Switch Mode

Chapter – 329

ငါ မသေနိုင်ဘူး (၂)

အပိုင်း ၃၂၉
ငါ မသေနိုင်ဘူး (၂)

အားလုံးကို စုန့်ရန် သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ စုန့်ဟုန်ထယ် ဘာမှ ဝင်မပြောခဲ့ပေ။ စုန့်ရန် ထွက်ခွာသွားသည့် အချိန်တွင် သူ အခြေအနေ တစ်ခုကို အကြိတ်အနယ် တွေးကြည့်တော့သည်။

အခြားတစ်ဖက်တွင် သူသည် သူ့သမီးကို သူ့ရန်သူရှေ့၌ ဦးမညွတ်စေချင်။ သူနှင့် ဝမ်ရှန်းကြားမှ ရန်ငြိုးက စုန့်ရန် ဦးညွှတ်လိုက်ရုံဖြင့် ကြေအေးသွားနိုင်သည့် အရာမဟုတ်ကြောင်း သူ ကောင်းကောင်း သိပေသည်။

အခြားတစ်ဖက်တွင် သူသည် သူ့သမီးကို နည်းလမ်းလည်း ရှာတွေ့စေချင်သည်။ သူ့အဆိပ်ကို အမြစ်ပြတ် အောင် မကုသနိုင်သည့်တိုင် နောက်ထပ် ၁၀ နှစ်ခန့် ထပ်နေရမည် ဆိုပါက သူသည် သူ အချိန်အတော်ကြာ တောင့်တနေသည့် ရည်မှန်းချက်ကို ပြုလုပ်ရန် အခွင့်အရေးရပြီ ဖြစ်သည်။

စုန့်ရန် ထွက်သွား ပြီးနောက် စုန့်ဟုန်ထယ် သူ့လက်အတွင်း၌ ဆုပ်ကိုင်ထားသည့် ကျောက်စိမ်း ပုလင်းကို တွေဝေစွာ စိုက်ကြည့် လိုက်သည်။ ဤကျောက်စိမ်း ပုလင်းသည် အလွန် သေးငယ်ကာ ဆေးပြား အနည်းငယ်သာ ဆံ့၏။ သို့သော် ထိုဆေးပြားများသည် သူ့အား လက်ရှိ အခြေအနေ အတွင်းမှ ချက်ချင်း ဆွဲထုတ် ပေးနိုင်ပေသည်။

သို့သော် အရာရာတိုင်းတွင် တန်ကြေး ရှိစမြဲပင်ဖြစ်သည်။ အိပ်ရာထက်၌ အနှစ် ၂၀ ကျော် လဲနေမည့်အစား ထိုဆေးပြားကို သောက်ပြီး နောက်တွင် သူ တစ်နှစ်ခန့်သာ နေရတော့မည်ဖြစ်၏။ သို့သော် ထိုတစ်နှစ် အတွင်းတွင် သူလုပ်ချင်သည့် အရာများကို လုပ်၍ ရပေသည်။

ဟုတ်ပါသည်၊ ထိုဆေးပြားသည် စုန့်ဟုန်သယ် အလွန် ယုံကြည် စိတ်ချရသည့် အဆိပ်ဆေးဆရာမှ သန့်စင် ဖော်စပ်ထားသည့် အဆိပ်ပြင်း ဆေးပြားဖြစ်သည်။ ထိုဆေးပြားသည် သောက်လိုက်သည့် လူကို ချက်ချင်း မသေစေ။ သူတို့၏ သက်တမ်းသာ တိုသွားမည်ဖြစ်၏။ ဆေးပြားသည် လူများ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးကာ အချိန်တိုအတွင်း အင်အား အထွတ်အထိပ် ပြန်ရအောင် လုပ်ပေးနိုင်သည်။

စုန့်ဟုန်ထယ် ဆေးပုလင်းကို ကိုင်ကာ တွန့်ဆုတ် နေခဲ့သည်။ သူ့သမီးသည် သူမ၏ ဂုဏ်သိက္ခာကို ချနင်းကာ အရာအားလုံးကို လွှတ်ချခဲ့သည်။ သူ့အတွက် ကောင်းမွန်သည့် အဆိပ်ဖြေနည်းကို သူမ ရှာတွေ့ချင် ရှာတွေ့နိုင်ပေသည်။ သို့သော် ထိုနည်းလမ်းများက သူ့အသက်ကို ဆွဲဆန့် နိုင်ပေးရုံသာ ရှိကာ အဆိပ်ကို အကင်းပျောက်စေမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိပေသည်။

