Switch Mode

Chapter – 226

သရဲစိမ်း မီးတောက်

အခန်း ( ၂၂၆ )
သရဲစိမ်း မီးတောက်

“မကောင်းတော့ဘူး … ”

ရဲချန်ဖန်သည် ဓားမိစ္ဆာ၏ နီရဲနေသော မျက်လုံး ရူးသွပ်သွားသည့်ပုံကို ကြည့်ပြီး ဓားမိစ္ဆာ၏ အသေခံ တိုက်ခိုက်မှု တစ်ခုခု လုပ်တော့မည်ဟု နားလည်လိုက်သည်။ ထို့ကြောင့် ရွှေလင်းယုန် တောင်ပံကို အသုံးပြု၍ နောက်သို့ တရှိန်ထိုး ဆုတ်လိုက်လေသည်။ ဓားမိစ္ဆာ၏ နောက်ဆုံးအကြိမ် ကြိုးစားသည့် အသေခံ တိုက်ခိုက်မှုကို အထိခံလို့ မဖြစ်ပေ။

“ဝုန်း … ”

ဓားမိစ္ဆာ၏ စိတ်ထဲတွင် သေရွာသို့ ရဲချန်ဖန်နှင့် မီးဘီလူးတို့ကို ခေါ်သွားရန် အတွေးသာ ရှိတော့သည်။ ထို့ကြောင့် ရဲချန်ဖန် ပေါက်ကွဲမှု စက်ကွင်းထဲက မလွတ်ခင် ဓားမိစ္ဆာသည် သူကိုယ်သူ ဖောက်ခွဲပစ် လိုက်လေသည်။ မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင်၏ စွမ်းအင် ပေါက်ကွဲမှုက အလွန်ကြောက်စရာ ကောင်းလှ၏။

တစ်မုဟုတ်ချင်းပင် တစ်လောကလုံး သည်မီးလောင် ပြာကျသွားသည့်နှယ် အရာရာကို မီးတောက် မီးလျှံများက ဖုံးလွှမ်းသွားသည်။ မီးဘီလူးသည် အစတည်းကပင် ဓားမိစ္ဆာ၏ အစွမ်းကုန် တိုက်ခိုက် ခံထားရမှုကြောင့် ပြင်းထန်လှသော ဒဏ်ရာရှိနေပြီး ဖြစ်သည်။ ယခု ဓားမိစ္ဆာ ပေါက်ကွဲသေဆုံး သွားချိန်တွင် လည်းပင်းရှိ ဒဏ်ရာမှာ ပိုဆိုးသွားသည်။ မီးဘီလူး တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေသည်။ ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံကို အသုံးပြု၍ အစွမ်းကုန် ပြေးလွှား ရှောင်တိမ်း ခဲ့သောကြောင့် အနည်းငယ်သာ ဒဏ်ရာ ရလေသည်။

“အသက်ဝိညာဉ် ကျင့်စဉ် … နှစ်ခြောက်ဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း … ”

ရဲချန်ဖန်သည် မီးဘီလူးက ဓားမိစ္ဆာ ကိုယ့်ကိုယ်ကိုယ် အသေခံဗုံး အဖြစ် ဖောက်ကွဲကာ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရသွားသည်ကို သိလိုက်လေသည်။ ထို့နောက် ရဲချန်ဖန်က နှစ်ခြောက်ဆယ် အသက် စွမ်းအင်များကို လောင်ကျွမ်း စေလိုက်သည်။ မျက်စိတစ်မှိတ် အတွင်း ရဲချန်ဖန် အစွမ်းများသည် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်မှ မဟာသားရဲဘိုးဘေး ပဉ္စမအဆင့်သို့ ရောက်ရှိသွားသည်။

ထို့နောက် ရွှေလင်းယုန် တောင်ပံကို ပြင်းထန်စွာ ခတ်လိုက်ပြီး လေပွေလှိုင်းဖြင့် မီးဘီလူးကို တိုက်ခိုက်လိုက်သည်။ လေပွေလှိုင်းက မီးဘီလူးကို ထိမှန်သွားရာ မီးဘီလူးသည် နာကျင်စွာ ညည်းညူလိုက်သည်။

မီးဘီလူးသည် အလွန် အစွမ်းထက်သော တန်ခိုးရှိသော်လည်း ဓားမိစ္ဆာ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေလောက်အောင် ပြင်းထန်သော ဒဏ်ရာ ရရှိနေပြီး ဖြစ်သည်။ ယခု ရဲချန်ဖန်က တိုက်ခိုက် လာသောအခါ မခုခံနိုင်တော့ပေ။

“လေအရိပ်…”

ပေါင်ခုနစ်သိန်းကျော် စွမ်းအားကို ပေါင်းစပ်ကာ လေအရိပ်အကွက်ဖြင့် တိုက်ခိုက် လိုက်သည်။ သို့သော် မီးဘီလူးက လေအရိပ် ရဲချန်ဖန် အသုံးပြု လိုက်သည်နှင့် လက်သည်းကြီးကို အသုံးပြုကာ ခုခံလိုက်သည်။

“ဝုန်း … ”

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် မီးဘီလူးနောက်သို့ ဆုတ်လိုက်သည်။ သို့သော် မီးဘီလူးက သေဆုံးသွားခြင်း မရှိပဲ အော်ဟစ် ဟိန်းဟောက် လိုက်သည်။

“လျှပ်တစ်ပြက် ဓားချက် … ”

ရဲချန်ဖန်က ကောင်းကင် အဆင့်ဓားကို လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ဖြင့် မီးဘီလူး၏ လည်ပင်းရှိ ဒဏ်ရာကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် ဓားက မီးဘီလူးကို ထိုးမိသည်နှင့် ရဲရဲတောက် ပူလောင်နေသည့် မီးခဲကြီးကို လက်ဖြင့် ထိမိသလို ခံစားလိုက်ရသည်။ ရဲချန်ဖန် ဓားကိုင်ထားသော လက်သည် တုန်ခါသွားပြီး ကောင်းကင် အဆင့်ဓားမှာ ပြတ်ကျလုနီးပါး ဖြစ်သွားသည်။ ရဲချန်ဖန်က အားတင်းကာ ဓားကို ကိုင်လိုက်ပြီး ပေါင်ခုနစ်သိန်းကျော် စွမ်းအားဖြင့် ပြင်းထန်လှသည့် ဒဏ်ရာ ရရှိထားသည့် မီးဘီလူးကို ထပ်မံတိုက်ခိုက် လိုက်သည်။

ပေါင်ခုနစ်သိန်းကျော် စွမ်းအားက ဓားအင်အားဖြင့် ပေါင်းစပ် လိုက်ချိန်တွင် မယုံနိုင်စရာ အစွမ်း ထက်နေသည်။ ဓားက မီဘီလူး၏ လည်ပင်း ဒဏ်ရာဆီ တိုးဝင်သွား ပြန်သည်။ သို့သော် မီးဘီလူးကလည်း လက်သည်းကြီးဖြင့် အစွမ်းကုန် ခုခံကာကွယ် လိုက်ပြန်သည်။ ဓားနှင့် လက်သည်း ထိမှန်သွားချိန်တွင် ရဲချန်ဖန်သည် ပြင်းထန်လှသော ဖိအားကြောင့် နောက်သို့ ဆုတ်လိုက်ရသည်။

မီးဘီလူးကလည်း ရဲချန်ဖန်ဆီမှ အန္တရာယ် အငွေ့အသက် ရနေသဖြင့် အစွမ်းကုန် ခုခံနေသည်။ ရဲချန်ဖန်က အားကုန်ထုတ်၍ လေပေါ်ပျံဝဲကာ မီးဘီလူးကို ထပ်မံ ဓားဖြင့် ခုတ်လိုက်သည်။ ဓားခုတ်ချက်ကို မြင်သည်နှင့် မီးဘီလူးကလည်း သူ၏အမြုတေကို လောင်ကျွမ်းစေကာ အစွမ်းကုန် ပြန်လည် တိုက်ခိုက်လိုက်သည်။

“ဝုန်း … ဘုန်း … ”

မီးဘီလူးက အမြုတေကို လောင်ကျွမ်းစေ လိုက်သောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် အပူချိန်က တစ်ရှိန်ထိုး မြင့်တက်သွားသည်။ ရဲချန်ဖန်ပင် မီးကင်ခံရန် မီးဖိုပေါ် ရောက်နေသလားဟု ထင်လိုက်မိသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် စုပ်ယူစမ်း … ”

မီးဘီလူးဆီမှ ထွက်ပေါ်လာသော အပူချိန်ကြောင့် ရဲချန်ဖန် သွေးကြောများ ပေါက်ကွဲ ပျက်စီးလာပြီး မီးဘီလူးထံ ချဉ်းကပ်လို့ မရတော့ချေ။ ထို့ကြောင့် ဓားကွက်ကို ရုပ်သိမ်းကာ ခုန်ဆုတ်လိုက်သည်။ သို့သော် မီးဘီလူးဆီက ထွက်ပေါ်နေသည့် အပူချိန်က ကြောက်ခမ်းလိလိ မြင့်မားလှသည်။ ထို့ကြောင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် အစွမ်းဖြင့် စုပ်ယူလိုက်ရာ တမုဟုတ်ချင်းပင် အပူစွမ်းအင်ကို ရဲချန်ဖန် ထိန်းချုပ်စုပ်ယူ လိုက်နိုင်သည်။

