Switch Mode

Chapter – 202

အခန်း ( ၂၀၂ )
နဗြူလာ

“အင်း… ဒီဓါးမိစ္ဆာက အရမ်းအစွမ်းထက်လွန်းတယ်… ဓါးစက်ရုပ်ရဲ့အစွမ်းနဲ့တောင် သူ့ကိုမသတ်နိုင်ဘူး…”

ဒဏ်ရာရသွားသော ရဲချန်ဖန်သည် ဓါးမိစ္ဆာနောက်လိုက်ရန် မဖြစ်နိုင်တော့သဖြင့် နောင်တရ သလို ခံစားလိုက်ရသည်။ ဓါးစက်ရုပ်က ဓါးမိစ္ဆာနှင့် တိုက်ခိုက်ချိန်တွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ခြောက်သောင်းလောက် အသုံးပြုလိုက်ရသည် မဟုတ်ပါလော။ ထို့အပြင် ဓါးမိစ္ဆာလို အစွမ်းထက်သည့် တန်ခိုးရှင်များနှင့် တိုက်ခိုက်ရန် သူ့တွင်လိုအပ်ချက် များစွာ ရှိနေသေး၍ ပိုမိုသဘောပေါက် သွားစေသည်။

“အင်း ရေအောက်လိုဏ်ဂူဆီ တတ်နိုင်သမျှ မြန်မြန်သွားမှရမယ်… မဟုတ်ရင် နောက်ဘာပြဿနာတွေ ဖြစ်လာမလဲ မသိဘူး…”

ထို့နောက် ရဲချန်ဖန်သည် ဝိညာဉ်ဆေးလုံးများ ထုတ်သောက်ကာ ဒဏ်ရာများကို ကုစားလိုက်သည်။ တစ်နာရီ ကြာပြီးနောက် ဒဏ်ရာများက သက်သာသွားသည်။

ရဲချန်ဖန်က ရှေးဟောင်းမိသားစု မဟာမိတ်အဖွဲ့ထံ မပြန်တော့ဘဲ ဆက်သွယ်ရေး မှော်စေ့မှ တစ်ဆင့် ရွှယ်နီရှန်နှင့် မိုယုရန်တို့ကို အကြောင်းကြားလိုက်သည်။ ထို့နောက် ရဲချန်ဖန် ကကြယ်တာရာကျွန်း၏ အင်အားအကြီးဆုံး ကောင်းကင်ကြယ်အဖွဲ့ရှိရာသို့ ဦးတည်လိုက်သည်။ ကောင်းကင်ကြယ်အဖွဲ့ထံမှ ရေအောက်လိုဏ်ဂူသော့ကို သွားတောင်းယူရမည်ဖြစ်သည်။

“ကောင်းကင်သားရဲဘုရင် စတုတ္ထအဆင့်က ဓါးအင်အားအမြင့်ဆုံး အဆင့်သုံးပြီး မဟာသားရဲဘိုးဘေးပဉ္စမအဆင့်နဲ့ တိုက်ခိုက်ယှဉ်ပြိုင်နေတယ် ဟုတ်လား…”

“သူက ဘယ်လောက် အစွမ်းထက်နေတဲ့ ပါရမီရှင်ပဲ..သူ့လို အစွမ်းထက်တဲ့ ပါရမီရှင်ကလည်း ရှိနေသေးတာလား…”

ကောင်းကင်ကြယ် အဖွဲ့ကြီး၏ခေါင်းဆောင် ရှင်းဝူတောင်က ရဲချန်ဖန်က ဓါးမိစ္ဆာနှင့် တိုက်ခိုက်ပြီး သေဆုံးခြင်းမရှိသည့် သတင်းကို ကြားပြီးနောက် အလွန်တုန်လှုပ်နေမိသည်။

“အဲဒီလူ ပါရမီက အရမ်းကြောက်ဖို့ကောင်းတယ်…ဒါပေမဲ့ ပါရမီက အရာရာတော့မဟုတ်ဘူး၊သူ့ကို ဓါးမိစ္ဆာက လာသတ်နေပြီ… သူသေတာနဲ့ မိုယုရန်လည်း သူ့ကို ကျောထောက်နောက်ခံပေးမယ့် အင်အားမရှိတော့ဘူး။ အဲဒီအခါကြရင် မိုမိသားစုထဲမှာ အပြောင်းအလဲ ဖြစ်လာဦးမှာပဲ၊အဲဒီလို ဖြစ်လာရင် ငါတို့ ကောင်းကင်ကြယ်အဖွဲ့က အခွင့်အရေးတွေကို အမိအရ ယူနိုင်ရမယ်၊ပြီးတော့ မိုမိသားစုကို သိမ်းပိုက်နိုင်အောင် ကြိုးစားရမယ်…”

မီးခိုးရောင် ဝတ်စုံဝတ်ထားပြီး ဆံပင်များက ဖွေးဖွေးဖြူနေသော အဘိုးအိုက တွေးဆပြီး ပြောလိုက်သည်။ ထိုအဘိုးအို၏ ထူးခြားမှုများ သူစိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို ခန့်မှန်းမရအောင် အလွန် လျှို့ဝှက်ပြီး ဆက်ဆံရအလွန်ခက်ခဲစေမည့် လူဖြစ်ကြောင်း အမူအရာက ဖော်ပြနေသည်။

ထိုမီးခိုးရောင် ဝတ်စုံနှင့် အဘိုးအိုသည် ရှင်းဝူတောင်၏အဖေ ကောင်းကင်ကြယ်အဖွဲ့ကြီး၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ သူသည် မဟာသားရဲဘိုးဘေး တတိယအဆင့် တန်ခိုးရှင် ဖြစ်လာသည်မှာ သိပ်မကြာသေးပေ။

“အင်း… ကျွန်တော်တို့က မိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ပြီးရင် မိုယုရန် ဆီက သော့ကိုလည်း ရလိမ့်မယ်၊ အဲဒီအခါကျရင် အထီးကျန်တိမ်အဖွဲ့ကို အင်အားအပြည့်နဲ့ ရင်ဆိုင်လို့ရပြီ… အထီးကျန်တိမ် အဖွဲ့ကို အနိုင်ယူပြီးရင် ကျွန်တော်တို့ ကောင်းကင်ကြယ်အဖွဲ့က ပြိုင်ဖက်ကင်းအဖွဲ့ကြီး ဖြစ်လာလိမ့်မယ်…”

ရှင်းဝူတောင် မျက်လုံးများက သူ၏ကြီးမားသော မျှော်လင့်ချက်များကို ဖော်ပြနေသည်။ သူစိတ်ကူးထဲတွင် ကောင်းကင်ကြယ်အဖွဲ့ကြီး ပြိုင်ဖက်ကင်းအဖွဲ့ ဖြစ်လာမည့်နေ့ကို မြင်ယောင်နေသည်။

“ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီး အခြေအနေ မကောင်းတော့ဘူး… အဲဒီလူက ကောင်းကင်ကြယ်အဖွဲ့ဆီ လာနေပြီ…”

ရုတ်တရက် စိုးရိမ်ကြောက်လန့်အော်ဟစ်သံက ထွက်ပေါ်လာပြီး စိတ်ကူးယဉ်နေသော ရှင်းဝူတောင်ကို လှုပ်နိုးလိုက်သည်။

“ဘာဖြစ်တာလဲ… ဘယ်သူက လာနေလို့လဲ…”

ရှင်းဝူတောင်က အော်ကြီးဟစ်ကျယ်နှင့် ဝင်ရောက်လာသူအား မကျေမနပ်ဖြင့် မေးလိုက်သည်။

“ရဲချန်ဖန် လာနေပါတယ်… ခေါင်းဆောင်ကြီး…”

ကောင်းကင်ကြယ် အဖွဲ့သားက ရှင်းဝူတောင်ကို ရှင်းပြလိုက်သည်။

“ရဲချန်ဖန်… မင်းပြောတာက ရဲချန်ဖန် ငါတို့ ကောင်းကင်ကြယ်အဖွဲ့ကြီး ဆီလာနေတယ်… ဟုတ်လား… သူက ဓါးမိစ္ဆာသတ်လို့ သေပြီမဟုတ်လား…”

ရှင်းဝူတောင်က ချက်ချင်းပင် မျက်နှာပျက်သွားပြီး မယုံနိုင်ဟန်ဖြင့် ပြောလိုက်လေသည်။ ရဲချန်ဖန်က ဓါးမိစ္ဆာသတ်တာ မခံရပဲ သူတို့ရှိရာနေရာပင်လာနေသည်ဟု ကြားသောအခါ ရှင်းဝူတောင်က အလွန်ထိတ်လန့်သွားသည်။

“ကြည့်ရတာ သူက သူအစွမ်းတွေကို ကွယ်ဝှက်ထားလို့လား… ဒါကြောင့်မို့ ဓါးမိစ္ဆာ လိုက်သတ်တာတောင် မသေတာ…”

ဖြစ်နိုင်သည့် အကြောင်းအရင်းများကို တွေးရင်း ရှင်းဝူတောင်က စိတ်ရှူပ်ထွေးလာသည်။

“ဘာလဲ… ကောင်းကင်ကြယ်အဖွဲ့ခေါင်းဆောင်က ငါက ဓါးမိစ္ဆာသတ်တာ ခံလိုက်ရပြီလို့ ထင်နေတာလား…”

သတင်းလာပို့သော ကောင်းကင်ကြယ်အဖွဲ့သား ပြန်မဖြေမီမှာပင် မိုးခြိမ်းသံ ကဲ့သို့သော ကျယ်လောင်လှသည့်အသံက ကောင်းကင်ကြယ်အဖွဲ့ အစည်းအဝေးခန်းမထဲတွင် ထွက်ပေါ်လာသည်။ အဖြူရောင်ဝတ်စုံနှင့် အရပ်မြင့်မားခန့်ညားသော လူငယ်လေးတစ်ယောက်က အစည်းအဝေး ခန်းဆီသို့ လျှောက်လာနေသည်။

“ပြင်းထန်အစွမ်းထက်လိုက်တဲ့ အော်ရာပဲ…”

ရဲချန်ဖန်ဆီမှ ထွက်ပေါ်နေသော အော်ရာကြောင့် ရှင်းဝူတောင် စိတ်အနည်းငယ် အေးသွားသော်လည်း ရဲချန်ဖန် ဘေးမှာဓါးစက်ရုပ် အော်ရာကို ခံစားမိလိုက်ချိန်တွင် အလွန်ကြီးမားသော အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်သည်။ ထို့ကြောင့် ရှင်းဝူတောင် အရမ်းကာရော မလှုပ်ရှားရဲတော့ပေ။

“ရဲချန်ဖန်… အမှောင်သခင်နဲ့ မိုမိသားစုကြား ပဋိပက္ခက ငါတို့ ကောင်းကင်ကြယ်အဖွဲ့နဲ့ မပတ်သက်ဘူး… မင်းက ငါတို့ ကောင်းကင်ကြယ်အဖွဲ့ဆီ ဘာလာလုပ်တာလဲ…”

ရှင်းဝူတောင်က ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ပြီး အစည်းအဝေး ခန်းမထဲ ဝင်လာသော ရဲချန်ဖန်ကို လေသံလျှော့ပြီး မေးလိုက်သည်။ သူက ရဲချန်ဖန်နှင့် ပြဿနာမဖြစ်လိုပေ။ အကယ်၍ ဖြစ်ပွားခဲ့ပါက အရင်ဆုံး အင်အားနည်း ထိခိုက်မည်မှာ သူတို့ ကောင်းကင်ကြယ်အဖွဲ့က အရင်ဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရဲချန်ဖန်ကို ပြေလည်ရာပြေလည်ကြောင်း ပြောလိုက်သည်။

“ကျွန်တော်တို့ ဆရာ၊ တပည့်နှစ်ယောက် လာတာက အဲဒီကိစ္စကြောင့် မဟုတ်ဘူး။ ခင်ဗျားတို့ ကောင်းကင်ကြယ်အဖွဲ့ဆီကနေ လိုချင်တာလေးတစ်ခု ရှိလို့ပဲ… ကျွန်တော်တို့ အဲဒါကို ရတာနဲ့ ချက်ချင်းထွက်သွားမှာ…”

ရဲချန်ဖန်က ရှင်းဝူတောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ဆရာ… ဟုတ်လား…”

ရဲချန်ဖန် ဘေးမှအလွန် အစွမ်းထက်မည့် ပုံပေါ်သော ပုဂ္ဂိုလ်က ရဲချန်ဖန် ဆရာဖြစ်ကြောင်း သိလိုက်သောအခါ ရှင်းဝူတောင် မျက်လုံးက ဓါးစက်ရုပ်ထံ ရောက်သွားသည်။ ရဲချန်ဖန်က အလွန်ထူးခြားသည့် စွမ်းဆောင်မှုများက ထိုဆရာကြောင့်ဟု ရှင်းဝူတောင်တို့ ထင်လိုက်ကြသည်။ ဓါးမိစ္ဆာလက်ချက်ဖြင့် မသေဘဲ လွတ်မြောက်လာသည်မှာ ထိုဆရာကြောင့်ဟု သိလိုက်လေသည်။

“မင်းက ဘာကိုလိုချင်တာလဲ…”

ရှင်းဝူတောင်က ရဲချန်ဖန်သည် သူတို့ကောင်းကင်ကြယ်အဖွဲ့ ပိုင်နက်ထဲလာပြီး ပိုင်ဆိုးပိုင်နင်းဖြင့် လိုချင်သည့်ဟာ လာတောင်းနေသဖြင့် အလွန်ဒေါသထွက်နေသည်။ သို့သော် ဓါးစက်ရုပ်ကြောင့် ဒေါသကို မျိုသိပ်လိုက်ပြီး မေးလိုက်သည်။

“ရေအောက်လိုဏ်ဂူ သော့ပဲ…”

“မဖြစ်နိုင်ဘူး… မင်းအဲဒီဒါတော့ နည်းနည်းလေးတောင်မှ မစဉ်းစားနဲ့… ငါတို့မင်းကို အဲဒီသော့ ဘယ်တော့မှမပေးဘူး…”

ရှင်းဝူတောင် မျက်နှာကချက်ချင်းပင် မည်းသွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူတို့က တခြားအဖွဲ့ နှစ်ခုထံမှ ရေအောက်လိုဏ်ဂူသော့ ရရှိရန် ကြံစည်နေတုန်းမှာပင် သူတို့ဆီကို တစ်စုံတစ်ယောက်က သော့လာတောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးချေ။ ဓါးစက်ရုပ်သာ မရှိနေပါက ဒေါသထွက်နေသော ရှင်းဝူတောင်သည် ရဲချန်ဖန်ကို တိုက်ခိုက်နှင့်ပြီး ဖြစ်နေလောက်သည်။

“ကောင်းကင်ကြယ် အဖွဲ့ခေါင်းဆောင်… ငါတို့က ရိုးရိုးသားသားနဲ့ လိုချင်တာကိုပြောတာလေ… ဘာလဲ… ခင်ဗျားက ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်ကို လက်ဗလာနဲ့ ပြန်စေချင်နေတာလား…”

ရဲချန်ဖန်က ပြုံးလိုက်ပြီး ရှင်းဝူတောင်ကို လုံးဝကြောက်လန့်ခြင်းမရှိပဲ ပြောလိုက်သည်။

“ရဲချန်ဖန်… မင်းအရမ်းမောက်မာ မနေနဲ့… ငါတို့က မင်းဆရာကို မနိုင်ဘူးလို့ ထင်နေတာလား… မင်းကအတင်းအကျပ် လုပ်ချင်ရင်တော့ ငါတို့ကလည်း မကြောက်ဘူး… မင်းသာ ပြန်လမ်းမရှိ ဖြစ်သွားလိမ့်မယ်…”

ရှင်းဝူတောင်က ဒေါသမထိန်းနိုင်တော့ဘဲ သူရှေ့တွင်ရှိနေသော စားပွဲကြီးကို ဒေါသတကြီး ထုရိုက်ပြီး ရဲချန်ဖန်ကို သတိပေးလိုက်လေသည်။

“ကြည့်ရတာ ကောင်းကင်ကြယ် အဖွဲ့ခေါင်းဆောင်က သော့ကိုပေးဖို့ အဆင့်သင့် မဖြစ်သေးဘူးနဲ့ တူတယ်…”

ရဲချန်ဖန် ဘေးတွင်ရပ်နေသော ဓါးစက်ရုပ်၏ မျက်လုံးမှ အလွန်စူးရှသော အလင်းများက ထွက်ပေါ်လာပြီး ရှင်းဝူတောင်ကို စကားပြောလိုက်လေသည်။ ထိုစူးရှသော အလင်းက ရှင်းဝူတောင်ကို အသဲများအေးအောင် ကြောက်လန့်သွားစေသည်။

“မဟာသားရဲဘိုးဘေး ပဉ္စမအဆင့်…”

ဓါးစက်ရုပ်၏ အစွမ်းကို ခံစားသိလိုက်ရသဖြင့် အရူးလို ဒေါသထွက်နေသော ရှင်းဝူတောင်နှင့် ကောင်းကင်ကြယ်အဖွဲ့ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်များက မျက်နှာအလွန်ပျက်သွားလေသည်။

“မင်းဟာက မရိုင်းလွန်းဘူးလား…”

အေးစက်မာကျောသော အသံနှင့်အတူ လူတစ်ဦးက အစည်းအဝေးခန်းမထဲ ဝင်ရောက်လာသည်။ ဆံပင်များ ဖြူဖွေးနေပြီ။ ချည်သားအင်္ကျီ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးက တောင်ဝှေးသံ တဒေါက်ဒေါက် ထောက်လျက် အစည်းအဝေးခန်းထဲ တစ်လှမ်းချင်း လျှောက်ဝင်လာလေသည်။ ထိုသူကား ကောင်းကင်ကြယ် အဖွဲ့ကြီးတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော နာယကကြီး နဗြူလာ ဖြစ်သည်။ နဗြူလာ ဝင်ရောက်လာသည့်နှင့် အစည်းအဝေးခန်းမကို ကာကွယ်ထားသည့် မရေတွက်နိုင်အောင် များပြားသော မှော်ဝင်္ကပါက အသက်ဝင်လာသည်။ ထို့အပြင် မှော်ဝင်္ကပါကို ထိန်းချုပ်သည့် အဆောင်က သူလက်ထဲတွင် ရှိနေလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset