Switch Mode

Chapter – 221

အရိုးသန်မာစေခြင်း အဆင့် အောင်မြင်ခြင်း

အခန်း ( ၂၂၁ )
အရိုးသန်မာစေခြင်း အဆင့် အောင်မြင်ခြင်း

“ခွေးကောင်လေး … မင်း ဘယ်ကိုပြေးမှာလဲ … ”

လိပ်နက်ဘုရင်က အဆင့်မြင့် မြေကမ္ဘာအဆင့် လှံတံကို ပါးစပ်ထဲ မျိုချကာ ဗိုက်ထဲတွင် သိမ်းဆည်း လိုက်သည်။ ထို့နောက် ရဲချန်ဖန်နောက် လိုက်ဖမ်းတော့သည်။ ရွှေရောင်ချပ်ဝတ် တန်ဆာဝတ် စစ်သူကြီးနှစ်ဦး စောင့်ရှောက်လျက် ရှိသော ကျောက်တုံး တောအုပ်သည် စစ်သူကြီးများ သေဆုံးသွားကြောင့် အန္တရာယ် မရှိတော့ချေ။ ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံဖြင့် အစွမ်းကုန် ပျံသန်းခဲ့သောကြောင့် တစ်နာရီနားပါး ပျံသန်းပြီးနောက် ကျောက်တုံးတောအုပ် အစပ်နားသို့ ရောက်ရှိလာသည်။

“ကျွင်းနက်ကြီး … ”

ရဲချန်ဖန်က ကျောက်တုံးတောအုပ် အဆုံးတွင် ကျွင်းနက်ကြီး တစ်ခုကို မြင်တွေ့ လိုက်သည်နှင့် စဉ်းစားခြင်း မပြုတော့ဘဲ ကျွင်းနက်ကြီးထဲ တစ်ခါတည်း ပျံသန်း ဝင်ရောက်သွားသည်။ ကျွင်းနက်ထဲ ရောက်သည်နှင့် ရဲချန်ဖန်မှာ ပျောက်ကွယ် သွားလေသည်။ မကြာမီပင် လိပ်နက်ဘုရင်သည် ကျွင်းနက်ကြီးနား ရောက်လာကာ ကျွင်းနက်ထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။

“အင်း … ဒီခန်းမထဲမှာ ဘယ်ရောက်နိုင်မှန်း မသိတဲ့ လမ်းနှစ်သွယ် ရှိနေတာပဲ … ”

ရဲချန်ဖန်က ကျွင်းနက်ထဲ ဝင်ရောက်ပြီးသည်နှင့် စကြဝဠာလေဝဲများ ခဏတာ ဖြတ်သန်းပြီးနောက် တိတ်ဆိတ် ငြိမ်သက်နေသော ခန်းမ တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ခန်းမအဆုံးတွင် မည်သည့် နေရာကို ရောက်သွားမည်မှန်း မသိနိုင်သော လမ်းနှစ်သွယ် ရှိနေသည်။ ထိုလမ်းနှစ်သွယ်မှ တစ်လမ်းသည် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်နေပြီး ကျန်တစ်လမ်းမှမူ မီးတောက်မီးလျှံများ ထွက်ပေါ်နေသည်။

“မိုးကြိုးလမ်းသွယ်ပဲ ဖြစ်ဖြစ် … မီးလျှံလမ်းပဲ ဖြစ်ဖြစ် … ဘာလမ်းကို မင်းရွေးချယ် … ရွေးချယ် အောင်မြင်ဖို့ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတယ် … မင်း လက်လျှော့ အရှုံးပေးလိုက်ရင် ဆုတွေရမယ် … ”

ရဲချန်ဖန်က လမ်းနှစ်သွယ်ကို စူးစမ်းရန် လမ်းနှစ်သွယ်ဆီ ချဉ်းကပ်သွားစဉ် လမ်းနှစ်သွယ် အလယ်ရှိ ကျောက်တိုင်ကြီးဆီမှ စကားသံ ထွက်ပေါ်လာသည်။ ကျောက်တိုင်ကြီး ပေါ်တွင် အံ့ဖွယ်သက်ဝင် လှုပ်ရှားနေသော နဂါးတစ်ကောင်နှင့် ဖီးနှစ်တစ်ကောင်တို့ ရှိနေသည်။ ကျောက်တိုင်ပေါ်မှ နဂါးနှင့် ဖီးနှစ်ငှက်တို့သည် ရဲချန်ဖန် ရောက်ရှိလာမှ သက်ဝင်လှုပ်ရှား လာကြခြင်း ဖြစ်သည်။ ရဲချန်ဖန် နဂါးနှင့်ဖီးနှစ်တို့ ကခုန်နေသည့် ကျောက်တိုင်ကြီးကို ကြည့်ပြီး အံ့ဩမှင်သက် သွားသည်။ ကျောက်တိုင်ကြီးဆီမှ ကြောက်မက်ဖွယ် ဖိအားများက ထွက်ပေါ်နေသည်။

“ငါ ဘယ်လမ်းကို ရွေးသင့်လဲ … ”

ရဲချန်ဖန် မိုကြိုးနှင့် မီးလျှံ လမ်းတစ်ခုစီကို ကြည့်ပြီး စဉ်းစားရကျပ်ပြီး အနည်းငယ်ဒွိဟ ဖြစ်နေသည်။

“မီးလျှံလမ်း ကိုရွေးမယ် … ”

ရဲချန်ဖန်က မိုးကြိုးစွမ်းအင်ကို ကြိုက်နှစ်သက်သော လိပ်နက်ဘုရင်သည် မိုးကြိုးလမ်းကို ရွေးချယ်မည်ဟု ခန့်မှန်းလိုက်သည်။ ရဲချန်ဖန်သည် လိပ်နက်ဘုရင်နှင့် ရင်ဆိုင်လိုခြင်း မရှိသေးပေ။

“တော်တော် ပူတာပဲ … ”

မီးလျှံလမ်းကို ဝင်လာသည်နှင့် ရဲချန်ဖန်သည် ဓားစက်ရုပ်နှင့် စိတ်ချင်း ဆက်နွှယ်မှုမှာ ပြတ်တောက်သွားသည်။ မီးလျှံလမ်းသည် အထဲရောက်သည်နှင့်အမျှ ပိုမို ပူပြင်းလာပြီး မီးလျှံများနှင့် ပြည့်နှက်နေသည်။ ရဲချန်ဖန်၏ အသားများသည် စတင်ပူကျက်လာပြီး ချွေးများမှာ ရေချိုးထားသည့်အလား ထွက်လာနေသည်။ မကြာမီ ရဲချန်ဖန်သည် အပူဒဏ်ကြောင့် အရည်ပျော်မတတ် ခံစားလာသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် … ”

ရဲချန်ဖန်သည် မီးလျှံလမ်းတွင် တဖြည်းဖြည်း ပူလောင်လာသောကြောင့် အသားများ နီရဲကာ ကွဲအက်လာနေသည်။ ထို့ကြောင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကို အသုံးပြုကာ အပူစွမ်းအင် မီးလျှံများကို စုပ်ယူလိုက်သည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သည် စွမ်းအင်ဟူသမျှကို စုပ်ယူနိုင်သဖြင့် ရဲချန်ဖန် အပူဒဏ်ကို ခံနိုင်ရည် ရှိလာသည်။ ထိုအချိန်တွင် ကြီးမားလှသည့် မီးရှိန်ရှိန်ဟီး လောင်ကျွမ်းနေသည့် ဥက္ကာပျံ တစ်ခုက ရဲချန်ဖန် ရပ်နေသည့် နေရာပေါ် လျင်မြန်စွာ ကျဆင်းလာသည်။

“သွေးနဂါး … ပေါင်လေးသိန်း ငါးသောင်းကျော် စွမ်းအား … ”

ရဲချန်ဖန်က ဥက္ကာပျံထံမှ ကြောက်မက်ဖွယ် အန္တရာယ် အငွေ့အသက် ရနေ၍ ချက်ချင်းပင် သွေးနဂါး၊ ပေါင်းလေးသိန်း ငါးသောင်းကျော် စွမ်းအား၊ ကောင်းကင့်အဆင့် ဓားတို့ပေါင်းစပ်ပြီး ဥက္ကာပျံကို ရိုက်ထုတ်လိုက်သည်။

“ဝုန်း … ”

ရဲချန်ဖန်က အစွမ်းကုန် ရိုက်ထုတ် လိုက်သောကြောင့် ဥက္ကာပျံသည် ဖျက်ဆီး မရနိုင်သည့် သံတုတ်ကြီးနှင့် ရိုက်ခတ်မိသည့် အလား တစ်စစီ လေထဲတွင် ပျံဝဲပေါက်ကွဲ သွားသည်။ ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကို ရဲချန်ဖန်၏ ကောင်းကင်အဆင့်ဓားမှ ခံစားလိုက်ရသည်။

ထို့နောက် ရဲချန်ဖန် လက်များသည် တုန်ခါ အက်ကွဲပြီး သွေးများ ထွက်လာသည်။ ထိုမျှမကပဲ ရိုက်ခတ်မှုဒဏ်မှာ ပြင်းထန်လှသဖြင့် ရဲချန်ဖန် သွေးများပင် အန်ထုတ် လိုက်ရသည်။ ရဲချန်ဖန်သည် သက်ပြင်းချ လိုက်မိသည်။ သူ ဒီလောက်ဒဏ်ရာရပြီး ဥက္ကာပျံကို ဖြိုခွင်း လိုက်နိုင်ခြင်းသည် ကံကောင်းလွန်းလို့သာ ဖြစ်သည်။ ဥက္ကာပျံသာ မပြိုကွဲပဲ သူ့ပေါ် ကျရောက် ပေါက်ကွဲပါက အရှင်လတ်လတ် မီးမြှိုက်ခံရပြီး လောင်ကျွမ်း သေဆုံးသွားမည် ဖြစ်သည်။ ရုတ်တရက် မီးလောင်ကျွမ်းခြင်းကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်လည်း ကာကွယ်ပေး နိုင်လိမ့်မည် မဟုတ်ပေ။

“ဟူး … ကြည့်ရတာ ငါ့လက်ရှိ အစွမ်းနဲ့ဆို မီးလျှံလမ်းကို ဖြတ်ကျော်အောင်မြင်နိုင်ဖို့ တော်တော်ခက်လိမ့်မယ် … ”

မီးလျှံလမ်း၏ ခက်ခဲနိုင်မှုကို စဉ်းစားပြီး ရဲချန်ဖန် အနည်းငယ် တွေဝေနေသည်။ ထို့နောက် ငန်းဥအရွယ် မိစ္ဆာအရိုး သလင်းကျောက်တုံး တစ်တုံး ထုတ်ယူလိုက်ပြီး စွမ်းအင်များကို စုပ်ယူရန် ပြင်ဆင်လိုက်သည်။ အရိုးသန်မာစေခြင်း အဆင့် အောင်မြင်မှသာ မီးလျှံလမ်းကို ဖြတ်ကျော်နိုင် လိမ့်မည်ဟု ရဲချန်ဖန် အာရုံရနေသည်။ ရဲချန်ဖန်သာ အရိုးသန်မာစေခြင်း အဆင့် အောင်မြင်ပါက ခန္ဓာကိုယ် စွမ်းအားသည် ပေါင်ငါးသိန်း ငါးသောင်းထိ ရောက်သွားမည် ဖြစ်သည်။ ထို့အစွမ်းနှင့်ဆိုလျှင် သာမန် အန္တရာယ်လောက်ကို စိုးရိမ်စရာ မလိုတော့ပေ။

“ဘာလို့ ဒီကျောက်တုံးထဲက မိစ္ဆာဓာတ်တွေက ဒီလောက် အားပျော့နေရတာလဲ … … ”

ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်များထဲရှိ စွမ်းအင်ကို စတင်စုပ်ယူ လိုက်သည်နှင့် ခါတိုင်းလို မိစ္ဆာဓာတ်များသည် ပြင်းထန်ခြင်း မရှိဘဲ အားအလွန် ပျော့နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မိစ္ဆာအရိုး သလင်းကျောက်မှ မိစ္ဆာဓာတ်ကို နတ်ဦးနှောက်က အလွယ်တကူ စုပ်ယူလိုက်သည်။

“ဝိညာဉ်စုပ်သိုင်း … စုပ်ယူစမ်း … ”

နတ်ဦးနှောက်က မိစ္တာဓာတ်များ စုပ်ယူပြီးနောက် ရဲချန်ဖန်သည် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ မိစ္ဆာအရိုး သလင်းကျောက်မှ စွမ်းအင်များကို စတင် စုပ်ယူတော့သည်။ ပို၍ ထူးခြားနေသည်မှာ ရေအောက်လိုဏ်ဂူ အတွင်းပိုင်းမှ မိစ္ဆာအရိုး သလင်းကျောက်များသည် မိစ္ဆာဓာတ် အားပျော့ကာ စွမ်းအင်ကမူ ပိုမိုသန့်စင် များပြားနေခြင်းပင်။

အမှန်မှာ လိုဏ်ဂူသခင်သည် ရေအောက်လိုဏ်ဂူ အပြင်ဘက်ခြမ်းတွင် ထားရှိခဲ့သော စက်ရုပ်များအတွင်း အရည်အသွေး ညံ့ဖျင်းပြီး၊ မိစ္ဆာစွမ်းအင် ကြမ်းတမ်း များပြားသော မိစ္ဆာအရိုး သလင်းကျောက်များ ထည့်သွင်း တည်ဆောက် ထားခဲ့ပြီး ရေအောက်လိုဏ်ဂူ အတွင်းပိုင်းမှ စက်ရုပ်များကိုမူ စွမ်းအင်သန့်စင်မှု မြင့်မားပြီး မိစ္ဆာဓာတ် ပါဝင်မှုနည်းသော ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် မိုယုရန်ဆီမှ ရသော မိစ္ဆာအရိုး သလင်းကျောက်များသည် စွမ်းအင် နည်းပါးပြီး မိစ္ဆာဓာတ် များပြားခြင်းပေ။ ယခု ရဲချန်ဖန် ရေအောက်လိုဏ်ဂူ အတွင်းမှ ရသော မိစ္ဆာအရိုး သလင်းကျောက်များသည် မိစ္ဆာဓာတ် ပါဝင်မှုအားနည်းပြီး စွမ်းအင်က အလွန် သန့်စင်နေခြင်းပင်။

သန့်စင် များပြားလှသည့် စွမ်းအင်များ သွေးကြောထဲ စတင် ရောက်ရှိလာသည်နှင့် ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လှည့်ပတ်ကာ အရိုးသန်မာစေရန် စတင် လေ့ကျင့်လိုက်သည်။ ကောင်းကင်ခန္ဓာ ကျင့်စဉ် လှည့်ပတ်လိုက်သည်နှင့် စွမ်းအင်များက အရိုးများကို စတင်ကြိတ်ချေ ပြန်လည် တည်ဆောက်နေသည်။ အရိုးများကို ကြိတ်ချေ ပြန်လည် တည်ဆောက်သည့် ဖြစ်စဉ်ကြောင့် ရဲချန်ဖန် အသည်းခိုက်မတက် နာကျင်မှု ဝေဒနာကို စတင်ခံစား ရတော့သည်။

“ဟူး … စွမ်းအင်တွေက ပိုမိုသန့်စင်တော့ အရိုးတွေ ကြိတ်ချေ တည်ဆောက်တာ ပိုမို ပြင်းထန်လာတာပဲ … ပြီးတော့ ငါသွေးထဲမှာ ဒီစွမ်းအင်ကို ခုခံနိုင်တဲ့ အစွမ်းတစ်မျိုး ရှိနေသလိုပဲ … ဒါကြောင့် ငါနာကျင်မှုက ပိုပြီး အရင်အခေါက်တွေထက် ပြင်းထန်လာတာပဲ … ”

ရဲချန်ဖန်က နာကျင်မှုကို အံများကြိတ်ကာ တောင့်ခံနေသည်။ ထို့ကြောင့် ရဲချန်ဖန် နဖူးပေါ်တွင် သွေးကြောများ ဖောင်းထနေသည်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။ ရဲချန်ဖန်သည် နာကျင်မှု ဒဏ်မှာပို၍ ပြင်းသထက် ပြင်းလာနေသည်ကို ခံစားနေရသည်။

သို့သော် ရဲချန်ဖန်သည် စွမ်းအင်စုပ်ယူမှုကို ရပ်တန့်ပြီး လေ့ကျင့်မှုကို မရပ်တန့်ရဲချေ။ မီးလျှံလမ်းသည် သူထင်သည်ထက် များစွာ ကြောက်မက်ဖွယ် ကောင်းသည်ကို ရဲချန်ဖန် နားလည်ထား သောကြောင့် ဖြစ်သည်။ ထို့အပြင် လိပ်နက်ဘုရင်၏ အန္တရာယ်ကလည်း ရှိနေလေသည်။ သူသာ အစွမ်း အလျင်အမြန် မတိုးတက်လာပါက မကြာခင်ပင် လိပ်နက်ဘုရင်၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။

“မိုးကြိုး မြက်ပင် စုပ်ယူတုန်းက မိုးကြိုးအစွမ်းက အရိုးတွေ ကြိတ်ချေတာကို အရှိန်မြင့် ကြိတ်ချေပေးနိုင်တယ် … အင်း … မီးလျှံမှာရော ဒီလိုအစွမ်း ရှိနေမလား … ”

ရဲချန်ဖန်သည် ကောင်းကင်မိုးကြိုး မြက်ပင် စုပ်ယူခဲ့စဉ်က မိုးကြိုးအစွမ်းသည် အရိုးများကို ကြိတ်ချေရာတွင် ကူညီပေးနိုင် ခဲ့သောကြောင့် မီးလျှံတွင်လည်း ထိုအစွမ်းရှိပြီး အရိုးများကို ကူညီကြိတ်ချေ ပေးနိုင်မလားဆိုတာ စမ်းသပ်ကြည့်ရန် အတွေး ဖြစ်ပေါ်လာသည်။

ထို့ကြောင့် ရဲချန်ဖန်သည် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ဖြင့် ကာကွယ်ထားသော မီးလျှံ အပူဓာတ်များကို ဖိနှိပ်ကာ သွေးကြောများထဲသို့ အနည်းငယ် ပို့လွတ်စမ်းသပ် ကြည့်လိုက်သည်။ ထို့နောက် စွမ်းအင် စီးကြောင်းများအတိုင်း မီးလျှံဓာတ်များကို ပေါင်းစပ်ပြီး အရိုးများကို ကြိတ်ချေ ကြည့်လိုက်သည်။ ရဲချန်ဖန်သည် အလွန် နာကျင်မှုနှင့်အတူ ပူလောင်မှုကို ခံစားလိုက်ရသည်။ သူသည် မီးတွင်းထဲသို့ သက်ဆင်းသွားသည့် အတိုင်း ပူလောင်လာသည်။

သို့သော် ရလဒ်မှာ အံ့ဖွယ်ကောင်းအောင် တိုးတက်လာသည်။ ပူလောင်နာကျင် လှသော်လည်း အရိုးများ ကြိတ်ချေ တည်ဆောက်မှုမှာ ပိုမို မြန်ဆန်လာသည်။ ရဲချန်ဖန်သည် မလျှော့သောဇွဲ၊ သံဓိဌာန်ဖြင့် နာကျင်မှု ဝေဒနာကို တောင့်ခံနေသည်။ စက္ကန့်၊ မိနစ်တိုင်းသည် ငရဲဘုံသို့ ရောက်နေသည့် အလားပင်။ သို့သော် ရဲချန်ဖန်တွင် လေ့ကျင့်ခြင်းကို ရပ်တန့်ရန် စိတ်ကူး တစ်စက်မျှ မရှိချေ။ အောင်မြင်ချင်လျှင် အနာခံရမည် မဟုတ်ပါလော။ မကြိုးစား မသည်းခံပဲ ဘယ်တော့မှ မအောင်မြင်နိုင်ချေ။ စွမ်းအင်နှင့် မီးလျှံတို့က ရဲချန်ဖန် အရိုးများကို အဆက်မပြတ် ကြိတ်ချေ၊ တည်ဆောက်နေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး အရိုးသန်မာစေခြင်း ပြီးမြောက်ရန် ခုနစ်ဆယ် ရာခိုင်နှုန်း၊ ရှစ်ဆယ် ရာခိုင်နှုန်း၊ ကိုးဆယ် ရာခိုင်နှုန်း …

