အခန်း ( ၂၂၀ )
ရတနာ ချောက်ကမ်းပါး
“အင်း … မိစ္ဆာအရိုး သလင်းကျောက် ဆယ်တစ်ခုပဲ … ”
ရဲချန်ဖန်က မျက်လုံးရှစ်လုံး ပင့်ကူ၏ သိုလှောင်အိတ်ကို ရှာဖွေသိမ်းဆည်း ပြီးနောက် စစ်ဆေးလိုက်သည်။ မျက်လုံးရှစ်လုံး ပင့်ကူ သိုလှောင် အိတ်ထဲတွင် မိစ္ဆာအရိုး သလင်းကျောက် ဆယ်တစ်ခု အပြင် များပြားလာသည့် ရတနာများ ရှိနေသည်ကို တွေ့လိုက်ရသည်။
“အင်း … နောက်မှပဲ သိုလှောင်အိတ်ကို သေချာ စစ်ဆေးရမယ် … ”
မျက်လုံးရှစ်လုံး ပင့်ကူ၏ သိုလှောင်အိတ်ကို သိမ်းဆည်း ပြီးနောက် ရေခဲ၊ နှင်း လမ်းအဆုံးတွင် ရှိသော ကျွင်းနက်ကြီးထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“ဝိုး … ဘယ်လောက်တောင် ခမ်းနား ကြီးကျယ်လိုက်တဲ့ ကျောက်တုံး တောအုပ်ကြီးလဲ … ”
ကျွင်းနက်ကြီးမှ ထွက်ပေါ်လာ ပြီးနောက် ရဲချန်ဖန်သည် ထူးဆန်းလှသည့် ကျောက်တုံးတောအုပ် တစ်ခုထဲ ရောက်နေလေသည်။ မိုးထိတိုင် မြင့်မားလှသည့် ကျောက်တုံး သစ်ပင်များပေါ်တွင် တိမ်တိုက်များက ဖြတ်သန်း နေသည်ကို အံ့မခန်း မြင်တွေ့ လိုက်ရသည်။ ကျောက်တုံး သစ်ပင်များသည် ကြီးမား တုတ်ခိုင်လှပြီး ထူးခြားသော အော်ရာများက ထွက်ပေါ်နေသည်။ တစ်လောကလုံးက ငြိမ်သက် တိတ်ဆိတ်နေပြီး မည်သည့် အသံမှလည်း မကြားရချေ။
“ဓားစက်ရုပ် … ငါ့ကို ကာကွယ်ထား … ”
ထူးဆန်းလှသည့် ကျောက်တုံး တောအုပ်ထဲတွင် အန္တရာယ်သည် အချိန်မရွေး ကြုံရနိုင်ခြေ ရှိသဖြင့် ကျောက်တုံးတောအုပ် အစပ်နားလေးတွင် ရဲချန်ဖန် ရပ်နားလိုက်သည်။ ထို့နောက် ရဲချန်ဖန်သည် သူ့ခန္ဓာကိုယ် အတွင်းတွင် ကျန်ရှိနေသေးသည့် ပင်လယ်နှလုံးသား အမြုတေ စွမ်းအင်များကို ဆက်လက် စုပ်ယူနေသည်။ ရဲချန်ဖန်က လက်ကျန် စွမ်းအင်ဖြင့် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိမည်ဟု ယုံကြည်ထားသည်။
ရဲချန်ဖန် အဆင့်တက်တော့မည့် အချိန်တွင် မျက်လုံးရှစ်လုံး ပင့်ကူ၏ နှောင့်ယှက်မှုကို တွေ့ကြုံခဲ့ရသော်လည်း ရဲချန်ဖန်၏ ကျင့်ကြံခြင်း အခြေခံက အလွန်ခိုင်မာနေပြီ ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန် အဆင့်တက်ခြင်း အတွက် ပြဿနာမရှိပေ။ သုံးနာရီခန့် ကြာပြီးနောက် လွန်စွာ ကျယ်လောင်လှသည့် နဂါးတွန်သံက ရဲချန်ဖန် စိတ်ဝိညာဉ် နယ်မြေတွင် ထွက်ပေါ်လာသည်။
ထို့နောက် မီတာ ခြောက်ရာကျော် ရှည်လျားပြီး ကြောက်မက်ဖွယ် အစွမ်းများ ထွက်ပေါ်နေသည့် ခန့်ညား ကြီးကြယ်လှသော သွေးနဂါးကြီးက အထက် မိုးကောင်းကင်ပေါ် ပျံတက်သွားသည်။
“ဟား … ဟား … ငါနောက်ဆုံးတော့ ကောင်းကင်သားရဲဘုရင် ပဉ္စမအဆင့် ရောက်ပြီကွ…”
ပင်လယ်နှလုံးသား အမြုတေ စွမ်းအင်များ စုပ်ယူနေသော ရဲချန်ဖန်သည် ဝိညာဉ်စွမ်းအင် ပြည့်ဝစွာ ပြီးပြည့်စုံသည့် စံနှုန်းဖြင့် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်သို့ တက်ရောက် သွားလေသည်။ ရဲချန်ဖန်၏ ဝိညာဉ်သားရဲ သွေးနဂါးသည် မယုံနိုင်ဖွယ် အစွမ်းထက်လာပြီ ဖြစ်သည်။
“တိတ်ဆိတ်လိုက်တာ … ”
ရဲချန်ဖန် အဆင့်တက်သွား ပြီးနောက် ဓားစက်ရုပ်ကို ဆင့်ခေါ်လိုက်ပြီး ကျောက်တုံး တောအုပ်ထဲ ဝင်ရောက် လိုက်သည်။ ကျောက်တုံး တောအုပ်ထဲတွင် အဆုံးဘယ်မှာ ရှိသည်ကို မမြင်ရချေ။ ကြောက်မက်ဖွယ် ကောင်းအောင် တိတ်ဆိတ် ငြိမ်သက် နေလေသည်။ ရဲချန်ဖန်မှာ ကျောက်တုံး တောအုပ်ထဲတွင် မိနစ် သုံးဆယ်ကျော် လျှောက်ဝင်လာ ပြီးနောက် အလွန်ကြီးမား နက်ရှိုင်းလှသည့် ဧရာမကျောက်တုံး ချောက်ကမ်းပါး တစ်ခုကို မြင်တွေ့ လိုက်လေသည်။
ချောက်ကမ်းပါး အစွန်းနားတွင် ကြီးမားလှသည့် အပြာရောင်ဓားကြီး တစ်ချောင်းက ကျောက်တုံး မြေသားထဲ စိုက်ဝင်နေသည်။ အပြာရောင်ဓားကြီး ဘေးတွင် ဓားရှည် တစ်ချောင်းနှင့် ကိုးပေခန့် ရှည်သည့် ငွေရောင် လှံတံတစ်ချောင်းက ကျောက်တုံး မြေသားထဲ စိုက်ဝင်နေသည်။
“အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်တွေပဲ … မြေကမ္ဘာအဆင့် လက်နက်ရတနာ သုံးခုတောင် ကျောက်တုံး ချောက်ကမ်းပါး ဘေးနားမှာ စိုက်ဝင်နေတာပဲ … ”
ရတနာသုံးခုဆီမှ အော်ရာများကြောင့် ရဲချန်ဖန်သည် ချက်ချင်းပင် အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်များ ဖြစ်ကြောင်း သိလိုက်သည်။ ရဲချန်ဖန် အလွန် ပျော်ရွှင်သွားသည်။ အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်များသည် အလွန် တန်ဖိုးကြီးသည်။ မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင် အများစုပင် အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်များကို မပိုင်ဆိုင်နိုင်ချေ။
ရဲချန်ဖန် မှာသာ ရတနာသုံးခု ရှိနေကြောင်း သိရှိသွားပါက နေရာအနှံ့မှ တန်ခိုးရှင်များ လာရောက် လုယက်ကြပေမည်။ ရဲချန်ဖန်သည် ရတနာသုံးခုကို ဆွဲနုတ် သိမ်းဆည်းရန် လက်လှမ်း လိုက်ချိန်တွင် ချောက်ကမ်းပါးကြီးက လှုပ်ယမ်းလာပြီး ရွှေရောင်ဝတ်စုံနှင့် စစ်သူကြီး တစ်ယောက်က ကျောက်တုံး မြေသားထဲမှ ထွက်ပေါ်လာသည်။ စစ်သူကြီးသည် အလွန် ရှည်လျားသော တုတ်တံကို ကိုင်ဆိုင်ထားပြီး ကြီးမား အစွမ်းထက်သော အော်ရာများက ထွက်ပေါ်နေသည်။ ရဲချန်ဖန်က စစ်သူကြီးကို မြင်လိုက်သည်နှင့် ဖိအားကို ခံစားလိုက်ရသည်။ ရွှေရောင် စစ်သူကြီးက မြေကြီးပေါ် ရောက်လာသည်နှင့် တုတ်တံဖြင့် ရဲချန်ဖန်ကို စတင်တိုက်ခိုက် လိုက်သည်။
“ဓားစက်ရုပ် ခုခံစမ်း … ”
ရဲချန်ဖန်က စိတ်မာန်ဆိုးစွာ ဓားစက်ရုပ်ကို ခေါ်ပြီး စစ်သူကြီးနှင့် ရင်ဆိုင်ခိုင်း လိုက်လေသည်။ ရဲချန်ဖန်သည် မြေကမ္ဘာအဆင့် ရတနာသုံးခုကို ပိုင်ဆိုင်ရရန် လက်တစ်လှမ်း အကွာတွင် ရောက်နေပြီ မဟုတ်ပါလော။ ထိုအချိန်တွင် စစ်သူကြီးက ထွက်ပေါ်လာကာ နှောင့်ယှက်သောကြောင့် ရဲချန်ဖန် အဘယ်စိတ်မဆိုးဘဲ နေနိုင်လိမ့်မည်နည်း။ ရဲချန်ဖန်ကလည်း ဓားစက်ရုပ်ဖြင့် ပူးပေါင်းကာ စစ်သူကြီးကို တန်ပြန် တိုက်ခိုက်လိုက်သည်။
ပြင်းထန်လှသည့် တိုက်ပွဲကြီးက စတင် ဖြစ်ပေါ်လာသည်။ ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် ရောက်သွားပြီးနောက် ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားသည် ပေါင်လေးသိန်း ငါးသောင်းထိ ရောက်ရှိသွားပြီ ဖြစ်သည်။ စစ်သူကြီး၏ တုတ်ရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်ရာ ရဲချန်ဖန် လက်များသည် ထုံကျင်သွားပြီး နောက်သို့ ထိန်းမနိုင်ဘဲ ဆုတ်လိုက်ရသည်။
ဓားစက်ရုပ် တိုက်ခိုက်မှုက အလွန်ပြင်းထန် သော်လည်း စစ်သူကြီး၏ ခုခံမှုသည် အံဩဖွယ် ကောင်းအောင် အဆင့်တစ်ခုထိ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဓားစက်ရုပ်၏ ဓားအလင်း တစ်ချက်သည် စစ်သူကြီးကို ထိမှန်သွားသော်လည်း စစ်သူကြီးသည် မည်သည့် ဒဏ်ရာမှ မရချေ။ ရဲချန်ဖန်နှင့် ဓားစက်ရုပ်တို့က စစ်သူကြီးကို ပူးပေါင်း တိုက်ခိုက်နေစဉ် ကျောက်တုံးတောအုပ် အပြင်မှ နားကွဲမတက် အော်ဟစ်သံ တစ်ခုကို ထွက်ပေါ်လာသည်။
“လိပ်နက်ဘုရင်ပဲ … လိပ်နက်ဘုရင်က စမ်းသပ်စစ်ဆေးမှု အောင်မြင်ပြီး ကျောက်တုံး တောအုပ်ထဲ ရောက်လာပြီ … ”
ရဲချန်ဖန်တွင် ဓားစက်ရုပ် ရှိနေသောကြောင့် သူအား လိပ်နက်ဘုရင်က သတ်ရန် မဖြစ်နိုင်ပေ။ သို့သော် ချောက်ကမ်းပါးနား လိပ်နက်ဘုရင် ရောက်လာပါက ရတနာသုံးခုကို ရဲချန်ဖန် ရရှိပိုင်ဆိုင်နိုင်ရန် မလွယ်ကူတော့ပေ။
“ရွှေလင်းယုန် တောင်ပံ … ”
လိပ်နက်ဘုရင် ကျောက်တုံး တောအုပ်ထဲ ရောက်ရှိလာ သောကြောင့် ရဲချန်ဖန် နဂိုအကြံများကို ပယ်ဖျက်လိုက်သည်။ ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံကို အသုံးပြုကာ လေပွေလှိုင်း ဖန်တီးပြီး စစ်သူကြီးကို အာရုံများအောင် လုပ်ဆောင်လိုက်သည်။
ထို့နောက် ရွှေလင်းယုန် တောင်ပံကို အကာအကွယ်ပြုကာ ရတနာသုံးခုကို အလစ်တွင် ယူရန် ကြံစည်လိုက်သည်။ ရဲချန်ဖန် အကြံအစည်က ကောင်းမွန်သော်လည်း လေပွေလှိုင်းကို စစ်သူကြီး၏ တုတ်ရိုက်ချက် တစ်ချက်က ချက်ချင်းပင် ချေဖျက်သွားသည်။ ထို့ကြောင့် ရဲချန်ဖန်က ရတနာများကို နုတ်ယူရန် အချိန်မရတော့ချေ။
“ဓားစက်ရုပ် … မတိုက်တော့နဲ့ ရတနာတွေကို မြန်မြန်နုတ်ယူ သိမ်းလိုက် … … ”
ရဲချန်ဖန်သည် စစ်သူကြီး၏ တုတ်ရိုက်ချက်ကြောင့် နောက်သို့ ဆုတ်နေရရာ ဓားစက်ရုပ်ကို ရတနာများ သိမ်းဆည်း နုတ်ယူရန် အမိန့်ပေး လိုက်သည်။ ရဲချန်ဖန် အမိန့်ကြောင့် ဓားစက်ရုပ်က စစ်သူကြီး တိုက်ခိုက်မှုကို မခုခံဘဲ ရတနာများကို နုတ်ယူရန် ရတနာများဆီ ချဉ်းကပ်သွားသည်။
ရဲချန်ဖန်နှင့် စစ်သူကြီးတို့၏ တိုက်ခိုက်သံ ကြားပြီး တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာသို့ လိပ်နက်ကြီး ပျံသန်းလာသည်။ လိပ်နက်ကြီး ပျံသန်းလာပုံမှာ တောင်ပူစာ တစ်ခုက ပျံသန်းလာသည့်နှယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
“ရဲချန်ဖန် … နောက်ဆုံးတော့ မင်းကိုငါ မိပြီ … ”
တိုက်ခိုက် နေသူများကို မြင်လိုက်သည်နှင့် လိပ်နက်ဘုရင်က ရဲချန်ဖန်မှန်း တန်းသိသွားသည်။ သူက ပြင်းထန်သည့် လူသတ်စိတ် ထွက်ပေါ်လာကာ အားပါးတရ ရယ်မောလိုက်သည်။
“ဟင် … ”
လိပ်နက်ဘုရင်က ရဲချန်ဖန်ကို တိုက်ခိုက်ရန် ပြင်ဆင် လိုက်ချိန်တွင် ဓားစက်ရုပ်က အပြာရောင် ဓားကြီးကို နုတ်ယူလိုက်သည်ကို သတိထားမိလိုက်သည်။ ချက်ချင်းပင် ရတနာများကို မြင်တွေ့သွားပြီး လိပ်နက်ဘုရင်၏ အာရုံကို ဖမ်းစားသွားသည်။
“အဆင့်မြင့် … မြေကမ္ဘာအဆင့် လက်နက်တွေ … ”
ရတနာ လက်နက်များ၏ အော်ရာကြောင့် လိပ်နက်ဘုရင်၏ မျက်လုံးကြီးများက ဝိုင်းစက် အံ့အားသင့်သွားပြီး ချက်ချင်းပင် လိုချင်တပ်မက်သည့် အမူအရာ ဖြစ်ပေါ်လာသည်။ လိပ်နက်ဘုရင်သည် ရဲချန်ဖန်ကို တိုက်ခိုက်ရန် စိတ်ကူး မရှိတော့ဘဲ ကျန်လက်နက်များ ရှိရာသို့ လျင်မြန်စွာ ပြေးသွားလေသည်။
ရဲချန်ဖန်ကို လိုက်လံ တိုက်ခိုက်နေသော စစ်သူကြီးသည် လိပ်နက်ဘုရင်က ရတနာများ ရှိရာသို့ ပြေးသွားသည်ကို မြင်လိုက်သည်နှင့် ရဲချန်ဖန်ကို မတိုက်ခိုက်တော့ဘဲ ချက်ချင်းပင် လိပ်နက်ဘုရင်နောက် လိုက်သွားကာ တုတ်တံဖြင့် လိပ်နက်ဘုရင်ကို တိုက်ခိုက်လိုက်သည်။
“မင်းက သေချင်နေတာပဲ … ”
စစ်သူကြီး၏ ဟန့်တား တိုက်ခိုက်မှုကြောင့် လိပ်နက်ဘုရင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြီးမားလှသည့် ပုဆိန်ဖြင့် စစ်သူကြီးကို ပြန်လည် တိုက်ခိုက် လိုက်သည်။ စစ်သူကြီးသည် အလွန်အစွမ်း ထက်လှသော်လည်း မိုးကြိုးကပ်ဘေး ဖြတ်ကျော် လာနိုင်သည့် နတ်ဘုရား သွေးမျိုးဆက် လိပ်နက်ဘုရင်၏ ပေါင်တစ်သန်း အင်အားပါသည့် ပုဆိန် တိုက်ခိုက်မှုကို မခုခံနိုင်ချေ။
စစ်သူကြီး ကိုယ်သည် ပုဆိန် ခုတ်ချက်ကြောင့် မြေပေါ်လဲကျ သေဆုံးသွားသည်။ ထို့နောက် စစ်သူကြီး ခန္ဓာကိုယ်မှ မိစ္ဆာအရိုး သလင်းကျောက် တစ်ခု ထွက်ပေါ်လာသည်။ စစ်သူကြီး သေဆုံးပြီးနောက် လိပ်နက်ဘုရင်က ရတနာများထံ သွားရန် ပြင်လိုက်ချိန်တွင် မြေကြီးထဲမှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သူကြီး နောက်တစ်ဦးက တုတ်တံ ကိုင်ဆွဲလျက် ထွက်ပေါ်လာသည်။
စစ်သူကြီး ထွက်ပေါ်လာသည်နှင့် လိပ်နက်ဘုရင်ကို တုတ်တံဖြင့် တိုက်ခိုက် လိုက်သည်။ လိပ်နက်ဘုရင်သည် အလွန်ဒေါသ ထွက်သွားလေသည်။ ချက်ချင်းပင် ကြီးမားလှသည့် ပုဆိန်ကြီးကို ဝှေ့ယမ်းကာ စစ်သူကြီးကို ခုတ်ချလိုက်သည်။ ပုဆိန်ကြီးမှာ စစ်သူကြီးကို ထိမှန်သွားသည်နှင့် စစ်သူကြီး ခန္ဓာကိုယ်မှ ရွှေရောင်ချပ်ဝတ် တန်ဆာသည် အစိတ်အမြွာမြွာ ကွဲကြေသွားသည်။ စစ်သူကြီးမှာမူ အဝေးသို့ လွင့်စဉ်ပြီး ပေါက်ကွဲသွား လေသည်။ ထို့နောက် အရိုးမိစ္ဆာ သလင်းကျောက် တစ်ခုက ထွက်ပေါ်လာသည်။ လိပ်နက်ဘုရင်က ဒုတိယ စစ်သူကြီးကို သတ်ဖြတ်ပြီးချိန်တွင် ဓားစက်ရုပ်က အပြာရောင် ဓားကြီးကို နုတ်ယူပြီး ဓားရှည်ကို ထပ်မံနုတ်ယူ သိမ်းဆည်းနေချိန် ဖြစ်သည်။
ဓားစက်ရုပ်က မြေကမ္ဘာအဆင့် လက်နက်ရတနာ နှစ်ခုကို ရရှိသွားသဖြင့် လိပ်နက်ဘုရင်သည် ဒေါသ ထိန်းမရအောင် ထွက်သွားသည်။ အစွမ်း အလွန်ထက်သည့် အသံလှိုင်းကို ထုတ်လွတ်ပြီး ဓားစက်ရုပ်ကို တိုက်ခိုက်လိုက်သည်။ တစ်မုဟုတ်ချင်းပင် ဓားစက်ရုပ်ထဲရှိ ဝိညာဉ်ကျောက်တုံးများ လောင်ကျွမ်း ကုန်ဆုံးသွားသည်။
လိပ်နက်ဘုရင်၏ အသံလှိုင်း တိုက်ခိုက်မှုသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပြီး ကျောက်သား မြေများပင် ပြိုကျပျက်စီးကာ ကျောက်သား မြေပေါ်တွင် စိုက်နေသည့် မြေကမ္ဆာအဆင့် လှံတံလက်နက်ပင် မြေပေါ်သို့ ပေါ်ထွက်လာသည်။
“ဓားစက်ရုပ် … ပြန်လာခဲ့ … ”
စစ်သူကြီးနှင့် တိုက်ခိုက်ခဲ့ရပြီး လိပ်နက်ဘုရင် တိုက်ခိုက်မှုကို ခုခံလိုက်ရသဖြင့် ဓားစက်ရုပ် အတွင်းရှိ ဝိညာဉ် ကျောက်တုံးများက အလွန် နည်းပါးနေပြီ ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန်က ကျန်ရှိနေသည့် မြေကမ္ဘာအဆင့် လက်နက်ကို သံယောဇဉ် ဖြတ်ပြီး ဓားစက်ရုပ်ကို ပြန်ခေါ်လိုက်သည်။
“သွားမယ် … ”
လိပ်နက်ဘုရင်၏ အန္တရာယ်သည် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် ရဲချန်ဖန် ရွှေလင်းယုန်တောင်ပံ ထုတ်ကာ လေပေါ် ပျံဝဲတက်လိုက်သည်။ ထို့နောက် ကျောက်တုံးတောအုပ် အဆုံးဘက်ဆီသို့ လျင်မြန်စွာ ပျံသန်းထွက်ခွာ သွားသည်။ ရဲချန်ဖန်သည် လိပ်နက်ဘုရင် လက်မှ လွတ်အောင် ထွက်ပြေး ရပေတော့မည်။