အခန်း ( ၂၀၇ )
အရိပ်မဲ့ရွှေအပ်
“ဘာလဲ…မင်းက အဲဒီ လျှို့ဝှက်ချက်ကို တစ်ယောက်တည်း အပိုင်စီးချင်နေတာလား…”
အလွန်ရက်စက်သည့် အော်ရာများထွက်နေသည့် လူတစ်ဦးသည် အလွန်ကြီးမားသော သိမ်းငှက်ကြီးပေါ်တွင် ရပ်ကာ ရဲချန်ဖန်ထံဆီ ပျံသန်းလာရင်း ပြောလိုက်သည်။
“အမှောင်သခင်…”
သိမ်းငှက်ကြီးပေါ်မှ လူအားကြည့်ရင်း နဗြူလာ အပါအဝင်အများစုက တုန်လှုပ်သွားပြီး ကြောက်လန့်ဟန် ဖြစ်ပေါ်လာသည်။
“အမှောင်သခင်… ခင်ဗျားလည်း ရောက်လာမယ် မထင်မိဘူး…”
လိပ်နက်ဘုရင်က သိမ်းငှက်ပေါ်မှ လူအားကြည့်ရင်း ခပ်ထေ့ထေ့ ပြောလိုက်သည်။
“ငါလည်း ရေအောက်လိုဏ်ဂူကို စိတ်ဝင်စားတယ်…ငါတို့ ရေအောက်လိုဏ်ဂူ ရတနာတွေကို မျှဝေယူတာ ပိုမကောင်းဘူးလား…”
အမှောင်သခင်က သူ့ကို သိပ်မကျေနပ်ပုံရသော လိပ်နက်ဘုရင်ကို လျစ်လျှူရှူကာ ဆက်ပြောလိုက်သည်။
“ငါက သဘောမတူရင်ကော…”
မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် လိပ်နက်ဘုရင်သည် အမှောင်သခင်ကို သိပ်အမူမထားတော့ချေ။ ထို့ကြောင့် သူက ရန်လိုစွာ ပြောလိုက်သည်။
“လိပ်နက်ဘုရင်…ခင်ဗျားက မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး မဟာသားရဲဘုရင် အစွမ်းရှိနေပြီ ဆိုပေမယ့်… ရေအောက်လိုဏ်ဂူက ရှေးခတ်ရဲ့ အမွေအနှစ်တွေပဲ… သာမန်လွယ်လွယ် ရမယ်ထင်လား…ခင်ဗျားတစ်ယောက်တည်း အင်အားနဲ့ဆို ခင်ဗျားတို့ ရေအောက်လိုဏ်ဂူက သေဖို့များလိမ့်မယ်…”
“ငါတို့ရဲ့ အင်အားတွေ အားလုံးစုစည်းပြီးမှပဲ ရေအောက်လိုဏ်ဂူထဲက ရတနာတွေရဖို့ ဖြစ်နိုင်မယ်… ခင်ဗျားရဲ့အစွမ်းနဲ့ဆို တစ်ယောက်တည်း ရေအောက်လိုဏ်ဂူထဲ ဝင်ဖို့ မဖြစ်နိုင်ဘူး…”
အမှောင်သခင်က အခြေအနေကို သုံးသပ်ပြလိုက်သည်။
“လိပ်နက်ဘုရင်… အမှောင်သခင် ပြောတာမမှားဘူး… ငါတို့တွေရှေ့မှာ အသေခံပေးဖို့ လူတွေ လိုသေးတယ်…ဒီလူတွေက အဲဒီနေရာမှာ အသုံးဝင်သေးတယ်…”
မြွေဘုရင်မ၏ မျက်လုံးများသည် ထူးခြားသော ဆွဲဆောင်မှု အလင်းတစ်မျိုး ထွက်နေပြီး လိပ်နက်ဘုရင်ကို ပြောလိုက်သည်။
“အေး…ငါလက်ခံတယ်…ဒါပေမဲ့ မင်း သစ္စာဖောက်ရင် ငါ့ကိုအဆိုးမဆိုနဲ့…”
လိပ်နက်ဘုရင်က မြွေဘုရင်မကပါ တိုက်တွန်းမှုကြောင့် သိပ်မကျေနပ်ပဲ စူပုပ်ပုပ်ဖြင့် အမှောင်သခင်၏ အကြံကို လက်ခံလိုက်သည်။
“မင်းတို့ မေ့မနေကြနဲ့ …သော့တွေက ငါ့လက်ထဲမှာ…”
လေထဲတွင် ပျံဝဲနေသော ရဲချန်ဖန်က လိပ်နက်ဘုရင်နှင့် အမှောင်သခင်တို့ ဆွေးနွေးမှုများကို နားထောင်ပြီး နှာခေါင်းရှူံ့ လှောင်ပြောင်လိုက်သည်။
“ရဲချန်ဖန်…မင်းငါတို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့… ငါတို့မှာသော့မရှိပေမဲ့ …မင်းလည်း ရေအောက်လိုဏ်ဂူကိုသွား လို့မရအောင် လုပ်လို့ရတယ်… ငါတို့က မိုမိသားစုက လူတွေသတ်ရင် မင်းဘာလုပ်နိုင်မှာလဲ…မင်းသေချာစဉ်းစား…ငါတို့နဲ့ မပူးပေါင်းရင် မင်းဘာဖြစ်သွားမယ်ထင်လဲ…”
အမှောင်သခင်က အေးစက်စက် ပြောလိုက်သည်။
အမှောင်သခင်က ခြိမ်းခြောက် လိုက်သည်နှင့် မိုယုရန်နှင့် မိုမိသားစုဝင်များက ကြောက်လန့်သွားသည်။ အမှောင်သခင်က ရဲချန်ဖန်ကို ခြောက်လှန့်နေခြင်း မဟုတ်ဘဲ အမှာင်သခင်နှင့် လိပ်နက်တို့ ပူးပေါင်းလိုက်ပါက မိုမိသားစု၏ ဝင်္ကပါကို ဖျက်ဆီးနိုင်ကြောင်း မိုယုရန်တို့ နားလည်ထားလေသည်။
“အင်း…ငါကတိပေးတယ်… ရေအောက်လိုဏ်ဂူကို အတူသွားကြမယ်…”
ရဲချန်ဖန်က ဖြစ်နိုင်ချေများကို စဉ်းစားပြီးနောက် ရေအောက်လိုဏ်ဂူကို အတူသွားရန် လက်ခံလိုက်သည်။
“ဒါပေမဲ့…အပြန်အလှန် ယုံကြည်မှုရအောင် ငါရယ်၊ မင်းရယ် ၊အမှောင်သခင်က သော့တစ်ချောင်းဆီ ကိုင်ထားမယ်…”
အမှောင်သခင်က ရဲချန်ဖန်ကို ဖိအားပေးလိုက်သည်။
“ရတယ်…”
ရဲချန်ဖန်က သူတင်းမာနေလို့မရကြောင်း သိလိုက်သည်။ ထို့ကြောင့် သော့နှစ်ချောင်းကို အမှောင်သခင်နှင့် လိပ်နက်ကြီးဆီထံ ပစ်ပေးလိုက်သည်။
“ငါမင်းတို့ကို သတိပေးစရာ ရှိသေးတယ်…ရေအောက်လိုဏ်ဂူက လူသုံးဆယ်ပဲ ဝင်ခွင့်ရှိတယ်… ငါအများကြီး မတောင်းဆိုဘူး…ငါလူသုံးယောက်စာ ဝင်ခွင့်ယူမယ်…ကျန်တဲ့နေရာက မင်းတို့ စိတ်ကြိုက် ဆုံးဖြတ်ကြ…”
ရဲချန်ဖန်က အမှောင်သခင်နှင့် လိပ်နက်ဘုရင်အားပြောလိုက်သည်။
“အေး…လက်ခံတယ်…”
လိပ်နက်ဘုရင်က အများကြီးမတွေးဘဲ ရဲချန်ဖန် တောင်းဆိုသည်ကို လက်ခံလိုက်သည်။
“ငါတို့ မမျှော်လင့်တဲ့ အန္တရာယ်မဖြစ်လာအောင်…ကောင်းကင်ကြယ်အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့ပါ ရေအောက်လိုဏ်ဂူဆီ ခေါ်ဖို့ အကြံပေးချင်တယ်…သူတို့ ဆီမှာ ရေအောက်လိုဏ်ဂူထဲ ဝင်ဖူးတဲ့ အတွေ့အကြုံတွေရှိတယ်… သူတို့ပါပါရင်ငါတို့အတွက် အန္တရာယ်အများကြီး ပိုကင်းလိမ့်မယ်…”
ရဲချန်ဖန်က တမင်ပင် အကြံစည်နှင့် လိပ်နက်ဘုရင်အား ပြောလိုက်သည်။
ရဲချန်ဖန် စကားကြားလိုက်သည်နှင့် နဗြူလာက စိတ်မသက်မသာ ဖြစ်သွားသည်။ သူသည် မဟာသားရဲဘိုးဘေး ပဉ္ဆမအဆင့်တွင် တစ်နေပြီး မည်သို့ကြိုးစားကြိုးစား တိုးတက်လာခြင်း မရှိပေ။ ထို့ကြောင့် သူက ရေအောက်လိုဏ်ဂူ ဝင်ခွင့်ကို ဘယ်လိုမှ အလွဲချော်ခံမည်မဟုတ်ပေ။ သို့သော် သူ့စိတ်ထဲတွင် ရဲချန်ဖန်က တစ်ခုခုမကောင်း ကြံစည်နေမည်ကို စိုးရိမ်နေသည်။
“ကောင်းပြီ…နောက်တစ်လနေရင် ငါတို့ ကြယ်တာရာကျွန်းကနေ ရေအောက်လိုဏ်ဂူဆီ သွာကြမယ်…”
အမှောင်သခင်က သူ့အကြံကိုပြောလိုက်သည်။ လိပ်နက်ဘုရင်၊ မြွေဘုရင်မနှင့်အမှောင်သခင် ကဲ့သို့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များရောက်လာသဖြင့် ကြယ်တာရာကျွန်းမှာ အလွန်တိတ်ဆိတ်သွားသည်။
“ချန်ဖန်…ငါတို့ ရေအောက်လိုဏ်ဂူက ရတနာတွေ ရဖို့ဖြစ်နိုင်ပါ့မလား…”
ရဲချန်ဖန် က ရွှေလင်းယုန်တောင်ပံကို သိမ်းပြီးမြေပေါ် ဆင်းလာစဉ် ရွှယ်နီရှန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“သိပ်တော့မသေချာဘူး…ဒါပေမဲ့ ငါ့ရနိုင်မယ်ထင်တယ်…”
“ချန်ဖန်… ရေအောက်လိုဏ်ဂူဆီ သွားဖို့ အကြံအစည်ကို လက်လျော့လိုက်ရင် ကောင်းမယ်ထင်တယ်… လိပ်နက်ဘုရင်နဲ့ အမှောင်သခင်တို့ရဲ့ အစွမ်းကမလွယ်ဘူး… ရေအောက်လိုဏ်ဂူ တစ်ခုတည်းနဲ့တင် အန္တရာယ်အရမ်းများနေပြီ… ရှင်သာ တစ်ချက်လေး မှားမိတာနဲ့ အသတ်ခံရနိုင်တယ်…”
မိုယုရန်က သူမအား ရဲချန်ဖန် ငြင်းပယ်ထားသော်လည်း သူမက ရဲချန်ဖန် အတွက် အလွန်စိုးရိမ်နေသေးသည်။ သူမက ရဲချန်ဖန် အန္တရာယ်နှင့်ကြုံတွေ့မှာ မလိုလားပေ။
“စိတ်မပူပါနဲ့…ငါကလိပ်နက်ဘုရင်နဲ့ အမှောင်သခင်တို့လောက် အစွမ်းမထက်ပေမယ့်… ငါ့မှာလည်း တခြားနည်းလမ်းတွေရှိပါသေးတယ်…”
“နီရှန် မင်းရောပဲ…ရေအောက် လိုဏ်ဂူက အန္တရာယ်များတယ်။ မင်း မိုမိသားစုဆီမှာပဲနေခဲ့… ငါနဲ့ ရေအောက်လိုဏ်ဂူကို မလိုက်တော့နဲ့…”
ရဲချန်ဖန်က အခြေအနေများ ချွတ်ချော်ပြီး ရွှယ်နီရှန် အန္တရာယ်နှင့်ကြုံတွေ့မည် စိုးရိမ်ကာ ရွှယ်နီရှန်ကို မလိုက်ရန်ပြောလိုက်သည်။
“ချန်ဖန်…ရှင်ပြောခဲ့တာ ရှင်မေ့သွားပြီလား… အခွင့်အရေးဆိုတာ စောင့်ရမှာမဟုတ်ဘူး… တိုက်ယူရမှာဆို…ရေအောက်လိုဏ်ဂူက ဘယ်လောက် အန္တရာယ်များများ ငါကတော့ လိုက်မှာပဲ…”
ရွှယ်နီရှန်က ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။
“အင်း…ဒါဆိုလည်း နောက်တစ်လနေရင် ရေအောက်လိုဏ်ဂူထဲဝင်ဖို့ ပြင်ဆင်ကြတာပေါ့…”
ရဲချန်ဖန်က ရွှယ်နီရှန်ကို တစ်ချက်ကြည့်ပြီး သူမ သဘောကို လက်ခံလိုက်သည်။
“ချန်ဖန်…ကျွန်မ ရှင့်အတွက်ဘာလုပ်ပေးရမလဲ…”
မိုမိသားစုကသာ သူမကိုမလိုအပ်နေဘူး ဆိုလျှင် မိုယုရန်က ရဲချန်ဖန် ရေအောက်လိုဏ်ဂူထဲသို့ သွားရာတွင် ဘာအကြောင်းကြောင့် ဖြစ်ဖြစ်လိုက်သွားမည် ဖြစ်သည်။ သို့သော် မိုမိသားစုတွင် သူမရှိနေရန် လိုအပ်နေသောကြောင့် မိုယုရန်က ရဲချန်ဖန် လိုအပ်သမျှကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။
“ယုရန်…ဒီမှာ အဆင့်နှိမ့် ဝိညာဉ်ကျောက်တုံး ခြောက်သန်းကျော်ရှိတယ်…ဒါနဲ့ ဝင်္ကပါ စီရင်ရင်လိုအပ်တဲ့ ကုန်ကြမ်းတွေကို လှဲလှယ်ချင်တယ်…”
“ချန်ဖန်…ရှင်လိုအပ်တဲ့ဟာတွေ စာရင်းလုပ်ပေး…ကျွန်မ အတက်နိုင်ဆုံး ရအောင် ကြိုးစားပေးမယ်…အဲဒီ ဝိညာဉ်ကျောက်တုံးတွေ ရှင်ပေးစရာမလိုဘူး…ရှင်သာ ရေအောက်လိုဏ်ဂူက အခွင့်အရေး ကြီးကြီးမားမား ရခဲ့ရင် မိုမိသားစုကို အမှတ်ပေးဖို့ပဲ မျှော်လင့်ပါတယ်…”
မိုယုရန်သည် မိန်းမသား ဖြစ်သော်လည်း အလွန်ပါးနပ် လှသူလေးဖြစ်သည်။ ရဲချန်ဖန် လိုအပ်သည်များကို ဖြည့်ဆည်းပေးထားပြီး ရဲချန်ဖန်က သူမတို့ကိုအမှတ်ရစေဖို့ ပြောလိုက်ခြင်းသည် သူမမည်မျှ ပါးနပ်လိမ္မာပြီး အနာဂါတ်ကို မျှော်မြင်နိုင်သူလေး ဖြစ်ကြောင်းပြနေသည်။ ရဲချန်ဖန် လိုအပ်သည်များသည် အနည်းငယ်တန်ဖိုး ကြီးမားမည်မှာ မှန်သော်လည်း ရဲချန်ဖန်လို အစွမ်းထက်သူက ရေအောက် လိုဏ်ဂူထဲက ရလာမည့်ရတနာများမှ တစ်ခု၊ နှစ်ခုပေးလျှင်ပင် သူမတို့အတွက် အဆပေါင်းများစွာ အကျိုးအမြတ် ရရှိနေပြီဖြစ်သည်။
ခြောက်ရက်ခန့် ကုန်ဆုံးသွားပြီးနောက် ရဲချန်ဖန် လိုအပ်သည့် ကုန်ကြမ်းများကို မိုယုရန်က လမ်းကြောင်းအမျိုးမျိုးမှ နည်းလမ်းအစုံသုံးပြီး ဝယ်ယူလိုက်နိုင်သည်။ မှော်ဝင်္ကပါအတွက် လိုအပ်သည့် ကုန်ကြမ်းများ ရလာပြီးနောက် ရဲချန်ဖန်သည် ချက်ချင်းပင် တံခါးပိတ်ပြီး မှော်အစီအရင်များကို စတင်စီရင်တော့သည်။
နတ်ဦးနှောက်၊ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေတို့ကိုပေါင်းစပ်ပြီး အလွန်ဖြိုခွဲ၊ဖျက်ဆီးရန် ခက်ခဲပြီးခုခံမှုအစွမ်းမြင့်သော မှော်တစ်ရာသလင်းကျောက် တစ်မျိုးနှင့် စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်သည့် အရိပ်မဲ့ရွှေအပ် အဆောင်ကို စတင်စီရင်တော့သည်။
အရိပ်မဲ့ရွှေအပ်သည် အလွန်အစွမ်းထက်သည့် စိတ်ဝိညာဉ်ကိုတိုက်ခိုက်သည့် လက်နက်ဖြစ်သည်။ အပ်များသည် သေးငယ်လှပြီး အလစ်တိုက်ခိုက်ချိန်တွင် သတိပြုမိရန် အလွန်ခက်ခဲပြီး ဖျက်ဆီးရန်လည်း မလွယ်လှချေ။ ကြောက်စရာ အကောင်းဆုံး အချက်မှာ ရုပ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ခြင်းမဟုတ်ပဲ စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်သောကြောင့် ခုခံရန် မလွယ်လှချေ။
ထို့အပြင် စိတ်ဝိညာဉ်ကို ကာကွယ်ပေးသည့် မှော်ရတနာများသည်လည်း မရှိသလောက် ရှားပါးလှသည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေပြီး ရဲချန်ဖန်က သူအစွမ်းရှိသမျှ ရနိုင်သလောက်ရအောင် အရိပ်မဲ့ ရွှေအပ်များကို စီရင်နေသည်။ တဖြည်းဖြည်းနှင့် ရေအောက်လိုဏ်ဂူသို့ သွားရန်သတ်မှတ်ထားသည့် အချိန်ကနီးကပ်လာပြီး ရဲချန်ဖန် ထံတွင် မှော်တစ်ရာ သလင်းကျောက်နှင့် အရိပ်မဲ့ရွှေအပ်များက များပြားလာနေသည်။
တစ်လပြည့်ရန် မလိုတော့ချိန်တွင် ရဲချန်ဖန်သည် မှော်တစ်ရာ သလင်းကျောက် နှစ်ဆယ်သုံးခုနှင့် အရိပ်မဲ့ရွှေအပ် နှစ်ဆယ့်ကိုးခုကို အောင်မြင်စွာစီရင် လိုက်နိုင်လေသည်။ ထိုအစီအရင်နှစ်ခုနှင့် ဆိုလျှင် သူနှင့် ရွယ်နီရှန်တို့ အသက်ကိုအများကြီးကာကွယ်ပေးနိုင်သော ရတနာများ ရှိလာပြီဟု ဆိုနိုင်သည်။ လိပ်နက်ဘုရင်က သူတို့ကို သတ်ချင်လျင်ပင် အချိန်အတန်ကြာ ကြိုးစားရပေမည်။
“ရေအောက်လိုဏ်ဂူကို သွားဖို့အချိန်ရောက်ပြီ…”
ပိတ်နေသော ရဲချန်ဖန် အဆောက်အဦ၏ ပြတင်းပေါက်များ ပွင့်လာပြီး ရဲချန်ဖန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
***