ခြောက်နာရီကျော် အသည်းကွဲမတတ် နာကျင်မှုကို သည်းခံ လေ့ကျင့်ပြီးနောက် ရဲချန်ဖန် လက်ထဲရှိ ငန်းဥအရွယ် မိစ္ဆာအရိုး သလင်းကျောက်တုံးမှ စွမ်းအင်များ ကုန်ဆုံးသွားသည်။ ရဲချန်ဖန် ခန္ဓာကိုယ် အစွမ်းသည် ပေါင်ငါးသိန်းထိ ရောက်ရှိသွားပြီ ဖြစ်သည်။

ရဲချန်ဖန်သည် လေ့ကျင့်ခြင်းကို မရပ်နားဘဲ နောက်ထပ် မိစ္ဆာအရိုး သလင်းကျောက် တစ်တုံး ထုတ်ယူလိုက်ကာ ဆက်လက် လေ့ကျင့်လိုက်သည်။ နောက်ထပ် မိစ္ဆာအရိုး သလင်းကျောက်မှ စွမ်းအင် လေးပုံတစ်ပုံခန့် စုပ်ယူပြီးချိန်တွင် ရဲချန်ဖန် အရိုးသန်မာစေခြင်း အဆင့် အောင်မြင်သွား လေသည်။ ရဲချန်ဖန် အရိုးများသည် သံမဏိအလား မာကျောနေပြီး ခန္ဓာကိုယ် စွမ်းအားမှာ ပိုမို မြင့်တက်လာသည်။

“အရိုးက သံမဏိလို အင်း တကယ် ပြိုင်ဘက် ကင်းလောက်အောင် စွမ်းတဲ့ ကျင့်စဉ်ပဲ … ”

ရဲချန်ဖန်က သူ၏ခန္ဓာကိုယ်တွင်း ပြောင်းလဲ တိုးတက်နေသည့် အစွမ်းများကို စစ်ဆေး ကြည့်လိုက်ချိန်တွင် သူ၏ကိုယ်ခန္ဓာ စွမ်းအားသည် ပေါင်ငါးသိန်း ငါးသောင်း အထိ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန်က စိတ်ထဲတွင် ဝမ်းသာသွားပြီး လက်သီးကို လေထဲသို့ ထိုးထုတ်လိုက်သည်။

“ဝုန်း … ”

လက်သီးချက်ကြောင့် မီးလျှံများပင် အားပျော့သွားသည်။

“အင်း … ခုငါ့အစွမ်းနဲ့ဆို ခုနက ဥက္ကာပျံကို အလွယ်တကူ ရင်ဆိုင်လို့ရပြီ … ”

ရဲချန်ဖန်လည်း အချိန်မဆွဲပဲ ရွှေလင်းယုန် တောင်ပံကို အသုံးပြုပြီး လျင်မြန်စွာ မီးလျှံများကြား ဝင်ရောက်သွားသည်။ ရဲချန်ဖန် မီးလျှံလမ်းအတွင်း ပျံသန်းနေစဉ် အလွန်ကြီးမားပြီး မီးလျှံများ တဟဲဟဲ တောက်လောင်နေသည့် ဥက္ကာပျံကြီး တစ်ခုက ရဲချန်ဖန် ရှိရာ ကျဆင်းလာသည်။ ထိုဥက္ကာပျံသည် ရဲချန်ဖန် မီးလျှံလမ်း စဝင်ချိန်တွင် တွေ့ကြုံခဲ့ရသည့် ဥက္ကာပျံထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး ပိုမို၍ အပူရှိန်က ပြင်းထန်သည်

Comment

Leave a Reply

Options

not work with dark mode
Reset