Switch Mode

Chapter – 30.1

နောက်ဆုံးသော တိုက်ပွဲ

အပိုင်း ၃၀•၁

” နောက်ဆုံးသော တိုက်ပွဲ ”
°°°
ရန်ရှောင်ကျဲ့ ရယ်မောနေချိန်မှာ ချင်းသောသောကတော့ မကျေမချမ်းပုံစံနဲ့သာ ရှိနေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ချင်းသောသောက စိတ်ထဲမှာ အော်ကြီးဟစ်ကျယ်ရယ်မောနေခဲ့မိပါပြီ။ ရန်ရှောင်ကျဲ့ကိုကြည့်ရင်း သူဘာသာသူစိတ်ထဲမှာ တွေးနေခဲ့မိပါတယ်။

” အဘိုးကြီးရန် အဘိုးကြီးရန် မင်းဘယ်လောက်ပဲကောက်ကျစ်ပါစေ ဒီဖေဖေကြီးခြေဆေးတဲ့ဆေးကို သောက်ဖို့လောက်ပဲမင်းက ဉာဏ်ရှိတာပါ အနာဂတ်မှာ သေချာပေါက် မင်းနောင်တရစေရမယ်…ဒါပေါ့ အဲ့ဒီအချိန်မှာ နောင်တရလဲ နောက်မကျသေးပါဘူး..ဟားးဟားးဟားး ”

အဖွဲ့နှစ်ဖွဲ့က ရှုံးထွက်ပွဲစဥ်ရဲ့ နောက်ဆုံးပြိုင်ပွဲကို ယှဥ်ပြိုင်ရမှာဖြစ်တာကြောင့် ကျောင်းအုပ်နှစ်ယောက်ရဲ့ လောင်းကြေးထပ်နေတာကို သူတို့တွေ သတိမထားမိကြပါဘူး။

နှစ်ဖက်စလုံးက နယ်မြေကို စောစောစီးစီးရောက်ရှိနေခဲ့ကြပါပြီ။ တစ်ဖက်ပြင်ဆင်မှုတွေ လုပ်နေကြသလို နောက်တစ်ဖက်တော့ ပြိုင်ဘက်ကို စောင့်ကြည့်နေခဲ့ပါတယ်။

ထိုက်ဟွပင်းက ဟို့ယွိဟောင်ကို မမှတ်မိပေမဲ့ ဟို့ယွိဟောင်တို့အဖွဲ့က သူ့ကို ဦးတည်ပြီခြိမ်းခြောက်ဖို့လုပ်မယ်မှန်း သိနေခဲ့ပါတယ်။ အကယ်၍ သူတို့ရဲ့ကျင့်ကြံမှုအဆင့်အတန်းကိုကြည့်မယ်ဆိုရင် သူတို့အဖွဲ့က နိုင်နိုင်ချေများပါတယ်။ ဒါပေမယ့် ဖြစ်သင့်တဲ့ကိစ္စတွေက မဖြစ်လာခဲ့တာမျိုးတွေ အများကြီးကို သူတို့တွေ ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါကြောင့် ဘယ်အရာကိုမှ ပုံသေမှတ်ယူလို့မရပါဘူး။ နင့်ထျန်းတို့အဖွဲ့က အားနည်းခဲ့လို့လား ရတနာခုနှစ်သွယ်ဘုံကျောင်းကို ပိုင်ဆိုင်ထားတဲ့ နင့်ထျန်းရော မီးနဂါးရဲ့ခန္ဓာကိုယ်ရှိတဲ့ ၀ူဖုန်းနှစ်ယောက်စလုံးက သူတို့နှစ်မှာအထူးချွန်ဆုံးကျောင်းသားတွေထဲက တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် နင့်ထျန်းတို့အဖွဲ့ရဲ့ စွမ်းအားက သူတို့အဖွဲ့နဲ့သိပ်ပြီ မကွာဝေးပါဘူး။ ရှဲ့ဟွမ်ယွဲ့တို့အဖွဲ့ကတော့ အားနည်းခဲ့လား ရှဲ့ဟွမ်ယွဲ့ရဲ့တစ်ယောက်ထဲက သူမတူအောင်ထူးခြားတဲ့ ပြိုင်ဘက်ကင်းခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါပေမယ့် ကြီးကြပ်ရေးမှုးက သူ့ကိုအတင်းဆွဲပြီ ကာကွယ်ပေးလိုက်ရတဲ့အခြေအနေနဲ့ အဆုံးသတ်လို့သွားခဲ့တယ်။ အကယ်၍ ကြီးကြပ်ရေးမှုးကသာ မကာကွယ်ခဲ့ဘူးဆိုရင် ရှဲ့ဟွမ်ယွဲ့လဲ အလောင်းကောက်စရာတောင်ရှိမှာမဟုတ်ပါဘူး။

၀မ်သုန့်ရဲ့သန်မာလွန်တဲ့အင်အားနဲ့ အမွှာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ရှောင်းရှောင်းအပြင် ထူးခြားတဲ့၀ိညာဥ်ပညာရှင်ဖြစ်တဲ့ ဟို့ယွိဟောင်လဲရှိနေခဲ့ပါတယ်။ သူတို့သုံးယောက်က ထိုက်ဟွပင်းကို ခြိမ်းခြောက်နေသလိုပါပဲ။ ဒါကြောင့်သာ စောစောစီးစီးကထဲက ကြိုတင်ပြင်ဆင်လာခဲ့တာပါ။ ဟို့ယွိဟောင်တိုအဖွဲ့နဲ့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေကို မေးမြန်းရင်း ဟို့ယွိဟောင်တို့အဖွဲ့ရဲ့ အစွမ်းအစကိုသိအောင် စုံစမ်းထားပါတယ်။

ထိုက်ဟွပင်းတို့က အရမ်းကို သတိကြီးကြီးနဲ့ အာရုံစူးစိုက်ထားပေမဲ့ ဟို့ယွိဟောင်ရဲ့ လက်ရှိခံစားချက်ကတော့ အရင်နဲ့မတူညီပါဘူး။ နှလုံးသားထဲက အမုန်းတရားတွေအားလုံးကို ဖုံးကွယ်ထားဖို့အတွက် အရာအားလုံးကို သူပြုလုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် တိုက်ခိုက်ရေးနယ်မြေထဲကို ၀င်မလာခင်အချိန်ကထဲက အတော်ကြိီးကို နှလုံးခုန်မြန်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူလုပ်ချင်တဲ့အရာကတော့ တစ်ခါထဲလက်စားချေပြစ်ချင်လိုက်တာပါပဲ။ ဒါပေမယ့် လုပ်သင့်တဲ့ကိစ္စမဟုတ်မှန်း သူသိနေခဲ့တယ်။ ဆရာတွေအများကြီးရှိနေခဲ့သလို ပြိုင်ပွဲကိုထိန်းချုပ်နေတဲ့ ကြီးကြပ်ရေးမှုးလဲ ရှိနေခဲ့ပါသေးတယ်။ လက်ရှိသူအင်အားနဲ့ ထိုက်ဟွပင်းကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

” ယွိဟောင် “‘

၀မ်သုန့်ကပြောလာခဲ့တယ်။

ဟို့ယွိဟောင်က ၀မ်သုန့်ဘက်လှည့်လာချိန်မှာတော့ အေးစက်တဲ့မျက်လုံးကို မြင်လိုက်ရပါပြီ။

” မင်းစိတ်အေးအေးထား ဘယ်လိုအမှားအယွင်းမှ ဖြစ်မလာစေနဲ့ ”

ဟို့ယွိဟောင်ကို ပြောနေတဲ့သူ့ရဲ့အသံက တိုးလွန်တာကြောင့် ရှောင်းရှောင်းတောင် မကြားနိုင်ခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာ ဒိုင်အဖြစ်ဆောင်ရွက်တဲ့ ကြီးကြပ်ရေးမှုးက နယ်မြေထဲကို ၀င်လာခဲ့ပါပြီ။ ဒါ့အပြင်နေ့လည်ပြိုင်ပွဲအတွက် ရှိရှိသမျှ အတားအဆီးတွေကို ဖယ်ရှားလိုက်တာကြောင့် နယ်မြေက အရမ်းကိုကျယ်၀န်းလို့နေခဲ့ပါတော့တယ်။

ကြီးကြပ်ရေးမှုးက လက်ကိုဝှေ့ရမ်းရင်း နှစ်ဖက်စလုံးနယ်မြေထဲ၀င်လာဖို့ အချက်ပြလိုက်ပါတယ်။ ဟို့ယွိဟောင်တို့သုံးယောက်က ခေါင်းမော့ရင်ကော့ရင်း အထဲကို၀င်လာခဲ့ပါပြီ။ ဟို့ယွိဟောင်က အလယ်မှာရပ်နေခဲ့ရင်း ၀မ်သုန့်နဲ့ရှောင်းရှောင်းက ဘေးမှာရှိနေခဲ့တယ်။ တခြားတစ်ဖက်မှာလဲ ထိုက်ဟွပင်းက အလယ်မှာရပ်နေခဲ့သလို အမျိုးသမီးနှစ်ယောက်က သူ့ဘေးမှာရှိနေခဲ့ပါတယ်။

နှစ်ဖက်စလုံးကို ခေါ်ပြီချိန်မှာ ကြီးကြပ်ရေးမှုးက ပြောလာခဲ့ပါတော့တယ်။

“‘နောက်ဆုံးပြိုင်ပွဲက စတင်တော့မယ် ဒါကြောင့် စည်းမျဥ်းမှာ အပြောင်းအလဲရှိတယ်…ကောင်းကောင်းနားထောင်ကြ အခုအချိန်ကနေစပြီ မင်းတို့တွေ ဒီနယ်မြေထဲမှာ စိတ်ရှိတိုင်းလှုပ်ရှားလို့ရတယ် …ဒါပေမယ့် ပျံသန်းရေးကို အသုံးပြုတဲ့ ပညာရှင်က လေထဲမှာဆယ့်မီတာအထက် ပျံသန်းဖို့ကို ခွင့်မပြုဘူး…မင်းတို့ရဲ့ အစွမ်းအစကို အပြည့်အ၀ ထုတ်ဖော်ပြသဖို့အတွက် ရှိရှိသမျှ အစွမ်းအားလုံးကို ထုတ်သုံးနိုင်တယ်…ဒီပြိုင်ပွဲထဲမှာ ဘယ်အရာကိုမှ ချွင်းချက်ထားမနေနဲ့ အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာမယ်ဆိုရင် ငါသေချာပေါက် အခြေအနေကို ထိန်းကွပ်ပေးမယ်…ဒါပေမယ့် ငါကယ်ဖို့အတွက် လုပ်ဆောင်ရတဲ့ ဘယ်ပြိုင်ပွဲ၀င်မဆို ပြိုင်ပွဲအတွက် အရည်အချင်းမပြည့်မီဘူးဖို့ သတ်မှတ်ခံရမယ်..နားလည်ကြလား ”

” နားလည်ပါပြီ ”

နှစ်ဖက်စလုံးက တစ်ပြိုင်နက်ထဲ ပြန်ဖြေလိုက်ပါတယ်။ ထူးဆန်းတဲ့ အလင်းတန်းတစ်ခုကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်မျက်လုံးထဲမှာ ဖြတ်ပြေးလို့သွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုက်ဟွပင်းရဲ့ မျက်လုံးထဲမှာ အေးစက်မှုက ပေါ်ထွက်လာခဲ့ပြီ လူသတ်ငွေ့တွေကလဲ တစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားပါတယ်။

ထိုက်ဟွပင်းက သားအကြီးဆုံးမဟုတ်ပေမဲ့ ကျားဖြူမြို့စားမင်းရဲ့သားတွေထဲက တစ်ယောက်ဖြစ်နေဆဲပါ။ ဒါကြောင့် ငယ်ငယ်လေးထဲကနေ အကောင်းဆုံးသင်ကြားမှုကို ရရှိခဲ့ပါတယ်။ သိုင်းပညာ၀ိညာဥ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ သင်ကြားခဲ့ရုံတင်မကပဲ စစ်ပွဲတစ်ပွဲကို ဘယ်လိုပါ၀င်ယှဥ်ပြိုင်ရင်း တခြားသူတွေကို သတ်ဖြတ်ရမယ်ဆိုတာကို သင်ကြားလေ့လာခဲ့ရတယ်။ ကျားဖြူမြို့စားမင်းက ကြယ်တာရာလော့နိုင်ငံတော်ရဲ့ စစ်တပ်ကြီးသုံးခုမှာ တစ်ခုကိုအုပ်ချုပ်တဲ့ခေါင်းဆောင်ပါ။ ဒါကြောင့် သူသားတွေကလဲ အနာဂတ်မှာ စစ်တပ်အာဏာကိုရဖို့အလားအလာရှိနေပါတယ်။

ရလဒ်အနေနဲ့ ထိုက်ဟွပင်းက သက်တူရွယ်တူတွေထက်အများကြီးကိုပိုပြီး အေးစက်တဲ့စရိုက်ကို ပိုင်ဆိုင်လို့ထားပါတယ်။ ဒါ့အပြင် သူက စစ်သည်တော်တစ်ယောက်ရဲ့ အမူအကျင့်မျိုးလဲ ရှိနေခဲ့တယ်။ ကျားဖြူမြို့စားမင်းမှာ သားတွေအများကြီးရှိပေမဲ့ သူက ပါရမီအရှိဆုံးသူဖြစ်တာကြောင့် ကျားဖြူမြို့စားမင်းက သူ့ကို အရမ်းတန်ဖိုးထားပါတယ်။ တခြားတစ်ဖက်မှာတော့ ကျားဖြူမြို့စားမင်းရဲ့ ဘယ်သားမဆို မဟာမြို့စားမင်းဆိုတဲ့နေရာကို အမွေဆက်ခံနိုင်ဖို့အတွက် အလားအလာရှိနေခဲ့တယ်။ ဒါကြောင့်သာ ထိုက်ဟွပင်းရဲ့ အညှာအတာကင်းမဲ့ပြီ ခိုင်မာတဲ့စိတ်ဓာတ်က အသက်ငါးနှစ်အရွယ်ထဲကနေ ငယ်ရွယ်တဲ့၀ိညာဥ်သားရဲကောင်တစ်ကောင်ကို ကိုယ်တိုင်သတ်စေနိုင်တဲ့အထိ ဖြစ်လာခဲ့တာပါ။

” နှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ကြမယ် ”

” ဟို့ယွိဟောင် ”

” ၀မ်သုန့် ”

” ရှောင်းရှောင်း ”

တစ်ဖက်မှာလဲ ထိုက်ဟွပင်းတို့အဖွဲ့က ရန်လိုစိတ်အပြည့်နဲ့ ပြန်ပြီ နာမည်တွေကို မိတ်ဆက်ပါတော့တယ်။

” ထိုက်ဟွပင်း ”

” ကျုးလု ”
အနက်ရောင်ဆံပင်နဲ့ မိန်ကလေးက ပြောလိုက်ပါတယ်။

” ချွေ့ရာကျီး ”
ပန်းရောင်ဆံပင်နဲ့ မိန်းကလေးက ပြောပါတယ်။

ဒီအချိန်မှာပဲ ကြီးကြပ်ရေးမှုးက လက်နှစ်ဖက်ကိုဖြန့်လိုက်ပြီ ပြောလာခဲ့တယ်။

” နှစ်ဖွဲ့စလုံး ကိုယ်နယ်မြေကို ကိုယ်ပြန်ကြပါ ငါအချက်ပြတာနဲ့ မင်းတို့စပြီ တိုက်ခိုက်နိုင်ပြီ ”

နှစ်ဖက်စလုံးက ဖြည်းဖြည်းချင်းဆိုသလို နောက်ပြန်ဆုတ်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ရဲ့မျက်လုံးတွေကို ထိုက်ဟွပင်းဆီသာ မျက်ချေမပြတ်ဦးတည်လို့ထားခဲ့တယ်။ ထိုက်ဟွပင်းရဲ့ မျက်လုံးထဲမှာ လူသတ်ငွေ့တွေ ရှိနေတာကို သူမြင်နေခဲ့ရပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က တစ်စက်လေးတောင် ထိတ်လန့်မသွားခဲ့တဲ့အတွက် ထိုက်ဟွပင်းကိုယ်တိုင်လဲ လန့်နေခဲ့ပါတယ်။

သူတို့နှစ်ယောက်ကြားမှာ အင်အားကွာခြားချက်က အရမ်းကိုကြီးမားလွန်နေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ အခုလိုခြိမ်းခြောက်မှုအားကောင်းတဲ့ အခြေအနေမှာ ထိုက်ဟွပင်းကို တစ်စက်လေးတောင် အလျှော့မပေးခဲ့ပါဘူး။

လက်ရှိအချိန်မှာ ကြည့်နေတဲ့ဆရာတွေအားလုံးက တိတ်ဆိတ်လို့နေခဲ့ပါတယ်။ ရန်ရှောင်ကျဲ့နဲ့ ချင်းသောသောတို့တောင်မှ အောက်ဖက်နယ်မြေကိုပဲ အပြည့်အ၀ အာရုံစိုက်ထားခဲ့ပါပြီ။

ဖန်းယွီက ဟို့ယွိဟောင်နောက်ဆုတ်နေတဲ့ ပုံစံကိုကြည့်ရင်း သူ့ဘာသာသူ စိတ်ထဲမှာ တွေးနေခဲ့မိပါတယ်။

” ကောင်လေး မင်းငါ့ကို စိတ်ပျက်စေလို့မဖြစ်ဘူး စိတ်မပျက်စေဘူးလို့လဲ ငါမျှော်လင့်ပါတယ်။

ဒီပြိုင်ပွဲက ကျောင်းသားတွေရဲ့ ပြိုင်ပွဲဖြစ်ရုံတင်မက ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းမှာ နေရာရဖို့ မင်းအတွက် အရေးကြီးတဲ့အဆုံးအဖြတ်ပွဲလဲ ဖြစ်နေခဲ့သေးတယ်။

နှစ်ဖက်စလုံးကတော့ သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီနယ်မြေကြီးက အရမ်းကို ကြီးမားလွန်တဲ့အတွက် သူတို့ကြားအကွာအဝေးကလဲ အရမ်းကို ကျယ်ပြန့်နေခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့အထိ ခက်ခဲသွားခဲ့တယ်။

ကြီးကြပ်ရေးမှုးက ညာဘက်လက်ကို မြောက်ရင်း ဖြည်းဖြည်းချင်းအောက်ကိုပြန်ချလိုက်ပါပြီ။ အဲ့ဒီနောက် ကြည်လင်ပြတ်သားတဲ့ သူ့အသံက လူတိုင်းရဲ့နားထဲကို ၀င်ရောက်သွားပါတော့တယ်။

” စတင်မယ် ”

ချက်ချင်းဆိုသလို နှစ်ဖက်စလုံးက တစ်ပြိုင်နက်ထဲလှုပ်ရှားပါတော့တယ်။ အရှေ့ကိုပြန်လည်ပြေးထွက်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူတို့တွေကအရမ်းကို ဝေးလွန်နေတဲ့အတွက် ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို အသုံးမပြုနိုင်ပါဘူး။

၀မ်သုန့်ကတော့ အရှေ့ကိုပြေးနေရင်း အော်ဟစ်ပြီ အတောင်ပံတွေကို ထုတ်လိုက်ပါတော့တယ်။ လေထဲကိုတိုက်ရိုက်ပျံသန်းသွားခဲ့ပေမဲ့ ဟို့ယွိဟောင်ကို မခေါ်သွားခဲ့ပါဘူး။ အဲ့ဒီအစား သူခေါင်းပေါ်မှာသာ ပျံနေခဲ့ပါတယ်။

အကယ်၍ သူတို့ရိုးရိုးစွမ်းအားတစ်ခုနဲ့ ယှဥ်ပြိုင်မယ်ဆိုရင် အနိုင်ရဖို့ခက်ခဲမှာကို သိနေခဲ့တယ်။ ထိုက်ဟွပင်းရဲ့ ကျားဖြူက ၀ူဖုန်းရဲ့ အနီရောင်နဂါးထက်တောင် အရည်အသွေးကပိုကောင်းပါသေးတယ်။ ဒါ့အပြင် ၀ူဖုန်းမှာ ၀ိညာဥ်စက်ကွင်းကနှစ်ကွင်းသာရှိတာပါ။ နင့်ထျန်းက ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ အကြီးအကဲဖြစ်နေခဲ့ပေမဲ့ သူ့ရဲ့ အင်အားတိုးစေနိုင်တဲ့အရာက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် လုံး၀တားဆီးခံရပါတယ်။ ဒါပေမယ့် ထိုက်ဟွပင်းကတော့ တူညီတဲ့တိုက်ခိုက်မှုမျိုးနဲ့ တိုက်ခိုက်လို့ရမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ကလဲ စိတ်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုကို ထိန်းချူပ်နိုင်ဖို့သူ့ကိုယ်သူသေချာပေါက် ကာကွယ်ထားမှာပါ။ ၀ိညာဥ်အကြီးအကဲဖြစ်နေတဲ့ အဆင့်အတန်းနဲ့ဆိုရင် ဟို့ယွိဟောင်တို့အဖွဲ့က ဟောင်သုန့်စွမ်းအားနဲ့တောင် ခက်ခက်ခဲခဲ တိုက်ခိုက်ရပါလိမ့်မယ်။

ရှောင်းရှောင်းက ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်ကို သူ့ခန္ဓာကိုယ်နဲ့ ကာကွယ်ထားရင်း အရင်ဆုံးပြေးနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ပုလွေကိုထုတ်ယူလာပါပြီ။ တခြားတစ်ဖက်မှာ ထိုက်ဟွပင်းတို့သုံးယောက်ကတော့ အရင်ပုံစံအတိုင်းပဲ အရှေ့ကို ပြေးထွက်လို့လာခဲ့ပါတယ်။ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ထိုက်ဟွပင်းက ပြေးနေရင်းအော်လိုက်တယ်။

“ကျားဖြူပူးကပ်မှု ”

°°°
အပိုင်း ၃၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset