Switch Mode

Chapter – 219

မျက်လုံး ရှစ်လုံးပင့်ကူ

အခန်း ( ၂၁၉ )
မျက်လုံး ရှစ်လုံးပင့်ကူ

“ရေခဲ၊ နှင်း လမ်းစမ်းသပ်မှု အောင်မြင်တဲ့ အတွက် ဆုက နှစ်တစ်သောင်း ပင်လယ်နှလုံးသား အမြုတေတစ်ခု … ”

ရဲချန်ဖန်က မြေပေါ်တွင် လဲကျနေစဉ် အသံကြီးတစ်ခုက ရဲချန်ဖန် နားထဲတွင် ထွက်ပေါ်လာသည်။ ကြေးမုံ ရဲချန်ဖန် သေဆုံးစဉ်က ပြောင်းလဲသွားသော လေပေါ်ပျံဝဲနေသည့် စွမ်းအင်လုံးကြီးသည် ရဲချန်ဖန်ဆီ ပျံသန်းလာပြီး သူ့အား ဖုံးလွမ်းသွားသည်။

ထို့နောက် စွမ်းအင်လုံးကြီးသည် ရဲချန်ဖန် ကိုယ်ထဲ စီးဝင် ပျံ့နှံ့သွားသည်။ နှစ်တစ်သောင်း ပင်လယ်နှလုံးသား အမြုတေသည် ရဲချန်ဖန် ကိုယ်ထဲ စီးဝင်လာသည်နှင့် ရဲချန်ဖန်မှာ အလွန် အေးစက်နေသော ရေခဲကမ္ဘာထဲ ရောက်သွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် အေးခဲလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲချန်ဖန် ကိုယ်ပေါ်တွင် ရေခဲလွှာများ ဖုံးလွမ်းသွားသည်။

ရဲချန်ဖန် အသက်ရှူရ ခက်ခဲလာပြီး ကိုယ်တွင်း အင်္ဂါများပါ တဖြည်းဖြည်း အေးခဲလာကာ တစ်ကိုယ်လုံးက ရေခဲရုပ်တုအလား ပြောင်းလဲနေသည်။ ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့်သာ သေဆုံးသွားခြင်း မရှိပဲ တောင့်ခံနေနိုင်ခြင်း ဖြစ်သည်။

နှစ်တစ်သောင်း ပင်လယ်နှစ်လုံးသား အမြုတေမှ စွမ်းအင်များသည် ရဲချန်ဖန် သွေးကြောများမှ တစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့စီးဝင်နေရာ စွမ်းအင်များမှာ အင်အား ပြင်းထန်လှသဖြင့် ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် အရာအားလုံးကို တိုက်စားနေ သကဲ့သို့ရှိနေသည်။ သို့သော် စွမ်းအင်က သိပ်သည်း ဖြူစင်လှသဖြင့် ရဲချန်ဖန်အတွက် ကောင်းမွန်သော အကျိုး ကျေးဇူးများလည်း ရရှိနေသည်။

သွေးစွမ်းအင် လောင်ကျွမ်းကုန်ဆုံး စေခဲ့သောကြောင့် ကျင့်ကြံခြင်း အခြေခံ ထိခိုက်ခြင်းကို ပင်လယ်နှလုံးသား အမြုတေ စွမ်းအင်များက လျင်မြန်စွာ ကုစားပေးနေရာ သွေးစွမ်းအင်သည် အချိန်တိုအတွင်း ပြန်လည် သက်သာလာသည်။ ငါးဆယ် ရာခိုင်နှုန်း၊ ခြောက်ဆယ် ရာခိုင်နှုန်း၊ ရှစ်ဆယ် ရာခိုင်နှုန်း။

အသည်းခိုက်အောင် အေးခဲမှုနှင့်အတူ ရဲချန်ဖန် အစွမ်းက တစ်ဟုန်ထိုး တိုးတက်နေသည်။ ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအင်များသည် ပိုမိုပြည့်ဝ သိပ်သည်း လာနေသည်။ ရဲချန်ဖန်၏ ဝိညာဉ်သားရဲ သွေးနဂါးသည် အလွန် ကြောက်မက်ဖွယ် အစွမ်းများ တိုးတက်နေပြီး မီတာတစ်ရာကျော် ရှည်သော ကိုယ်ခန္ဓာမှာ အဆက်မပြတ် ကြီးထွား ဖွံ့ဖြိုးလျက်ရှိသည်။ သွေးနဂါး ကိုယ်ပေါ်ရှိ အကြေးခွံများသည် ပိုမိုကြီးမား မာကျောနေအောင် စွမ်းအင်များက အားဖြည့်ပေး နေသည်။

နှစ်တစ်သောင်း ပင်လယ်နှလုံးသား အမြုတေ၏ စွမ်းအင်များသည် အလွန်ကောင်းကျိုး ဖြစ်ထွန်းစေသောကြောင့် ရဲချန်ဖန်သည် ချွေးပေါက်များမှ စွမ်းအင် ယိုစီးထွက်မှု မရှိစေရန် ချွေးပေါက်များကို ပိတ်ပစ်လိုက်သည်။ သူသည် ချွေးပေါက်များကို ပိတ်လိုက်သောကြောင့် နာကျင်မှု ဝေဒနာက ပိုမိုပြင်းထန်လာသည်။

သာမန် လူသား တန်ခိုးရှင်များသည် ထိုကဲ့သို့ နာကျင်မှုကို တောင့်ခံလေ့ကျင့်ပါမှ အစွမ်း ထက်လာမည်ဆိုလျှင် ဤနည်းလမ်းကို ဘယ်တော့မှ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။ ရဲချန်ဖန်မှာ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ စွမ်းအင်များအား စုပ်ယူနေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရဲချန်ဖန်မှာ အချိန်၊ နေရာတို့ကို မေ့သွားကာ ဝိညာဉ်စုပ် သိုင်းကိုသာ လှည့်ပတ်ပြီး လေ့ကျင့်လျက် ရှိသည်။ ဝိညာဉ် စွမ်းအင်များသည် ရဲချန်ဖန် ကိုယ်တွင်း၌ အချိန်နှင့်အမျှ ပွားများလျက်ရှိပြီး သွေးနဂါးကြီးသည် အံ့ဖွယ် ကြောက်မက်ဖွယ် ကောင်းအောင် မီတာ ငါးရာကျော်ထိ ရှည်လျားနေပြီ ဖြစ်သည်။ ရဲချန်ဖန်သည် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့် တက်လှမ်းရန် လက်တစ်ကမ်းသာ လိုတော့သည်။

ထိုအချိန်တွင် ရဲချန်ဖန်ဆီ အန္တရာယ်က ချဉ်းကပ် ရောက်ရှိလာသည်။ ဤသည်မှာ နွားရိုင်း တစ်ကောင်လောက် ခန္ဓာကိုယ်ရှိပြီး မျက်လုံးများက ရေပုံးတစ်ပုံး စာလောက်ကြီးသည့် မျက်လုံးရှစ်လုံး ပင့်ကူကြီးတစ်ကောင် ဖြစ်သည်။ မျက်လုံးရှစ်လုံးနှင့် ပင့်ကူကြီးသည် ကြောက်မက်ရွံရာဖွယ် လက်တံများရှိပြီး သူ၏မျက်လုံးများကို ကြည့်မိပါက အသက် ထွက်မတတ် ကြောက်လန့်သွား စေနိုင်သည်။

မျက်လုံးရှစ်လုံး ပင့်ကူနှင့် မြွေဘုရင်မတို့သည် ရေခဲ၊ နှင်းလမ်းကို နှစ်ဦးလုံးအတူတူ ရွေးချယ်ခဲ့ကြသည်။ မျက်လုံရှစ်လုံး ပင့်ကူက မြွေဘုရင်မထက် အရင် ရဲချန်ဖန်နား ရောက်ရှိလာခြင်းမှာ မြွေဘုရင်မထက် ပိုမိုအစွမ်း ထက်သောကြောင့် မဟုတ်ဘဲ မျက်လုံးရှစ်လုံး ပင့်ကူ၏ အရိုးအသက်က မြွေဘုရင်မထက် ပိုမိုငယ်ရွယ်ပြီး မျက်လုံးရှစ်လုံး ပင့်ကူ၏ စမ်းသပ်မှု ခက်ခဲခြင်းအဆင့်က မြွေဘုရင်မထက် ပိုမိုလွယ်ကူနေသည်။ ထို့ကြောင့် မျက်လုံးရှစ်လုံး ပင့်ကူသည် ရေခဲ၊ နှင်း လမ်းအဆုံးကို မြွေဘုရင်မထက် အရင် ရောက်ရှိလာခြင်း ဖြစ်သည်။

