Switch Mode

Chapter – 227

ရေမီးဝဲကတော့

အခန်း ( ၂၂၇ )
ရေမီးဝဲကတော့

ရဲချန်ဖန် အတွေးနှင့် ပျော်ရွှင်နေခိုက် ရဲချန်ဖန်နှင့် မနီးမဝေးတွင် မီးတောက် တစ်ခုက လေထဲတွင် ပေါ်လာလေသည်။ ရဲချန်ဖန်သည် သရဲစိမ်း မီးတောက်ကို စုပ်ယူရန် မီးတောက်နား သွားလိုက်စဉ် မီးတောက်မှ မီးပင်လယ်အဖြစ် ပြောင်းလဲကာ ရဲချန်ဖန်ကို စတင် တိုက်ခိုက်တော့သည်။ ချက်ချင်းပင် မီးတောက်၊ မီးလျှံများက ရဲချန်ဖန်ကို ဝါးမျိုသွားသည်။

“ယား … ”

မီးတောက် မီးလျှံများက ရဲချန်ဖန်ကို စတင်တိုက်ခိုက် လာသဖြင့် ရဲချန်ဖန်သည် ဓားအင်အား အမြင့်ဆုံး အဆင့်ထုတ်ပြီး ထိခိုက်ဒဏ်ရာ မရစေရန် ကာကွယ်လိုက်သည်။ ထို့နောက် ဓားအလင်းက မီးတောက်ကြားထဲ တိုးဝင်သွားသည်။ မီးတောက်များကို ရဲချန်ဖန် ဓားက ထိုးဖောက်သွား ပြီးနောက် မီးပင်လယ်အဖြစ် ရဲချန်ဖန်ကို တိုက်ခိုက်နေသော သရဲစိမ်း မီးတောက်သည် ပြန်၍သေးငယ်ကာ မြွေငယ်လေး အရွယ်အဖြစ် ရဲချန်ဖန်ဆီ ပျံသန်းလာသည်။

“ဘယ်လိုလုပ် မီးတောက်က ငါ့ကို တိုက်ခိုက် နေရတာလဲ … ”

ရဲချန်ဖန် မျက်ဝန်းများသည် ကျဉ်းမြောင်း သွားသည်။ သူက ဆုအဖြစ်ရသော ဝိညာဉ် မီးတောက်သည် သူအား သတ်နိုင်ရန်အထိ ကြိုးစားတိုက်ခိုက် လိမ့်မည်ဟု မထင်ထားချေ။ မီးတောက်ကို သိမ်းပိုက် ရယူနိုင်ရန် ရဲချန်ဖန်အား ထုတ်ရပေဦးမည်။ ဓားအင်အား ပါဝင်သော ဓားအလင်းက မီးတောက်ထံ တိုးဝင်သွားသည်။

ဓားအလင်းက သရဲစိမ်းမြွေ မီးတောက်နှင့် ထိမှန်သွားနှင့် မီးတောက်က မီးမှုန်အမွှားလေးများ အဖြစ် အစိတ်စိတ် အမြွာမြွာ ဖြစ်ကာ လေထဲ လွင့်ပျံသွားသည်။ ထို့နောက် မရေတွက်နိုင်သော အပ်များအဖြစ် ပြောင်းလဲကာ ရဲချန်ဖန် ရှိရာဆီ ဝင်ရောက် တိုက်ခတ်လာသည်။ မီးအပ်များက ရဲချန်ဖန်ကို သတ်ဖြတ်နိုင်ရန် ကြိုးစားနေသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် … ”

ရဲချန်ဖန်က အပ်များကို မတိုက်ခိုက်ပဲ အပ်များကို သူကိုယ်ထဲ အဝင်ခံလိုက်သည်။ ထို့နောက် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေကို အသုံးပြုကာ သွေးကြောများနှင့် အတွင်းအင်္ဂါများကို ကာကွယ်လိုက်သည်။ ထို့နောက် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကို ထိန်းချုပ်ကာ ရဲချန်ဖန်က သူ့ကိုယ်ထဲ ဝင်ရောက်လာသည့် သရဲစိမ်း မီးတောက် အပ်များကို စုပ်ယူတော့သည်။

ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သည် စွမ်းအင်အားလုံးကို ထိန်းချုပ်စုပ်ယူ နိုင်သည်ဖြစ်ရာ သရဲစိမ်း မီးတောက်လည်း ခြွင်းချက်အဖြစ် မရှိပေ။ ချက်ချင်းပင် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က ပျော်ရွှင်သွားပုံနှင့် သရဲစိမ်း မီးတောက်အပ်များကို ထိန်းချုပ် စုပ်ယူတော့သည်။

ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က သရဲစိမ်း မီးတောက်အပ်များကို စတင် ထိန်းချုပ် စုပ်ယူသည်နှင့် မီးတောက်က အပြင်းအထန် ရုန်းကန်တော့သည်။ ချက်ချင်းပင် ရဲချန်ဖန် ကိုယ်သည် ပူလောင်လာသည်။ မီးတောက်က ရဲချန်ဖန် ကိုယ်ကို ဖျက်ဆီး၍ ထွက်ပြေးနိုင်ရန် ကြိုးစားနေသည်။ သို့သော် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန်ကို ကာကွယ်ပေး ထားသဖြင့် သရဲစိမ်း မီးတောက်၏ အပူချိန်ကို ခံနိုင်လေသည်။ ထို့နောက် ရဲချန်ဖန်သည် စိတ်ရှည်ရှည်ဖြင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကို ထိန်းချုပ်ကာ သရဲစိမ်း မီးတောက်၏ အသိစိတ်ကို ပယ်ဖျက် သတ်ပစ်နိုင်ရန် ကြိုးစားနေသည်။

ရဲချန်ဖန်ပင် သတိမထားမိဘဲ ဆယ်ရက်ကျော် အချိန် ကုန်ဆုံးသွားပြီး ပြင်းထန်စွာ ရုန်းကန်နေသော သရဲစိမ်း မီးတောက်၏ လှုပ်ရှားမှုသည် အားပျော့လာသည်။ ထို့နောက် သရဲစိမ်း မီးတောက်၏ လှုပ်ရှားမှုက တဖြည်းဖြည်း ရပ်တန့်သွားသည်။

“ဟူး … နောက်ဆုံးတော့ သရဲစိမ်း မီးတောက်ရဲ့ အသိစိတ်ကို ပယ်ဖျက် လိုက်နိုင်ပြီ … ”

သရဲစိမ်း မီးတောက်၏ အသိစိတ်ကို ပယ်ဖျက်ရန် ကြိုးစားခဲ့စဉ်က ရဲချန်ဖန်သည် အလွန်ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။ ထို့ကြောင့် ယခုမှပင် သက်ပြင်း ချနိုင်တော့သည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သည် ရုန်းကန်လှုပ်ရှားမှု မရှိတော့သော သရဲစိမ်း မီးတောက်ကို စတင် ဝါးမျိုနေသည်။

အချိန်ကြာလာသည် နှင့်အမျှ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က ဝါးမျိုသည်မှာ ပိုမိုလျင်မြန် အားကောင်းလာသည်။ တဖြည်းဖြည်းနှင့် သရဲစိမ်း မီးတောက်ကို စုပ်ယူဝါးမျိုနေသော ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှ ဆံချဉ်မျှင် အရွယ် ကမ္ဘာဦးစွမ်းအင် အမျှင်တန်းလေး ထုတ်လုပ် ပေးလာသည်ကို တွေ့လိုက်ရသည်။

ရဲချန်ဖန်သည် ကမ္ဘာဦးစွမ်းအင် အမျှင်တန်းလေးကြောင့် အလွန် ဝမ်းသာသွားသည်။ ထို့အပြင် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က သရဲစိမ်း မီးတောက်ကို စုပ်ယူနိုင် လာသည်နှင့်အမျှ ရဲချန်ဖန် အစွမ်းများလည်း တဖြည်းဖြည်း တိုးပွားလာသည်။

ရဲချန်ဖန်က သရဲစိမ်း မီးတောက်ကို ဝါးမျိုနေစဉ် တခြားတစ်ဖက် မိုးကြိုးလမ်းကို ဝင်ရောက်သွားသော လိပ်နက်ဘုရင်သည် နည်းလမ်းပေါင်းစုံ အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက် ပြီးနောက် မိုးကြိုးဘီလူးကို သတ်ဖြတ်ပစ် လိုက်နိုင်သည်။ ထို့နောက် အလွန် တန်ဖိုးရှိသော ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို ဆုအဖြစ် ရရှိလိုက်သည်။

“စုပ်ယူစမ်း … ”

ခရမ်းရောင် ဝိညာဉ်မိုးကြိုးတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အစွမ်းများ ထွက်ပေါ်နေသည်။ ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို ကြည့်ပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာ၊ အနာတရ ဖြစ်နေသော လိပ်နက်ဘုရင် မျက်လုံးများက လင်းလက်သွားသည်။ ချက်ချင်းပင် ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို လိပ်နက်ဘုရင်က ကြီးမားလှသည့် ပါးစပ်ကြီးဟကာ ဝါးမျိုချလိုက်သည်။

လိပ်နက် ဘုရင်ကသာ ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို စုပ်ယူပေါင်းစပ် လိုက်နိုင်ပါက နောက်ထပ် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ပြီး မိုးအောက်မြေပြင်တွင် ပြိုင်ဘက် ကင်းအောင် အလွန်အစွမ်း ထက်လှသည့် သားရဲကြီး ဖြစ်သွားနိုင်သည်။

“ဝုန်း … ”

ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို အားသုံးကာ ဝါးမျိုစုပ်ယူ လိုက်သောကြောင့် မိုးကြိုး လျှပ်စီးများသည် လိပ်နက်ဘုရင် ကိုယ်ထဲတွင်း ပြင်းထန်စွာ ပေါက်ကွဲ လေတော့သည်။ ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေသည့် မိုးကြိုးလျှပ်စီးများက လိပ်နက်ဘုရင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ရန် ကြိုးစားနေသည်။

လိပ်နက်ကြီး ကံကောင်းသည်မှာ သူတွင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ဖူးပြီး ပြင်းထန် အစွမ်းထက်သော ကောင်းကင် မိုးကြိုးဒဏ်ကို ခံခဲ့ဖူးခြင်းပင်။ ထို့ကြောင့် ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို ပါးစပ်ထဲမျိုချ ဝါးမျိုစုပ်ယူရန် ကြံစည်ရဲခြင်း ဖြစ်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေပြီး လိပ်နက်ဘုရင်က ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို စုပ်ယူဝါးမျို နေသည်။ ထို့နောက် ခရမ်းရောင် ဝိညာဉ်မိုးကြိုး၏ အသိစိတ်ကို ပယ်ဖျက်ရန် ကြိုးစားလျက် ရှိသည်။

“ဟိုမှာ လိပ်နက်ဘုရင်ပဲ … သူ ဘာလုပ်နေတာလဲ … ဘယ်လိုလုပ် အဲဒီကောင်က ဒီလောက်များပြား ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာလဲ … ”

လိပ်နက်ဘုရင်က ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို ဝါးမျိုစုပ်ယူနေစဉ် အဝတ်အစားများမှာ စုတ်ပြဲထွက်ကာ ဖရိုဖရဲ ဖြစ်နေသော အမှောင်သခင်သည် မိုးကြိုးလမ်း၏ အဆုံးနား ရောက်ရှိလာသည်။ အမှောင်သခင်က ခရမ်းရောင် ဝိညာဉ်မိုးကြိုး ကိုစုပ်ယူနေသည့် လိပ်နက်ဘုရင်ကို မြင်သွားလေသည်။

ထိုအချိန်တွင် လိပ်နက်ဘုရင်သည် တစ်ကိုယ်လုံးတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။ ထို့ကြောင့် အမှောင်သခင် မျက်လုံးများ လင်းလက်သွားပြီး ပြင်းထန်သော လူသတ်အော်ရာက ထွက်ပေါ်လာသည်။ အကယ်၍ လိပ်နက်ဘုရင်ကို သူက အလစ်ချောင်း လုပ်ကြံသတ်ဖြတ် နိုင်ပါက သူ့ကို အန္တရာယ် အများဆုံး ပေးနိုင်သည့် သူကိုလည်း ဖယ်ရှားပြီးလည်းဖြစ် ရေအောက်လိုဏ်ဂူ၏ အကောင်းဆုံး ရတနာကို သူသာ ရရှိရန် အခွင့်အရေး များသွားမည်ဟု အမှောင်သခင်က တွေးလိုက်သည်။

“အမှောင်သခင် … မင်းက ငါ့ကို သတ်ချင်လို့လား … ”

အမှောင်သခင်၏ မျက်လုံးက ပိုမိုတောက်ပလာစဉ် ခရမ်းရောင် ဝိညာဉ်မိုးကြိုး၏ အသိစိတ်ကို ပယ်ဖျက်ရန် ကြိုးစားနေသည့် လိပ်နက်ဘုရင်က စကား ပြောလိုက်သည်။ ပြင်းထန် အစွမ်း ထက်လှသည့် အော်ရာက အမှောင်သခင်ကို ဖိနှိပ်လိုက်သည်။

“လိပ်နက်ဘုရင် … ခင်ဗျား ဒဏ်ရာတွေက ဘာလို့ဒီလောက် များပြားပြင်းထန် နေရတာလဲ… ”

အမှောင်သခင်က လိပ်နက်ဘုရင်၏ အော်ရာသည် အရင်အတိုင်းပဲ ပြင်းထန်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရပြီး အလျင်စလို မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူက လူသတ်အော်ရာကို ချက်ချင်း ဖုံးကွယ်လိုက်ပြီး ဘာမှ မဖြစ်သည့်ဟန်နှင့် မေးမြန်းလိုက်သည်။

“ငါ ဒီဒဏ်ရာတွေကို ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို စုပ်ယူလို့ ရတာ … ”

လိပ်နက်ဘုရင်က အမှန်ကို ခပ်ရဲရဲ ပြောလိုက်လေသည်။ လိပ်နက်ဘုရင်သည် ပြင်းထန်သော ဒဏ်ရာ ရရှိထားသော်လည်း အမှောင်သခင်ကို မစိုးရိမ်ပေ။ ထို့ကြောင့် ယုံကြည်ချက် အပြည့်နှင့် ဖြေလိုက်ခြင်းပေ။

“ဘာ … ဝိညာဉ်အဆင့် မိုးကြိုး … ဟုတ်လား … ဒါက မိုးကြိုးလမ်းကို ဖြတ်ကျော်နိုင်တဲ့ အတွက် ဆုလာဘ်လား … ”

အမှောင်သခင်က ဝိညာဉ်အဆင့် ရောက်နေသော ရတနာများသည် မည်မျှ အဖိုးအနဂ္က ထိုက်တန်ကြောင်း သေချာ နားလည်ထားသည်။ သူသာ ခရမ်းရောင် ဝိညာဉ်မိုးကြိုးကို ပိုင်ဆိုင်ရပါက သူအစွမ်းများသည် အနည်းဆုံး နှစ်ဆခန့် တိုးလာမည် ဖြစ်သည်။

“ဟုတ်တယ် … မီးလျှံလမ်းရဲ့ ဆုကလည်း ဝိညာဉ်အဆင့် မီးတောက် ဖြစ်မယ်လို့ ငါထင်တယ် … အဲဒီမီးတောက်ကို ရဲချန်ဖန် ရသွားမယ်လို့ ငါထင်တယ်….”

ရဲချန်ဖန်ကို မိုးကြိုးလမ်းတွင် မတွေ့သဖြင့် လိပ်နက်ဘုရင်သည် ရဲချန်ဖန်က မီးလျှံလမ်းကို သွားလိမ့်မည်ဟု သိလိုက်သည်။ ရဲချန်ဖန်သည် ပညာရပ် ပေါင်းစုံလှရာ လိပ်နက်ဘုရင်ပင် ရဲချန်ဖန် အစွမ်းကို အံ့ဩမှင်သက် ခဲ့ရသည်။ ထို့ကြောင့် မီးတောက် ဝိညာဉ်ကို ရဲချန်ဖန် ရလိမ့်မည်ဟု ပြောနိုင်ခြင်း ဖြစ်သည်။

“အမှောင်သခင် … ငါတို့ သဘောတူညီမှု တစ်ခုလုပ်ရအောင် … ငါနဲ့ မင်းပူးပေါင်းပြီး ရဲချန်ဖန်ကို သတ်ကြမယ် … ရဲချန်ဖန်ကို သတ်ပြီးရင် ဝိညာဉ်မီးတောက်ကို မင်းယူ … ငါက ကောင်းကင်အဆင့် ဓားကိုယူမယ် … တခြား ရတနာတွေက အတူတူ ခွဲယူကြမယ် … ”

လိပ်နက်ဘုရင်က အမှောင်သခင်ကို သူ၏အကြံအစည်ကို ပြောလိုက်သည်။

“ကောင်းတယ် … ”

လိပ်နက်ဘုရင်သည် ပြင်းထန်သော ဒဏ်ရာကို ရထားသော်လည်း သူ၏အစွမ်းသည် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့်နှင့် မဟာသားရဲဘုရင် ပထမ အဆင့်ကြားတွင် ရှိနေသူ ဖြစ်သည်။ ထို့ကြောင့် အမှောင်သခင်သည် နည်းလမ်းပေါင်းစုံ သုံးလျှင်ပင် လိပ်နက်ဘုရင်ကို သတ်နိုင်ဖို့မ သေချာပေ။ ထို့ကြောင့် လိပ်နက်ဘုရင်နှင့် ပူးပေါင်းကာ ရဲချန်ဖန်ကို သတ်မည့်အကြံကို သဘောတူ လိုက်သည်။

“ဟူး … နောက်ဆုံးတော့ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က သရဲစိမ်း မီးတောက်ကို ဝါးမျိုလိုက်နိုင်ပြီ … ”

ဆယ်ရက်ကြာ သရဲစိမ်း မီးတောက်ကို ဝါးမျိုစုပ်ယူ ပြီးနောက် ရဲချန်ဖန်သည် သရဲစိမ်း မီးတောက် အစွမ်းကို သူ၏ကိုယ်နှင့် ပေါင်းစပ်လိုက်နိုင်ပြီ ဖြစ်သည်။

သရဲစိမ်းမီးတောက် အစွမ်းကို ပေါင်းစပ်လိုက်နိုင် ပြီးနောက် ရဲချန်ဖန် အစွမ်းသည် ဆတက်ထမ်းပိုး တိုးလာရုံမက ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ပို၍ ကံကောင်းနိုင်သည်မှာ သရဲစိမ်း မီးတောက်နှင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေတို့ကို ပေါင်းစပ်နိုင်ပါက သူအစွမ်းသည် မယုံနိုင်စရာ အဆင့်ထိ တိုးလာနိုင်ခြင်း အချက်ဖြစ်သည်။

“အင်း … ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ သရဲစိမ်း မီးတောက် အစွမ်းကို ပေါင်းစပ် အသုံးပြုရင် ဘယ်လို အစွမ်းတွေ ဖြစ်ပေါ်လာမလဲ မသိဘူး … ”

ရှေးပဝေသဏီ အချိန်တည်းကပင် ရေနှင့် မီးသည် ရန်ဘက် ဖြစ်သည်။ ဝိညာဉ်မီးတောက်နှင့် ဝိညာဉ်စမ်းရေ တို့သည် ကောင်းကင်နှင့် မြေကြီး အစွမ်းကို စုပ်ယူပြီး မွေးဖွားလာကြသည့် သဘာဝ ရတနာများ ဖြစ်သည်။ ထို့ကြောင့်လည်း မီးတောက်နှင့် စမ်းရေကို ပေါင်းစပ်ရန်မှာ မဖြစ်နိုင်သလောက် ခဲယဉ်းပေသည်။

သို့သော် ဤသည်မှာ တခြားလူများ အတွက်သာ မီးတောက်နှင့် စမ်းရေ ပေါင်းစပ်ရန် ခက်ခဲမည် ဖြစ်သည်။ ရဲချန်ဖန် အတွက်တော့ မဟုတ်ပေ။ သူတွင် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် ရှိနေလေသည်။ ထို့ကြောင့် ရဲချန်ဖန် တစ်ယောက်သာ ဝိညာဉ်ရတနာ နှစ်ပါးကို ပေါင်းစပ် အသုံးပြုရန် ကြံစည်ရဲခြင်း ဖြစ်သည်။

ရဲချန်ဖန်က သူ့အကြံကို ချက်ချင်းပင် အကောင်အထည် ဖော်လိုက်သည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ထဲသို့ သရဲစိမ်း မီးတောက်နှင့် ဆန်းကြယ် ရေခဲဝိညာဉ်မှ အစွမ်းများကို အနည်းငယ် ဖြည့်သွင်း ကြည့်လိုက်သည်။ ချက်ချင်းပင် အလွန်ကြီးမားသည့် စွမ်းအင် မငြိမ်မသက်မှုက ဖြစ်ပေါ်လာသည်။

ရဲချန်ဖန်က ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကို အသုံးပြုကာ စွမ်းအင်များကို ထိန်းချုပ် လိုက်သည်။ တမုဟုတ်ချင်းပင် စွမ်းအင်များက ငြိမ်သက်သွားပြီး ရဲချန်ဖန် အလိုကျ ထုတ်သုံးနိုင်ရန် အဆင်သင့် ရှိနေသည်။ ရဲချန်ဖန်က သရဲစိမ်း မီးတောက်နှင့် ဆန်းကြယ် ရေခဲဝိညာဉ်မှ အစွမ်းများကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က ထိန်းချုပ်နိုင်ကြောင်း သိလိုက်သည်နှင့် စွမ်းအင်အားလုံးကို ပို့လွှတ်ပေါင်းစပ် လိုက်သည်။

ရုတ်တရက် အလွန် အဖျက်စွမ်းအား ပြင်းထန်သော ဝဲကတော့ တစ်ခုက ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် ထဲတွင် ဖြစ်ပေါ်လာသည်။

“ရေမီးဝဲကတော့ … ”

ရဲချန်ဖန်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ ရေနှင့် မီး စွမ်းအင်များ ပေါင်းစပ်ထားသည့် ဝဲကတော့သည် အရှိန်ဟုန် ပြင်းထန်စွာ လှည့်ပတ်နေသည်။ ရဲချန်ဖန်က ရေမီး ဝဲကတော့ အသေးလေး တစ်ခုကို လေဟာနယ်ထဲ အနည်းငယ် ပို့လွှတ် စမ်းသပ်လိုက်ရာ ချက်ချင်းပင် ရဲချန်ဖန် ရှိနေသည့် မီးလျှံလမ်းကြီး တစ်ခုလုံး မတည်မငြိမ် ဖြစ်လာသည်။ ရဲချန်ဖန်က ချက်ချင်းပင် အဝေးတွင် ရှိနေသော မီးပင်လယ်ဆီ ရေမီးဝဲကတော့ကို ပို့လွတ်လိုက်သည်။

“ဝုန်း … … ”

ပြင်းထန်သည့် ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။ ပေါက်ကွဲမှုကြောင့် ကောင်းကင်ပင် တုန်လှုပ်သွားပြီး အလွန် ကျယ်လောင်လှသည့် အသံက ဖြစ်ပေါ်လာသည်။ အဆုံးမဲ့ ဖျက်ဆီး စုတ်ဖြဲသည့် အစွမ်းက ဖြစ်ပေါ်လာကာ မီးလျှံလမ်း အဆုံးတွင် ရေမီးဝဲကတော့က လှည်ပတ်နေသည်။

“ကောင်းလိုက်တဲ့ အစွမ်း … တော်တော် မိုက်တာပဲ … ဒီရေမီး ဝဲကတော့ အစွမ်းက မဟာသားရဲ ဘိုးဘေး တတိယအဆင့်ကို တစ်ချက်တည်းနဲ့ သတ်နိုင်မယ် ထင်တယ် … ”

ရေမီး ဝဲကတော့ အစွမ်းကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးက ဖြစ်ပေါ်လာသည်။ သူတွင် အစွမ်းထက်လှသည့် လက်နက် တစ်ခုရှိလာပြီ မဟုတ်ပါလော။

“အင်း … လိပ်နက်ဘုရင်က မိုးကြိုးလမ်းမှာ ဘာလုပ်နေလဲ မသိဘူး … ”

ရဲချန်ဖန်က လိပ်နက်ဘုရင် အစွမ်းနှင့်ဆိုလျှင် ဝိညာဉ်မိုးကြိုးကို ရရှိရန် ခက်ခဲမည် မဟုတ်ဟု ခန့်မှန်းလိုက်သည်။ ရဲချန်ဖန်သည် ငါးမိနစ်နီးပါး ပျံသန်းပြီးနောက် မီးလျှံလမ်း အဆုံးတွင် ကျွင်းနက်ကြီးကို မြင်တွေ့လိုက်သည်။ ရဲချန်ဖန် အချိန်မဆိုင်းဘဲ ကျွင်းနက်ထဲ ပျံသန်းဝင်ရောက် ပျောက်ကွယ်သွားသည်

Comment

Leave a Reply

Options

not work with dark mode
Reset