“ဆန်းကြယ် ရေခဲ ဝိညာဉ်စမ်းရေ … အေးခဲစမ်း … ”

ရဲချန်ဖန်က မီးဘီလူး အပူစွမ်းအင် ထုတ်လွင့် တိုက်ခိုက်မှုကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် အစွမ်းဖြင့် စုပ်ယူခုခံနေသည်။ ထို့နောက် မီးဘီလူးထံမှ အပူရှိန် လျော့ကျလာသည်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေသည်။

မကြာမီပင် ဒဏ်ရာ ပြင်းထန်စွာ ရနေသော မီးဘီလူးသည် အမြုတေ လောင်ကျွမ်းမှု ဖိအားကို မခံနိုင်တော့ချေ။ မီးဘီလူးထံမှ အပူထုတ်လွှတ်မှု လျော့ကျလာသည်နှင့် ရဲချန်ဖန်က ဆန်းကျယ်ရေခဲ ဝိညာဉ်စမ်းရေကို အသုံးပြုပြီး အအေးဓာတ်များ ထုတ်လွတ်ကာ မီးဘီလူးကို တိုက်ခိုက်လိုက်သည်။

သာမန်အချိန် ဆိုလျှင် မီးဘီလူးသည် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းကို လုံးဝမမှုသော်လည်း ယခုအချိန်တွင် အမြုတေ စွမ်းအင်ပါ ကုန်ခန်းပြီး အားနည်းပါးနေချိန် ဖြစ်သောကြောင့် ရေခဲလွှာပြင် အပါးလေးက မီးဘီလူး ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် စက္ကန့် မိနစ်တိုင်းသည် မီးဘီလူး၏ ခုခံမှုကို လျော့ကျအောင် တိုက်ခိုက်နေသည်။

“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း … ”

ရဲချန်ဖန် ကလည်း မီးဘီလူးကို ရေခဲပြင် ဖုံးလွမ်းနေပြီး မီးဘီလူးက ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ အစွမ်းကို ခုခံနေချိန် တာအိုအစွမ်း ပါသည့် မဟာအေးခဲခြင်း အကွက်ဖြင့် မီးဘီလူး ကိုယ်ခန္ဓာကြီးကို ခုတ်ချလိုက်သည်။

“ဝုန်း … ”

ဓားနှင့် မီးဘီလူးကိုယ်တို့ ထိမှန်သွားစဉ် ကောင်းကင် အဆင့်ဓားက တာအိုအစွမ်းကိုပါ သယ်ဆောင် ထားသောကြောင့် မီဘီလူး ကိုယ်ခန္ဓာက ဘယ်လောင်ပင် မာကျောစေကာမူ မခံနိုင်တော့ဘဲ မီးဘီလူး ခန္ဓာကိုယ်ကြီးကို လွင့်စဉ် သွားစေသည်။ မီးဘီလူးသည် အရှိန်ပြင်းထန်စွာ လွင့်စဉ်ပြီး ဂူနံရံကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ မီးဘီလူးသည် ဒဏ်ရာကြောင့် ပြန်မထနိုင်တော့ဘဲ သေလုမြောပါး ဖြစ်နေပြီ ဖြစ်သည်။

“တိမ်ခွင်းလက်ဝါး … ”

ရဲချန်ဖန်က သေလုမြောပါး ဒဏ်ရာရနေသည့် မီးဘီလူးကို နားချိန်မပေးဘဲ တိမ်ခွင်းလက်ဝါးဖြင့် တိုက်ခိုက် လိုက်သည်။ တိမ်ခွင်း လက်ဝါးက မလှုပ်နိုင်တော့သော မီးဘီလူး၏ ကိုယ်လုံးကြီးကို ထိမှန်သွားသည်။ မီးဘီလူးသည် ရဲချန်ဖန်၏ တိုက်ခိုက်ခြင်းကိုသာ ခံနေရသဖြင့် ရူးမလို ဖြစ်လာသည်။

မီးဘီလူး မျက်လုံးများက ကြောက်မက်ဖွယ် နီရဲလာပြီး ရဲချန်ဖန်ကို အသေခံ တိုက်ခိုက်ရန် ရဲချန်ဖန်ကို စိုက်ကြည့် လိုက်သည်။ ရဲချန်ဖန် ကလည်း မီးဘီလူးကို ကြောက်လန့် မနေဘဲ သတိဖြင့် ချဉ်းကပ်သွားပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ မီးဘီလူးကို ပြန်မထနိုင်အောင် ပြုလုပ်လိုက်သည်။

“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း … ”

ရဲချန်ဖန်က မဟာအေးခဲခြင်း အကွက်ဖြင့် မီးဘီလူး လည်ပင်းကို ခုတ်ချလိုက်သည်။

“ရွှစ် … ”

တာအိုအစွမ်း ပါနေသော ဓားက မီးဘီလူး လည်ပင်းကို ပိုင်းဖြတ်သွားသည်။ မီးဘီလူး လည်ပင်းဆီမှ အစိမ်းနက်ရောင် သွေးများ စီးကျလာသည်။ လည်ပင်း ပြတ်သွားသော်လည်း မီးဘီလူးသည် ချက်ချင်း မသေဆုံးသေးပေ။ မီးဘီလူးကိုယ်က တဆတ်ဆတ် တုန်ခါနေပြီး ရဲချန်ဖန်ကို အစွမ်းရှိသမျှ သတ်နိုင်ရန် ကြိုးစားနေ သယောင်ပင်။

ရဲချန်ဖန်သည် မီးဘီလူးကို သတ်လိုက်နိုင်သည်မှာ တရားစီရင်ရေး သိုင်းကို နှစ်ခါဆက် အသုံးပြု နိုင်သောကြောင့် ဖြစ်သည်။ တရားစီရင်ရေး သိုင်းကို အသုံးပြုရန် ပေးဆပ်ရမှုမှာ ကြီးမားလှသည်။ တစ်ခါ အသုံးပြီးတိုင်း ရဲချန်ဖန် ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် အားလုံး ကုန်ခန်းအောင် သိုင်းက စုပ်ယူသွားသည်။

ရဲချန်ဖန် ကံကောင်းသည်မှာ သူတွင် ဝိညာဉ်စမ်းရေ ရှိနေခြင်းပေ။ ရဲချန်ဖန်သည် မီးဘီလူးကို သတ်ပြီးနောက် အလွန်ပင်ပန်းကာ မြေပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် အသက်ကို ခက်ခက်ခဲခဲ ရှူနေရလေသည်။

“ဟူး … နောက်ဆုံးတော့ မီးဘီလူးကို သတ်လိုက်နိုင်ပြီ … ”

ဓားမိစ္ဆာသာ မသေခင် အသေခံဗုံးခွဲ မတိုက်ခိုက်ခဲ့ပါက ရဲချန်ဖန်သည် အသက်ဝိညာဉ် ကျင့်စဉ်နှင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် ရှိလည်း မီးဘီလူးကို သတ်နိုင်မည် မဟုတ်ပေ။

“မီးလျှံလမ်းကို ကျော်ဖြတ်နိုင်တဲ့ အတွက် … သရဲစိမ်း မီးတောက်ကို ဆုအဖြစ် ရရှိတယ် … ရဲချန်ဖန်က ထိုင်လျက် ဝိညာဉ်စုပ်သိုင်း လှည့်ပတ်ကာ ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်အောင် လေ့ကျင့်နေစဉ် အသံတစ်ခုကို ကြားလိုက်ရသည်။

“သရဲစိမ်း မီးတောက် … ဟုတ်လား … ”

ရဲချန်ဖန်က အသံကြားပြီးသည်နှင့် အလွန် ပျော်ရွှင်သွားသည်။ မီးဘီလူးကို သတ်နိုင်ခြင်း အတွက် ရသည့်ဆုသည် ကောင်းကင်နှင့် မြေကြီးမှ ပေါက်ဖွားလာသည့် မီးဝိညာဉ် ဖြစ်မည်ဟု မမျှော်လင့်ထားချေ။

ယခု အလွန် တန်ဖိုးကြီးသည့် ဆုကို ရလိုက်သဖြင့် ဝမ်းသာသွားသည်။ ဝိညာဉ်အဆင့် မီးတောက် ဆုရသည်ကို တွေးမိလျှင် သူအသက်စွန့် ကြိုးစားမှုက တန်သည်ဟု ထင်လိုက်မိသည်။ ဝိညာဉ်အဆင့် မီးတောက်ကိုသာ စုပ်ယူလိုက် နိုင်ပါက ရဲချန်ဖန်တွင် သက်စောင့် အကာအကွယ် တစ်ခု ရရှိလာမည် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset