အခန်း ( ၂၂၂ )
အသက်လုပြေးပွဲ
“ဝုန်း … ”
ရဲချန်ဖန်သည် ဥက္ကာပျံခဲကို ပေါင်ငါးသိန်း ငါးသောင်း စွမ်းအား၊ ကောင်းကင်အဆင့် ဓားဖြင့် ထိုးခွဲလိုက်ရာ ဥက္ကာပျံကြီးမှာ အစိတ်အမြွာမြွာ ကွဲထွက်သွားသည်။ သို့သော် ဥက္ကာပျံကြီးသည် ကြီးမားလှပြီး အပူရှိန် များပြားလွန်း သောကြောင့် ဥက္ကာပျံ အစိတ်အပိုင်းများသည် မီးပင်လယ် အဖြစ်ပင် ပြောင်းလဲသွားသည်။
ရဲချန်ဖန်သည် မီးလျှံလမ်းထဲ ရှေ့ဆက် ပျံသန်းနေစဉ် မီးလျှံလမ်းထဲ အနက်ရောင် ဝတ်စုံနှင့် လူသတ်အော်ရာများ ထွက်နေသည့် အဘိုးအိုတစ်ဦး ဝင်ရောက်လာသည်။ ထိုအဘိုးကား တခြားလူ မဟုတ်ပေ။ ရဲချန်ဖန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့် ဓားမိစ္ဆာပင်။
ရဲချန်ဖန်သည် ယခုချိန်ထိ ဥက္ကာပျံ ဆယ်ခုကို တွေ့ကြုံခဲ့ပြီး ဖြစ်သည်။ ဥက္ကာပျံများသည် တစ်လုံးထက် တစ်လုံး ပိုမို ပြင်းထန်လာသည်။ ရဲချန်ဖန် ရှေ့ဆက် ပျံသန်းလာရာ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားသည်။ မီးလျှံများ ထွက်နေသည့် လမ်းအစား နီရဲတောက်ပကာ ချော်ရည် မီးတောက်များဖြင့် ပြည့်နှက်နေသည့် ချော်ရည်ပင်လယ်အဖြစ် ပြောင်းလဲသွားပြီ အပူချိန်က ကြောက်ခမန်းလိလိ အလွန် မြင့်တက်လာသည်။
ချော်ရည်ပင်လယ်ကို ဖြတ်သန်းရန် ချော်ရည်ပင်လယ် အလယ်တွင် ဖြတ်သန်းဆက်သွယ် ထားပုံပေါ်သည့် ကျောက်တံတား တစ်ခုရှိနေသည်။ ကျောက်တံတား တစ်လျှောက်တွင် လေတထန်ထန် တိုက်ခတ်လျက် ရှိသည်။ ချော်ရည်ပင်လယ်မှ ထွက်ပေါ်နေသည် အပူဓာတ်က ရဲချန်ဖန် မျက်နှာကို လာရောက် ရိုက်ခတ်နေရာ ရဲချန်ဖန်၏မျက်လုံး ပြူးသွားလေသည်။
ကျောက်တံတားကို အသုံးပြုပြီး ချော်ရည် ပင်လယ်ကို ဖြတ်ကျော်စဉ် မတော်တဆ ပင်လယ်ထဲ ကျသွားပါက သေဆုံးမည်မှာ မလွဲမသွေ သေချာနေသည်။ ခန္ဓာကိုယ်စွမ်းအား ချွေတာပြီး အန္တရာယ် ကင်းစေရန် ရဲချန်ဖန်သည် ရွှေလင်းယုန် တောင်ပံကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ဓားကို ကိုင် ကျောက်တံတား ပေါ်သို့တက်လိုက်သည်။
“ဝုန်း…”
ရဲချန်ဖန်က ကျောက်တံတားပေါ် ခြေချမိလိုက်သည်နှင့် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးက နီရဲတောက်ပနေသော ကောင်းကင်ပြင်မှ ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် အစွမ်းထက်သည့် အသက်ရှူသံကြီး နှင့်အတူ ချော်ရည် ပင်လယ်ထဲတွင် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ လှိုင်းလုံးကြီးသည် မီတာတစ်ရာခန့် မြင့်မားပြီး ရဲချန်ဖန်ဆီ ဦးတည် တိုက်ခိုက်လာသည်။ တစ်ချိန်တည်းမှာပင် အချင်းဝက် သုံးမိုင်ခန့် ရှည်ပြီး နီရဲတောက်ပသော အလင်းရောင် ထွက်ပေါ်နေသည့် ဥက္ကာပျံကြီးသည် ရဲချန်ဖန် ရပ်နေသည့် နေရာကို ဦးတည် ကျဆင်းလာသည်။
ဧရာမဥက္ကာပျံကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာပျက် သွားလေသည်။ ရဲချန်ဖန်သည် စဉ်စားမနေတော့ဘဲ အရိပ်မဲ့သိုင်း အသုံးပြုကာ အရိပ်ကိုးခုအဖြစ် ကွဲထွက်သွားပြီး ဧရာမဥက္ကာပျံကြီးကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ရဲချန်ဖန် အပေါ် ဧရာမ ဥက္ကာပျံကြီးဆီမှ ဖီအားက သက်ရောက် နေသောကြောင့် ရဲချန်ဖန် စိတ်ရှိသလို လှုပ်ရှားနိုင်ခြင်း မရှိချေ။
လျင်မြန်မှုနှုန်း ကျဆင်းသွားပြီး ဥက္ကာပျံကြီးကို ရှောင်တိမ်းလို့ မဖြစ်နိုင်သလောက် ဖိအားက သက်ရောက်လာသည်။ ထို့ကြောင့် ရဲချန်ဖန်တွင် အားကုန်သုံး ခုခံရန်သာ နည်းလမ်း ရှိတော့သည်။ ရဲချန်ဖန်သည် ကောင်းကင်အဆင့်ဓားကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ ကောင်းကင်မှ သူ့ထံ ကျဆင်းလာနေသည့် ဥက္ကာပျံကြီးကို အားကုန်ထုတ် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် ကံဆိုးသည်မှာ ချော်ရည် လှိုင်းလုံးကြီးကပါ ဥက္ကာပျံကြီး နှင့်အတူ တစ်ပြိုင်နက် ရဲချန်ဖန်ဆီ ဝင်ရောက် တိုက်ခတ်လာခြင်းပင်။
“ဝုန်း … ”
ကောင်းကင်အဆင့်ဓားက ဥက္ကာပျံကို ထိမှန်သွားသည်နှင့် အလွန်ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြီး ဥက္ကာပျံကြီးပေါ်တွင် အက်ကွဲရာများ စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် ချော်ရည်လှိုင်းကပါ ရဲချန်ဖန်ကို ဝင်ရောက် တိုက်ခိုက်ပြီး အဆုံးမဲ့ ပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပေါ်လာသည်။
အရှိန်မသေ သေးသော ဥက္ကာပျံက ရဲချန်ဖန်ဆီ ဆက်လက် တိုးဝင်လာကာ ရဲချန်ဖန်ကို လွမ်းခြုံ ဖုံးလွမ်းပြီး ပေါက်ကွဲသွားသည်။ ရဲချန်ဖန် ကိုယ်ခန္ဓာကို ဥက္ကာပျံက ထိမှန်ပေါက်ကွဲ သွားသောကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားသည်။ ထို့နောက် ပေါက်ကွဲမှု အရှိန်က ရဲချန်ဖန်ကိုယ်ထဲ ဆက်လက် ဝင်ရောက် ပေါက်ကွဲနေရာ သူသည် တစ်ကိုယ်လုံး တုန်ခါနေပြီး ပြင်းထန်သော အတွင်းဒဏ်ရာပါ ရရှိသွားသည်။
ထို့အပြင် ဥက္ကာပျံက အပူကြောင့် ရဲချန်ဖန်၏ကိုယ်သည် မီးခဲအလား ပူလောင်နေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သာ သူ့ကိုယ်ထဲ ဝင်ရောက်လာသော အပူချိန် ကိုးဆယ်ကိုး ရာခိုင်နှုန်းခန့်ကို ဖမ်းယူ စုပ်ယူထားခြင်း မရှိပါက ရဲချန်ဖန်တွင် အသက်တစ်ရာပင် ရှိသော်လည်း ဆက်လက် အသက်ရှင်မည် မဟုတ်ပေ။
“ပေါင်ငါးသိန်း ငါးသောင်းကျော် အစွမ်း … ”
ရဲချန်ဖန်သည် ပေါင်ငါးသိန်း ငါးသောင်းကျော် အစွမ်းအသုံးပြုကာ ဆက်လက် ပေါက်ကွဲနေသော ဥက္ကာပျံ စပေါက်ကွဲမှုများကို ကောင်းကင် အဆင့်ဓားဖြင့် တိုက်ခိုက် ဖယ်ရှားလိုက်သည်။ ဆယ်ငါးမိနစ်ခန့် ကြာပြီးနောက် ရဲချန်ဖန်ရှေ့တွင် ရှိနေသော ဥက္ကာပျံများ ပျောက်ကွယ်သွားပြီး ဖြစ်သော်လည်း လေထု တစ်ခုလုံးသည် ပြင်းထန်လှသော အပူရှိန် လှိုင်းများဖြင့် ဆက်လက် ပေါက်ကွဲနေသည်။
“အင်း … ဒီဥက္ကာပျံ အစွမ်းက ကြောက်ဖို့ ကောင်းလိုက်တာ … ငါသာ အရိုးသန်မာစေခြင်း အဆင့် အောင်မြင်အောင် မကျင့်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ မတွေးဝံ့ဘူး … ”
ရဲချန်ဖန် ဝိညာဉ်အဆင့် ဆေးလုံးတစ်လုံးကို ထုတ်ယူ သောက်လိုက်သည်။ ထို့နောက် မြေပေါ်ထိုင်ချပြီး ဝိညာဉ်စုပ်သိုင်းကို လေ့ကျင့်လိုက်သည်။ တစ်နာရီကျော်ကြာ လေ့ကျင့်ပြီးနောက် ရဲချန်ဖန် ဒဏ်ရာများ အနည်းငယ် သက်သာလာသည်။ ရဲချန်ဖန်လည်း ဒဏ်ရာများကို ဆက်မကုစားဘဲ တံတားပေါ် ပြန်တက်လိုက်ပြီး ချော်ရည် ပင်လယ်ကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။
ချော်ရည် ပင်လယ်နားတွင် ရပ်တန့်နေပါက စက္ကန့်နှင့်အမျှ ရဲချန်ဖန်တွင် အန္တရာယ် ရှိနေလေသည်။ ထို့ကြောင့် ရဲချန်ဖန်က ဒဏ်ရာသက်သာမှ တံတားကို ကျော်ဖြတ်မည့် အစီစဉ်ကို မစဉ်းစားတော့ချေ။
ရဲချန်ဖန် တံတားပေါ် တက်လျှောက်လာပြီး မကြာမီပင် ဥက္ကာပျံကြီး တစ်ခုက ထပ်မံ ထွက်ပေါ်လာပြီး ရဲချန်ဖန်ဆီ ဦးတည် ကျဆင်းလာ ပြန်သည်။ ရဲချန်ဖန်သည် သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် စွမ်းအားကို အသုံးပြု၍ ခက်ခက်ခဲခဲ ခုခံလိုက်ပြီး ဥက္ကာပျံကို ဖျက်ဆီး တိုက်ခိုက် လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ရဲချန်ဖန်၏ ဒဏ်ရာများက ပိုမိုဆိုးရွားလာသည်။ သို့သော် ရဲချန်ဖန်သည် အနားမယူဘဲ အာတင်းကာ ရှေ့ဆက် လျှောက်လှမ်းနေသည်။
“တံတားအဆုံးကို မြင်နေရပြီ … ”
ရဲချန်ဖန်က မကြာမီ တံတားအဆုံးကို မြင်လိုက်ရ၍ အားတက်ပြီး အလျင်အမြန် လျှောက်လှမ်း လိုက်သည်။ သို့သော် ဧရာမ ဥက္ကာပျံကြီး ရှစ်ခုက တစ်ပြိုင်နက်တည်း ရဲချန်ဖန် ရှိရာ ကျဆင်းလာသည်။ ရဲချန်ဖန်က တံတား အဆုံးကိုလည်း မြင်နေရပြီဖြစ်ရာ ရွှေလင်းယုန် တောင်ပံကို အသုံးပြုကာ တံတားအဆုံးဆီ လျင်မြန်စွာ ပျံသန်းလိုက်သည်။
ရဲချန်ဖန် ချော်ရည်ပင်လယ်ကို ကျော်ဖြတ်ပြီး တံတားအဆုံးနား ရောက်စဉ် ကြီးမားသော ချော်ရည်လှိုင်းကြီးက ရုတ်တရက် ဖြစ်ပေါ်လာသည်။ ချော်ရည်လှိုင်းက ရဲချန်ဖန်ကို ပုတ်ခတ်ရန် ဒေါသတကြီးနေသည့် မြွေတစ်ကောင်အလား ပြေးဝင်လာသည်။ ချော်ရည်လှိုင်းသည် ဥက္ကာပျံလောက် အရွယ်အစား မကြီးမားသော်လည်း ချော်ရည်ပူများဖြင့် ဖွဲစည်းထား သောကြောင့် ကြောက်မက်ဖွယ် မီးအလျှံက တဟဲဟဲဖြင့် တောက်လောင်နေသည်။ ရဲချန်ဖန်ကို လာရောက်မထိမှန် သေးသော်လည်း ချော်ရည်လှိုင်းက ထွက်ပေါ်လာသည့် အပူရှိန်ကြောင့်ပင် ရဲချန်ဖန် ကိုယ်ပေါ် ကြီးမားသည့်ဖိအား ဖြစ်ပေါ်နေသည်။
“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း … ”
ချော်ရည်လှိုင်းကြီး ရဲချန်ဖန်ကို မထိမှန်မီ ရဲချန်ဖန်သည် အရဲစွန့်ကာ မဟာအေးခဲခြင်း အကွက်ဖြင့် ချော်ရည်လှိုင်းကြီးကို အားကုန်တိုက်ခိုက် လိုက်သည်။ တာအိုအစွမ်း ပါနေသော မဟာအေးခဲခြင်း အကွက်ကြောင့် ချော်ရည် လှိုင်းလုံးကြီးသည် ပြိုကွဲထွက်သွားပြီး ရဲချန်ဖန်ထံ ရောက်ရှိလာခြင်း မရှိတော့ပေ။
ထိုအချိန်တွင် ဥက္ကာပျံများကလည်း ရဲချန်ဖန်နှင့် နီးကပ်လာပြီ ဖြစ်သည်။ သူလည်း ဘာမှ မစဉ်းစားတော့ဘဲ ရွှေလင်းယုန် တောင်ပံကို အစွမ်းကုန် ထွက်ကာ ချော်ရည်ပင်လယ် အဆုံးဆီ ပျံသန်းလိုက်သည်။ ဥက္ကာပျံရှစ်ခု ထိမှန်ပေါက်ကွဲပါက ရဲချန်ဖန်၏ ခန္ဓာကိုယ်မှာ ယခုထက် ဆယ်ဆမက ပို၍အစွမ်းထက် နေလျှင်ပင် ခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဥက္ကာပျံများကို လုံးဝမခုခံတော့ဘဲ အစွမ်းကုန် ပျံသန်းလိုက်သည်။ ရဲချန်ဖန် တံတားပေါ်မှ လွန်မြောက်ပြီး မြေကြီးပေါ်နှင့် ခြေချလိုက်သည်နှင့် ဥက္ကာပျံကြီး ရှစ်ခုသည် ရဲချန်ဖန် ရပ်နေခဲ့သည့် နေရာကို ထိမှန်ပေါက်ကွဲ လေတော့သည်။ ပြင်းထန်လှသည့် ပေါက်ကွဲမှုကြောင့် ချော်ရည် ပင်လယ်ထဲတွင် မုန်တိုင်း တိုက်ခတ်သည့်အလား လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ ရဲချန်ဖန် ကံကောင်းပေစွ။
“ဟေး … ငါ နောက်ဆုံးတော့ လွတ်မြောက်လာပြီ … ”
ရွှေလင်းယုန် တောင်ပံကို သိမ်းဆည်းပြီး မြေပေါ် ခြေချလိုက်သည်နှင့် ရဲချန်ဖန် ရပ်ပင် မရပ်နိုင်တော့ဘဲ မြေပေါ်လဲကျသွားသည်။ ထို့နောက် အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။
“ဒီမီးလျှံလမ်းမှာ နောက်ထပ် အန္တရာယ်တွေ ရှိနေသေးလား … ဘာတွေ ထပ်ဖြစ်နိုင်မလဲ …”
ရဲချန်ဖန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လောလောဆယ် ဘာအန္တရာယ်မှ မရှိသေးသော်လည်း နောက်ကျလျှင် ပြောမရချေ။ ထို့ကြောင့် ရဲချန်ဖန် အားတင်းကာ ထထိုင်လိုက်သည်။ ထို့နောက် ဝိညာဉ်ဆေးလုံး တစ်လုံး သောက်သုံးပြီး ဒဏ်ရာများကို ကုစားလိုက်သည်။
သုံးနာရီကျော် ကြာပြီးနောက် ရဲချန်ဖန်သည် ဝိညာဉ်ဆေးလုံး သုံးလုံး သောက်ပြီးသကာလ ဒဏ်ရာမှာ အတော်အတန် သက်သာလာသည်။ ရဲချန်ဖန် ဒဏ်ရာများကို ဆက်ကုစားနေစဉ် သူ၏ထက်မြက်သော စိတ်ဝိညာဉ်က အန္တရာယ် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ ရဲချန်ဖန် မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။
“ဓားမိစ္ဆာ … သူငါ့နောက် လိုက်မီလာပြီပဲ … ”
ရဲချန်ဖန်က ချော်ရည် ပင်လယ်ဘက် ကြည့်လိုက်ရာ တံတားပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေသော ဓားမိစ္ဆာကို မြင်တွေ့လိုက်သည်။ ရဲချန်ဖန်လည်း ကြောင်ငေးမနေဘဲ ရွှေလင်းယုန်တောင်ပံ အသုံးပြုကာ မီးလျှံလမ်း အဆုံးရှိရာကို စတင်ပျံသန်း ပြေးလွှားတော့သည်။ ဓားမိစ္ဆာသာ သူ့ကို မီလာပါက ဓားစက်ရုပ်၏ အကူအညီ မရှိသောကြောင့် ဓားမိစ္ဆာကို ရဲချန်ဖန် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
“ရဲချန်ဖန် … မင်းဘယ်ကို ပြေးမှာလဲ … ”
ဓားမိစ္ဆာသည် လူသတ်စိတ်ဖြင့် အော်ဟစ်လိုက်သည်။ ဓားမိစ္ဆာသည် ရဲချန်ဖန် ရွှေလင်းယုန်တောင်ပံ အသုံးပြု၍ ပျံသန်း ထွက်ပြေးသည်ကို မြင်လိုက်သည်နှင့် အမြန်နှုန်း မြင့်တင်ကာ အစွမ်းကုန် ပြေးလိုက် လေတော့သည်။
“ဝုန်း … ဝုန်း”
ဓားမိစ္ဆာက ချော်ရည်ပင်လယ်ကို ဖြတ်ကျော်ပြီး ကုန်းပေါ်တက်ရန် အနည်းငယ်သာ ကွာဝေးတော့ချိန်တွင် ချော်ရည် ပင်လယ်ထဲမှ မီတာ ငါးရာကျော် မြင့်မားသည့် လှိုင်းလုံးကြီးက ဖြစ်ပေါ်လာသည်။ လှိုင်းလုံးကြီးဆီမှ အပူရှိန်သည် ကြောက်မက်ဖွယ် ထွက်ပေါ်နေရာ ဓားမိစ္ဆာလို မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင် မဆိုထားနှင့် မဟာသားရဲဘုရင် ဒုတိယအဆင့်ပင် ထိုကဲ့သို့ အပူကိုခုခံနိုင်မည် မဟုတ်ပေ။ ကုန်းပေါ်တွင် ရှိနေသော ရဲချန်ဖန်ပင် မျက်လုံးများ ပြူးကျယ်သွားသည်။ ချော်ရည် လှိုင်းလုံးကြီးသည် ဓားမိစ္ဆာနှင့် ရဲချန်ဖန်တို့ဘက် ဦးတည် ရိုက်ခတ်လာသည်။
“မကောင်းတော့ဘူး … ”
ဓားမိစ္ဆာသည် ချော်ရည်လှိုင်းလုံး ရိုက်ခတ်လာသည် မြင်လိုက်သည်နှင့် ဘာမှ မစဉ်းစားတော့ဘဲ သွေးစွမ်းအင် အတော်တော်များများကို လောင်ကျွမ်းစေကာ တံတားပေါ်မှ ကုန်မြေပေါ်သို့ အစွမ်းကုန် ပြေးထွက်လိုက်သည်။ ရဲချန်ဖန်လည်း မီတာ ရာပေါင်းများစွာ မြင့်မားသော လှိုင်းကြီး ရိုက်ခတ်လာပါက ကုန်းပေါ် ရောက်နေသော်လည်း မလွတ်မြောက်မှန်း နားလည်ထား သောကြောင့် ရွှေလင်းယုန် တောင်ပံကို အစွန်းကုန် ခတ်ကာ ချော်ရည်လှိုင်းလုံး ရိုက်ခတ်ခြင်းမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်