွေဘုရင်မ၏ အော်ရာက တစ်နေရာမှ ထွက်ပေါ်နေသည်ကို သတိပြုမိ လိုက်သည်။
ရဲချန်ဖန်က ဝင်္ကပါကြီး တစ်လျှောက် စိတ်အာရုံဖြင့် ရှာဖွေလိုက်ရာ တစ်နေရာတွင် ဝင်္ကပါကြီးကို တိုက်ခိုက်လျက် ရှိသော မြွေဘုရင်မကို မြင်တွေ့လိုက်သည်။ ဝင်္ကပါကြီးကလည်း မြွေဘုရင်မကို တုံ့ပြန် တိုက်ခိုက်လျက်ရှိပြီး မြွေဘုရင်ကမူ ဝင်္ကပါကြီးကို ချိုးဖျက် ဝင်ရောက်နိုင်ရန် ပြင်းထန်စွာ တိုက်ခိုက်နေသည်။
ကြည့်ရသည်မှာ မြွေဘုရင်မသည် ဂူဗိမ္မာန်ကြီးထဲ ဝင်ရောက်ကာ ရတနာများကို ရှာဖွေရန် ကြိုးစားနေပုံ ရသည်။ သို့သော် မြွေဘုရင်မသည် ဝင်္ကပါအကြောင်း လုံးဝနားမလည်ချေ။ ထို့ကြောင့် အချိန်အတန်ကြာ ဝင်္ကပါကို တိုက်ခိုက် နေသော်လည်း မြွေဘုရင်မက ဝင်္ကပါကို မချိုးဖောက်နိုင်ပဲ ရှိနေလေသည်။
“မြွေဘုရင်မ … ငါတို့တွေ ဒီဂူဗိမ္မာန်နားမှာ ဆုံတွေ့ကြတယ် ဆိုတော့ … မင်းကို လက်ဆောင် ပေးရမှာပေါ့ … ”
ရဲချန်ဖန် မျက်နှာတွင် အေးစက်သော အပြုံးက ဖြစ်ပေါ်လာသည်။ ရဲချန်ဖန် သည်နတ်ဦးနှောက်ကို အသုံးပြုကာ ဝင်္ကပါကို ချိုးဖောက် ဝင်ရောက်ပြီး ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။ ဆယ်ငါးမိနစ်ခန့် ကြာပြီးနောက် ရဲချန်ဖန်သည် ဝင်္ကပါကြီး အလုပ်လုပ်ပုံကို နားလည်လာသည်။
ဝင်္ကပါကြီးတွင် လုပ်ငန်းဆောင်တာကြီး နှစ်ခုရှိပြီး တစ်ခုမှာ တိုက်ခိုက်သည့် စနစ်နှင့် နောက်တစ်ခုမှာ အလိုအလျောက် ခုခံသည့် စနစ်ဖြစ်သည်။ တစ်နာရီခန့် ကြာသွားပြီးနောက် ရဲချန်ဖန်သည် ဝင်္ကပါကြီး တစ်ခုလုံးကို မထိန်းချုပ်နိုင် သေးသော်လည်း ဝင်္ကပါ စနစ်ကို အနည်းငယ် အပြောင်းအလဲ လုပ်လို့ ရသွားသည်။ ရဲချန်ဖန်က ဝင်္ကပါ၏ ခုခံမှုစနစ်ကို လျော့ချလိုက်ပြီး တိုက်ခိုက်သည့် အပိုင်းတွင် ပိုမို ပြင်းထန်လာအောင် ပြုပြင်လိုက်သည်။
ရုတ်တရက် ဝင်္ကပါကြီးကို တိုက်ခိုက်လျက် ရှိသော မြွေဘုရင်မသည် ဝင်္ကပါကြီး၏ အားကောင်းသော တုံ့ပြန်တိုက်ခိုက်ကို ခံလိုက်ရသည်။ ဝင်္ကပါ၏ တိုက်ခိုက်မှုက အလွန် ပြင်းထန်လှပြီး မြွေဘုရင်မ ကိုယ်ပေါ်ရှိ အကြေးခွံများပင် ကွဲကြေထွက်သွားသည်။
“ဟင် … ဝင်္ကပါ တိုက်ခိုက်မှုက ဘာလို့ ပိုပြင်းလာတာလဲ … ”
ဝင်္ကပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာကပို မိုဆိုးရွားလာသဖြင့် မြွေဘုရင်မသည် တရှုးရှုး တရှဲရှဲနှင့် ဒေါသထွက်လာ လေသည်။ သူမက အလွန် ဒေါသထွက်ပြီး သားရဲအမြုတေ အစွမ်း အနည်းငယ်ကို လောင်ကျွမ်းစေ လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် ကြောက်မက်ဖွယ် ကောင်းအောင် မြွေဘုရင်မ အစွမ်းက တိုးလာပြီး ဝင်္ကပါကြီးကို တိုက်ခိုက်လိုက်သည်။
မြွေဘုရင်မ၏ တိုက်ခိုက်မှုကြောင့် ဝင်္ကပါကြီးပေါ်တွင် အက်ကွဲရာများ စတင် ဖြစ်ပေါ်လာသည်။ ဝင်္ကပါ အက်ကွဲကြောင်းများမှ တစ်ဆင့် ဝင်္ကပါကြီးထဲတွင် ကြောက်မက်ဖွယ် ကောင်းလှသည့် သတ္တဝါကြီး တစ်ကောင်၏ ခန္ဓာကိုယ်ကို ရဲချန်ဖန် မြင်တွေ့နေရသည်။
“ဒါ… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ”
မကြာမီပင် မြွေဘုရင်မသည် ရဲချန်ဖန်ကို ရှာဖွေတွေ့ရှိ သွားသည်။ ချက်ချင်းပင် မြွေဘုရင်မ စိတ်ထဲလေးသွားပြီး မသက်မသာ ခံစားလိုက်ရသည်။
“မြွေဘုရင်မ … အဓိပ္ပာယ်မရှိဘဲ အားကုန်မခံချင် စမ်းပါနဲ့ … မင်းက ဝင်္ကပါသတ်လို့ မသေရင်တောင်မှ ငါ လိုက်ဖမ်းတာကနေ ပြေးမလွတ်ပါဘူး … ဒါကြောင့် ငြိမ်ငြိမ်လေး ငါပြောတဲ့အတိုင်း လက်ခံ … ရဲချန်ဖန်က မြွေဘုရင်မသည် ဝင်္ကပါ၏ တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် အာရုံထွေပြားစေရန် ရန်စလိုက်သည်။
“မင်းမှာ အဲဒီအစွမ်းရှိမှပဲ အဲလိုစကား ပြောစမ်းပါ… ”
မြွေဘုရင်မက ရဲချန်ဖန်ကို နှာခေါင်းရှုံ့လိုက်ပြီး ရဲချန်ဖန်ကို ရင်ဆိုင်ရမည့် နည်းလမ်းကို စဉ်းစားနေသည်။ မြွေဘုရင်မသည် ရဲချန်ဖန်ကို မကြောက်သော်လည်း ဓားစက်ရုပ်ကိုမူ သူမ လန့်သည်။
“ဘာလဲ … ငါက မင်းကို မသတ်နိုင်ဘူးလို့ … မင်းက ထင်နေတာလား … ”
“အို့ … မေ့နေလိုက်တာ ငါမင်းကို ပြောပြစရာ ရှိတယ် … မင်းရဲ့ အပေါင်းအဖော် မျက်လုံး ရှစ်လုံးပင့်ကူကို ငါသတ်ပစ်လိုက်ပြီ … ”
ရဲချန်ဖန်က မြွေဘုရင်မ အာရုံပျက်စေရန် တမင် ရန်စနေသည်။
“ရဲချန်ဖန် … မင်း ငါ့ကိုစောင့်နေ … မကြာခင် မင်းကို ငါအရှင်လတ်လတ် မျိုပြီး စားသောက်ပစ်မယ် … ”
မျက်လုံးရှစ်လုံး ပင့်ကူ သေသွားသည့် သတင်း ကြားလိုက်သည်နှင့် မြွေဘုရင်မသည် ဒေါသပေါက်ကွဲကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဝုန်း … ”
မြွေဘုရင်မ ဒေါသတကြီး အော်ဟစ်လိုက်စဉ် ဝင်္ကပါကြီးက မြွေဘုရင်မကို တိုက်ခိုက်လိုက်ရာ မြွေဘုရင်မ၏ အကြေးခွံပေါင်း များစွာသည် ကွဲထွက်သွားပြီး အသွေးအသား များကိုပင် မြင်နေရသည်။
“ကြည့်ရတာ … ငါကိုယ်တိုင်တောင် သတ်စရာ မလိုဘူးနဲ့တူတယ် … မြွေဘုရင်မ မင်းအစွမ်းနဲ့ဆို ဝင်္ကပါကို ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူး … ဒီသင်္ချိုင်းက မင်းရဲ့ သေမယ့်နေရာနဲ့ တူတယ်… ”
ဝင်္ကပါပေါ်တွင် အက်ကွဲရာများ ဖြစ်ပေါ်လာည်နှင့် အမျှ မြွေဘုရင်မ၏ ဒဏ်ရာမှာ ဆိုးသထက် ဆိုးလာသည်။ ဒဏ်ရာက ပိုမို ပြင်းထန်လာသဖြင့် မြွေဘုရင်မ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာသည်။ ဝင်္ကပါကြီးတွင် ကြီးမားသော အက်ကွဲရာ မြင်လိုက်သည်နှင့် အစွမ်းကုန် တိုက်ခိုက်လိုက်ပြီး ဝင်္ကပါထဲ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ မြွေဘုရင်မသည် ဂူဗိမ္မာန်ထဲရှိ အိပ်ပျော်နေဟန် ပုံပေါ်သော သတ္တဝါကြီးကို နိုးထစေကာ အခြေအနေကို ရှုပ်ထွေးစေရန် ကြိုးစားနေသည်။ ဒါမှသာ သူမ ထွက်ပြေးရန် အခွင့်အလမ်း ရမည် ဖြစ်သည်။
“ကောင်းကင်ပေါ်က မြွေမိစ္ဆာ … ”
ဒဏ်ရာက ဆိုးရွားနေ သော်လည်း မြွေဘုရင်မသည် ဝင်္ကပါကို အဆတ်မပြတ် တိုက်ခိုက်နေသည်။ တဖြည်းဖြည်းနှင့် ဝင်္ကပါ၏ ခုခံမှုမှာ အားပျော့လာပြီး အက်ကွဲ ဒိုးလျိုပေါက်က ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲရာမှ တစ်ဆင့် ဝင်္ကပါ တစ်ခုလုံးတွင် အက်ရာများ လိုက်လာလေသည်။
“ဂရား … ”
ထိုအချိန်တွင် ဝင်္ကပါကြီးထဲရှိ သတ္တဝါကြီးက နိုးထလာဟန်တူပြီး ကြောက်မက်ဖွယ် ကောင်းအောင် အော်ဟစ်လိုက်သည်။
“အင်း … ဒီမြွေဘုရင်မက တော်တော် လည်တာပဲ … ဒီဂူဗိမ္မာန်ထဲက သတ္တဝါကြီးကို နိုးပြီး ငါနဲ့ ရင်ဆိုင်ခိုင်းဖို့ ကြိုးစားနေတာပဲ … ”
ဂူဗိမ္မာန်ထဲမှ ကြောက်မက်ဖွယ် အော်ရာကြောင့် ရဲချန်ဖန်၏ မျက်နှာသည် အလွန် လေးနက်သွားပြီး ချက်ချင်းပင် ဓားစက်ရုပ်ကို ဆင့်ခေါ်လိုက်သည်။
မကြာမီ ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ် သွားနိုင်သည့် အော်ရာက ဂူဗိမ္မာန်ထဲက ထွက်ပေါ်လာပြီး ဝင်္ကပါကြီး တစ်ခုလုံး တုန်ခါနေသည်။ ခြေထောက် တစ်ဖက်ပင် ရှစ်မီတာကျော် မြင့်မားပြီး ခန္ဓာကိုယ်က မီးခိုးရင့်ရောင် ဧရာမ ဖုတ်ကောင်ဘုရင်က ဝင်္ကပါထဲမှ ထွက်ပေါ်လာသည်။ ဧရာမ ဖုတ်ကောင်ဘုရင်ကို ကြီးမားသည့် သံချိန်းကြိုးများက ရစ်ပတ်ထားပြီး မျက်လုံးများက အရောင်မရှိချေ။
ဖုတ်ကောင် ဘုရင်ဆီမှ ကြောက်မက်ဖွယ် ကောင်းလှသည့် မကောင်းသည့် အငွေ့အသက်များက ထွက်ပေါ်နေသည်။ ထို့နောက် ဖုတ်ကောင် ဘုရင်သည် ဂူဗိမ္မာန်အပြင်သို့ တစ်လှမ်းချင်း ထွက်လာနေသည်။ ဧရာမ ဖုတ်ကောင် ဘုရင်၏ အိပ်စက်ခြင်းကို နှောင့်ယှက်လိုက်သော မြွေဘုရင်မသည် ရုတ်တရက် နောင်တ ရသွားပြီး အော်ဟစ်လိုက်သည်။ ထွက်လာသည့် ဘီလူးကြီးသည် တောင်ငယ် တစ်လုံးအလား ကြီးမားလှသည့် ဖုတ်ကောင်ဘုရင် ဖြစ်နေသည်