မျက်လုံးရှစ်လုံး ပင့်ကူသည် အလွန်ထူးခြား မာကျောလှသည့် ခန္ဓာကိုယ် ရှိနေသည်။ သို့သော် ရေခဲ၊ နှင်း လမ်းက ဖြတ်ကျော်ရန် အလွန်ခက်ခဲလှပြီး မျက်လုံးရှစ်လုံး ပင့်ကူမှာ လမ်းဆုံးနား ရောက်လာစေရန် ကြီးမားစွာ ပေးဆပ်ခဲ့ရသည်။ ထို့ကြောင့် မျက်လုံးရှစ်လုံး ပင့်ကူသည် ပြင်းထန်လှသော ဒဏ်ရာ ဒဏ်ချက်များ ရရှိထားသည်။ ယခု ရဲချန်ဖန်မှာ ရေခဲရုပ်တု ဖြစ်နေသဖြင့် မျက်လုံး ရှစ်လုံးပင့်ကူ၏ မျက်လုံးများ အရောင် ထွက်သွားလေသည်။

“အဲဒီ ခွေးကောင်လေးပဲ … သူအခု ရေခဲရုပ်တု ဖြစ်နေပြီ ”

မျက်လုံးရှစ်လုံး ပင့်ကူက ရဲချန်ဖန်ကို တွေ့လိုက်သည်နှင့် ရတနာတစ်ပါးအား တွေ့လိုက်သလို မျက်လုံးများ အရောင်လက်နေပြီး ပြင်းထန်လှသော လူသတ်စိတ်က ထွက်ပေါ်လာသည်။

“ဟား … ”

ကြောက်မက်ဖွယ် ကောင်းလှသည့် အသံလှိုင်းက ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။ မျက်လုံးရှစ်လုံး ပင့်ကူ၏ အသံလှိုင်း တိုက်ခိုက်မှုမှာ ဆူနာမီ ရေလှိုင်းများသဖွယ် အေးခဲနေသော ရဲချန်ဖန် ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

မျက်လုံးရှစ်လုံး ပင့်ကူသည် ပြင်းထန်သည့် ဒဏ်ရာရရှိ ထားသည့်အတွက် သူ၏အစွမ်း သုံးဆယ် ရာခိုင်နှုန်းမျှသာ ထုတ်သုံး နိုင်တော့သော်လည်း ရဲချန်ဖန်မှာ ပင်လယ်နှလုံးသား အမြုတေ စွမ်းအင်ကြောင့် လုံးဝ မလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် အလွန်ရှားပါး ရခဲလှသည့် အခွင့်အရေးကို လက်လွတ်မခံပဲ ဒဏ်ရာ ရရှိထားသည့် မျက်လုံးရှစ်လုံး ပင့်ကူသည် ရဲချန်ဖန်ကို တိုက်ခိုက် လိုက်ခြင်းပင် ဖြစ်သည်။

ကြောက်မက်ဖွယ် အသံလှိုင်း တိုက်ခိုက်မှုက ရဲချန်ဖန်ကို ထိမှန်သွားရာ ရဲချန်ဖန် ကိုယ်ကို ဖုံးလွမ်းနေသော ရေခဲများသည် တစ်မုဟုတ်ချင်း ကျိုးကြေပျက်စီး သွားသည်။ ရဲချန်ဖန်လည်း ကျင့်ကြံခြင်းမှ နိုးသွားလေသည်။

“မျက်လုံးရှစ်လုံး ပင့်ကူပဲ … ဒီအကောင်ကလည်းပဲ ငါနဲ့ လမ်းတူပြီး လမ်းဆုံးထိ ရောက်အောင် လာနိုင်သားပဲ …”

ရဲချန်ဖန် မျက်လုံးများက ပွင့်လာပြီး မျက်လုံးရှစ်လုံး ပင့်ကူကို စိတ်မာန်ဆိုးစွာ စိုက်ကြည့်လိုက်သည်။

လေးရက်ကြာ ကျင့်ကြံပြီးနောက် ရဲချန်ဖန်သည် ပင်လယ်နှလုံးသား အမြုတေ၏ အေးခဲစေသော အစွမ်းကို ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။ ရဲချန်ဖန် တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအင်များ ပြည့်ဝပြီး သွေးနဂါးက နောက်တစ်ဆင့် တက်ရန် အဆင်သင့်ရှိနေပြီ ဖြစ်သည်။ ရဲချန်ဖန် အတွေးတစ်ချက်ဖြင့် ကောင်းကင်သားရဲ ဘုရင် ပဉ္စမအဆင့်ကို စတင်တက်လှမ်းလို့ ရနေပြီ ဖြစ်သည်။

ရဲချန်ဖန် အဆင့်တက်ရန် အရေးကြီးသော အချိန်ရောက်ခါမှ မျက်လုံးရှစ်လုံး ပင့်ကူက ရောက်လာပြီး ရဲချန်ဖန် အဆင့်တက်မည်ကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန် အဆင့်တက်မည်ကို ရပ်တန့်လိုက်ရသည်။ သို့သော် ရဲချန်ဖန်က ချက်ချင်း ထတိုက်ခိုက်ခြင်း မပြုဘဲ အခွင့်ကောင်းရရန် စောင့်ဆိုင်းကာ ဆက်လက်ထိုင်ကာ ကျင့်ကြံနေသည်ပုံ ဟန်ဆောင် လိုက်သည်။

“ဒီနေ့တော့ မင်းဘယ်ကို ပြေးမလဲကွာ …”

မျက်လုံးရှစ်လုံး ပင့်ကူ၏ ရက်စက်မည့် မျက်လုံးများက ရဲချန်ဖန်ပေါ် ရောက်လာပြီး ကြီးမား ကြောက်မက်ဖွယ် ပါးစပ်ဟကာ ပြောလိုက်သည်။ မျက်လုံးရှစ်လုံး ပင့်ကူသည် ရေခဲ၊ နှင်း လမ်းအဆုံး ရောက်ရန် အစွမ်းကုန် ကြိုးစားခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများလည်း ရရှိနေသည်။ သို့သော် သူက ရဲချန်ဖန်က ရက်ပိုင်းအတွင်း မည်မျှ တိုးတက်လာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်ကို မသိရှိသေးပေ။

သူသည် ရဲချန်ဖန်အား သတ်ပြီး ရဲချန်ဖန်၏ ထူးခြားသော ရတနာများ သိမ်းပိုက်ကာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် မျှော်လင့်ထားသည်။ ထို့အပြင် သူက လိပ်နက်ဘုရင် နောက်လိုက် မလုပ်လိုပဲ လိပ်နက်ဘုရင်ကိုပင် ပြိုင်ဆိုင်ရန် စဉ်းစားထားသည်။ ထို့ကြောင့် ဒဏ်ရာ ရရှိလျက်ပင် မတုံ့ဆိုင်းပဲ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။

“ငါ့ပုံက ပြေးမယ်ပုံ ပေါ်နေလို့လား…”

ရဲချန်ဖန်က မျက်လုံးရှစ်လုံး ပင့်ကူ၏ ပြင်းထန်သော လူသတ်စိတ်ကို ခံစားမိပြီး ဆက်ဟန်ဆောင် မနေတော့ဘဲ ကောင်းကင်အဆင့် ဓားထုတ်ကာ မျက်လုံးရှစ်လုံး ပင့်ကူကို ဝင်ရောက်တိုက်ခိုက် လိုက်သည်။

“သေစမ်း … ”

ရဲချန်ဖန်က ပေါင်လေးသိန်းကျော် စွမ်းအားကို သွေးနဂါးဖြင့် ပေါင်းစပ်ကာ မျက်လုံးရှစ်လုံး ပင့်ကူထံ တိုးဝင် တိုက်ခိုက် လိုက်သည်။

ရဲချန်ဖန် တိုက်ခိုက် လာသည်မှာ အလွန် ပြင်းထန်လှသဖြင့် မျက်လုံးရှစ်လုံး ပင့်ကူ မျက်နှာ ပျက်သွားလေသည်။ မျက်လုံးရှစ်လုံး ပင့်ကူက ရဲချန်ဖန် ဤမျှအစွမ်း ထက်နေမည်ကို မမျှော်လင့်ထားချေ။ သို့သော် ရဲချန်ဖန်တွင် ရှိနေနိုင်သည့် ရတနာများ အကြောင်း တွေးမိသည်နှင့် မျက်လုံးရှစ်လုံး ပင့်ကူမှာ နောက်မဆုတ်တော့ဘဲ ပင့်ကူမျှင်များ ထုတ်လွတ်ပြီး ရဲချန်ဖန်ကို ပြန်လည် တိုက်ခိုက် လိုက်သည်။

ပင့်ကူမျှင်များ ဝင်ရောက် လာသည်ကို ရဲချန်ဖန် ရှောင်တိမ်းမနေဘဲ ဓားအင်အား အမြင့်ဆုံးအဆင့်၊ ပေါင်လေးသိန်းကျော် စွမ်းအားဖြင့် ခုတ်ဖြတ်လိုက်ပြီး မျက်လုံးရှစ်လုံး ပင့်ကူနား လျင်မြန်စွာ ချဉ်းကပ်သွားသည်။

“ဘာလို့ဒီကောင် တိုက်ခိုက်မှုက အဲဒီလောက် ပြင်းထန်လာတာလဲ … ”

မျက်လုံးရှစ်လုံး ပင့်ကူက ရဲချန်ဖန် အစွမ်းသည် သာမာန် တန်ခိုးရှင်များထက် မမျှော်မှန်းနိုင်အောင် ကြီးမားမည်ဟု မတွေးမိချေ။ ထို့ကြောင့် သူ၏ပင့်ကူမျှင်များကို ဖျက်ဆီးပြီး သူ့ဆီ ဝင်ရောက် လာသောကြောင့် လျင်မြန်စွာ လေထဲ ခုန်ရှောင်လိုက်သည်။

“တိမ်ခွင်းလက်ဝါး…”

မျက်လုံးရှစ်လုံး ပင့်ကူက ရှောင်လိုက်သည်နှင့် ရဲချန်ဖန် မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ပေါင်လေးသိန်းကျော် စွမ်းအား ပေါင်းစပ်ကာ တိမ်ခွင်း လက်ဝါးကို မျက်လုံးရှစ်လုံး ပင့်ကူဆီ ရိုက်ထုတ်လိုက်သည်။ လက်ဝါးက မျက်လုံးရှစ်လုံး ပင့်ကူကို မိမိရရ ထိမှန်သွားပြီး မျက်လုံးရှစ်လုံး ပင့်ကူသည် မီတာ ရာပေါင်းများစွာ လွင့်စဉ်သွားသည်။ နဂိုထဲကပင် ဒဏ်ရာ ပြင်းထန်စွာ ရနေသော မျက်လုံးရှစ်လုံး ပင့်ကူ၏ဒဏ်ရာများက ပိုမို ဆိုးရွားလာသည်။

“အရိပ်မဲ့သိုင်း …”

ရဲချန်ဖန်ဆီမှ အရိပ် ကိုးခုအဖြစ် အလွန်လျင်မြန်စွာ ကွဲထွက်ပြီး မျက်လုံးရှစ်လုံး ပင့်ကူထံ တိုးဝင်သွားသည်။

“မျက်လုံးရှစ်လုံး မိစ္ဆာမျက်စောင်းသိုင်း … ”

ရဲချန်ဖန်က မျက်လုံးရှစ်လုံး ပင့်ကူနား နီးကပ်လာစဉ် မျက်လုံးရှစ်လုံး ပင့်ကူသည် ထူးဆန်းသော သိုင်းတစ်မျိုးကို ထုတ်သုံးလိုက်သည်။ မျက်လုံးရှစ်လုံး ပင့်ကူ မျက်လုံးများမှ ထူးဆန်းသည့် အလင်းတန်းများက ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ထိမှန်လေသည်။ မျက်လုံးရှစ်လုံး မိစ္ဆာမျက်စောင်း သိုင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မိစ္ဆာပညာရပ် ဖြစ်သည်။

ထိုအလင်းတန်းနှင့် ထိမှန်ခံရပါက လူရော၊ ဝိညာဉ်ပါ ပင့်ကူမျှင်များနှင့် ချုပ်နှောင် လိုက်သလို ဖြစ်သွားပြီး မည်သို့ ကြိုးစားကြိုးစား ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပါက လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်တွင် မျက်လုံးရှစ်လုံး ပင့်ကူ၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ သို့သော် ပြင်းထန်လှသည့် ဒဏ်ရာ ရရှိနေသော မျက်လုံးရှစ်လုံး ပင့်ကူသည် မျက်လုံးရှစ်လုံး မိစ္ဆာမျက်စောင်း သိုင်း၏ အစွမ်းကို နှစ်ဆယ် ရာခိုင်နှုန်းမျှသာ ထုတ်သုံး နိုင်လေသည်။ ထို့ကြောင့် မျက်လုံးရှစ်လုံး မိစ္ဆာမျက်စောင်း သိုင်းက ရဲချန်ဖန်ကို မခြိမ်းခြောက်နိုင်ပေ။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း … ”

