Switch Mode

Chapter – 224

အပြေးပြိုင်ပွဲ

အခန်း ( ၂၂၄ )
အပြေးပြိုင်ပွဲ

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း … ”

အလွန်လျင်မြန်စွာ ရိုတ်ခတ် လာနေသော ချော်ရည် လှိုင်းကြီးကို ရဲချန်ဖန် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လျှပ်တစ်ပြက် သတ်ခြင်း အကွက်ကို ထုတ်ဖော်ပြီး ဓားမိစ္ဆာကို ရဲချန်ဖန် တိုက်ခိုက် လိုက်သည်။ ရဲချန်ဖန်၏ ဗျူဟာသည် ဓားမိစ္ဆာကို သတ်ဖြတ်ရန် မဟုတ်ဘဲ သူ၏ တိုက်ခိုက်မှုကြောင့် ဓားမိစ္ဆာ ပြေးနှုန်းလျော့ကျပြီး ချော်ရည်ပူ ရိုက်ခတ် ခံရစေရန် ရည်ရွယ်လေသည်။ ထို့ကြောင့် ဓားမိစ္ဆာမှာ ပိုပို၍ စိတ်ဆိုးဒေါသထွက် တုန်လှုပ်နေသည်။

“တိမ်ခွင်းလက်ဝါး … ”

ဓားမိစ္ဆာက လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို ခုခံလိုက်သည်နှင့် ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံကို ခပ်ပြင်းပြင်း ခတ်ကာ ဓားမိစ္တာထံ ချဉ်းကပ်သွားသည်။ ထို့နောက် တိမ်ခွင်းလက်ဝါးကို ရိုက်ထုတ် လိုက်သည်။ တိမ်ခွင်းလက်ဝါး ထဲတွင် ပေါင်ခုနစ်သိန်း စွမ်းအားက ပါဝင်နေရာ လေထုသည် ပြင်းထန်စွာ တုန်ခါနေသည်။

ဓားမိစ္ဆာသည် ဓားဖြင့် ခုခံရန် အချိန် မရတော့သဖြင့် ဘယ်လက်သီးထဲတွင် အားကုန်ဖြည့်ကာ တိမ်ခွင်းလက်ဝါးကို ခုခံလိုက်သည်။ ကြောက်မက်ဖွယ် တိမ်ခွင်းလက်ဝါး အစွမ်းကြောင့် ဓားမိစ္ဆာ၏ ဘယ်ဘက် လက်မောင်းမှ ကြွက်သားများသည် ကွဲပြဲထွက်ကာ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသည်။ ဓားမိစ္ဆာ လက်မောင်းမှ သွေးများသည် ရေကာတာ ကျိုးသည့်အလား ကျဆင်းလာသည်။

ဤသည်မှာ ခန္ဓာကိုယ် သန်မာမှုကျင့်စဉ် လေ့ကျင့်ထားသူနှင့် ဝိညာဉ်စွမ်းအားကိုသာ အားပြုလေ့ကျင့် သူတို့၏ ကွာခြားချက်ပင် ဖြစ်သည်။ ဓားမိစ္တာ၏ တန်ခိုးအဆင့်သည် ရဲချန်ဖန်ထက် မြင့်သည် မှန်သော်လည်း လက်ဗလာချင်း တိုက်ခိုက်ချိန်တွင် ခန္ဓာကိုယ် စွမ်းအားကို အလွန်မြင့်မားသည့် အဆင့်သို့ ရောက်အောင် လေ့ကျင့်ထားသော ရဲချန်ဖန်ကို ဓားမိစ္ဆာက မယှဉ်နိုင်ချေ။

“မိုးကြိုး သတ်ဖြတ်ခြင်း … မိုးကြိုးလျှပ်စီး တစ်သောင်း ဓားချက် … ”

ဘယ်လက်က ပြင်းထန်သော ဒဏ်ရာ ရရှိသွားပြီးနောက် ဓားမိစ္ဆာသည် သွေးများ မထွက်စေရန် သွေးကြောများကို ထိုးပိတ်လိုက်သည်။ ထို့နောက် အလွန် လျင်မြန်လှသည့် ဝိညာဉ်ဓားသိုင်း မိုးကြိုးတစ်သောင်း လျှပ်စီးဓားချက်ဖြင့် ရဲချန်ဖန်ကို ကျော်ဖြတ်ပြေးရန် တိုက်ခိုက်လိုက်သည်။

“သွေးနဂါး ချပ်ဝတ်တန်ဆာ … ”

ဓားမိစ္ဆာ တိုက်ခိုက်မှုသည် အလွန် လျင်မြန်လှပြီး ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သွေးနဂါးကို ချပ်ဝတ်တန်ဆာ အဖြစ် ပြောင်းလဲလိုက်သည်။ တစ်မုဟုတ်ချင်းပင် ရဲချန်ဖန် ကိုယ်ပေါ်တွင် သွေးအကြေးခွံများဖြင့် ဖွဲ့စည်းထားသည့် ချပ်ဝတ်တန်ဆာက ဖြစ်ပေါ်လာသည်။ ထို့နောက် ဓားအင်အား အမြင့်ဆုံးအဆင့်၊ ပေါင်ခုနစ်သိန်း စွမ်းအားတို့ ပေါင်းစပ်ကာ မိုးကြိုးလျှပ်စီး ဓားချက်ကို ခုခံလိုက်သည်။

“ဝုန်း … ”

ဓားအလင်းနစ်ခု တွေ့ဆုံသွားချိန်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။ ထိုပေါက်ကွဲမှုက ကောင်းကင်နှင့် မြေကြီးပါ တုန်လှုပ် သွားစေသည်။ သွေးနဂါး ချပ်ဝတ် တန်ဆာကြောင့် ရဲချန်ဖန်သည် ပြင်းထန်သော ပေါက်ကွဲမှုကို ခံနိုင်လေသည်။ ရဲချန်ဖန်က အနာခံပြီး ဓားမိစ္ဆာကို ဓားအင်အား အမြင့်ဆုံးအဆင့် ဖြင့် လျင်မြန်စွာ ထိုးသွင်းလိုက်သည်။

ပေါက်ကွဲမှုကို ဂရုမထားဘဲ အတင်းတိုးဝင် တိုက်ခိုက်လာသော ရဲချန်ဖန်၏ တိုက်ခိုက်မှုကြောင့် ဓားမိစ္ဆာသည် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူသေကိုယ်သေ တိုက်ခိုက်ဖြစ်သော နှစ်ဦးနှစ်ဖက်လုံး သေဆုံးစေရန် ဓားမိစ္ဆာက ရဲချန်ဖန်၏ ဓားချက်ကို အထိခံကာ ရဲချန်ဖန် ရင်ဘတ်ဆီ ဓားဖြင့် ထိုးသွင်းလိုက်သည်။

“မှော်တစ်ရာ သလင်းကျောက် … မှော်အစီအရင် နိုးထစမ်း … ”

ရဲချန်ဖန်က ဓားမိစ္ဆာသည် သူသေကိုယ်သေ တိုက်ကွက် ထုတ်သုံး မလာမည်ဟု မထင်ထားချေ။ ထို့ကြောင့် မှော်တစ်ရာ သလင်းကျောက်ထဲ ဝိညာဉ်စွမ်းအင် ထည့်သွင်းကာ အစီအရင်ကို အသက်သွင်း လိုက်သည်။ အစီအရင်ကို အသက်သွင်း လိုက်သည်နှင့် ချက်ချင်းပင် အလွန် အေးခဲလှသည့် ရေခဲလွှာတစ်ခုက ရဲချန်ဖန် ကိုယ်တစ်ခုလုံး ဖုံးလွမ်းသွားပြီး ရဲချန်ဖန်ကို အကာအကွယ် ပေးလိုက်သည်။

ရဲချန်ဖန်က မှော်တစ်ရာ သလင်းကျောက်ကို အသက်သွင်း လိုက်သည်နှင့် ဓားမိစ္ဆာကလည်း လက်ဖဝါးအရွယ် ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုကြေးမုံမှာ အလွန် ထူးခြားလှပြီး ကြေးမုံ နောက်ဘက်တွင် အလွန်ထူးခြားသော မှော်အစီရင်များကို ရေးဆွဲထားသည်။ ထိုကြေးမုံမှာ ဓားမိစ္ဆာ၏ အသက်ကယ် မှော်အစီအရင်ပင် ဖြစ်သည်။

ဓားမိစ္ဆာသည် ကြေးမုံထဲ ဝိညာဉ်စွမ်းအင် ဖြည့်သွင်း လိုက်သည်နှင့် ကြီးမားသည့် ကြေးမုံချပ်များက ဓားမိစ္ဆာ ကိုယ်ခန္ဓာ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာကာ ဓားမိစ္ဆာကို ကာကွယ်ပေး လိုက်သည်။ သို့သော် ကောင်းကင်အဆင့်ဓား၊ ဓားအင်အား အမြင့်ဆုံးအဆင့်၊ ပေါင်ခုနစ်သိန်းကျော် ရောနှောနေသော ဓားအလင်းသည် မယုံနိုင်ဖွယ် ဖျက်ဆီးခြင်းများ ပါဝင်နေသည်။

ထို့ကြောင့် ဓားမိစ္ဆာကိုယ်ကို ကာကွယ်ထားသော ကြေးမုံများသည် ချက်ချင်းပင် ကျိုးကြေပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ဓားမိစ္ဆာ၏ ဓားချက်သည်လည်း မှော်တစ်ရာ သလင်းကျောက်မှ အကာအကွယ်ကို ထိုးခွဲပြီး ဓားဦးပင် ရဲချန်ဖန် ကိုထိမှန်လု ထိမှန်ခင် နီးပါး ဖြစ်နေသည်။

“ချိုးဖျက်ဖောက်ခွဲစမ်း … ”

ဓားမိစ္ဆာသည် အော်ဟစ်မာန်သွင်းကာ ဓားထဲသို့ ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ဖြည့်သွင်းကာ ဓားကိုအားစိုက် ထိုးလိုက်သည်။ ဓားမိစ္ဆာက ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ဖြည့်သွင်း လိုက်သောကြောင့် ဓားသည် မှော်တစ်ရာ သလင်းကျောက် အကာအကွယ်ကို ဖျက်ဆီးကာ သွေးနဂါး ချပ်ဝတ်တန်ဆာဆီ တိုးဝင်သွားသည်။ ထို့နောက် ရဲချန်ဖန် သွေးနဂါး ချပ်ဝတ် တန်ဆာကိုပင် ဖောက်ထွင်းကာ ရဲချန်ဖန် နှလုံးသားဆီ ထိုးဝင်သွားသည်။

“ခွေးကောင်လေး … သေလိုက်တော့ … ”

ဓားက ရဲချန်ဖန်ကိုယ်ထဲ တိုးဝင်သွားသည်နှင့် ဓားမိစ္ဆာ မျက်နှာတွင် အပြုံး ဖြစ်ပေါ်လာသည်။ ဓားမိစ္ဆာသည် ရဲချန်ဖန် နှလုံးသားကို ထိုးဖောက်ကာ ရဲချန်ဖန် သေသွားစေရန် ကြိုးစားလိုက်သည်။

“ဘယ်သူ သေမလဲ ကြည့်ကြသေးတာပေါ့ … ”

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း … ”

ဓားမိစ္ဆာ၏ဓားက ရဲချန်ဖန် ရင်ဘတ်ကို ထိုးဖောက်နေပြီ ဖြစ်သော်လည်း ရဲချန်ဖန်က နောက်ဆုတ် ရှောင်တိမ်းရန် မကြိုးစားဘဲ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းကို အသုံးပြုကာ အက်ကွဲပြိုကျ ပျက်စီးလုနီးပါး ဖြစ်နေသော ဓားမိစ္ဆာ၏ ကြေးမုံ အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။

“ဘာ … သူ့နှလုံးသားထဲမှာ ဘာရှိနေတာလဲ … ”

ရဲချန်ဖန် တိုက်ခိုက် လိုက်သည်နှင့် ဓားမိစ္ဆာ၏ ဓားက ရဲချန်ဖန် နှလုံးသားဆီ တိုးဝင်သွားသည်။ သို့သော် သူ၏ဓားက ရဲချန်ဖန် နှလုံးသားကို ထိမှန်သွားသော်လည်း ထိုးဖောက်ခြင်း မပြုနိုင်သည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ရဲချန်ဖန် ဓားချက်က ကြေးမုံ အကာအကွယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ဓားမိစ္ဆာ ကိုယ်ကို ထိမှန်သွားသည်။

ရဲချန်ဖန်၏ ဓားတွင်ပါဝင်သည့် စွမ်းအင်ကြောင့် ဓားမိစ္ဆာ မျက်နှာပျက်သွားသည်။ ချက်ချင်းပင် ရဲချန်ဖန် နှလုံးသားထဲထိ ရောက်နေပြီ ဖြစ်သော ဓားကို ဆက်လက် ထိုးသွင်းရန် မကြိုးစားတော့ဘဲ အလျင်အမြန် နှုတ်ယူကာ နောက်ဆုတ် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

“အရိပ်မဲ့ရွှေအပ် … တိုက်ခိုက်စမ်း … ”

ဓားမိစ္ဆာ ရှောင်တိမ်းရန် ကြိုးစား လိုက်သည်နှင့် ရဲချန်ဖန်က အရိပ်မဲ့ရွှေအပ်များ ထုတ်ယူကာ ဓားမိစ္ဆာ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက် လိုက်လေသည်။ စိတ်ဝိညာဉ်ကို အရိပ်မဲ့ ရွှေအပ်များက တိုက်ခိုက်လိုက်ရာ ဓားမိစ္ဆာသည် ခေါင်း ပေါက်ကွဲလုမတတ် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရသည်။

ခေါင်း ပေါက်ကွဲလုမတတ် နာကျင်မှုကြောင့် ဓားမိစ္ဆာ စိတ်အစဉ်သည် တဝီဝီလည်ပတ်ကာ မူးနှောက်နေသဖြင့် ဓားမိစ္ဆာ၏လှုပ်ရှားမှုမျာ နှေးကွေးသွားသည်။ ရဲချန်ဖန်ကလည်း ဓားမိစ္ဆာ မူးနှောက်နေပြီး နှေးကွေးကာ မခုခံနိုင်တော့သည့်ကို မြင်လိုက်သည်နှင့် ပေါင်ခုနစ်သိန်း စွမ်းအားကို ကောင်းကင် အဆင့်ဓားတွင် ဖြည်တင်းကာ ဓားမိစ္ဆာ ရင်ဘတ်ကို ထိုးသွင်းလိုက်သည်။ ချက်ချင်းပင် ကြီးမားလှသည့် ဓားပေါက်ရာကြီးက ဓားမိစ္ဆာ ရင်ဘတ်ပေါ်တွင် ဖြစ်ပေါ်လာသည်။ သွေးစိမ်းရှင်ရှင် စီးထွက်ကာ ဓားမိစ္ဆာသည် ပြင်းထန်လှသော ဒဏ်ရာရရှိ သွားလေသည်။

ရဲချန်ဖန်လည်း ဓားမိစ္ဆာကြောင့် ဒဏ်ရာ မရသည်တော့ မဟုတ်ပေ။ ဓားမိစ္ဆာ၏ ဓားက ရဲချန်ဖန် နှလုံးသားကို ထိုးဖောက်သွားစဉ် ရဲချန်ဖန် နှလုံးသားတွင် အမြစ်တွယ် ကာကွယ်ပေးနေသော ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကြောင့် ရဲချန်ဖန် နှလုံးသားက ကွဲကြေပျက်စီး မသွားခြင်းပေ။ သို့သော် ဓားဒဏ်ကြောင့် သွေးကြောများ ပျက်စီးပြီး ပြင်းထန်သော အတွင်းဒဏ်ရာကိုမူ ရဲချန်ဖန် ရရှိသွားသည်။

“မိစ္ဆာအသံလှိုင်း တိုက်ခိုက်မှု … ”

ဓားမိစ္ဆာက ရဲချန်ဖန် ဓားသည် သူ့နှလုံးကို ထိုးစိုက်ပြီး ဖျက်ဆီးတော့မည် အချိန်တွင် မိစ္ဆာအသံလှုင်း တိုက်ခိုက်မှု ပညာဖြင့် ရဲချန်ဖန် နောက်ဆုတ် သွားစေရန် တိုက်ခိုက်လိုက်သည်။ မိစ္ဆာအသံလှိုင်း တိုက်ခိုက်မှုသည် ကြီးမားလှသည့်တူနှင့် ထုလိုက်သည့်အလား ရဲချန်ဖန် စိတ်ဝိညာဉ်ရော လူပါ တုန်ခါသွားသည်။

ထို့ကြောင့် ရဲချန်ဖန် အနည်းငယ်လေး တုံ့နှေးသွားသည်။ ထိုတဒင်္ဂ ရဲချန်ဖန် ခဏတုံ့နှေး သွားသည်ကို ဓားမိစ္ဆာက အခွင့်အကောင်းယူ နောက်ဆုတ်သွား နိုင်လေသည်။ ရဲချန်ဖန်နှင့် ဓားမိစ္ဆာ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေစဉ် ချော်ရည်လှိုင်းကြီးက သူတို့နား နီးကပ်လာသည်။ ထို့ကြောင့် ရဲချန်ဖန်တို့ နှစ်ယောက်သည် ဆက်မတိုက် ကြတော့ဘဲ ပြင်းထန်သော ဒဏ်ရာများနှင့်အတူ အသက်လု ထပ်မံပြေးလွှား ကြရတော့သည်။

သူသေကိုယ်သေ တိုက်ပွဲတွင် ဓားမိစ္ဆာက ရဲချန်ဖန် နှလုံးသားကို ထိမှန်အောင် တိုက်ခိုက်နိုင် ခဲ့သော်လည်း ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က ရဲချန်ဖန် ကိုယ်ကို ကာကွယ်ပေးထား သောကြောင့် ဓားမိစ္ဆာ၏ ဒဏ်ရာများသည် ရဲချန်ဖန်ထက် ပိုမိုပြင်းထန်နေသည်။

“မိစ္ဆာစွမ်းအင် … ပိတ်စမ်း … ”

ကောင်းကင်အဆင့် ဓားဖြင့် တိုက်ခိုက် ခံရမှုကြောင့် ဓားမိစ္ဆာ ရင်ဘတ်မှ ဓားပေါက်ကြီးသည် သွေးများ ထိန်းမရအောင် ကျဆင်းနေသည်။ ထို့ကြောင့် မိစ္ဆာစွမ်းအင်များ အဆက်မပြတ် ထည့်သွင်းပြီး ဒဏ်ရာ မဆိုးရွားလာစေရန် ဓားမိစ္ဆာက ကြိုးစားရင်း အစွမ်းကုန် ပြေးလွှားနေသည်။

တစ်ဖက်တွင် ရဲချန်ဖန်လည်း ဓားမိစ္ဆာနှင့် ရှေ့မနီးမဝေးမှ အစွမ်းကုန် ရှေ့သို့ ပျံသန်း ပြေးလွှားနေသည်။ ရဲချန်ဖန်က ဒဏ်ရာများကို ထိန်းနိုင်စေရန် ဝိညာဉ်စမ်းရေကို တစ်ကျိုက် မော့သောက် လိုက်သည်။ ရဲချန်ဖန်သည် ဓားမိစ္ဆာကို ဤအချိန်တွင် အလွန်တိုက်ခိုက် ချင်နေမိသည်။

ဓားမိစ္ဆာသည် ပြင်းထန်လှသော ဒဏ်ရာရရှိနေပြီး ယခု သူတိုက်ခိုက်ပါက ဓားမိစ္ဆာက ခုခံနိုင်မည် မဟုတ်ပေ။ သို့သော် ချော်ရည်လှိုင်းကြီး ဒေါသကြီးမားသည့် မြွေတစ်ကောင်အလား မာန်ဟုန်ပြင်းစွာ သူတို့နောက်မှ လိုက်လာနေ၍ ထိုအကြံကို ရဲချန်ဖန် လက်လျှော့ လိုက်ရသည်။

“ရွှေလင်းယုန်သွေး … လောင်ကျွမ်းစမ်း … ”

ချော်ရည်လှိုင်းက တဖြည်းဖြည်း ပိုမိုနီးကပ်လာနေရာ ရဲချန်ဖန်သည် အရှိန်နှုန်း မြင့်တင်ရန် ရွှေလင်းယုန်သွေးကို လောင်ကျွမ်း စေလိုက်ရသည်။ ရဲချန်ဖန်သည် ရွေးချယ်စရာရှိလျှင် ရွှေလင်းယုန် တောင်ပံသွေးကို မလောင်ကျွမ်း စေလိုပေ။ သွေးအစွမ်း လောင်ကျွမ်းပါက အစွမ်း ပြန်ပြည့်လာစေရန် ရဲချန်ဖန် သွေးမှ အချိန်ပေးကာ စွမ်းအင် ဖြည့်တင်းပေးမှ ရွှေလင်းယုန် တောင်ပံသွေးက သွေးစွမ်း ပြန်လည် ပြည့်ဝလာမည် ဖြစ်သည်။

“မုန်းစရာ ကောင်းလိုက်တဲ့ ကောင် … ”

ပြင်းထန်သော ဒဏ်ရာကြောင့် နုန်းချည့်နေသော ဓားမိစ္ဆာသည် ရဲချန်ဖန်၏ နောက်မှ သွေးအစွမ်းကို လောင်ကျွမ်းစေလျက် ချော်ရည်လှိုင်း ရိုက်ခတ်မှုမှ လွတ်မြောက်ရန် အစွမ်းကုန် ပြေးလွှားနေသည်။

မိနစ်သုံးဆယ်ကျော် ပျံသန်းပြီးနောက် ရဲချန်ဖန်သည် အားအင် ကုန်ခန်းလုနီးပါး ဖြစ်လာသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် ကောင်းအောင် မကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသည့် တောင်ကြီး တစ်လုံးက လမ်းတွင်ပိတ်ဆို့ နေသည်ကို မြင်တွေ့လိုက်ရသည်။ ထို့တောင်ကြီး အောက်ခြေတွင် ဂူပေါက်သုံးခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ရဲချန်ဖန်တို့သည် ဂူထဲသို့ အရမ်းကာရော မဝင်ရဲပေ။ သို့သော် ရဲချန်ဖန် ဂူဝနားရောက်စဉ် ချော်ရည်လှိုင်းကြီးက တောင်ကြီးဆီ အရှိန်အဟုန် ပြင်းထန်စွာ ရိုက်ခတ်လာသည်။ ရဲချန်ဖန်နှင့် ဓားမိစ္ဆာတို့လည်း ရွေးချယ်စရာ မရှိတော့ပဲ အသက်ရှင် လွတ်မြောက်အောင် ဂူပေါက် တစ်ခုစီထဲ အပြေး ဝင်ရောက် လိုက်ကြသည်

Comment

Leave a Reply

Options

not work with dark mode
Reset