အပိုင်း ၃၃၀
တာအိုဘုန်းတော်ကြီး၏ ပြဿနာ (၁)
ဝမ်ရှန်း ဂျင်ဒီနယ်မြေ အတွင်း၌ စခန်း တည်ဆောက်ရန် ကြိုးစားနေခြင်းအပေါ် စုန့်ဟုန်ထယ် လူတစ်ယောက် လွှတ်ကာ ပြင်းထန်သည့် သတိပေးခြင်းမျိုး ပြုလုပ်ခဲ့သည်။ သို့ရာတွင် ထိုသတိပေးချက်က အကျုံးမဝင်ကြောင်း အားလုံး သိပေသည်။ ထိုကဲ့သို့ဆိုလျှင် စုန့်မိသားစု၏ သဘောထားကို အားလုံး သိသွားပြီဖြစ်၏။
ဤအနေအထားအရ တော်ဝင်ရတနာ စံအိမ်သည် ကြီးမားသည့် ဖိအားနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ လုဝမ်ဟုန်က တာဝန်ယူ ကိုင်တွယ်ရမည် ဖြစ်သည်။ ထိုအတောအတွင်းတွင် ဝမ်ရှန်းကမူ တော်ဝင်ရတနာ စံအိမ်က ပစ္စည်းများ စုံအောင် စုစည်းနေသည်ကိုသာ စောင့်နေကာ သူ့ကိုကူညီရန် လူတစ်ယောက်လောက် ရှာသင့် မရှာသင့်ကို စဉ်းစားနေခဲ့သည်။
မြို့အရှင်သည် ဝမ်ရှန်းအား ကာကွယ်ပေးရန် သေချာပေါက် အဆင့်မြင့် ဝိဉာဉ်သခင် တစ်ယောက် စေလွှတ်ပေးချင်စိတ် ရှိပေလိမ့်မည်။ သို့သော် ဝမ်ရှန်းသည် မြို့အရှင်စံအိမ်၏ အကာအကွယ် အောက်၌ တစ်ချိန်လုံး မရှိနေချင်ပေ။
သူ ယခုတစ်ကြိမ် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်သည့် အချိန်တွင် သူ့ဘေး၌ အဆင့်မြင့် ဝိဉာဉ်သခင် တစ်ယောက်ရှိချင်၏။ ဂိုဏ်းတစ်ခုခုမှ ခေါ်မည် ဆိုလျှင်လည်း အခြားဂိုဏ်းများက ကျေနပ်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှန်းသည် ကမ္ဘာကြီး၏ အရေးကိစ္စများကို စိတ်မဝင်စားသည့် တာအိုဘုန်းတော်ကြီး ကျောင်းကိုသာ ရွေးချယ်လိုက်သည်။ ထိုကဲ့သို့ဆိုလျှင် အားလုံးကလည်း လက်ခံနိုင်ကြလောက်ပေသည်။
ဒါ့ပြင် တာအိုဘုန်းတော်ကြီး လင်ရှူးက ဂျင်ဒီနယ်မြေ အကြောင်း စိတ်ဝင်စားသည်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။ ထိုနယ်မြေ အတွင်းမှ လျှို့ဝှက်ချက်များကို မသိချင်ဆိုသော်လည်း လင်မိသားစုမှ ချန်ရစ် ထားခဲ့သည့် သိုင်းပညာရပ်များကို အနီးကပ် လေ့လာရန် အခွင့်အရေး ရနိုင်၏။ ထိုအချက်က ဘုန်းတော်ကြီးကို လုပ်လက်စ အလုပ်များ အားလုံး ပစ်ချကာ သူနှင့်အတူ ဂျင်ဒီနယ်မြေသို့ လိုက်ဝင်စေမည် ဖြစ်သည်။ တံခါးပိတ် ကျင့်ကြံခြင်းမှ မထွက်သေးလျှင်ပင် ထိုအကြောင်းပြချက်ကို သုံးကာ ထွက်လာအောင် လုပ်နိုင်ပေသည်။
ဘုန်းတော်ကြီးကို သူကိုယ်တိုင် သွားခေါ်ရပေမည်။ အခြားလူများကို စေလွှတ်မည် ဆိုလျှင် သူတို့သည် ဘုန်းတော်ကြီးကျောင်း အတွင်းပင် အဝင်မခံဘဲ ကန်ထုတ် ခံရနိုင်၏။
ထို့သို့ ဆုံးဖြတ်ပြီးနောက် ဝမ်ရှန်း လုဝမ်ဟုန်အား နှုတ်ဆက်ကာ သူတစ်ယောက်တည်း ခရီးထွက် လာခဲ့လိုက်သည်။ စုန့်ရန်သာ စုန့်မိသားစု စံအိမ်သို့ မပြန်ဘဲ ဝူရုံမြို့သို့ လာခဲ့မည်ဆိုလျှင် သူမ ဝမ်ရှန်းနှင့် မတွေ့လောက်ပေ။ ဝမ်ရှန်း ဘယ်ကိုသွားသည်ကို မည်သူမှ မသိပေ၊ လုဝမ်ဟုန် မဆိုထားနှင့် မြို့အရှင်ပင် မသိချေ။ ထို့အတူပင် ဝမ်ရှန်း ဘာကိစ္စ သွားမည်ကိုလည်း မည်သူမှမသိချေ။
……..
နောက်ဆုံးတစ်ကြိမ် ဘုန်းတော်ကြီးများနှင့် တွေ့သည့် အချိန်တွင် ဝမ်ရှန်းသည် မျက်နှာဖုံး ဝတ်ဆင်ထား၏။ ထို့ကြောင့် သူ့အားတွေ့သည့် အချိန်တွင် ချက်ချင်း မှတ်မိရန် ဝမ်ရှန်း ထိုမျက်နှာဖုံးကို နောက်တစ်ကြိမ် ဝတ်ဆင်လိုက်သည်။
မြို့တော် အတွင်းရှိ တာအို ဘုန်းတော်ကြီးကျောင်းသို့ ရောက်သည့် အချိန်တွင် ဝမ်ရှန်း ရွှေဒင်္ဂါး ၅၀ အလှူငွေ ထည့်လိုက်သည်။ သူတို့သည် ဝမ်ရှန်းကို လောင်ဇီရုပ်ထု ထွင်းထုသည့် နေရာ၌ မြင်ဖူးကြပေသည်။ ထို့ကြောင့် သူ့အား မည်သူမှ မမောင်းထုတ်ကြပေ။
အခြေအနေသည် အလွန် ချောချောမွေ့မွေ့ပင် ဖြစ်၏။ ဘုန်းတော်ကြီးကျောင်းမှ လက်ထောက် ဘုန်းတော်ကြီး တစ်ပါး ကျောင်းထိုင်နေ၏။ ကျန်သည့် လက်ထောက် ဘုန်းတော်ကြီးများသည် လောင်ဇီရုပ်ထု သုံးခုနေရာ၌ ရှိနေကြ၍ ကျောင်း၌ လူသိပ်မရှိပေ။
“ထွက်လာ ပေးခိုင်းရမယ် ဟုတ်လား…”
ဝမ်ရှန်း၏ ရည်ရွယ်ချက်ကို ကြားသော် ထိုဘုန်းတော်ကြီး၏ မျက်လုံးများ ပြူးကျယ် သွားသည်။
“ဘုန်းတော်ကြီးက တံခါးပိတ် ကျင့်ကြံတုန်းပဲ ရှိသေးတယ်…”
ထိုစကား ပြောလိုက်သည့် အချိန်တွင် ထိုဘုန်းတော်ကြီး၏ မျက်နှာထက်၌ စိုးရိမ်မှုများက ဖုံးမနိုင် ဖိမနိုင် ထွက်ပေါ်နေ၏။ ဝမ်ရှန်း တွေးလိုက်သည်က ဤဘုန်းတော်ကြီးများသည် သူတို့ဘိုးဘေး ကျင့်ကြံနေသည်ကို သူ လာရောက် နှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်မည်ဟူ၍ ဖြစ်သည်။ သို့သော် သူ ဂရုမစိုက်ပေ။
ဝမ်ရှန်း ဤနေရာမှ ပြန်သွားသည်မှာ နှစ်ဝက် ကျော်နေပြီဖြစ်၏။ သို့သော် ဘုန်းတော်ကြီး လင်ရှူးက မထွက်လာသေး။ ကြည့်ရသည်မှာ သူ တကယ်ပဲ တစ်နေရာရာ၌ အဆင့်ပိတ်နေခြင်း ဖြစ်ရမည်၊ မဟုတ်လျှင် ဤမျှလောက်ထိ ကြာမည် မဟုတ်ပေ။
“သူ ထွက်လာအောင် နှိုးပေးပါလား၊ အဲ့လောက်ထိ မခက်ဘူးမလား…”
ဝမ်ရှန်း ထိုမေးခွန်းကို အလေးအနက် မေးလိုက်သည်။ ဤလူသည် တာအိုဘုန်းတော်ကြီး၏ ဘိုးဘေးဖြစ်သည်။ ထို့ကြောင့် သူ့အား အကြောင်းအရင်းမရှိဘဲ နှိုးရသည်မှာ အနည်းငယ် လွန်ပေသည်။
“အ … ယား…”
ဝမ်ရှန်းက နှိုးပေးရန် ပြောသည်ကို ကြားသော် လက်ထောက် ဘုန်းတော်ကြီး သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
“နှိုးလို့ရရင် နှိုးပြီးပြီပေါ့ဟ…”
“ဘာဖြစ်လို့လဲ”
ပြဿနာ တစ်ခုခု ရှိနေကြောင်း ဝမ်ရှန်း ချက်ချင်း သိလိုက်သည်။ တံခါးပိတ် ကျင့်ကြံစဉ်၌ တစ်ခုခု ဖြစ်သွားသည်လား…
သို့သော် ထိုဘုန်းတော်ကြီးမှ အဖြစ်အပျက်များကို ရှင်းပြလိုက်သည့် အချိန်တွင် ဝမ်ရှန်း အခြေအနေကို နားလည်သွားသည်။
ဘုန်းတော်ကြီး လင်ရှူးသည် တံခါးပိတ် မကျင့်ကြံစဉ်၌ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့၏။ ယခုတစ်ကြိမ် အဆင့်တက်ရာ၌ လွယ်ကူမည် မဟုတ်ကြောင်း သူ သိပေသည်။ ဝမ်ရှန်း၏ ကာရံ သုံးကြောင်းက ထူးဆန်းသည် ဆိုသော်လည်း ထိုစာကြောင်း သုံးကြောင်းတည်းနှင့် အလွယ်တကူ အဆင့်တက်နိုင်ရန် မလွယ်ကူပေ။
ထိုသို့ မအောင်မြင်နိုင်ကြောင်း သိသည့် အတွက်ကြောင့် သူ၏တပည့်များကို သူ မှာကြားခဲ့သေးသည်။ ယခုတစ်ကြိမ် သူ အဆင့်တက်လျှင် စုစုပေါင်း သုံးလကြာမည်၊ ထိုသုံးလအတွင်း မအောင်မြင်လျှင် မြောလွင့်ခြင်း အဖြစ်သို့ ရောက်သွားမည်ကို သူ စိုးရိမ်မိ၏။ ထို့ကြောင့် သုံးလကြာပြီး နောက်တွင် သူ့အား လာနှိုးရန် မှာကြား ထားခဲ့သည်။
သူ၏တပည့်များ သည်လည်း သုံးလကြာအောင် စောင့်နေခဲ့၏။ အချိန် သုံးလကျော် သွားသည့် အချိန်တွင် နည်းလမ်း အမျိုးမျိုးသုံးကာ သူတို့ဘိုးဘေးကို နှိုးခဲ့သည်။
ထိုကဲ့သို့ တံခါးပိတ်ကျင့်စဉ် ကျင့်ကြံသည့် လူများကို နှိုးရာတွင် နည်းလမ်း အကြမ်းပတမ်း သုံးကာ နှိုး၍မရပေ။ ထို့ကြောင့် သူတို့သည် သူတို့ဘိုးဘေးကို အရင်ဆုံး အနံ့များဖြင့် အရင်နှိုးခဲ့ကြသည်၊ သို့သော် သူတို့ ဘိုးဘေးထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့။ ထို့နောက် နူးညံ့ညင်သာသည့် တာအို ဓမ္မတေးများဖြင့် နှိုးခဲ့သည်။ သို့သော်လည်း တုံ့ပြန်မှု မရှိခဲ့သေး…
လင်ရှူး ကျင့်ကြံရာ နေရာတွင် ဝိဉာဉ်စွမ်းအား စုစည်းသည့် အစီအရင် တစ်ခုရှိကာ ထိုလုံလောက်သည့် ဝိဉာဉ်စွမ်းအားက ဘုန်းတော်ကြီး လင်ရှူးအား အချိန် အတော်ကြာအောင် မစားမသောက်ဘဲ နေစေနိုင်၏။ သို့သော် ထိုခန္ဓာသည် သေမျိုးခန္ဓာ ဖြစ်သည်။ ထို့ကြောင့် အချိန်အတော် ကြာလာပြီး နောက်တွင် သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ပေ။
နောက်ပိုင်း မတတ်နိုင်သည့် အဆုံးတွင် သူတို့သည် ဘုန်းတော်ကြီး လင်ရှူးကို အနည်းငယ် တွန်းလှုပ်နှိုးရန် လုပ်ခဲ့ကြသည်။ သို့သော် ဘုန်းတော်ကြီးအား ထိခါနီး အချိန်မှာပင် သူတို့သည် လွှင့်ထွက် သွားခဲ့တော့သည်။ မည်မျှပင် အဆင့်မြင့်သည့် တာအိုဘုန်းတော်ကြီး ဖြစ်စေ ထိုကဲ့သို့ လွှင့်ထွက် သွားစမြဲပင် ဖြစ်၏။
ထိုအခြေအနေများကြောင့် သူတို့ထံတွင် မည်သည့် နည်းလမ်းမှ မကျန်တော့ပေ။ ဘုန်းတော်ကြီး လင်ရှူး ကျင့်ကြံသည့် နေရာသို့ တစ်ရက်ကို ဘုန်းတော်ငယ် နှစ်ပါးသုံးပါးခန့် စေလွှတ်ကာ တာအို ကျမ်းစဉ်များကို အလှည့်ကျ ရွတ်ဆို စေလိုက်၏။ ထိုကဲ့သို့ ရွတ်ဆိုပေးလျှင် ဘုန်းတော်ကြီး လင်ရှူး၏ ရှုမှတ်မှုကို ပိုမို ရှုမှတ်နိုင်စေကာ မြောနေရာမှ ပြန်နှိုးကြားလို နှိုးကြားလာငြား ထိုကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မျိုးတွင် ဝမ်ရှန်းက ဘုန်းတော်ကြီးအား နှိုးပေးစေခဲ့သည်။ သူက ဘုန်းတော်ကြီး ကျောင်းကို အရှက်ခွဲလိုက်ခြင်းပင် မဟုတ်ပါလော…
ထိုဇာတ်ကြောင်းကို နားထောင်ပြီးနောက် ဝမ်ရှန်းလည်း ကြောင်အ သွားသည်။ ကိုယ့်ကိုယ်ကိုယ် ပိတ်သိမ်း လိုက်ခြင်းက လွန်လွန်းရာ မကျပေဘူးလား… သို့သော် ထိုဖြစ်ရပ်ကဲ့သို့သော ပုံစံမျိုးကို ဝမ်ရှန်း သူ့ကမ္ဘာပေါ်တွင် ကြားဖူးပေသည်။ ဘုန်းတော်ကြီး လင်ရှူး၏ ဤပုံစံသည် အာရုံခြောက်ပါးလုံးကို ပိတ်သိမ်း လိုက်သည်နှင့် တူ၏။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်ကလည်း မလွယ်လှပေ။ ဘုန်းတော်ကြီး လင်ရှူးသည် တကယ့်ကို အဆင့်မြင့် လှပေသည်…
“ကာရံ စာကြောင်းတွေက အရင်တုန်းက မင်းရေးခဲ့တဲ့ ကာရံစာကြောင်းတွေပဲ။ ဘိုးဘေးကို နှိုးဖို့ တခြား ဘာနည်းလမ်းမှ မရှိတော့ဘူးလား…”
ထိုဘုန်းတော်ကြီးသည် သူ၏ဘိုးဘေး အတွက် စိုးရိမ်နေပြီဖြစ်သည်။ သို့သော် ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် သူ၏မျှော်လင့်ချက်တို့ နောက်တစ်ကြိမ် ပြန်လည် ရှင်သန်လာခဲ့၏။
ဘုန်းတော်ကြီး လင်ရှူးသည် ဘုန်းတော်ကြီးကျောင်း၏ အဓိက မဏ္ဍိုင်ဖြစ်သည်။ အပြင်လူများ မသိသော်လည်း သူ့ဘိုးဘေး၏ အဆင့်ကို သူ အသိဆုံးပင်။ မည်သို့ပင်ဖြစ်စေ သူ့ဘိုးဘေးကို အမြဲတမ်း ဤအခြေအနေအတိုင်း ရှိနေစေ၍ မရပေ။
“သွားကြည့်ကြည့်တာပေါ့…”
ရမရကို ဝမ်ရှန်း အာမ မခံနိုင်ပေ။ အရင်ဆုံး သွားကြည့်မည်ဟုသာ ပြောနိုင်၏။
လက်ထောက် ဘုန်းတော်ကြီးသည် ဝမ်ရှန်းကို ဘုန်းတော်ကြီးကျောင်း အတွင်းရှိ စာကူးခန်း အတွင်းသို့ ခေါ်သွားလိုက်သည်။ ထိုနေရာသည် နောက်ဆုံးအကြိမ်က ဘုန်းတော်ကြီးလင်ရှူး ဝမ်ရှန်း၏ မေးခွန်းများကို ဖြေကြားပေးခဲ့သည့် နေရာပင်ဖြစ်၏။
ထို့နောက် မြောနေသည့် ဘုန်းတော်ကြီးကို ဝမ်ရှန်း မြင်လိုက်ရသည်။
ဘုန်းတော်ကြီးသည် တင်ပျဉ်ခွေ ထိုင်နေကာ မျက်လုံးများ မှိတ်ထား၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ထောင်မတ်နေကာ တောင့်တင်း နေဟန်ရှိ၏။ ဘုန်းတော်ကြီး အသက်ရှူနေကြောင်း စမ်းသပ်၍ မရဘူးဆိုလျှင် ဘုန်းတော်ကြီး၏ မျက်နှာကိုပဲ ကြည့်ကာ သူ တလွှဲတွေ ထင်မိတော့မည် ဖြစ်သည်။
“ခင်ဗျားက တော်တော် တော်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို အခြေအနေမျိုး ရောက်အောင် လုပ်နိုင်တယ်”
ထိုအခြေအနေကို မြင်ပြီးနောက် ဝမ်ရှန်း ဘုန်းတော်ကြီးရှေ့ တည့်တည့် ထိုင်ချကာ ဘုန်းတော်ကြီးအား ခနဲ့တည့်တည့် စကားများ စပြောလိုက်သည်။
***