Switch Mode

Chapter – 203

အခန်း ( ၂၀၃ )
မင်းက အရမ်းလွန်တယ်

“နာယကကြီး…”

ကောင်းကင်ကြယ် အဖွဲ့၏နာယက နဗြူလာ ဝင်္ကပါထိန်းချုပ် အဆောင်ကို ကိုင်ဆောင်ကာ ထွက်ပေါ်လာသောကြောင့် အစည်းအဝေးခန်းထဲရှိ ရှင်းဝူတောင် အပါအဝင် ကောင်းကင်ကြယ် အဖွဲ့ဝင်များ စိတ်အေးသွားကြလေသည်။

“ရိုင်းတယ် …ဟုတ်လား… ကောင်းကင်နဲ့ မြေကြီးအောက်မှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်… အဲဒီဒါက အင်အားကြီးတဲ့ လူတွေရဲ့ အမိန့်ကို အားနည်းတဲ့ လူတွေက နာခံရတာပဲ။ မင်းတို့ အင်အားစု သုံးခုပေါင်းတာတောင် ရေအောက်လိုဏ်ဂူထဲ မဝင်ရောက်နိုင်တာ ထက်စာရင် ငါ့ကိုပေးလိုက်တာ ပိုမကောင်းဘူးလား…”

ရဲချန်ဖန်၏ထိန်းချုပ်မှုအောက်တွင် ဓါးစက်ရုပ်၏ အလွန်ခက်ထန်ကြမ်းတမ်းသော စကားသံက ထွက်ပေါ်လာသည်။

“သော့က ငါ့လက်ထဲမှာပဲ…မင်းမှာအစွမ်းရှိရင် လာယူလေ…”

နှစ်ထောင်ပေါင်းမျာစွာ ကြာမြင့်အောင် အစွမ်းများတက်လာအောင် အဆင့်မြင့်တင်ထားသော ဝင်္ကပါကြီး ရှိနေသောကြောင့် နဗြူလာက သူ့ကိုယ်သူ ခုခံကာကွယ်နိုင်စွမ်း အပြည့်ရှိပြီး ရဲချန်ဖန်တို့ ဘာမှမလုပ်နိုင်မည် မဟုတ်ဟု ယုံကြည်ထားသည်။ ဝင်္ကပါကြီး၏အစွမ်းနှင့် ပေါင်းစပ်လိုက်ပါက နဗြူလာက မဟာသားရဲဘိုးဘေး ဆဌမအဆင့် အစွမ်းလောက်နီးပါး တိုက်ခိုက်နိုင်မည် ဖြစ်သည်။

“ရဲချန်ဖန်…မင်းဆရာ မပြောနဲ့… အမှောင်သခင်လာရင်တောင်မှ ငါတို့က မကြောက်ဘူး…ငါတို့က ကောင်းကင်ကြယ် အဖွဲ့ကွ…”

“နောက်ဘဝကျရင် မင်း အမြင်ကျယ်ပြီး လိမ်လိမ်မာမာနေ …ဟုတ်ပြီလား…တချို့လူတွေက မင်းပြဿနာရှာလို့ ရတဲ့လူ မဟုတ်ဘူးကွ…”

ရှင်းဝူတောင် ကပါ ဂုဏ်ယူစွာ ဝင်ပြောလိုက်သည်။

“မင်းတို့က အလွန်းတယ်…”

ဝင်္ကပါအစွမ်းနှင့် ပေါင်းစပ်ထားသဖြင့် ထူးခြားဆန်းကြယ်သော အော်ရာများ ထွက်နေသည့် နဗြူလာကိုကြည့်ပြီး ဓါးစက်ရုပ်က ပြောလိုက်သည်။ ထို့နောက် ဓါးစက်ရုပ်က နဗြူလာဆီ တစ်လှမ်းချင်းဆီ လျောက်လှမ်းသွားသည်။ ဓါးစက်ရုပ် ခြေတစ်လှမ်းတိုင်းတွင် မြေကြီးက တုန်ခါနေပြီး ဓါးအော်ရာကလည်း ထွက်ပေါ်နေသည်။ ထိုအော်ရာက အစည်းအဝေးခန်းထဲရှိ လူတိုင်းကို ဖိနှိပ်ထားသည်။

“ဝင်္ကပါအစွမ်း…သတ်စမ်း…”

နဗြူလာသည် ဓါးစက်ရုပ်က ထွက်ပေါ်နေသည့် ဓါးအော်ရာကြောင့် မသက်မသာ ခံစားနေရသည်။ ထို့ကြောင့် သူက ဝင်္ကပါအစွမ်းများကို စုစည်းပြီး ရောင်စဉ်တန်း ပစ်လွတ်ကာ ဓါးစက်ရုပ်ကို တိုက်ခိုက်လိုက်သည်။ ဓါးစက်ရုပ်က သူထံ ဝင်္ကပါဆီမှ ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအား ပါနေသည့် ရောင်စဉ်တန်း ဝင်ရောက်လာသော်လည်း ရှောင်တိမ်းခြင်းမပြုဘဲ သူ့ကိုယ်ကို ထိမှန်ခံလိုက်လေသည်။

ရောင်စဉ်တန်းက ဓါးစက်ရုပ်ကို ထိမှန်သွားစဉ် ပြိုးပြိုးပျက်ပျက် လင်းလက်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ လူအားလုံးက ဓါးစက်ရုပ် သေဆုံးပေါက်ကွဲသွားပြီ ဟု ထင်မှတ်လိုက်ကြသည်။ သို့သော် သူတို့အားလုံး စူးရှလင်းလက်သော အရောင်များ ပျောက်ကွယ် သွားချိန်တွင် မည်သည့် ထိခိုက်ဒဏ်ရာမှ မရှိသည့် ဓါးစက်ရုပ်ကို တွေ့လိုက်ကြရလေသည်။

“ယား…”

ဓါးစက်ရုပ်က ကြက်သေသေ ငေးမောနေသည့် လူအုပ်ကြီးအား အလေးမထားပဲ ဝင်္ကပါကိုပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် ဝင်္ကပါကြီးတွင် အက်ရာများ ဖြစ်ပေါ်လာသည်။

“ဒီလူရဲ့အစွမ်းက မဟာသားရဲဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင်နီးပါးရောက်နေပြီ…”

ဓါးစက်ရုပ်က ဝင်္ကပါကို တစ်ချက်တည်းနှင့်ပင် အက်ရာထင်အောင် တိုက်နိုင်သည်ကိုကြည့်ပြီး ရှင်းဝူတောင် တို့သည် အသက်ပင်မရှူဝံလောက်အောင် ဖြစ်သွားလေသည်။ နဗြူလာက သူ၏ ဝိညာဉ်စွမ်းအင် အကုန်လုံးကို ဝင်္ကပါထဲ ဖြည့်သွင်းလိုက်ရာ ချက်ချင်းပင် ဝင်္ကပါစွမ်းအင်များက အမြင့်ဆုံးထိ ရောက်သွားပြီး ဓါးစက်ရုပ်ကို ရောင်စဉ်တန်းများ ပစ်လွတ်၍ ထပ်မံတိုက်ခိုက်လိုက်သည်။

“ဓါးစက်ရုပ်…အစွမ်းကုန်ခုခံပြီး ငါ့ကို ကာကွယ်ပေးထား…ဝင်္ကပါက ငါ့ကိုတိုက်ခိုက်ဖို့ အခွင့်အရေးမပေးနဲ့…”

ဝင်္ကပါမှ ထွက်ပေါ်နေသော အစွမ်းကို ကြည့်ပြီး ရဲချန်ဖန်ကဓါးစက်ရုပ်ကို အမိန့်ပေးလိုက်သည်။

ရဲချန်ဖန် အမိန့်ပေးလိုက်သည်နှင့် ဓါးစက်ရုပ်က ဝင်္ကပါကို ဆက်လက် မတိုက်ခိုက်တော့ဘဲ ရဲချန်ဖန် ရှေ့လာပြီး ဝင်္ကပါမှ တိုက်ခိုက်လာသော ရောင်စဉ်တန်း တိုက်ခိုက်မှုများကို သူ၏ကိုယ်ဖြင့် ခံကာ ရဲချန်ဖန်ကို ကာကွယ်ပေးထားလေသည်။

“သေချင်နေတာပဲ…”

ရှင်းဝူတောင်က ဓါးစက်ရုပ်၏ အပြုအမူကို ကြည့်ပြီး ဝင်္ကပါ၏ တိုက်ခိုက်မှုကို မခုခံပဲ ရဲချန်ဖန် ရှေ့တွင်ရပ်ကာ ကိုယ်ဖြင့် ခံဆောင်ကာကွယ်ပေးနေသော ဓါးစက်ရုပ်ကို ရူးမိုက်သည်ဟု ထင်လိုက်သည်။ မကြာမီပင် ဓါးစက်ရုပ် သေဆုံးသွားလိမ့်မည်ဟု တွေးထင်လိုက်သည်။

“ဝုန်း…”

အလွန်ကျယ်လောင် စူးရှသည့် အသံက ထွက်ပေါ်လာသည်။

နဗြူလာက ဝိညာဉ်စွမ်းအင်များ အားကုန်ထည့်သွင်းပြီး ဝင်္ကပါအစွမ်းကို အမြင့်ဆုံးထုတ်ဖော် တိုက်ခိုက်လိုက်သည်။ မိုးကြိုးလျှပ်စီးကဲ့သို့ အဖျက်စွမ်းအင် ပါနေသည့် ရောင်စဉ်တန်းက ဓါးစက်ရုပ်၏ ကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ ဝင်္ကပါမှ ထွက်လာသော ရောင်စဉ်တန်းက စူးရှလွန်းသဖြင့် နဗြူလာနှင့် ရှင်းဝူတောင် တို့လို အစွမ်းထက်သည့် ပုဂ္ဂိုလ်များမှအပ ကျန်လူများက မျက်လုံးများ မှိတ်ထားလိုက်ရသည်။ ရောင်စဉ်တန်းကွယ်ပျောက်သွားပြီး မျက်လုံးများ ပြန်ဖွင့်နိုင်ချိန်တွင် မည့်သည့်ဒဏ်ရာမှ မရသည့် ဓါးစက်ရုပ်က နဂိုအတိုင်း ရဲချန်ဖန် ရှေ့တွင် ရပ်နေသည်ကို ကြောက်လန့်ဖွယ် မြင်တွေ့လိုက် ကြရလေသည်။

“သူခန္ဓာကိုယ်က ဘယ်လောက်တောင် မာကျောနေတာလဲ…သူက ကောင်းကင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတာလား…”
ဓါးစက်ရုပ်ကို ကြည့်ပြီး နဗြူလာနှင့် တကွ ကောင်းကင်ကြယ်အဖွဲ့ ခေါင်းဆောင်များသည် ဓါးစက်ရုပ်က ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောကြောင့် ဝင်္ကပါ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဟု အမှတ်မှားသွား ကြလေသည်။

“မင်းတို့ တိုက်ခိုက်တာ အရမ်းအားပျော့တာပဲ…”

ဓါးစက်ရုပ်က ခံစားချက်မပါသည့် အသံကြီးဖြင့် နဗြူလာတို့အားပြောလိုက်လေသည်။

“ခင်များ…ခင်များက ဘယ်သူလဲ…”

ဓါးစက်ရုပ်၏ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်အစွမ်းကြောင့် နဗြူလာ မျက်နှာတွင် စိုးရိမ်သည့် အမှုအရာက စတင်ဖြစ်ပေါ်လာသည်။

“မင်းလို အစွမ်းမရှိတဲ့ကောင် သိစရာမလိုဘူး…”

“ငါတို့ မင်းအရမ်းအစွမ်း ထက်တယ်ဆိုတာ လက်ခံတယ်…ဒါပေမဲ့ မင်း ရေအောက်လိုဏ်ဂူသော့က လွဲရင် မင်းလိုချင်တာမှန်သမျှ ငါ့တို့လိုက်လျောမယ်…”

ဓါးစက်ရုပ်၏ ဖျက်ဆီးလို့မရနိုင်သည့် ခန္ဓာကိုယ်နှင့် ရင်ဆိုင် အတွေ့တွင် အားလျှော့လိုက်သည်။ သူအလျှော့မပေးဘဲ ထိပ်တိုက်ရင်ဆိုင်ပါက သူတို့ပဲ အထိနာမည်ကို နဗြူလာက ကောင်းကောင်းနားလည် ထားသောကြောင့်ဖြစ်သည်။

“အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်း…” ဓါးစက်ရုပ် ဆီမှ အသံထွက်လာလေသည်။

“ကောင်းပြီ…ငါတို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနှစ်သိန်း မင်းကိုပေးမယ်…”

နဗြူလာက ဓါးစက်ရုပ်မှအသံထွက်လာသည်နှင့် တစ်ပြိုင်နက် စဉ်စားခြင်းပင် မပြုတော့ဘဲ အဖြေပေးလိုက်သည်။

“ငါ့စကားက မဆုံးသေးဘူး… အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သိန်း အပြင် သော့ပါ ပေးရမယ်…”

ဝင်္ကပါတိုက်ခိုက်မှုကြောင့် ဓါးစက်ရုပ်ထဲရှိ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ကုန်ခန်းသွားသဖြင့် ရဲချန်ဖန်ကတမင်ပင် လှည့်စားကာ ပြောလိုက်ခြင်းဖြစ်သည်။

“မင်း…မင်းသိပ် မလွန်လာနဲ့…”

ဓါးစက်ရုပ် အသံကြားပြီး နဗြူလာက ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားသည်။

“ငါကလွန်တော့ရော…မင်းက ဘာလုပ်ချင်လဲ…”

ဓါးစက်ရုပ်က နဗြူလာ၏ဒေါသကို အရေးမလုပ်ဘဲ အေးစက်စွာပြန်မေးလိုက်သည်။

“ခင်ဗျား…”

နဗြူလာ မျက်နှာသည် ဒေါသကြောင့် နီရဲပြီးတဆတ်ဆတ် တုန်နေသည်။

“မင်းက မပေးချင်ဘူး…ဟုတ်လား ရတယ်လေ…မင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းအပြင် သော့ပါ ပေးရမယ်… ဓါးစက်ရုပ်က နဗြူလာကိုလုံးဝ အမူမထားဘဲ…”

ပြောလိုက်ရာ ချက်ချင်းပင် နဗြူလာတို့ တစ်သိုက်သည် ဒေါသထွက်လွန်း၍ သွေးအန်မလိုပင် ဖြစ်သွားလေသည်။

“မင်းသေစမ်း…”

နဗြူလာက ဒေါသမထိန်းနိုင်တော့ဘဲ ဝိညာဉ်စွမ်းအင်များကို ဝင်္ကပါထဲ အစွမ်းကုန် ဖြည့်သွင်းလျက် ဓါးစက်ရုပ်ကို ထပ်မံတိုက်ခိုက်လိုက်လေသည်။ နဗြူလာ၏ အစွမ်းကုန်တိုက်ခိုက်မှုကြောင့် ကြောက်ခမန်းလိလိ ရောင်စဉ်တန်းက ဓါးစက်ရုပ်ကို သွားရောက် ထိမှန်လေသည်။ သို့သော် ရောင်စဉ်တန်း ကွယ်ပျောက်သွားချိန်တွင် နဂိုနေရာမှပင် မရွေ့သော ဓါးစက်ရုပ် တွေ့လိုက်ကြရလေသည်။

“မင်းတို့ဘာရပ်လုပ်နေကြတာလဲ…ဝင်္ကပါထဲ ဝိညာဉ်စွမ်းအင်တွေ ဖြည့်ပြီး အဲဒီလူကို ငါနဲ့အတူ တိုက်ခိုက်ကြ…”

ဖျက်ဆီးလို့ မရနိုင်သည့် ဓါးစက်ရုပ် ခန္ဓာကိုယ်က နဗြူလာတို့ သိသည့်အသိဉာဏ်ထက် များစွာပိုနေသည် ဖြစ်ရာ သူတို့ ဘယ်လောက် တိုက်ခိုက်တိုက်ခိုက် ဓါးစက်ရုပ်ကမူမည် မဟုတ်ပေ။ ကောင်းကင်ကြယ် အဖွဲ့သားများက ဝိုင်းဝန်းပူးပေါင်းကာ ဝင်္ကပါထဲ ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းတိုက်ခိုက် လိုက်သော်လည်း ဓါးစက်ရုပ် ခန္ဓာကိုယ်တွင် ခြစ်ရာလေးတစ်ခုပင် မဖြစ်လာချေ။ တဖြည်းဖြည်းနှင့် နဗြူလာတို့ နဖူးတွင် ချွေးသီးလုံးများ ဖြစ်ပေါ်လာပြီး စိတ်ပူလာကြသည်။

နဗြူလာတို့က ဓါးစက်ရုပ်ကို ဝိုင်းဝန်းတိုက်ခိုက်နေစဉ် ရဲချန်ဖန်က နတ်ဦးနှောက်ကို အသုံးပြုပြီး ဝင်္ကပါ အားနည်းချက်များကို ရှာဖွေနေခြင်းဖြစ်သည်။ ခဏအတွင်းမှာပင် ဝင်္ကပါ၏ အားနည်းချက်များကို တွေ့သွားပြီး ဓါးစက်ရုပ်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ဓါးစက်ရုပ်က ရဲချန်ဖန်မှ အမိန့်ရသည်နှင့် ဝင်္ကပါကို တိုက်ခိုက်လိုက်ရာ ဝင်္ကပါကြီးတွင် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲရာများမှ တစ်ဆင့် အက်ရာများက ဝင်္ကပါတစ်ခုလုံးပျံနှံ့သွားပြီး မကြာမီပင် ဝင်္ကပါက ပြိုလဲပျက်ဆီးတော့မည်ဟု ထင်ရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset