Switch Mode

Chapter – 225

အကြံတူသူနှစ်ဦး

အခန်း ( ၂၂၅ )
အကြံတူသူနှစ်ဦး

“အင်း … အန္တရာယ်တော့ လတ်တလော ကင်းပြီထင်တယ် … ”

ပြင်းထန်သော အတွင်းဒဏ်ရာ ရရှိထား၍ ရဲချန်ဖန်သည် မြေပေါ် ထိုင်ချလိုက်သည်။ ထို့နောက် ဝိညာဉ်စမ်းရေ တစ်ကျိုက် မော့သောက်လိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ ဒဏ်ရာများကို စတင် ကုစားတော့သည်။ တိုက်ပွဲဖြစ်စဉ်နှင့် ချော်ရည်လှိုင်းမှ လွတ်အောင် ပြေးခဲ့ရသည်ကို စဉ်စားမိလျှင် ကျောရိုးထဲ တစ်ချက်အေးစိမ့် သွားသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ရဲချန်ဖန် မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးကို ထုတ်သောက် လိုက်သည်။ ရဲချန်ဖန် ရရှိခဲ့သည့် ဒဏ်ရာများမှာ အလွန် ပြင်းထန်သောကြောင့် ဝိညာဉ်စမ်းရေနှင့် မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးများ သောက်သုံးသည့်တိုင် သုံးရက်ကြာမှသာ ဒဏ်ရာများ သက်သာသွားသည်။

ရဲချန်ဖန် အတော်အတန် သက်သာလာ ပြီးနောက် ဂူအဆုံးပိုင်းကို သွားရောက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။ ဂူလမ်း တစ်လျှောက်သည် အပူချိန် မြင့်မားလှသည်။ ကြောက်မက်ဖွယ် ကောင်းလောင်အောင်ပင် ဂူအတွင်းပိုင်း တစ်လျှောက်တွင် တိတ်ဆိတ်ငြိမ်သက် လွန်းနေသည်။ ပူလောင်မှုမှလွဲ၍ မည်သည့်အပင်၊ သတ္တဝါမှကို မတွေ့ရချေ။ ရဲချန်ဖန်သည် ဂူအနက်ပိုင်းကို ရောက်လာလေ ပို၍ အပူချိန် မြင့်လာသည်ကို သတိထားမိ လိုက်သည်။

“ဟင် … အင်အဲဒါ … ဘာသတ္တဝါကြီးလဲ … ”

နာရီပေါင်းများစွာ လမ်းလျှောက်လာ ပြီးနောက် ရဲချန်ဖန်သည် လမ်းအဆုံးတွင် ဂူထွက်ပေါက်ကို တွေ့လိုက်လေသည်။ သို့သော် ဂူထွက်ပေါက်မှ ထွက်လိုက်သည်နှင့် ရဲချန်ဖန် အလွန်အံ့အားသင့် သွားရလေသည်။ ဂူအပြင်ဘက်တွင် လမ်းမရှိဘဲ ကြီးမား ကျယ်ပြောလှသည့် မီးပင်လယ်ကြီး ရှိနေသောကြောင့် ဖြစ်သည်။

မီးပင်လယ်ကြီး အလယ်တွင် လဲလျောင်း အိပ်စက်နေသော ပင်လယ်မီး ဘီလူးကြီး တစ်ကောင် ရှိနေသည်။ မီးဘီလူး၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောတစ်လုံးအလား ကြီးမားလှပြီး သူ၏ကိုယ်မှ မီးတောက်များသည် တဟဲဟဲနှင့် တောက်လောင်နေသည်။ မီးဘီလူးကြီးသည် လေးထောင့် မျက်နှာပုံရှိပြီး ကြီးမားသော လက်တံများ၊ ခြေထောက် ကြီးများလည်း ရှိနေသည်။ ဘီးလူကြီးသည် ပုံသဏ္ဌာန်နှင့်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

“မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် … ”

မီးဘီလူးကြီး၏ အော်ရာကိုကြည့်ပြီး ရဲချန်ဖန်သည် လက်လွတ်စပယ် မလှုပ်ရှား ရဲတော့ပေ။ မီးဘီလူးအစွမ်းသည် ရဲချန်ဖန်ထက် များစွာ သာလွန်နေသည်။ မီးဘီလူးကြီးသည် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် မဟုတ်ပါလော။ ရဲချန်ဖန်သည် ခပ်သွက်သွက်ပင် ဂူထဲသို့ ပြန်ဝင်လိုက်သည်။

ထို့နောက် ဝိညာဉ်စုပ်သိုင်းကို အသုံးပြု၍ အော်ရာ မထွက်အောင် ထိန်းချုပ် ဖုံးကွယ်လိုက်သည်။ ရဲချန်ဖန်သည် ဓားမိစ္ဆာ ထွက်လာမည့် အချိန်ကို ငြိမ်သက်စွာဖြင့် စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။ ရဲချန်ဖန်က ဓားမိစ္ဆာသည် မီးဘီလူးနှင့် တိုက်ခိုက် ပြီးချိန်တွင် နိုင်သည့်သူအား တိုက်ခိုက်ပြီး မီးလျှံလမ်းက ထွက်ခွာရန် အကြံဖြစ်သည်။

သို့သော် ဓားမိစ္ဆာ ဒဏ်ရာသည် အလွန်ပြင်းထန် လှသောကြောင့် ငါးရက်မြောက် နေ့မှသာ ဂူပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဓားမိစ္ဆာသည် မီးဘီလူးကို မြင်ပြီးနောက် ချက်ချင်းပင် ဂူထဲသို့ ပြန်ဝင်သွား လေသည်။ ဓားမိစ္ဆာကလည်း ရဲချန်ဖန် ပထမဆုံး စတင် တိုက်ခိုက်သည်ကို စောင့်နေလေသည်။ သူ့အကြံမှာလည်း ရဲချန်ဖန်က မီးဘီလူးနှင့် တိုက်ခိုက်၍ ရဲချန်ဖန်ရော မီးဘီလူးပါ အားအင် နည်းပါးချိန်တွင် ဝင်ရောက် အနိုင်ယူရန် ဖြစ်သည်။ အကြံတူသူ နှစ်ယောက်သည် မည်သူအရင် စတင် တိုက်ခိုက်မည်ကို စိတ်ရှည်ရှည်နှင့် စောင့်စားနေကြသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ရဲချန်ဖန်ရော ဓားမိစ္ဆာပါ သူတို့ဂူ အသီးသီးတွင် ပုန်းခိုစောင့်ဆိုင်း နေကြသည်။ မည်သူကမှ မီးဘီလူးကို အရင် စတိုက်ခိုက်ခြင်း မပြုပေ။ ရှစ်ရက် မြောက်သောနေ့တွင် ရဲချန်ဖန် စိတ်ရှည်မှု ကုန်ဆုံးလာသည်။ ရဲချန်ဖန်က အကြံတစ်ခု ရလိုက်ပြီး စွန့်စား၍ မီးဘီလူးကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

“ယား … ”

ရဲချန်ဖန်သည် အရိပ်မဲ့သိုင်း အသုံးပြုကာ မီးပင်လယ်ထဲ ဝင်ရောက်သွားပြီး မီးဘီလူးကို တိုက်ခိုက်လိုက်သည်။

“ဟွန့် … ဒီခွေးကောင် ခုတော့ မစောင့်နိုင်တော့ဘူးပဲ … ”

ရဲချန်ဖန်က မီးဘီလူးကို ဝင်ရောက် တိုက်ခိုက် လိုက်သည်ကို ကြည့်ပြီး ဓားမိစ္ဆာ မျက်နှာတွင် ကောက်ကျစ် စဉ်းလဲသည့် အပြုံးက ဖြစ်ပေါ်လာသည်။

“ဂရား … ”

ရဲချန်ဖန်၏ တိုက်ခိုက်မှုကြောင့် အိပ်စက်နေခြင်းမှ အနှောင့်အယှက် ခံလိုက်ရသော မီးဘီလူးကြီးသည် ကြောက်မက်ဖွယ် ကောင်းအောင် အော်ဟစ်လိုက်ပြီး သူ၏ ကြီးမားလှသည့် လက်ကြီးဖြင့် ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။ မီးဘီလူး၏ ကိုယ်သည် မီးတောက် မီးလျှံများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသောကြောင့် မီးဘီလူးလက် ဖြတ်သန်းရာ လမ်းတစ်လျှောက် လေထုသည် မီးလောင် ပေါက်ကွဲနေသည်။

“ဂရား … ဝါး … ”

ရဲချန်ဖန်က ကောင်းကင် အဆင့်ဓားဖြင့် မီးဘီလူး၏လက်ကို ခုခံတိုက်ခိုက် လိုက်သည်။ ချက်ချင်းပင် မီးဘီလူး လက်ပေါ်တွင် ကြီးမားသော ဓားဒဏ်ရာကြီး ဖြစ်ပေါ်လာသည်။ မီးဘီလူးကြီးက နာကျင်စွာ အော်ဟစ်ညည်းညူ လိုက်သည်။ ထို့နောက် မီးဘီလူးသည် ယမ်းပုံမီးကျ ဒေါသပေါက်ကွဲ သွားလေသည်။

“ဝှစ် … ”

မီးဘီလူးကြီးက လက်သည်းများဖြင့် လျင်မြန်စွာ ဝှေ့ယမ်းပြီး ရဲချန်ဖန်ကို တိုက်ခိုက် လိုက်ပြန်သည်။ လက်သည်းများကို ရဲချန်ဖန်က ကောင်းကင်ဓားဖြင့် ခုခံလိုက်သည်။ ဤအကြိမ်တွင်မူ ဓားမှတစ်ဆင့် ပြင်းထန်သော ဖိအားက ရဲချန်ဖန် လက်မောင်းမှ တစ်ဆင့် ကိုယ်ထဲသို့ စီးဝင်သွားသည်။ ဖိအားကြောင့် ရဲချန်ဖန် တစ်ကိုယ်လုံး တုန်ခါပြီး လက်မောင်းများပင် ထုံကျင် နှုန်းဖျော့သွားသည်။ သွေးများက နှုတ်ခမ်းထောင့်မှ ယိုစီးကျလာသည်။

“အချိန် မတန်သေးဘူး … ”

ဓားမိစ္ဆာသည် ရဲချန်ဖန်က မီးဘီလူး၏ ပြင်းထန်လှသည့် လက်သည်း တိုက်ကွက်ကြောင့် သွေးများ ထွက်သည်ကို ကြည့်ပြီး အပြုံးများက ပိုမိုဝေဆာလာသည်။ သူက အလောတကြီး ထွက်ရန် စိတ်ကူးမရှိပဲ စိတ်အေး လက်အေးဖြင့် ပွဲကြီးပွဲကောင်းကို ထိုင်ကြည့်နေသည်။

မီးဘီလူးက ရဲချန်ဖန် ခုခံလိုက်နိုင်သည်ကို ကြည့်ပြီး ပိုမိုဒေါသ ထွက်လာကာ လက်သည်းများဖြင့် ရဲချန်ဖန်ကို ထပ်မံကုတ်ချ တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်ကလည်း အရိပ်မဲ့သိုင်း အသုံးပြုကာ ရှောင်တိမ်းလိုက်သည်။ ရဲချန်ဖန်က သူ့လက်သည်း ကုတ်ချက်ကို ရှောင်တိမ်း နိုင်သည်ကို မြင်ပြီး မီးဘီလူးသည် ဒေါသအလွန် ထွက်လာကာ ရဲချန်ဖန် နောက်လိုက်၍ အဆက်မပြတ် တိုက်ခိုက်တော့သည်။ ရဲချန်ဖန်က သေလုမျောပါး ရှောင်တိမ်း နေရလေသည်။ ရဲချန်ဖန်သည် ရှောင်တိမ်းရင်း ဓားမိစ္ဆာ ပုန်းနေသည့် ဂူနှင့် နီးကပ်လာသည်။

ရဲချန်ဖန်က သူ့ဂူနား တဖြည်းဖြည်း နီးကပ်လာသဖြင့် ဓားမိစ္ဆာ မျက်မှောင်ကြုတ် သွားလေသည်။ သူ့ရင်ထဲတွင် သံသယ ဖြစ်ပေါ်လာသည်။ သူက ဂူအတွင်းပိုင်းဝင်၍ ပုန်းအောင်ရန် ပြင်ဆင်လိုက်ချိန်တွင် မီးဘီလူး၏ ပြင်းထန်လှသည့် လက်သည်း ကုတ်ချက်အား ရဲချန်ဖန်က ဓားဖြင့် ခုခံလိုက်သည်ကို မြင်တွေ့လိုက်သည်။ ရဲချန်ဖန် ကိုယ်က စက္ကူလေတံခွန် အလား လေထဲ လွင့်စဉ်သွားပြီး ဓားကလည်း မြေကြီးပေါ် ပြုတ်ကျသွားသည်။

“ဒါ အခွင့်အရေးပဲ … ”

ရဲချန်ဖန်က မီးဘီလူးလက်သည်း ကုတ်ချက်ကြောင့် မြေပေါ်မှ မထနိုင်သည်ကို မြင်တွေ့လိုက် ပြီးနောက် ဓားမိစ္ဆာသည် အချိန်မဆိုင်းဘဲ ဓားဖြင့် ရဲချန်ဖန်ဆီ အားကုန်ပြေးလွှား တိုက်ခိုက်လိုက်သည်။

“အရိပ်မဲ့ ရွှေအပ် … ”

ရဲချန်ဖန်သည် ဓားမိစ္ဆာက သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်သည်နှင့် ကြိုတင် ပြင်ဆင်ထားသော အရိပ်မဲ့ရွှေအပ်ဖြင့် ဓားမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ပစ်ပေါက် တိုက်ခိုက်လိုက်သည်။

“အခြေအနေ မကောင်းဘူး … ”

ဓားမိစ္ဆာက ရွှေအပ်များ သူ့ထံ ဝင်ရောက်လာသည်နှင့် စိတ်ထဲ တုန်လှုပ်သွားသည်။ သူ အလိုအလျောက် ရွှေအပ်များကို ရှောင်တိမ်းရန် ကြိုးစားမိလိုက်သည်။ သို့သော် ရွှေအပ်များ၏ မြန်ဆန်မှုမှာ မယုံနိုင်စဖွယ်ပင်။ ချက်ချင်းပင် ဓားမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ရွှေအပ်များက တိုက်ခိုက်နေရာ ဓားမိစ္ဆာသည် ခေါင်းကွဲမတက် ဝေဒနာကို ခံစားလိုက်ရသည်။

ရဲချန်ဖန် ကလည်း ရွှေအပ်များကို ဓားမိစ္ဆာထံ ပစ်လွှတ်တိုက်ခိုက် ပြီးနောက် ရွှေလင်းယုန် တောင်ပံကို အသုံးပြုကာ ဓားမိစ္ဆာ ပုန်းအောင်းနေသည့် ဂူထဲ လျင်မြန်စွာ ပျံသန်း ဝင်ရောက်သွားသည်။ ထို့နောက် ဓားမိစ္ဆာ ဂူအတွင်းပိုင်းထဲသို့ ဝင်မည့်လမ်းကို ပိတ်ဆို့လိုက်သည်။ ဓားမိစ္ဆာက ရဲချန်ဖန် သူဂူအတွင်း ဝင်လို့ရသည့် လမ်းအား ပိတ်ဆို့လိုက်သည်ကို သတိထားမိချိန်တွင် ပြင်းထန် ပူလောင်လှသည့် လက်သည်း ကုတ်ချက်များက သူ့ကိုယ်ပေါ် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

“ဒီ … ဒီကောင် အကွက်ချ လုပ်ကြံတာပဲ … ”

ရဲချန်ဖန်က သူ့ပြေးလမ်းကို ပိတ်ဆို့ပြီးနောက် ဓားမိစ္ဆာသည် သူက ရဲချန်ဖန်နှင့် မီးဘီလူးကြား အလယ်တွင် ပိတ်မိနေသည်ကို တွေ့ရှိလိုက်သည်။ ထို့နောက် သူသည် ရဲချန်ဖန်၏ ထောက်ချောက်ထဲ ကျသွားပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။

ဓားမိစ္ဆာသည် မီးဘီလူးက အန္တရာယ် အလွန် ပေးနိုင်သည်ကို သိရှိသောကြောင့် ချက်ချင်းပင် ဓားရှည်ကို ထုတ်ကာ မီးဘီလူး၏ လက်သည်း ကုတ်ချက်ကို ခုခံလိုက်သည်။ မီးဘီလူး လက်သည်း ကုတ်ချက်နှင့် ဓားထိမှန် သွားချိန်တွင် ဓားမိစ္ဆာ တစ်ကိုယ်လုံး ထုံကျင် အားဖျော့သွားသည်။

ထို့နောက် နောက်သို့ အဆက်မပြတ် ဆုတ်လိုက်ရသည်။ ထိုအချိန်တွင် ဓားမိစ္ဆာ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံက သူ့နောက်ကျောတွင် အလွန်ကြီးမားသော အန္တရာယ် ရှိနေပြီကို ခံစားသိရှိ လိုက်သည်။ သေချာသည်။ ရဲချန်ဖန်က သူ့အား နောက်ဆုတ်ခွင့် ရရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။

“မိစ္ဆာဓား … ”

ရှေ့တက်ရမည်လား … နောက်ဆုတ် ရမည်လား ဖြစ်အောင် အကျဉ်းအကျပ်ထဲ ကျရောက်နေသော ဓားမိစ္ဆာသည် မီးဘီလူး၏ လက်သည်း ကုတ်ချက်ကို ထိမှန် ခံလိုက်ရသည်။ ရဲချန်ဖန်၏ ရန်စ တိုက်ခိုက်မှုကြောင့် ဒေါသမီးပုံယမ်းကျ ထွက်နေသော မီးဘီလူးသည် အဆတ်မပြတ်ပင် တိုက်ခိုက်နေသည်။

ဓားမိစ္ဆာသည် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင် မီးဘီလူး၏ ပြင်းထန်သော တိုက်ခိုက်မှုကို သတိထား အစွမ်းကုန် ခုခံနေရသည်။ တချီတွင် မီးဘီလူး၏ တိုက်ခိုက်မှုကြောင့် ဓားမိစ္ဆာ ကိုယ်ပေါ်တွင် ကြီးမားသော ဒဏ်ရာက ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဓားမိစ္ဆာသည် အန္တရာယ်ရှိမှန်း သိလျက်နှင့် နောက်ဆုတ် လိုက်ရသည်။

“အရိပ်မဲ့ရွှေအပ် … ”

ဓားမိစ္ဆာနောက်သို့ ဒယိမ်းဒယိုင် နောက်ဆုတ် လာချိန်တွင် ရဲချန်ဖန်က အရိပ်မဲ့ရွှေအပ်ဖြင့် ဓားမိစ္ဆာ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။

“အား … ”

စိတ်ဝိညာဉ်ကို တိုက်ခိုက်ခံ လိုက်ရသဖြင့် ဓားမိစ္ဆာသည် နာကျင်စွာ အော်ဟစ် ညည်းညူလိုက်သည်။ စိတ်ဝိညာဉ် တိုက်ခိုက် ခံရမှုကြောင့် ဓားမိစ္ဆာ လှုပ်ရှားမှုများသည် နှေးကွေးသွားသည်။ ထိုအချိန်တွင် မီးဘီလူးက ကြီးမားလှသည့် ခြေထောက်များဖြင့် ဓားမိစ္ဆာကို နှင်းချေလိုက်သည်။ အစွမ်း ကြီးမားလှသည့် မီးဘီလူးကြောင့် ဓားမိစ္ဆာ မခုခံနိုင်တော့ဘဲ တစ်ကိုယ်လုံး ကွဲကြေပေါက်ကွဲ လုနီးပါးဖြစ်ကာ မြေပေါ်လဲကျသွားသည်။

“တိမ်ခွင်းလက်ဝါး … ”

ရဲချန်ဖန်က လျင်မြန်စွာ ဓားမိစ္ဆာထံ ပြေးဝင်သွားပြီး တိမ်ခွင်းလက်ဝါးဖြင့် ဓားမိစ္ဆာကို တိုက်ခိုက် လိုက်သည်။ ရဲချန်ဖန် လက်ဝါး ရိုက်ချက်မှာ ပြင်းထန်လွန်းလှပြီး ဓားမိစ္ဆာ ခန္ဓာကိုယ်သည် ဘောလုံးအလား မီးဘီလူးဆီ လွင့်စဉ်သွားသည်။

“မလုပ်ပါနဲ့ … ”

ဓားမိစ္ဆာသည် သူ၏ကိုယ်မှာ ထိန်းချုပ်မရနိုင်ဘဲ မီးဘီလူးဆီ လွင့်စဉ်နေသဖြင့် ကယောင်ချောက်ချား သွေးပျက်အော်ဟစ် လိုက်သည်။ ဓားမိစ္ဆာသည် အစွမ်းကုန် မီးဘီလူးကို တိုက်ခိုက်ပြီး နောက်ပြန်ဆုတ်နိုင်ရန် ကြိုးစားလိုက်သည်။

“ဂရား … ”

ဓားမိစ္ဆာက အသက်ရှင်ခွင့် ရစေရန် အားကုန်ထုတ် တိုက်ခိုက်လိုက် သောကြောင့် ဓားချက်သည် မီးဘီလူး၏လည်ပင်းကို ထိမှန်ပြီး ကြီးမားသော ဒဏ်ရာ ရရှိသွားစေသည်။ သို့သော် မီးဘီလူးသည် ဒေါသမှာ မိုးမွန်အောင် ထွက်သွားပြီး အားကုန်သုံးကာ ဓားမိစ္ဆာကို ကုတ်ချလိုက်သည်။

မီးဘီလူး၏ ကုတ်ချက်ကြောင့် ဓားမိစ္ဆာသည် တစ်ကိုယ်လုံး ကျိုးကြေကာ မြေပေါ်လဲကျ သွားသည်။ ထို့နောက် လူသေ တစ်ကောင်အလား မလှုပ်ရှားတော့ပေ။ သို့သော် ပြင်းထန်သော ဒဏ်ရာရရှိပြီး ဒေါသမွန်နေသော မီးဘီလူးသည် ဓားမိစ္ဆာ ကိုယ်ကိုဆွဲဖြဲရန် ဆုပ်ကိုင်လိုက်သည်။

“ရဲချန်ဖန် … မင်းလည်း ငါနဲ့ အတူတူသေရမယ် … … ”

ဓားမိစ္ဆာသည် သူ၏ကိုယ်ကို မီးဘီလူး ဆုပ်ကိုင်လိုက်သည်နှင့် ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ထို့နောက် ဓားမိစ္ဆာက သူ၏သွေးအစွမ်း၊ ဝိညာဉ်စွမ်းအင် တို့ကို သူကိုယ်တိုင်ပင် ဖောက်ခွဲလိုက်သည်။ ပြောရမည်ဆိုလျှင် မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင်က မိမိကိုယ်တိုင် ဗုံးတစ်လုံးအလား အသေခံ ဖောက်ခွဲ လိုက်ခြင်းပေ။ ရဲချန်ဖန်က ဓားမိစ္ဆာ အကြံအစည်ကို ရိပ်မိလိုက်သည်နှင့် မျက်နှာ ပျက်သွားသည်။ ဓားမိစ္ဆာသည် ရဲချန်ဖန်ကို သူနှင့်အတူ သေရွာခေါ်သွားရန် ကြံစည်လိုက်ခြင်း ဖြစ်လေသည်

Comment

Leave a Reply

Options

not work with dark mode
Reset