ရဲချန်ဖန်က မျက်လုံးရှစ်လုံး မိစ္ဆာမျက်စောင်း သိုင်းကြောင့် အနည်းငယ် နှေးကွေးသွား သော်လည်း လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြုလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းက မျက်လုံးရှစ်လုံး ပင့်ကူထံ လျင်မြန်စွာ တိုးဝင်သွားသည်။ ဓားအလင်းက မျက်လုံးရှစ်လုံး ပင့်ကူ၏မျက်လုံး တစ်လုံးကို ဖောက်ဝင်သွားသည်။

“အား …”

မျက်လုံးရှစ်လုံး ပင့်ကူက အလွန်နာကျင်စွာ အော်ဟစ် ညည်းညူ လိုက်သည်။

“မိစ္ဆာသားရဲ အမြုတေ လောင်ကျွမ်းစမ်း …”

မျက်လုံးတစ်လုံး ထိုးဖောက် ခံလိုက်ရသည်နှင့် မျက်လုံးရှစ်လုံး ပင့်ကူသည် ရဲချန်ဖန် အစွမ်းကို ချက်ချင်း နားလည်သွားသည်။ ထို့ကြောင့် အသက် အန္တရာယ်နှင့် ကြုံလာသောကြောင့် မျက်လုံးရှစ်လုံး ပင့်ကူသည် တွေဝေမနေဘဲ သားရဲအမြုတေကို လောင်ကျွမ်းစေ လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း မျက်လုံးရှစ်လုံး ပင့်ကူ၏ အစွမ်းများ တစ်ဟုန်ထိုး တိုးတက်လာသည်။

မိစ္ဆာသားရဲ အမြုတေသည် သားရဲများက လူသားများ သွေးစွမ်းအင် လောင်ကျွမ်း စေခြင်းလိုပင် နည်းလမ်းချင်း တူညီသည်။ မိစ္ဆာသားရဲ အမြုတေကို လောင်ကျွမ်းစေပါက အစွမ်းများချက်ချင်း တိုးလာမည် ဖြစ်သော်လည်း နောက်တစ်ဆင့် တက်ရောက်ရန် သားရဲများ အတွက် အလွန်ခက်ခဲ သွားစေသည်။ ထို့ကြောင့် သားရဲများသည် သေရေးရှင်ရေး အခြေအနေ မဟုတ်လျှင် မိစ္ဆာသားရဲ အမြုတေ လောင်ကျွမ်းစေခြင်း နည်းလမ်းကို အသုံးပြုလေ့ မရှိပေ။

“ဝုန် …”

အစွမ်းထက်သော သားရဲအမြုတေ စွမ်းအင် ပေါက်ကွဲမှုကြောင့် လေထုပင် တုန်ခါ အက်ကွဲနေသည်။

“တရား စီရင်ရေးသိုင်း … မဟာအေးခဲစေခြင်း …”

ရဲချန်ဖန် ကလည်း မျက်လုံးရှစ်လုံး ပင့်ကူ သားရဲအမြုတေ လောင်ကျွမ်းစေ လိုက်သည်နှင့် တရားစီရင်ရေး သိုင်းကို ထုတ်ဖော်အသုံးပြု တိုက်ခိုက်လိုက်သည်။ တာအိုအစွမ်း ပါနေသော ဓားအလင်းက ကြောက်မက်ဖွယ် ကောင်းအောင် မျက်လုံးရှစ်လုံး ပင့်ကူထံ တိုးဝင်သွားသည်။

ဓားအလင်းက မျက်လုံးရှစ်လုံး ပင့်ကူ၏ အလွန်မာကျောသော ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက် ဝင်ရောက်ပြီး ပေါက်ကွဲ သွားစေသည်။ မျက်လုံးရှစ်လုံး ပင့်ကူသည် ချက်ချင်း မြေပေါ်လဲ ကျသွားသည်။

“သူ … သူ တိုက်ခိုက်မှုက ဘာ … ဘာလို့ အဲဒီလောက်တောင် ပြင်းထန် နေရတာလဲ …”

ဤသည်မှာ မျက်လုံးရှစ်လုံး ပင့်ကူ၏ စိတ်ထဲ နောက်ဆုံး ဖြစ်ပေါ်လာသော အတွေးဖြစ်သည်။ ဓားအလင်းက မျက်လုံးရှစ်လုံး ပင့်ကူကို နှစ်ပိုင်း ပြတ်သွားစေပြီး ချက်ချင်းပင် မြေပေါ်တွင် ကြီးမားလှသည့် သွေးအိုင်ကြီး အိုင်ထွန်းလာသည်

Comment

Leave a Reply

Options

not work with dark mode
Reset