အပိုင်း ၃၂၈
ငါ မသေနိုင်ဘူး (၁)
ကြီးမားသည့် အကျိုးအမြတ်၏ ဆွဲဆောင်မှု အောက်တွင် စီးပွားရေး လုပ်ငန်းရှင်များ၏ လျင်မြန်သည့် တုံ့ပြန်မှုက ကောင်းကင်ကြီးထက်ပင် သာလွန် နိုင်ပေသည်။
၁၀ ရက် အတွင်းမှာပင် တော်ဝင်ရတနာ စံအိမ်သည် ဝူရုံမြို့အတွင်းရှိ အဓိက အင်အားစုများ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေး ညှိနှိုင်းခြင်း ပြီးဆုံးသွားခဲ့သည်။ ထိုကိုယ်စားလှယ်များသည် တော်ဝင်ရတနာ စံအိမ်၏ သဘောထားကို သူတို့၏ အင်အားစုများထံ သတင်းပြန်တင်ပြ လိုက်ကြသည်။
ဝမ်ရှန်း ခန့်မှန်းထားသည့် အတိုင်းပင် အစပိုင်း၌ စွန့်စားရ နိုင်ခြေကို အခြားလူများလည်း မြင်ကြပေသည်။ သူတို့ကိုယ်တိုင် တည်ဆောက်ခြင်းထက် နောက်ပိုင်း၌ ငွေအရင်းအနှီး ပေးလိုက်ရုံဖြင့် အထဲဝင်ကာ ကျင့်စဉ် ကျင့်ကြံနိုင်မည် ဆိုပါက ဘာလို့ မလုပ်ရမည်နည်း။
အန္တရာယ်များသည်ကို ကြည့်သည်ဖြစ်စေ၊ ငွေကြေး အကုန်အကျကို ကြည့်သည်ဖြစ်စေ သို့မဟုတ် အကျိုးအမြတ် ရမည်ကို ကြည့်သည်ဖြစ်စေ ဘာမှ ငြင်းစရာ အကြောင်း မရှိပေ။
အင်အားစုများ အားလုံးသည် အခြားလူများကို မဦးဆောင် စေချင်ဘူး ဆိုလျှင် သူတို့လည်း ဦးမဆောင်သင့်ပေ။ အားလုံးနှင့် အကျိုးအမြတ် အငြင်းအခုံ မရှိသည့် စီးပွားရေး လုပ်ငန်းစု တစ်ခုကို ကိုင်တွယ်စေခြင်းက အသင့်တော်ဆုံး နည်းလမ်းပင်ဖြစ်သည်။
နောက်တစ်ချက်မှာ တကယ့် ရတနာ အစစ်တွေက ဂျင်ဒီနယ်မြေ၏ အတွင်းပိုင်း၌ ရှိသည်ကို အင်အားစုများ အားလုံး သိကြပေသည်။ ထို့ကြောင့် ဂျင်ဒီနယ်မြေ အစွန်းပိုင်း၌ အရင်းအနှီးများစွာ မြှုပ်နှံ လိုက်မည်ဆိုလျှင် သိပ်ပြီး အဆင်မပြေပေ။ ထိုအချက်ကြောင့်လည်း တော်ဝင်ရတနာ စံအိမ်ကို လက်လွှဲလိုက်ခြင်း ဖြစ်သည်။
ထို့နောက် တော်ဝင်ရတနာ စံအိမ်၏ ကြောက်စရာ ကောင်းလှသည့် ပစ္စည်းစုဆောင်း နိုင်စွမ်းကို ဝမ်ရှန်း တွေ့မြင် လိုက်ရသည်။ သူတို့သည် ကမ္ဘာပေါ်၌ အဆက်အသွယ် အများဆုံး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုပင်ဖြစ်သည်။ အင်အားစုများနှင့် ဆွေးနွေးနေစဉ် ရက်အနည်းငယ် အတွင်းမှာပင် စခန်းတည်ဆောက်ရန် အတွက် လိုအပ်သည့် ပစ္စည်း တော်တော်များများကို စုစည်းနိုင်ပြီ ဖြစ်သည်။ ဝူရုံမြို့ အပြင်ဘက်တွင် ဝူရုံမြို့ အကျယ်အဝန်း တစ်ဝက်နီးပါး ရှိသည့် ကွင်းပြင်လွတ် တစ်ခုရှိသည်။ ယခု ထိုကွင်းပြင်၏ တစ်ဝက်တွင် ပစ္စည်း အပုံအပုံများဖြင့် ပြည့်နှက်နေ၏။
တော်ဝင်ရတနာ စံအိမ်တွင် အစောင့်များ များစွာ ရှိသော်လည်း ထိုပစ္စည်းများ အားလုံးကို ထိုလူများဖြင့်သာ ဂျင်ဒီနယ်မြေအတွင်း သယ်သွားဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် တော်ဝင်ရတနာ စံအိမ်သည် ကြေးစားခန်းမမှ ဝိဉာဉ်သခင်များ များစွာ ငှားရမ်းခဲ့သည်။ အပြာရောင် ကြေးစား တံဆိပ်ပြားနှင့် ထိုအဆင့်အထက် ကြေးစားဝိဉာဉ်သခင်များ အားလုံး ပါဝင်၏။ သူတို့သည် သာမန် အလုပ်ထက် နှစ်ဆပေးကာ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
ထိုစခန်းသည် ဆောက်ပြီးသွားသည့် အချိန်တွင် ဘယ်အင်အားစုများကသာ ဝင်ခွင့်ရမည်ဆိုပြီး သတ်မှတ်ထားခြင်းမျိုး မရှိပေ။ အဓိက အင်အားစုမှ မဟုတ်သည့် လူများ၊ အင်အားစုများနှင့် ယခင်က ဂျင်ဒီနယ်မြေသို့ ဝင်ရန် အခွင့်အရေး မရခဲ့သည့် လူများကပါ ထိုနေရာသို့ ဝင်ရောက် လေ့ကျင့်ရန် အခွင့်အရေးရပြီ ဖြစ်သည်။
ဤအခွင့်အရေးသည် ကြီးမားသည့် အခွင့်အရေး တစ်ခုဖြစ်၏။ ၁၀ နှစ် အကြာတွင် ထိုနယ်မြေ အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည့် စုန့်မိသားစုမှ လူများ၏ ဝိဉာဉ်အဆင့်ကို ကြည့်မည်ဆိုလျှင် ထိုနယ်မြေ၌ အထူးကောင်းမွန်သည့် လျှို့ဝှက်ကျင့်စဉ်များ ရှိနိုင်လောက်ပေသည်။
သူတို့၏ ကျင့်ကြံခြင်း နည်းလမ်းက အလွန် ကောင်းမွန်သည့် အတွက်ကြောင့်ပဲလား… မည်သို့ဆိုစေ ဂျင်ဒီနယ်မြေ အတွင်း၌ လေ့ကျင့်ခြင်းကြောင့်သာ သူတို့ ထိုအဆင့်အထိ ရောက်လာခြင်း မဟုတ်ပါလော။
တော်ဝင်မိသားစုနှင့် အဓိကအင်အားစု ငါးစုကဲ့သို့သော အင်အားကြီး အင်အားစုများသည် လင်မိသားစုသည် တောင်နံရံပေါ်၌ သိုင်းပညာရပ်များနှင့် လျှို့ဝှက်ကျင့်စဉ်များ ရေးထွင်း ခဲ့သည်ကို သိကြပေသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ သာမန် လူများက ဘယ်လောက်မှ သိပ်မသိသော်လည်း ဂျင်ဒီနယ်မြေ အတွင်း၌ ကျင့်ကြံခြင်းက အပြင်ဘက်၌ ကျင့်ကြံခြင်းထက် ပိုအကျိုးရှိသည် ဆိုတာကိုတော့ သူတို့ သိပေသည်။
ထို့ကြောင့် စခန်း တည်ဆောက်ရာ၌ လူခေါ်ရာတွင် ဝိဉာဉ်သခင် တော်တော်များများ ပါဝင်ခဲ့ကြသည်။ ရှေ့ကြိုသွားသည့် လူက အကျိုးအမြတ် ပိုရလေပင်ဖြစ်၏။ ထို့ကြောင့် ဝူရုံမြို့မှ ကြေးစားများ သာမက တစ်နိုင်ငံလုံးရှိ ဝိဉာဉ်သခင်များ သည်လည်း ဝူရုံမြို့သို့ အပြေးအလွှား ရောက်လာခဲ့ကြလေသည်။
စခန်း တည်ဆောက်ခြင်း၌ ပါဝင်မည်ဆိုလျှင် သူတို့သည် ဂျင်ဒီနယ်မြေ၏ မြေပြင် အခြေအနေနှင့် ရင်းနှီးသွားမည် ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ချင်သည် ဆိုလျှင်လည်း ကြိုတင်လေ့ကျင့်၍ ရပြီဖြစ်၏။
ထို့ပြင် စခန်းတည်ဆောက်ခြင်း၌ ပါဝင်သည့် လူများအတွက် အိမ်တစ်လုံး ဆောက်ပေးမည်ဟုလည်း တော်ဝင်ရတနာ စံအိမ်ဘက်မှ ကတိပေးထား သေးပေသည်။ ထိုအချက်သည် ရွှေဒင်္ဂါးများ ထက်ပင် ပိုပြီး ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။ ကျင့်စဉ် ကျင့်ကြံခြင်း၌ ရူးသွပ်သည့်လူ မည်သူမဆို ထိုဆွဲဆောင်မှုကို မငြင်းဆန်နိုင်ပေ။
…..
ထိုအချိန်တွင် စုန့်မိသားစုစံအိမ် အတွင်းတွင် စိတ်ဓာတ်ကျ ဝမ်းနည်း ပူဆွေးမှုများ ပြည့်နှက်နေ၏။ တိုက်ပွဲများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်သည့် စုန့်ဟုန်ထယ်သည် တစ်လ အတွင်းမှာပင် အင်အားကြီး လူတစ်ယောက် အဖြစ်မှ အိပ်ရာထက်၌ လဲနေရသည့် လူနာအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ယခုအချိန်တွင် သူသည် မတ်တပ်ရပ်ပြီး လမ်းထ လျှောက်ခြင်းကိုပင် အလွန် ခက်ခဲပင်ပန်းစွာ လုပ်ဆောင်နေပြီ ဖြစ်သည်။
ထို့ကြောင့် စုန့်ရန်လည်း ငြိမ်ငြိမ် မနေနိုင်တော့ပေ။ သူမအဖေ၏ လုပ်ရပ်များက မှားယွင်းသော်လည်း၊ ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်ရန် မျက်နှာ ပူသော်လည်း သူမ အဖေ အသက်ကို ကယ်နိုင်ရန် အတွက် ဝမ်ရှန်းနှင့် တွေ့ပြီး သူ့အား တောင်းပန်ရန်ကို စဉ်းစားနေရပြီ ဖြစ်၏။
ထိုကဲ့သို့ စုန့်ဟုန်ထယ် နေထိုင်မကောင်း ဖြစ်နေစဉ်တွင် သူ၏ လူယုံတော်များသည် သွေးစွန်းသည့် ရှင်းလင်းခြင်းများကို ဆက်လက် မလုပ်ဆောင်ကြတော့ပေ။ အခြေအနေကို အခြေကျ တည်ငြိမ်အောင် လုပ်ကာ ဆက်လက် ထိန်းချုပ်ခြင်းသာ ပြုလုပ်ခဲ့၏။ ထို့ကြောင့် ခေါင်းဆောင်က တဖြည်းဖြည်းချင်း အားနည်း လာသော်လည်း စုန့်မိသားစု အခြေအနေကတော့ တည်ငြိမ် နေသေးပေသည်။ ယခုလို အခြေအနေမျိုးတွင် ထိုအချက်သည် စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသော အချက်ပင်ဖြစ်သည်။
ဝမ်ရှန်းထံ သွားတောင်းပန်ရန် စုန့်စံအိမ်မှ မထွက်ခင် စုန့်ရန် သူမအဖေကို အရင်သွားကြည့် လိုက်သည်။ ယခုတွင် စုန့်ဟုန်ထယ်သည် သူ့သမီး၏ ဆုံးဖြတ်ချက်ကို သိနေပြီဖြစ်၏။ ယခု တစ်လျှောက်လုံး သူ့သမီးအား အပြစ်ရှိသည့် စိတ်ဖြင့် မျက်နှာချင်းဆိုင် နေခဲ့ရကာ ထိုအကြိမ်တွင် စုန့်ဟုန်ထယ် ပထမဆုံး အနေဖြင့် သူ့သမီးရှေ့၌ သူ၏နောင်တ တရားများကို ဖွင့်ဟထုတ်ဖော် ပြလိုက်သည်။
“အဖေ သမီးကို တောင်းပန်ပါတယ် သမီးရယ်…” ထိုစကား ပြောလိုက်သည့် အချိန်တွင် စုန့်ဟုန်သယ်၏ မျက်လုံးများထဲ၌ မျက်ရည်စများ ပြည့်နှက် လာခဲ့သည်။ သူသည် နောင်တစိတ် နှင့်အတူ အပြစ်ရှိစိတ်ကိုပါ ကြီးလေးစွာ ခံစားနေရခြင်း ဖြစ်သည်။
မိသားစု အကျိုးအတွက်ဟု ဆိုကာ သူသည် စုန့်ရန် ငယ်စဉ် ကတည်းက သူမအား ပစ်ထားခဲ့သည်။ သူမအတွက် လုံလောက်စွာ စီစဉ် ပေးထားခဲ့သော်လည်း လွဲချော်ကာ နောက်ဆုံးတွင် အခြားလူများက သူ့သမီး အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့သည်။
သူ့သမီးနှင့် ပြန်တွေ့ခဲ့သည့် အချိန်တွင်လည်း သူ့သမီးနှင့် ရင်းနှီးသည့်လူကို သူတို့မိသားစု အကျိုးအတွက်ဆိုပြီး လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ သို့သော် ယခုတွင် သူ့အသက် ကယ်တင်ရန် သူ့သမီးကို အသုံးချရဦးမည်။ ဝမ်ရှန်းအား သွားတောင်းပန်ရာတွင် ဝမ်ရှန်းအား စိတ်ကျေနပ် စေနိုင်ရန်အတွက် သူမ ခန္ဓာကိုယ်ကိုပင် စတေးချင် စတေး ရလောက်ပေသည်။ ဤအခြေအနေတွင် အဖေ တစ်ယောက်အနေဖြင့် စုန့်ဟုန်ထယ်သည် ဘယ်လိုလုပ် နောင်တ မရဘဲနေမည်နည်း…
စုန့်ဟုန်သယ်သည် မဖြစ်နိုင်သည့် အတွေးတစ်ခုကိုပင် တွေးမိခဲ့သေး၏။ ယခင်က ဝမ်ရှန်းသည် အဓိက အင်အားစု ငါးခုမှ လူများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် သူတို့သည် ရန်ငြိုးကို ကြေအေးကာ အချင်းချင်း ပြန်လက်တွဲခဲ့သည်။ သူသည် ဝမ်ရှန်းကို တစ်ကြိမ်သာ လုပ်ကြံခဲ့ခြင်းဖြစ်ကာ သူသည်လည်း မထိခိုက်သွားပေ။ ထို့ကြောင့် သူတို့နှစ်ဖက်ကြား ပြန်လည် ပြေလည်ရန် ဖြစ်နိုင်သည် မဟုတ်လော။
သို့သော် သူမေ့နေသည်မှာ ယခင်က လိုက်သတ်ခံရသည့် ဝမ်ရှန်း၏ နောက်ခံနှင့် ယခု လုပ်ကြံခံရသည့် ဝမ်ရှန်း၏ နောက်ခံက မတူညီတော့ချေ။ အချိန်များစွာ ကြာမြင့်ပြီး နောက်တွင် ဝမ်ရှန်းက ထိုယခင် အချိန်ကအတိုင်း ရွေးချယ်မည် မဟုတ်တော့ပေ။
အတိတ်တွင် ဝမ်ရှန်းသည် အဓိက အင်အားစုများ၏ အကျိုးအမြတ်ကို များစွာ မထိခိုက်စေခဲ့ပေ။ နောက်ပိုင်းတွင် သူသည် သူ့ဝိဉာဉ်ကို အဆင့်မြင့်တင်သည့် လျှို့ဝှက်ချက်အပြင် အခြားလူများကို ဂျင်ဒီနယ်မြေ အတွင်းသို့ ခေါ်ဆောင်ပေးခြင်းမျိုး ပြုလုပ်ခဲ့သည်။ ထိုအရာများ အားလုံးသည် အဓိက အင်အားစုများအတွက် အကျိုးရှိစေသည့် အရာများပင်ဖြစ်သည်.။
သို့သော် စုန့်မိသားစု အတွက်ကတော့ မတူပေ၊ ဝမ်ရှန်း လုပ်နေသည့် အရာများသည် စုန့်မိသားစု၏ အကျိုးအမြတ်များကို မီးလောင် တိုက်သွင်း နေသကဲ့ပင် ဖြစ်၏။ ဝမ်ရှန်းသည် သူတို့ကို ခေါင်းညိတ်ကြေအေး ပေးလိုက်မည် ဆိုလျှင်ပင် စုန့်ဟုန်ထယ်သည် သူ ပြန်သက်သာ လာသည့် အချိန်တွင် ဝမ်ရှန်းကို အလွတ်ပေးမည် ဆိုတာ သူ့ကိုယ်သူ အာမ ခံနိုင်ပါ၏လော…။
စုန့်ဟုန်သယ်လည်း သူ့ကိုယ်သူ မသိပေ… သို့သော် ယခုအချိန် အတွက်မူ သူ့သမီးနှင့် ဝမ်ရှန်းတို့ကြားမှ ယခင် ဆက်ဆံရေးက သူ့အသက်ကို ကယ်တင်ပေးနိုင်ဖို့ အတွက်ကိုသာ သူ မျှော်လင့်မိပေတော့သည်။
သူ မသေချင်သေးပေ။ စုန့်မိသားစုသည် ၁၀ နှစ်ကျော်ကြာ ကြိုးစား အားထုတ်ခဲ့ပြီး နောက်တွင် ဤကဲ့သို့ ကြီးမားသည့် အင်အားကို ရရှိလာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့ တောက်ပရမည့် အချိန်မျိုးတွင် သူ ဘယ်လိုလုပ် သေချင်မည်နည်း…
***