ထို့ပြင် သူမိနေသည့် အဆိပ်သည် ဆယ်စုနှစ် တစ်ခုကျော် စုပြုံနေသည့် အဆိပ်များ ဖြစ်သည်။

အစပိုင်းတွင် သူသည် စုန့်လောင်ယုနှင့် အခြားလူများ ပြောပြသည့် ဝမ်ရှန်းအကြောင်းကို နားထောင်ကာ အနှီကောင်လေးက အံ့သြစရာ ကောင်းသည့် အဖြစ်အပျက် များစွာကို ဖန်တီးခဲ့သည့် ကောင်လေး တစ်ယောက်ဟုသာ ခံစားခဲ့ရသည်။ သေချာ အသေးစိတ် စုံစမ်းပြီးမှသာ အနှီကောင်လေးမှာ အတော်ပင် ကြောက်စရာ ကောင်းကြောင်း သူတို့ သိခဲ့ရခြင်း ဖြစ်သည်။

သူ လှုပ်ရှားသင့် မလှုပ်ရှားသင့် မဆုံးဖြတ်ခင်၌ ထိုအကြောင်းများကို အရင် သိခဲ့သင့်ပေသည်။ ထိုအချိန်က သူ့ကိုယ်သူသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် ဤကဲ့သို့ အရှက်ရစရာ ကောင်းသည့် ကိစ္စမျိုးကို သူ ကြုံတွေ့ရမည် မဟုတ်ပေ။

ယခုအချိန်တွင် သူသည် သူ့သမီး၏ ဂုဏ်သိက္ခာနှင့် သူ့အသက်လား သို့မဟုတ် သူ၏ပြင်းပြသည့် ရည်မှန်းချက်လား ဒွိယဖြစ်နေလျက် ကျောက်စိမ်းပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရွေးချယ်ရ ခက်နေတော့သည်။

…..

ယခုတစ်ကြိမ် စုန့်ရန် ဝူရုံမြို့သို့ သွားသည့် ခရီးစဉ်တွင် သူမနှင့်အတူ စုန့်လောင်ယု တစ်ယောက်တည်း ပါလာသည် မဟုတ်ပေ။ အမျိုးသမီး ဝိဉာဉ်သခင် လေးယောက်လည်း ပါ၏။ သူမတို့ တစ်ယောက်ချင်းစီ၏ ဝိဉာဉ်အဆင့်သည် သတ္တမအဆင့်ထက် မနိမ့်ပေ။ စုန့်ဟုန်ထယ်သည် သူ ပြန်ရောက်လာပြီး နောက်တွင် သူ့သမီးကို ဘာမှထပ်ပြီး မခံစားစေချင်တော့ပေ။ သူမအား တကယ့် စုန့်သခင်မလေးအဖြစ် စံစားစေချင်၏။

စုန့်မိသားစု စံအိမ်မှ ထွက်လာပြီး နှစ်ရက်အကြာတွင် စုန့်မိသားစု၏ ပိုင်နက် အတွင်း၌ လူခြောက်ဦး မြင်းကို ကဆုန်ပေါက် စီးနင်းနေခဲ့ကြသည်။ စုန့်ရန်သည် ဝူရုံမြို့သို့ တတ်နိုင်သလောက် မြန်မြန် ရောက်ချင်သည့် အတွက်ကြောင့် အမြန်ဆုံး မြင်းကိုပင် ရွေးယူခဲ့သေးပေသည်။

ဟီး ဟီး … ဟီး ဟီး ဟီး…

ရုတ်တရက် အရှေ့ဆုံးမှ ဦးဆောင် သွားနေသည့် စုန့်ရန်၏မြင်း ခြေခေါက်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ထက်သို့ တစ်ပတ်လည် ပစ်ကျသွားခဲ့သည်။

မြင်းပေါ်၌ ထိုင်နေသည့် စုန့်ရန်သည်လည်း အရှေ့သို့ လိမ့်ထွက် သွားခဲ့သည်။ သို့သော် သူမသည် သူမကိုယ်သူမ အချိန်မီ ပြန်ထိန်းနိုင်ခဲ့ကာ မြေပြင်ပေါ်သို့ ရောက်သည့် အချိန်တွင် မတ်တပ် ရပ်လျက် အနေအထားအသင့် ဖြစ်၏။

ဝှီး.. ဝှှီး.. ဝှီး.. ဝှီး…

ကျန်သည့် လူများသည် သူတို့မြင်းကို ချက်ချင်း ဇာတ်သပ် လိုက်ကြကာ စုန့်ရန်ဘေး၌ ဝိုင်းလိုက်ကြသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်အား မျက်စိရှင်ရှင်ထား စစ်ဆေး ကြည့်လိုက်ကြ၏။

ထိုနေရာတွင် မည်သည့် လှုပ်ရှားမှုမှ မရှိပေ၊ ဘယ်သူမှလည်း မရှိနေ။ ပတ်ဝန်းကျင်အား သတိဖြင့် စစ်ဆေး ကြည့်ပြီးနောက် အမျိုးသမီး ကိုယ်ရံတော် လေးဦးသည် စုန့်ရန်၏မြင်း လဲကျရသည့် အကြောင်းအရင်းကို စစ်ဆေးကြည့် လိုက်ကြသည်။

မြေပြင်ပေါ်တွင် လက်သီး အရွယ်အစားရှိကာ တစ်ပေခန့်နက်သည့် တွင်းနက်ကြီး တစ်တွင်း ရှိနေသည်။ အရှိန်ဖြင့် ပြေးနေသည့်မြင်းက ထိုတွင်းထဲ ခြေကျသွားသည်နှင့် ချက်ချင်း ခြေထောက်ခေါက် လဲသွားမည်ဖြစ်၏။ ပြင်းထန်သည့် အရှိန်က မြင်း၏ ခြေထောက်ကို ကျိုးသွားစေပေလိမ့်မည်။ ဤထောင်ချောက်သည် နာမည်ကျော်သည့် မြင်းထောင်ချောက် အမျိုးအစားမျိုးပင် ဖြစ်သည်။

ထိုတွင်းကို အပေါ်မှ ချုံများဖြင့် ဖုံးထားကာ အလွန် လျင်မြန်လှသည့် အရှိန်တွင် မြင်းမပြောနှင့် မြင်းပေါ်မှ လူပင် မြင်မည်မဟုတ်ပေ။ ထိုတွင်းသည် စန့်ရန်အား တမင်သက်သက် တိုက်ခိုက်ခြင်း ဖြစ်နိုင်၏၊ သို့မဟုတ် အခြား တစ်ယောက်မှ ဒီတိုင်းသက်သက် လာတူးထားခြင်းလည်း ဖြစ်နိုင်သည်။ အတိအကျ မပြောနိုင်ပေ။

မြင်းတစ်ကောင် ခြေကျိုးသွားပြီဖြစ်ကာ ထိုမြင်းကို ဆက်စီး၍ မရတော့ပေ။ သို့သော် မြင်းတစ်ကောင် လျှော့သွားသည် ဆိုလျှင်တောင် သူတို့ အလျင်လို နေသေးပေသည်။ စုန့်ရန် ခဏစဉ်းစားကာ စုန့်လောင်ယုအား နေခဲ့ခိုင်းလိုက်သည်။ သူတို့ ၆ ယောက်ထဲတွင် အမျိုးသားဟူ၍ သူတစ်ယောက်တည်း ပါကာ ကျန်သည့် လူများက မိန်းမသားများ ဖြစ်၏။ ထို့အပြင် ၆ ယောက်တွင် သူ၏ဝိဉာဉ်အဆင့်သည် အနိမ့်ဆုံး ဖြစ်သည်။

ထို့နောက် သူတို့ငါးယောက် နောက်တစ်ကြိမ် ခရီးဆက်ခဲ့ကြသည်။ သို့သော် ဘယ်လောက်မှ မသွားရသေးပေ၊ မိုင်အနည်းငယ် အကွာတွင် နောက်ထပ် မတော်တဆမှု တစ်ခု ဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် မြင်းထောင်ချောက် မဟုတ်တော့ပေ၊ လမ်းနှစ်ဖက်တွင် ကြိုးတစ်ချောင်းကို ကန့်လန့်ဖြတ် ချည်ထားခြင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင် တစ်ဖက်လူမှာ စုန့်ရန်ကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း အားလုံး နားလည်သွားသည်။ စုန့်ရန်ဘေး၌ အဆင့်မြင့် ဝိဉာဉ်သခင်များ ရှိနေကြောင်းကိုလည်း သူတို့ သိချင်သိနေလောက်သည်။ ထို့ကြောင့် သူတို့သည် လူလုံး မထွက်ပြဘဲ သူမခရီးစဉ် နှောင့်နှေးအောင် ဤကဲ့သို့ နည်းလမ်းများ သုံးနေခြင်းဖြစ်၏။

ဤအရာသည် စုန့်မိသားစု စံအိမ်မှ သစ္စာဖောက် တစ်ယောက် ဖြစ်ရမည်ဟု စုန့်ရန် ချက်ချင်း နားလည် သွားခဲ့သည်။ တစ်ယောက်ယောက်သည် စုန့်ရန်သွားမည့် နေရာနှင့် သွားရသည့် ရည်ရွယ်ချက်ကို သတင်းဖြန့်ခဲ့သည်။ သို့သော် သူတို့ စုန့်ရန်အား မအောင်မြင်စေချင်သည့် အဓိက ရည်ရွယ်ချက်မှာ စုန့်ဟုန်ထယ်၏ အသက်ကို မကယ်တင် နိုင်စေရန် ဖြစ်သည်။

အမှန်တွင်လည်း စုန့်မိသားစုမှလွဲ၍ အခြား မည်သူကမှ စုန့်မိသားစု အင်အား ကြီးမားလာမည်ကို မမြင်ချင်ကြပေ။ ထို့ကြောင့် တရားခံက မည်သည့် အင်အားစုမဆို ဖြစ်နေနိုင်သည်။ မည်သို့ပင် ဆိုစေ သူတို့သည် စုန့်မိသားစု ပိုင်နက် အတွင်း၌ ရှိနေသေးသောကြောင့် ဤကဲ့သို့ ချုံခို တိုက်ခိုက်မှုများသာ ခံရနေခြင်း ဖြစ်သည်။ စုန့်ပိုင်နက် အတွင်းမှ ထွက်သွားသည်နှင့် သူတို့ငါးယောက်လုံး အင်အားကြီး လုပ်ကြံသူ၏ သတ်ဖြတ်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

သို့သော် စုန့်ရန်သည် သူမတို့၏ ခရီးစဉ်ကို ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့သည်။ အရှေ့တွင် အလွန်အန္တရာယ် များမည် ဖြစ်သော်လည်း သူမအဖေ၏ အသက်က ပိုအရေးကြီးပေသည်။

သူတို့သည် အရှေ့သို့ အချိန်အတော်ကြာ ခရီးဆက်ပြီးနောက် စုန့်ဟုန်ထယ်ထံမှ အမိန့်ရထားသည့် ဝိဉာဉ်သခင်အချို့ သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ သူတို့သည် စုန့်မိသားစု စံအိမ်မှ စာရခဲ့သောကြောင့် စုန့်ရန်တို့ကို ထိုနေရာ၌ စောင့်နေခြင်း ဖြစ်၏။ ထို့နောက် ခေါင်းဆောင်က သူတို့ကို လှည့်ပြန်ရန် ရေးထားသည့် စာကို စုန့်ရန်အား ပေးလိုက်သည်။

ထိုစာက တကယ်အစစ် ဟုတ်မဟုတ် စစ်ဆေးပြီးနောက် စုန့်ရန် သူမ၏ ကိုယ်ရံတော်များ နှင့်အတူ စုန့်မိသားစု စံအိမ်သို့ အလျင်အမြန် ပြန်သွားလိုက်သည်။ စံအိမ်သို့ ပြန်ရောက်သည့် အချိန်တွင် သူမအား စောင့်နေသည့် တက်ကြွ လန်းဆန်းနေသော သူမအဖေကို သူမ တွေ့လိုက်ရ၏။

“အဖေ သေတော့မှာ မဟုတ်ဘူး…”

သူမအဖေနှင့် တွေ့တွေ့ချင်း သူမအဖေမှ ထိုကဲ့သို့ ပြောလာခဲ့သည်။

“သမီး၊ အဖေ့သမီးက ဘယ်သူ့ကိုမှ ဦးညွှတ်စရာ မလိုဘူး…”
***

Comment

Leave a Reply

Options

not work with dark mode
Reset