အခန်း ( ၂၂၃ )
ဘဝတစ်ပြန် ကျားတစ်ပြန်
“ဘာလို့ ဒီလှိုင်းတွေက ဒီလောက် မြန်မြန်ဆန်ဆန် ရိုက်ခတ်လာတာလဲ … ”
ချော်ရည် လှိုင်းကြီးသည် ဆူနာမီလှိုင်းသဖွယ် အလွန်လျင်မြန်စွာ ကမ်းဆီသို့ ရိုက်ခတ်လာနေသည်။ ချော်ရည်လှိုင်းကြီး၏ အော်ရာကြောင့် ရဲချန်ဖန်သည် သေမင်းနှင့် နီးကပ်လာသလို ခံစားလိုက်ရသည်။ ချော်ရည်လှိုင်းကြီးဆီမှ အလွန် ကြောက်မက်ဖွယ် အန္တရာယ် အငွေ့အသက်ကို ရရှိနေသည်။ ချော်ရည်လှိုင်းကြီး၏ ရိုက်ခတ်ခြင်း ခံရပါက ရဲချန်ဖန် သေဆုံးမည်မှာ မလွဲသေချာသည်။
“သွေးစွမ်းအင် လောင်ကျွမ်းစမ်း … ”
ထိုအချိန်တွင် ဓားမိစ္ဆာသည် ချော်ရည်လှိုင်းက သူနှင့် နီးသထက် နီးလာသဖြင့် သွေးစွမ်းအင်များကို အစွမ်းကုန် လောင်ကျွမ်းစေပြီး ချော်ရည်လှိုင်းနှင့် ဝေးနိုင်သမျှ ဝေးအောင် ပြေးလွှားနေသည်။ သို့သော် ဓားမိစ္ဆာ ပြေးလွှားနေသည့် ဦးတည်ရာကား ရဲချန်ဖန် ပြေးနေသည့်ဘက်ပင်။ တဖြည်းဖြည်းနှင့် ချော်ရည်လှိုင်းကြီးနှင့် ဝေးကွာလာသော်လည်း ဓားမိစ္ဆာသည် အရှိန်မလျှော့ပေ။ တဖြည်းဖြည်းနှင့် ဓားမိစ္ဆာသည် ရဲချန်ဖန်နှင့် နီးကပ်လာသည်။
“တိမ်ခွင်းလက်ဝါး … ”
ရဲချန်ဖန်သည် ဓားမိစ္ဆာ သူနှင့် နီးကပ်လာသည်နှင့် တိမ်ခွင်းလက်ဝါးကို ရိုက်ထုတ်လိုက်သည်။ တိမ်ခွင်လက်ဝါးဖြင့် ဓားမိစ္ဆာကို သတ်ဖြတ်နိုင်ရန် မဟုတ်ပဲ ဓားမိစ္ဆာ အရှိန်လျော့ပြီး တုံ့နှေးသွားစေရန် ဖြစ်သည်။ ဓားမိစ္ဆာ တုံ့နှေးသွားပါက နောက်က အရှိန်အဟုန်နှင့် လိုက်ပါလာသော ချော်ရည် လှိုင်းလုံးကြီးက ဓားမိစ္ဆာကို ဝါးမျိုသွားစေရန် ရဲချန်ဖန်က ကြံစည်လိုက်ခြင်း ဖြစ်သည်။
“ရဲချန်ဖန် … မင်းကို ငါ့သတ်မယ် … ”
ဓားမိစ္ဆာသည် တိမ်ခွင်းလက်ဝါးကို အစွမ်းကုန် ရှောင်တိမ်းလိုက်ပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ တိမ်ခွင်းလက်ဝါးကို ဓားမိစ္ဆာ ရှောင်တိမ်းလိုက် နိုင်သော်လည်း ဓားမိစ္ဆာ ပြေးနေသည့် အရှိန်က နှေးသွားလေသည်။ ထို့ကြောင့် ချော်ရည်လှိုင်းက ဓားမိစ္ဆာနှင့် ပြန်၍ နီးကပ်လာသည်။ ထို့ကြောင့် ဓားမိစ္ဆာက သွေးစွမ်းအင်ကို ထပ်မံလောင်ကျွမ်း စေလိုက်ရပြီး အရှိန်မြင့် ပြေးလွှားနေသည်။
သွေးစွမ်းအင်ကို အချိန်အတန်ကြာ လောင်ကျွမ်း စေလိုက်ရသဖြင့် ဓားမိစ္ဆာ၏ ကျင့်ကြံမှု အခြေခံကို အတော်လေး ထိခိုက်သွားစေသည်။ ထို့ကြောင့် ဓားမိစ္ဆာ အစွမ်းသာမက ဓားမိစ္ဆာ၏ ကိုယ်ခန္ဓာထဲရှိ ဝိညာဉ် စွမ်းအင်များပါ မတည်မငြိမ် ဖြစ်လာသည်။
“ရဲချန်ဖန် မင်းကိုငါသတ်ပြီး မင်းပိုင်တာတွေ အားလုံးယူမယ် … ငါ့သွေးစွမ်းအင် လောင်ကျွမ်းအောင် လုပ်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရမယ် …”
ဓားမိစ္ဆာသည် အလွန်ဒေါသ ထွက်နေသောကြောင့် စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
“တိမ်ခွင်းလက်ဝါး … ”
ရဲချန်ဖန်၏ အစွမ်းထက်သော စိတ်အာရုံက ဓားမိစ္ဆာသည် သွေးစွမ်းအင်ကို လောင်ကျွမ်းစေပြီး အစွမ်းကုန် ပြေးလွှားနေသည်ကို သတိထား မိလိုက်သည်။ ထို့ကြောင့် ရဲချန်ဖန်က အရှိန်ကို အနည်းငယ် နှေးလိုက်ကာ ဓားမိစ္ဆာကို တိမ်ခွင်းလက်ဝါးဖြင့် ထပ်မံတိုက်ခိုက် လိုက်သည်။
“မိစ္ဆာဓား … ဖျက်ဆီးစမ်း…”
ဓားမိစ္ဆာက ရဲချန်ဖန်သည် လက်ဝါးဖြင့် ထပ်မံ တိုက်ခိုက်သည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် အလွန် အစွမ်းထက်သည့် လူသတ်သိုင်း ဖြစ်သော မိစ္ဆာဓားသိုင်းကို ထုတ်ဖော် အသုံးပြုလိုက်သည်။
“ဝုန်း … ”
ပေါင်လေးသိန်းကျော် အစွမ်းပါဝင်သော တိမ်ခွင်းလက်ဝါးသည် ဓားမိစ္ဆာ၏ ဓားအလင်းက ဖြိုခွဲလိုက်သည်။ သို့သော် ဓားမိစ္ဆာ ဒဏ်ရာပြင်းထန်စွာ ရထားလျက်နှင့် တိုက်ခိုက် လိုက်ရသောကြောင့် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ဓားမိစ္ဆာ ဒဏ်ရာများသည် ပိုမို ပြင်းထန်လာသည်။ သို့သော် ဓားမိစ္ဆာက သွေးစွမ်းအင် လောင်ကျွမ်းမှုကို ရပ်မပစ်ရဲချေ။ ရပ်လိုက်ပါက အရှိန်လျော့ကျပြီး ချော်ရည်လှိုင်းကြီး၏ ဝါးမျိုခြင်းကို ခံရပေမည်။
“ဓားမိစ္ဆာ ခင်ဗျား ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ … ”
ရဲချန်ဖန်က ဓားမိစ္ဆာ ကိုယ်ထဲတွင် စွမ်းအင် စီးဆင်းမှုမှာ မတည်မငြိမ် ဖြစ်လာသည်ကို တွေ့ရှိနေသည်။ ထို့ကြောင့် ချော်ရည်ပင်လယ် တံတား ဖြတ်သန်းရာတွင် ပြင်းထန်သော ဒဏ်ရာ ရရှိခဲ့ကြောင်း ခန့်မှန်း မိလိုက်သည်။
ထို့ကြောင့် အရှိန်နှင့် အသက်လု ပြေးနေသော ဓားမိစ္ဆာကို ထပ်မံ၍ တိမ်ခွင်းလက်ဝါးဖြင့် ရိုက်ထုတ် တိုက်ခိုက်လိုက်သည်။ ဓားမိစ္ဆာကို သွေးစွမ်းအင် အကြိမ်ကြိမ်အောင် ကုန်ခန်းအောင် ကြိုးစားခြင်းဖြင့် ဓားမိစ္ဆာ ချော်ရည်ပူဖြင့် ဝါးမျိုခြင်း မခံရသည့်တိုင် သူ့အားအန္တရာယ် မပေးနိုင်အောင် ရဲချန်ဖန် ကြိုးစားနေခြင်း ဖြစ်သည်။
“ရဲချန်ဖန် … မင်းကို ငါမရ ရအောင် သတ်ပြမယ်လို့ ကျိန်ဆိုတယ် … ”
ရဲချန်ဖန်၏ တိမ်ခွင်းလက်ဝါးဖြင့် တိုက်ခိုက်မှုကြောင့် သွေးစွမ်းအင်များ အများအပြား လောင်ကျွမ်း နေစေရသဖြင့် ဓားမိစ္ဆာ၏ ဒေါသသည် မိုးထိတိုင် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဓားမိစ္ဆာက ကျိန်ဆဲလိုက်သည်။ သို့သော် ဓားမိစ္ဆာ ဒေါသကား ဘာမှလုပ်မရချေ။ ဓားမိစ္ဆာသည် ချော်ရည်လှိုင်း ဝါးမျိုခြင်း မခံရစေရန် ကျင့်ကြံခြင်း အခြေခံထိခိုက်မှုကို လျစ်လျူရှုပြီး သွေးစွမ်းအင်များကို ထပ်မံညှစ်ထုတ် လောင်ကျွမ်းလိုက်ရသည်။
ဓားမိစ္ဆာသည် ရဲချန်ဖန်ထက် တန်ခိုးအဆင့် မြင့်သောကြောင့် ရဲချန်ဖန် တိုက်ခိုက်မှုကို ဖြိုခွဲဖျက်ဆီး နိုင်သော်လည်း ဒဏ်ရာ ပြင်းထန်စွာ ရနေသည် တစ်ကြောင်း၊ သွေးစွမ်းအင်များကို လောင်ကျွမ်းနေရသည် တစ်ကြောင်း၊ ချော်ရည်လှိုင်း ဝါးမျိုခြင်း မခံရရန် ပြေးနေရသည် တစ်ကြောင်း စသည့် အကြောင်းစုံပေါင်းကာ ဒဏ်ရာက ပိုမိုပြင်းထန်လာပြီး သွေးကြောများပင် ပျက်စီးနေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဓားမိစ္ဆာ တိုက်ခိုက်မှု အစွမ်းက အားပျော့နေခြင်း ဖြစ်သည်။
ရဲချန်ဖန် ကလည်း ဓားမိစ္ဆာကို အနားမပေးဘဲ တိမ်ခွင်းလက်ဝါးကို အဆက်မပြတ် ရိုက်ထုတ် တိုက်ခိုက်နေသည်။ ဒဏ်ရာက ပြင်းသထက် ပြင်းလာပြီး၊ ချော်ရည်လှိုင်းက နီးသထက် နီးလာသောကြောင့် ဓားမိစ္ဆာသည် ယခုအတိုင်း ဆက်သွားပါက ကြာရှည်ခံတော့မည် မဟုတ်မှန်း နားလည်လိုက်သည်။
ထို့ကြောင့် ဓားမိစ္ဆာသည် သူ၏အစွမ်းထက် တန်ဖိုးကြီးလှသည့် မိစ္ဆာဆေးလုံးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူ သောက်သုံးလိုက်သည်။ ဆေးလုံးသည် ထူးဆန်းလှသည်။ အဘယ်ကြောင့် ဆိုသော် အလွန်မည်းနက်ပြီး အဆိပ်ဆေးလုံးနှင့် သဏ္ဌာန် တူလှသောကြောင့် ဖြစ်သည်။
ဓားမိစ္ဆာက မိစ္ဆာဆေးကို သောက်သုံး လိုက်သည်နှင့် အဆုံးမဲ့ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာပြီး အချိန်တို အတွင်းမှာပင် ဓားမိစ္ဆာ အစွမ်းသည် မဟာသားရဲဘိုးဘေး ဆဌမအဆင့်သို့ ရောက်ရှိသွားသည်။ ထို့အပြင် မြန်နှုန်းပါ အဆမတန် တိုးတက်လာသည်။ အံ့ဖွယ် မိစ္ဆာဆေးလုံးပါ တကား။
“အစွမ်းထက်လိုက်တဲ့ ဆေးပဲ…”
ဓားမိစ္ဆာ ဆေးလုံး သောက်ပြီးနောက် အစွမ်းများ တိုးလာသည်ကို ခံစားသိမြင်နေသော ရဲချန်ဖန်သည် အနည်းငယ် တုန်လှုပ်သွားသည်။ ထို့ကြောင့် ဓားမိစ္ဆာကို ဟန့်တားနှောင့်ယှက် တိုက်ခိုက်ရန် မတွေးတော့ဘဲ ရွှေလင်းယုန်သွေးကို လောင်ကျွမ်းစေကာ အရှိန်မြင့်တင် ပျံသန်း ထွက်ပြေး လေတော့သည်။ ဓားမိစ္ဆာသည် မိစ္ဆာဆေးလုံး၏ ဆေးတန်ခိုးကြောင့် အစွမ်းများ တိုးတက်လာ နိုင်သော်လည်း ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားကို ခံစားရမည် ဖြစ်သည်။ ရဲချန်ဖန်ကို ဆေးစွမ်းမပြယ်မီ မသတ်နိုင်ပါက ဓားမိစ္ဆာပင် အန္တရာယ်နှင့် တွေ့ကြုံရနိုင်သည်။
“သွေးအစွမ်း လောင်ကျွမ်းစမ်း … ”
ဓားမိစ္ဆာသည် အလွန် ပြတ်သားသောသူ ဖြစ်သည်။ ထို့ကြောင့် သူမြန်နှုန်း၊ အစွမ်း တိုးလာစေရန် သွေးအစွမ်းများကို ထပ်မံ လောင်ကျွမ်းစေလိုက်ရာ မြန်နှုန်းမှာ ထပ်မံ မြင့်တက်လာပြီး ရဲချန်ဖန်ကိုပင် မီလုမီခင် ဖြစ်လာသည်။ တဖြည်းဖြည်းနှင့် ဓားမိစ္ဆာသည် ရဲချန်ဖန် နှင့် ပိုမိုနီးကပ်လာသည်။ တစ်ကီလိုမီတာ၊ ရှစ်ရာမီတာ၊ ငါးရာမီတာ၊ သုံးရာမီတာ … …
ဓားမိစ္ဆာသည် ချော်ရည်လှိုင်းနှင့် ဝေးကွာပြီး ရဲချန်ဖန်နှင့် မီတာ ငါးဆယ် အကွာအဝေးထိ နီးကပ်လာသောအခါ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဓားမိစ္ဆာ၏ ဓားအလင်းသည် ရဲချန်ဖန်ဆီသို့ လျှပ်စီးအလား ပြေးဝင်သွားသည်။ ရဲချန်ဖန်ကလည်း ရုတ်တရက် ဓားမိစ္ဆာက တိုက်ခိုက် လိုက်သောကြောင့် ရွှေလင်းယုန် တောင်ပံဖြင့် အစွမ်းကုန် ရှောင်တိမ်းလိုက်သည်။ ရဲချန်ဖန် ရှောင်တိမ်းမှုမှာ လျင်မြန်လှသောကြောင့် ဓားမိစ္ဆာ တိုက်ခိုက်မှုကို လွတ်အောင် ရှောင်လိုက်နိုင်သည်။ သို့သော် ရဲချန်ဖန် ပျံသန်းနှုန်းမှာ နှောင့်နှေးသွားသည်။ ထို့ကြောင့် ဓားမိစ္ဆာ နှင့် ရဲချန်ဖန် ကြားက အကွာအဝေးသည် ပိုမိုနီးကပ်လာသည်။
“ရဲချန်ဖန် … ဒီထပ်ခါတော့ မင်းဘယ်လို ရှောင်မလဲ ကြည့်ကြတာပေါ့ … ”
ဓားမိစ္ဆာက သူ၏အစွမ်း အထက်ဆုံး သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ သူက ရဲချန်ဖန်ကို အလျင်အမြန် သတ်ပြီး ရဲချန်ဖန်၏ ရတနာများကို သိမ်းပိုက် နေချင်သည်။
“အသက်ဝိညာဉ် ကျင့်စဉ် … နှစ်ခြောက်ဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း … ”
ဓားမိစ္ဆာ၏ ခြိမ်းခြောက်မှု အန္တရာယ်က အလွန် ပြင်းထန်လာသဖြင့် ရဲချန်ဖန်သည် သတိမလွတ်ရဲချေ။ ထို့ကြောင့် အသက်ဝိညာဉ် ကျင့်စဉ်ကို အသုံးပြုပြီး နှစ်ခြောက်ဆယ် အသက် စွမ်းအင်များကို လောင်ကျွမ်း စေလိုက်သည်။ ချက်ချင်းပင် ရဲချန်ဖန် အစွမ်းများ တဟုန်ထိုး တိုးတက်လာသည်။
“ဘာ … ဒါက ဘယ်လို လျှို့ဝှက်ကျင့်စဉ်လဲ … အဆင့်ကြီး တစ်ခုတောင် တိုးတက်လာအောင် လုပ်လို့ရတယ် ဟုတ်လား … ”
ရဲချန်ဖန်သည် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်မှ မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် လျှပ်တစ်ပြက် အတွင်း ရောက်ရှိသွားသဖြင့် ဓားမိစ္ဆာက အလွန်အံ့ဩ တုန်လှုပ်သွားသည်။
“ဒီကျင့်စဉ်ကို ငါပိုင်ဆိုင် ရစေရမယ် … ”
ဓားမိစ္ဆာ မျက်လုံးထဲတွင် တပ်မက် ရူးသွပ်မှုက ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ကို လုံးဝအလွတ် မပေးရန် ဆုံးဖြတ်လိုက်သည်။
“ယား … ”
ရဲချန်ဖန်သည် သွေးနဂါးနှင့် ပေါင်းစပ်လိုက်ရာ ချက်ချင်းပင် အစွမ်းများထပ်မံ မြင့်တက်လာသည်။ အသက်ဝိညာဉ် ကျင့်စဉ်ကြောင့် ရဲချန်ဖန် မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် ရောက်သွားသောအခါ ခန္ဓာကိုယ် စွမ်းအားသည် ပေါင်ခုနစ်သိန်းထိ တိုးတက်သွားသည်။
“ယား … ရှစ် … ”
ရဲချန်ဖန် ကိုယ်က လှုပ်ရှားသွားပြီး ကောင်းကင်အဆင့်ဓား၊ ဓားအင်အား အမြင့်ဆုံးအဆင့်၊ ပေါင်ခုနစ်သိန်း စွမ်းအားတို့ဖြင့် ဓားမိစ္ဆာကို ထိုးလိုက်သည်။ ဓားအလင်းက ဓားမိစ္ဆာ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … သူ့အစွမ်းက ဘာလို့ ဒီလောက် ထက်နေရတာလဲ … ”
ဓားမိစ္ဆာ မျက်လုံးတွင် မယုံကြည် နိုင်လောက်သော အမူအရာ ဖြစ်ပေါ်လာသည်။ ဓားမိစ္ဆာသည် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင်ဖြစ်သော သူ့အား ရဲချန်ဖန်၏ ဓားဘယ်လောက် စွမ်းစွမ်း ထိခိုက်ဒဏ်ရာ ရအောင် မလုပ်နိုင်ဟု ထင်ထားသောကြောင့် ဖြစ်သည်။ ဓားမိစ္ဆာ စိတ်ထဲတွင် ရဲချန်ဖန် အစွမ်းမှာ လိပ်နက်ဘုရင် နီးပါး အစွမ်းထက်နေပြီ ဟူသော အတွေး ဖြစ်ပေါ်လာသည်။ ထို့အတွေးကြောင့် ဓားမိစ္ဆာသည် အလွန်ကြောက်လန့် တုန်လှုပ်သွားပြီး လက်မခံနိုင် ဖြစ်နေလေသည်