အခန်း (၂၁၂ )
တားဆီးပိတ်ဆို့ဝင်္ကပါ
“ဝင်္ကပါပဲ…အင်းဒါက တားဆီးပိတ်ဆို့ဝင်္ကပါ ဖြစ်မယ်…”
ရဲချန်ဖန်သည် ရှေ့ဆက်သွားလို့မရအောင် ပိတ်ဆို့နေသည့် အလွန်ကြီးမားလှသော အစွမ်းထက်သည့် ဝင်္ကပါကို ကြည့်ပြီး စဉ်းစားနေသည်။
ဝင်္ကပါကြီးမှ ထွက်ပေါ်နေသည့် အော်ရာကို ကြည့်ပြီး ရဲချန်ဖန်သည် သူနားလည်နိုင်သည့် အစွမ်းထက် မြင့်မားနေကြောင်း တွေ့လိုက်ရသည်။ ပြောရမည်ဆိုလျှင် ရဲချန်ဖန် မြင်ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး အရာဟု ဆိုရမည်။
“နီရှန်…ဓါးစက်ရုပ်…ငါ့ကို ကာကွယ်ထား… ငါဝင်္ကပါကို ဖြိုခွဲဖို့ကြိုးစား ကြည့်မယ်…”
နတ်ဦးနှောက်သည် အလွန်အစွမ်း ထက်သော်လည်း ရဲချန်ဖန် အဆင့်မှာ အလွန်နိမ့်နေသေးသည်။ ထို့ကြောင့် နတ်ဦးနှောက်၏ အစွမ်းကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ ကံကောင်းသည်မှာ ရဲချန်ဖန်တွင် ရွှေလင်းယုန်တောင်ပံ ရှိသောကြောင့် လိပ်နက်ဘုရင်တို့အား နောက်ကောက်ချ မျက်ခြေဖျက်နိုင် သောကြောင့် ဝင်္ကပါကို ဖြိုခွဲရန် အချိန်အတော်ကြာ ရရှိမည် ဖြစ်သည်။
“အစွမ်းထက်လိုက်တဲ့ ဝင်္ကပါ …မှော်အစီအရင်တွေကို ဒီလောက်အစွမ်းထက်အောင် ပေါင်းစပ်လို့ ရတယ်…”
ရဲချန်ဖန်က နတ်ဦးနှောက်ဖြင့် ဝင်္ကပါကို လေ့လာနေရင်း အလွန်အံဩ မှင်သက်နေမိသည်။ ဝင်္ကပါကို အချိန်တိုအတွင်း ဖြိုခွဲဖို့ အလွန်ခက်ခဲမည်ဟု ရဲချန်ဖန် ခံစားလိုက်ရသည်။ အချိန်အတန်ကြာ ကုန်ဆုံးသွားပြီး ရဲချန်ဖန်က ကျောက်ရုပ်အလားပင် ဝင်္ကပါရှေ့တွင် ထိုင်ကာ လေ့လာနေသည်။ ရဲချန်ဖန် ဝင်္ကပါကို လေ့လာနေချိန် လေးရက်မြောက်သော နေ့တွင် အမှောင်သခင်တို့ အဖွဲ့သည် ဝင်္ကပါနား ရောက်ရှိလာသည်။
“အင်း ဒီကောင်ကငါ့တို့ထက် အရင်စောရောက်နေတာပဲ… ဒီ ရဲချန်ဖန်က လွယ်တဲ့ကောင် မဟုတ်ဘူး…သူ့မှာတောင်ပံတွေလည်းရှိတယ်…သူသာ ထွက်ပြေးရင် လိုက်ဖမ်းလို့မလွယ်ဘူး…”
ရဲချန်ဖန်နှင့် ဓါးစက်ရုပ်တို့ကို ကြည့်ပြီး အမှောင်သခင် စိတ်ထဲတွေးနေသည်။ မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်များသည် လေပေါ်ပျံသန်းရန် အစွမ်းမရှိပေ။ မဟာသားရဲဘုရင် တန်ခိုးရှင်အဆင့် ရောက်မှသာ လေပေါ်ပျံသန်းနိုင်သည့် အစွမ်းရရှိမည် ဖြစ်သည်။
“အမှောင်သခင် သူ့ကိုသတ်ပစ်မှ ရမယ်…ကျွန်တော်တို့နှစ်ယောက် ဝိုင်းတိုက်ရင် သူခံနိုင်မှာမဟုတ်ဘူး…”
ဓါးမိစ္ဆာသည် ရဲချန်ဖန် အစွမ်းကို မျက်ဝါးထင်ထင် တွေ့မြင် ခဲ့သောကြောင့် ရဲချန်ဖန်သည် အကောင်သေးသော်လည်း အဆိပ်ပြင်းသည့် မြွေပွေးလို ခံစားနေရသည်။ ထို့ကြောင့် ရဲချန်ဖန် အစွမ်းအရမ်း မထက်လာခင် သတ်ပစ်မှ နောက်တွင် စိတ်အေးရမည်ဟု သူ့မသိစိတ်က သတိပေးနေသည်။ ထို့ကြောင့် အမှောင်သခင်ကို တိုက်တွန်းလိုက်သည်။
“မလောနဲ့…ရေအောက်လိုဏ်ဂူ အတွင်းပိုင်း ရောက်မှသတ်လဲ နောက်မကျဘူး…”
အမှောင်သခင်က ဓါးမိစ္ဆာအကြံကို ငြင်းပယ်လိုက်သည်။ ရဲချန်ဖန်တွင် နည်းလမ်းပေါင်းစုံ ရှိနေပြီး ရေအောက် လိုဏ်ဂူအတွင်းပိုင်းသို့ ဝင်ရောက်ချင်ပါက ရဲချန်ဖန် မပါလျင်မဖြစ်နိုင်ဟု အမှောင်သခင်က နားလည်နေသည်။ ထို့ကြောင့် ဓါးမိစ္ဆာအကြံကို ငြင်းပယ်လိုက်သည်။
“ချန်ဖန် အမှောင်သခင်တို့ ရောက်နေပြီ…”
ရွှယ်နီရှန်က အမှောင်သခင်သည် သူနောက်လိုက်များနှင့် ရောက်လာသည်ကို တွေ့လိုက်သောအခါ ရဲချန်ဖန်ကို နိုးလိုက်သည်။
“ရဲချန်ဖန် …စိတ်မပူနဲ့…ငါတို့မင်းကို ဒုက္ခမပေးဘူး…ငါတို့ ဝင်္ကပါကို ဖျက်ကျော်ဖို့ ပူးပေါင်း ရအောင် မင်းစိတ်ဝင်စားလား…”
အမှောင်သခင်က ရဲချန်ဖန်ကို ကြည့်ပြီး ခင်မင်ရင်နှီးဟန်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားမှာ နည်းလမ်းရှိလို့လား…”
လေးရက်ကြာ ဝင်္ကပါကို ချိုးဖောက်ရန် နည်းလမ်းရှာခဲ့သော်လည်း ချိုးဖောက်ရန် နည်းလမ်းကို ရှာမတွေ့သောကြောင့် အမှောင်သခင် ၏ကမ်းလှမ်းမှုကို အနည်းငယ် စိတ်ဝင်စားသွားသည်။
“ငါ့ဆီမှာ ရှေးဟောင် ဝင်္ကပါတစ်ခု ရှိတယ်… ငါ့ဝင်္ကပါကို သုံးပြီး ဒီဝင်္ကပါကြီး စွမ်းအင်ကို အားနည်းသွားအောင် လုပ်လို့ရမယ်ထင်တယ်…အဲဒီခါမှ မင်းဝင်္ကပါကို ချိုးဖောက်ရင် ငါ့တို့အောင်မြင်နိုင်လောက်တယ်…”
အမှောင်သခင် က သူ့အကြံအစည်ကို ပြောလိုက်သည်။
“ဒီ နည်းလမ်းက အန္တရာယ်များတယ်…ကျွန်တော် ဝင်္ကပါကို ချိုးဖျက်နေချိန် ခင်ဗျားက မလုပ်ကြံပါဘူးလို့ မပြောနိုင်ဘူး…ဒါကြောင့် ခင်ဗျားက ကောင်းကင်တာအိုနဲ့ သစ္စာဆိုရင် ခင်ဗျား အကြံကိုလက်ခံမယ်…”
ရဲချန်ဖန်က အမှောင်သခင်ကို မယုံကြည်ချေ။ ထို့ကြောင့် အမှောင်သခင်၏ အကြံအစည်ကို လက်မခံနိုင်ဟန် ပြောလိုက်သည်။
“ရတယ်…ပြဿနာ မရှိဘူး…ကောင်းကင်သစ္စာဆိုပေးမယ်…”
အမှောင်သခင်က ရဲချန်ဖန် ပြောသည်ကို လက်ခံလိုက်သည်။
“ဒါဆို ငါတို့ခုစရအောင်…”
ရဲချန်ဖန်က လိပ်နက်ဘုရင်တို့ မရောက်လာခင် ဝင်္ကပါကို ချိုးဖောက် ချင်နေသည်။ ထို့ကြောင့် အမှောင်သခင်၏ အကြံအတိုင်း လုပ်ဆောင်ရန် သဘောတူလိုက်သည်။
“သတ်ဖြတ်သူ ဝင်္ကပါ…”
အမှောင်သခင်က သူသို့လှောင်လက်စွပ်ထဲမှ အလွန်ရှေးကျပုံပေါ်ပြီး လက်ဝါးအရွှယ်အစားခန့် ရှိသော မှော်အဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်မှ ကြောက်မက်ဖွယ် လူသတ်အော်ရာများ ထွက်နေပြီး အလွန်အစွမ်း ထက်မည့်ပုံပေါ်သည်။ အမှောင်သခင်က ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်သည်နှင့် ကြောက်မက်ဖွယ် အစွမ်းထက်သည့် ဝင်္ကပါတစ်ခုက ထွက်ပေါ်လာသည်။
“သိုလှောင် လက်စွပ်လား…”
ရဲချန်ဖန် သည် အမှောင်သခင်က မှော်အဆောင်ကို လက်စွပ်တစ်ခုထဲမှ ထုတ်ယူလိုက်သဖြင့် အနည်းငယ်အံ့အားသင့်သွားသည်။ သိုလှောင်လက်စွပ်သည် သိုလှောင်အိတ်ထဲ အဆပေါင်းများစွာ အဖိုးတန်ပြီး လက်စွပ်ထဲရှိ သိုလှောင်နိုင်သည့်ပမာဏမှာ သိုလှောင်အိတ်ထက်များပြားလှသည်။
“သတ်ဖြတ်သူ ဝင်္ကပါ တိုက်ခိုက်စမ်း…”
သတ်ဖြတ်သူ ဝင်္ကပါကို ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးနောက် ရေအောက် လိုဏ်ဂူမှဝင်္ကပါ လုပ်ဆောင်ချက်များအား နည်းစေရန် စတင်လုပ်ဆောင်တော့သည်။ အမှောင်သခင်၏ ဝင်္ကပါမှ အဆုံးမဲ့ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရေအောက်လိုဏ်ဂူ တားဆီးပိတ်ဆို့ဝင်္ကပါ၏ အစွမ်းများလျော့ပါးအောင် နှောင့်ယှက်တော့သည်။
“ဝုန်း…”
ပိတ်ဆို့တားဆီးဝင်္ကပါသည် သတ်ဖြတ်ခြင်း ဝင်္ကပါ၏ နှောင့်ယှက်ခြင်း ခံနေရသဖြင့် ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပိတ်ဆို့တားဆီး ဝင်္ကပါက စတင်လှုပ်ယမ်း နေသည်။
“နတ်ဦးနှောက်…ရှာဖွေစမ်း…”
ရဲချန်ဖန် ကလည်း ပိတ်ဆို့တားဆီးဝင်္ကပါနားတွင် အချိန်ကြာသည်နှင့်အမျှ အန္တရာယ်များလာမည်ကို နားလည်ထားသောကြောင့် ပိတ်ဆို့တားဆီး ဝင်္ကပါကို ချိုးဖောက်ရန် အစွမ်းကုန် ကြိုးစားနေသည်။ တဖြည်းဖြည်းနှင့် ပိတ်ဆို့တားဆီးဝင်္ကပါတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
“ဒီနည်းလမ်းက အလုပ်ဖြစ်သားပဲ…”
သုံးနာရီခန့် ကြာပြီးနောက် ပိတ်ဆို့တားဆီးဝင်္ကပါမှ ပြောင်းလဲမှုများကို ကြည့်ပြီး ရဲချန်ဖန် အားတက်လာသည်။
“လူသားတွေ…မင်းတို့က ငါ့ထက် အရင်ရောက်နေတာပဲ…ခွေးကောင်လေး ဒီနေ့မင်း ဘယ်ပြေးမလဲဆိုတာ ကြည့်ရအောင်…”
ရဲချန်ဖန်က ပိတ်ဆို့တားဆီးဝင်္ကပါကို ကြည့်နေစဉ် အလွန်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံနှင့် အတူ တောင်ပူစာ တစ်လုံးနှင့် တူသော လိပ်နက်ဘုရင်က ပိတ်ဆို့တားဆီး ဝင်္ကပါ နားလျင်မြန်စွာ လာနေသည်ကို တွေ့လိုက်ရသည်။
“လိပ်နက်ဘုရင်… ရဲချန်ဖန်ကို မတိုက်ခိုက်ပါနဲ့ဦး … ငါတို့ ပိတ်ဆို့တားဆီး ဝင်္ကပါကို ချိုးဖောက်ဖို့ သူ့အကူအညီလိုသေးတယ်…”
ရက်စက်မည့်ဟန် လိပ်နက်ဘုရင်က ရဲချန်ဖန်နား ချဉ်းကပ်လာစဉ် အမှောင်သခင်က လိပ်နက်ဘုရင်ကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
“ဘာ…ဒီကောင်မှာ ဒီလို အစွမ်းရှိတာလား…”
လိပ်နက်ဘုရင်က ရဲချန်ဖန်ကို မျက်လုံးပြူးကြည့်ပြီး မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“သူ့ကို အချိန်တစ်လပေးမယ်…တစ်လနေလို့မှ မတိုးတက်လာဘူးဆိုရင် ငါတို့ပူးပေါင်းပြီး သူ့ကိုသတ်…သူ့ရတနာတွေ ခွဲဝေ ယူကြတာပေါ့…”
အမှောင်သခင်က လိပ်နက်ဘုရင်ကို စိတ်ချင်းဆက်သွယ် စကားပြောလိုက်သည်။
“အေး… ဒါဆို ဒီခွေးကောင်လေးကိုတစ်လ အချိန်ပေးလိုက်မယ်…”
“ရဲချန်ဖန် …လိပ်နက်ဘုရင်နဲ့ ပတ်သက်ပြီးစိတ်မပူနဲ့…မင်း စိတ်အေးအေးထားပြီး ပိတ်ဆို့တားဆီး ဝင်္ကပါကို ချိုးဖောက် …သိလား”
အမှောင်သခင်က ရဲချန်ဖန်၏ လေးနက်နေသောပုံကို ကြည့်ပြီး အားပေးလိုက်သည်။ ရဲချန်ဖန်က အမှောင်သခင်၏ စကားကို ကြားလိုက်ချိန်တွင် လိပ်နက်ဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများပိတ်ကာ ပိတ်ဆို့တားဆီးဝင်္ကပါ ဖြိုခွဲရန် နည်းလမ်းကို ဆက်လက်ရှာဖွေနေသည်။ နောက်သုံးရက် ကြာပြီးနောက် နဗြူလာနှင့် သူ့လူတစ်ဦး၊ အထီးကျန်တိမ် အဖွဲ့မှ နာယက တို့သည် ပိတ်ဆို့တားဆီးဝင်္ကပါနား ရောက်ရှိလာသည်။
“ကြည့်ရတာ… ဒီရဲချန်ဖန် ပိတ်ဆို့တားဆီး ဝင်္ကပါကို ကျော်ဖြတ်ပြီး ရေအောက်လိုဏ်ဂူ အတွင်းပိုင်းကို ဝင်နိုင်မယ်ထင်တယ်…”
နဗြူလာ တို့သည် ပိတ်ဆို့တားဆီး ဝင်္ကပါသည် အရင်နှင့်အတူဘဲ ထူးခြားသည့် အလင်းများ ထွက်နေသည်ကို တွေ့ပြီးနောက် အံဩသင့်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။
နောက်ဆယ်ရက် ကြာပြီးသော်လည်း ရဲချန်ဖန်သည် ပိတ်ဆို့တားဆီးဝင်္ကပါရှေ့တွင် မလှုပ်မယှက် ထိုင်နေဆဲပင်။ ဆယ်နှစ်ရက်မြောက်နေ့တွင် ပိတ်ဆို့တားဆီးဝင်္ကပါတွင် အားနည်းသည့်နေရာ တစ်ခုကို ရဲချန်ဖန် တွေ့ရှိလိုက်သည်။ အမှောင်သခင်၏ သတ်ဖြတ်ခြင်း ဝင်္ကပါကလည်း ပိတ်ဆို့ တားဆီးဝင်္ကပါကို အဆက်မပြတ် အားနည်းအောင်လုပ်ဆောင် နေသောကြောင့် ပိတ်ဆို့တားဆီး ဝင်္ကပါတွင် အားနည်းသည့်အပိုင်းများ ထွက်ပေါ်လာသည်ကို မြင်ရခြင်းဖြစ်သည်။
“နီရှန်…ငါ့နဖူးက ချွေးတွေကို သုတ်ပေးတဲ့ပုံနဲ့ ငါ့ဆီကိုလာ…”
ရဲချန်ဖန်၏စိတ်ချင်းဆက်သွယ် စကားပြောသံကို ရဲချန်ဖန်၏အနီးတွင် ရှိနေသော ရွှယ်နီရှန် စိတ်ထဲတွင် ကြားလိုက်ရသည်။ ရဲချန်ဖန် အသံကြားသည်နှင့် ရွှယ်နီရှန်က လက်ကိုင်ပုဝါ ထုတ်ကာ ရဲချန်ဖန်နား လျှောက်သွားသည်။
ထို့နောက် ပင်ပန်းနေသည့်ချစ်သူအား ယုယစွာ ချွေးသုတ်ပေးနေသည့် ကောင်မလေး ပုံအလား ရွှယ်နီရှန် က ရဲချန်ဖန် ချွေးများကို သုတ်ပေးလိုက်သည်။ ရွှယ်နီရှန်၏ ကြင်နာယုယနေပုံကို တခြားလူများက သိပ်သတိမထားကြပေ။
ထိုအချိန်တွင် ရဲချန်ဖန် မျက်လုံးများက ပွင့်လာပြီး ရွှယ်နီရှန်ကို ဖတ်လိုက်သည်။ ထို့နောက် ဓါးထုတ်ယူကာ ပိတ်ဆို့တားဆီး ဝင်္ကပါ၏ နေရာတစ်ခုကို တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် တိုက်ခိုက်လိုက်သည်နှင့် ပိတ်ဆို့တားဆီး ဝင်္ကပါတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ရဲချန်ဖန်က ထိုအပေါက်မှတစ်ဆင့် ပိတ်ဆို့တားဆီး ဝင်္ကပါထဲဝင်ရောက် ပျောက်ကွယ်သွားလေသည်။ ရဲချန်ဖန်တို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် ဝင်္ကပါ အပေါက်သည် အလိုအလျောက် ပြန်ပြည့်လာပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလေသည်။ အလွန်အစွမ်းထက်သော ဝင်္ကပါများတွင် အလိုအလျောက် ပြန်လည်ပြုပြင်နိုင်သော အစွမ်းများရှိနေသည်။
***