အပိုင်း ၃၂၇
ကိုယ့်ရှူးကိုယ်ပတ်ခြင်း (၂)
ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် စုန့်ဟုန်ထယ်သည် အစပိုင်း၌ အဆိပ်သင့် လက္ခဏာများ သိပ်မပြခဲ့ပေ။ ခန္ဓာကိုယ်ပေါ်၌ အနာများ ပေါက်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပေါ်လေ့ ရှိသော်လည်း သူသည် ထိုအရာများနှင့် နေသားကျနေပြီ ဖြစ်ကာ အဆိပ်မိ နေသည်ဟု သူ့ကိုယ်သူ မထင်ခဲ့။
ယခုလက်ရှိ အခြေအနေတွင် စုန့်မိသားစုကို ကမ္ဘာပေါ်၌ နံပါတ်တစ် အင်အားကြီး မိသားစုဟု သတ်မှတ်၍ ရပေသည်။ သူတို့သည် ယခင်က လင်မိသားစုကို မမီသော်လည်း အခြား အင်အားစုများကိုမူ တစ်ဖွဲ့ချင်း ယှဉ်နိုင်ပေသည်။
သို့သော် ရုတ်တရက် စုန့်ဟုန်သယ်မှ သွေးထ အန်ခဲ့သည်။ ထို့နောက် အဆိပ်သင့် လက္ခဏာများကလည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဆိုသလို ပေါ်လာခဲ့၏။ စုန့်ဟုန်သယ်၏ ဝိဉာဉ်အဆင့်က အဆင့်တစ်ခုအထိ မြင့်မားနေခြင်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူသည် ယခင် ကတည်းက အိပ်ရာထက် လှဲနေရလောက်ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဘာကိုမှ သိပ်ပြီး အားသွန်ခွန်စိုက် မလုပ်ရဘဲ ပုံမှန်အတိုင်း လှုပ်ရှားသွားလာ နေနိုင်ခြင်းကပင် အလွန် ကံကောင်းလှပြီ ဖြစ်၏။
သို့သော် ပင့်ဖိတ်ထားသည့် သမားတော်များသည် ဤအဆိပ်သင့်မှုက သူတို့ တစ်ခေါက်မှ မကြုံတွေ့ဖူးသည့် အဆိပ်သင့်မှုမျိုး ဖြစ်သည်ဟု ပြောခဲ့သည်။
အဆိပ်ဆေး ဆရာများကလည်း သူတို့ အကောင်းဆုံး ကြိုးစားခဲ့ကြကာ သာမန် အဆိပ်သင့်ခြင်းနှင့် အလွန် ကွဲပြားသည့် အချက်များကို တစ်ချက်ပြီးတစ်ချက် ထောက်ပြခဲ့သည်။ ဤအဆိပ်သည် သူတို့သိသည့် တိရစ္ဆာန်များနှင့် အပင်များကြောင့် အဆိပ်သင့်ခြင်း နှင့်လည်းမတူ၊ သို့သော် အဆိပ်သင့်သည့် လက္ခဏာများကလည်း သိသိသာသာကို ပြနေ၏… ထို့ကြောင့် နောက်ဆုံးတွင် သူတို့သည်လည်း နားမလည်နိုင်တော့ကြောင်း ပြောခဲ့ကြသည်။
စုန့်မိသားစုသည် သူတို့ကို စပင့်ဖိတ်သည့် အချိန်ကတည်းက စုန့်ဟုန်သည်က အဆိပ်သင့် နေသည်ကို ကြိုသိထားဟန် ရှိကာ သူတို့ကို ဝေဖန် အကဲဖြတ် ခိုင်းသကဲ့ပင် ဖြစ်၏။ ထို့ကြောင့် သူတို့အား ဖိတ်ခဲ့သည့် စုန့်လောင်ယုကို ခေါ်ကာ စုန့်ဟုန်ထယ်က အဆိပ်သင့်နေကြောင်း ဘယ်လို သေချာ သိနေရတာလဲ ဆိုတာ မေးခဲ့၏။
ထိုအကြောင်းကို စုန့်လောင်ယုသည် ပြောပြ၍ မရပေ။ ထို့ကြောင့် သမားတော်နှင့် အဆိပ်ဆေး ဆရာများလည်း ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာ ချလိုက်ကြတော့၏။
သို့သော် ဘယ်လိုလုပ် အဆိပ်မိခဲ့တာလဲ ဆိုတာကိုတော့ စုန့်လောင်ယု ပြောပြ၍ ရပေသည်။ ထို့ကြောင့် သူ လက်ဖက်ခြောက်အိတ်ကို ယူလာကာ ဤလက်ဖက်ရည်ကို အချိန်အတော်ကြာ စွဲသောက်ခဲ့သောကြောင့် အဆိပ်မိခဲ့ခြင်း ဖြစ်သည်ဟု ပြောပြလိုက်သည်။
သမားတော်များနှင့် အဆိပ်သမားတော်များသည် ထိုလက်ဖက်ခြောက်များကို အသေအချာ စစ်ဆေးခဲ့ကြ၏။ သူတို့ မည်သို့ပင် စစ်ဆေးစေကာမူ ထိုလက်ဖက်ခြောက်က အဆိပ်သင့် စေနိုင်သည်ဟု သူတို့ မတွေ့ခဲ့ရပေ။ သို့သော် ဤလက်ဖက်ခြောက်ကို သောက်သည့် စုန့်ဟုန်သယ်ကတော့ အဆိပ်မိနေ၏။ ဤထူးဆန်းသည့် အဆိပ်ခတ်နည်းသည် အဆိပ်ဆေး ဆရာများအတွက် မျက်စိပွင့်နားပွင့် ဖြစ်စေခဲ့သည်။
စုန့်ဟုန်ထယ်၏ ဤအခြေအနေကြောင့် စုန့်မိသားစုသည် လူလုံး သိပ်မထွက်ပြခဲ့။ အခြား အင်အားစုများအပေါ် ရန်စခြင်းမျိုးလည်း မပြုလုပ်ခဲ့ပေ။ အလွန်ကို ငြိမ်နေခဲ့ကြ၏။
သူတို့ ထိုကဲ့သို့ ငြိမ်နေခြင်းက သူတို့ဘေး ပတ်ပတ်လည်မှ အင်အားစုများကို စိတ်သက်သာရာ ရစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုလူတို့သည် ဝမ်ရှန်း၏ အကြံပြုချက်ကိုလည်း စိတ်အား ထက်သန်စွာ တုံ့ပြန်ခဲ့ကြ၏။ အကျိုးအမြတ်များ ရရှိရန် ဂျင်ဒီနယ်မြေ အတွင်းသို့ ဘယ်လို ဝင်ရမလဲဆိုသည့် အချက်ကိုသာ စဉ်းစားနေခဲ့ကြသည်။
ထိုအချိန် စုန့်မိသားစု စံအိမ်တွင် သမားတော်နှင့် အဆိပ်ဆေး ဆရာများက အဆိပ်ဖြေဆေး အတွက် ကြိုးစားနေစဉ် စုန့်ဟုန်ထယ်၏ အခြေအနေကလည်း ပိုပိုဆိုးဝါး လာခဲ့၏။
အစပိုင်းတွင် ဝမ်ရှန်းက လျှောက်ပြောနေခြင်း ဖြစ်မည်ဟု တွေးကာ စုန့်ဟုန်ထယ်သည် မျှော်လင့်ချက် တစ်ပိုင်းတစ်စကို ဆုပ်ကိုင် ထားခဲ့သေးသည်။ သို့သော် အဆိပ်သင့်နေကြောင်း လက္ခဏာများ ထွက်ပေါ်လာကာ အတည်ပြုပြီးသည့် အချိန်တွင် ထိုမျှော်လင့်ချက်များ ဆိတ်သုဉ်း သွားခဲ့သည်။
အဆိပ်ဒဏ် နှင့်အတူ အဆိပ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှု ဒဏ်တို့ကြောင့် ‘စိတ်ထောင်းကိုယ်ကျေ’ ဟူသည့် စကားအတိုင်း သူ၏ခန္ဓာကိုယ် သည်လည်း တဖြည်းဖြည်းချင်း ကျလာခဲ့တော့၏။
အထူးသဖြင့် သမားတော်များနှင့် အဆိပ်ဆေး ဆရာများက စုန့်ဟုန်ထယ်၏ အဆိပ်အကြောင်း ပထမဆုံး သိခဲ့သည့်လူကို ချက်ချင်းရှာရန် အကြံပေးခဲ့ကြသည့် အချိန်တွင် ဖြစ်သည်။ ထိုလူသည် မည်သည့် သက်သေ အထောက်အထားမှ မရှိဘဲနှင့် စုန့်ဟုန်ထယ်က အဆိပ်သင့် နေသည်ဟု ပြောနိုင်ခဲ့သည့် လူဖြစ်သည်။ သူ၏ သိမြင်တတ်စွမ်းမှု အာရုံက တကယ်ကို စူးရှရပေမည်။
ထိုအကြံပြုချုက်ကို ကြားသောအခါ စုန့်ရန် ငိုချချင်စိတ် ပေါက်သွားသည်။ ဘာစကားမှပင် မပြောနိုင်တော့ဘဲ ချက်ချင်း အခန်းသို့ ပြန်သွားကာ တံခါးပိတ် နေလိုက်တော့၏။
လူနာတစ်ယောက် အနေဖြင့် စုန့်ဟုန်ထယ်သည်လည်း သိပ်ပြီး ခံစားချက် မကောင်းခဲ့ပေ။ ထိုအကြံပြုချက်ကို ကြားပြီးနောက်တွင် ခါးသီးစွာသာ ပြုံးလိုက်တော့၏။ ထို့နောက် သမားတော်များနှင့် အဆိပ်ဆေး ဆရာများကို အခန်းအတွင်းမှ ထွက်သွားစေပြီး အိပ်ရာထက်၌ အချိန်အတော် ကြာအောင် ငြိမ်သက်စွာ လဲနေလိုက်သည်။
ဤအခြေအနေမျိုးတွင် သူ အခြား ဘာပြော နိုင်ဦးမည်နည်း…
သမားတော်များနှင့် အဆိပ်ဆေးဆရာများ ပြောခဲ့သည့် အတိုင်းပင် ဝမ်ရှန်းသည် လက်ဖက်ရည်ကို တစ်ငုံသောက်ရုံဖြင့် လက်ဖက်ရည်က အဆိပ်ရှိကြောင်း သိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ထိုအဆိပ်ကို သူကိုယ်တိုင် ကြုံတွေ့ ဖူးခဲ့သည်ဖြစ်စေ သို့မဟုတ် မှတ်တမ်းမှတ်ရာ အချို့ထဲ၌ မြင်တွေ့ ဖူးခဲ့သည်ဖြစ်စေ သူ့ထံတွင် အဆိပ်ဖြေနိုင်သည့် နည်းလမ်း သေချာပေါက် ရှိနေပေလိမ့်မည်။
သူသာ ဝမ်ရှန်းကို သတ်ဖို့ မကြိုးစားခဲ့ဘူး ဆိုလျှင် စုန့်ရန်နှင့် သူနှင့်ကြားမှ ဆက်ဆံရေးကို အသုံးချ၍ ရပေသည်။ စုန့်ရန် ဝူရုံမြို့သို့သွားပြီး မေးမည်ဆိုလျှင် လျှို့ဝှက် ကျင့်စဉ်အချို့ သို့မဟုတ် ဆေးပြားအချို့ကို ပေးလိုက်ရုံဖြင့် အဆိပ်ဖြေနိုင်သည့် နည်းလမ်း သိလာနိုင်သေး၏။
သို့သော် သူ့လုပ်ရပ်ကြောင့် သူ့ဘဝကိုသူ ဖျက်ဆီး မိသွားခဲ့ပြီ ဖြစ်သည်။ ယခု စုန့်မိသားစုဘက်မှ လက်လျှော့ အရှုံးပေးမည် ဆိုလျှင်ပင် ဝမ်ရှန်းက သူတို့ကို အဆိပ်ဖြေနည်း ပြောပြပါဦးမည်လော။
ထို့အပြင် ဝမ်ရှန်းသည် တော်ဝင်မိသားစုနှင့် ပူးပေါင်းခဲ့စဉ်၌ ဖြစ်စေ သို့မဟုတ် ကိုင်ရွှယ်နန်းတော်နှင့် ပူးပေါင်းခဲ့စဉ်ကဖြစ်စေ သူတို့ခရီးစဉ်များ၏ အသေးစိတ် အချက်အလက်များကို ဘယ်တုန်းကမှ ထုတ်ဖော် မပြောကြားခဲ့။ သို့သော် စုန့်မိသားစုကိုမူ သူတို့၏ခံတပ်စခန်း အကြောင်းကိုပင် ထုတ်ဖော် ပြောကြားခဲ့သည်။ ဤကိစ္စအတွက် စုန့်ဟုန်ထယ်မှာ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။
ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်သေတွင်း ကိုယ် တူးခြင်းမျိုးပင်ဖြစ်သည်။
ယခုလို အချိန်မျိုးတွင် စုန့်ရန်ကို ဝူရုံမြို့သို့ သွားစေကာ သူမ၏ အလှတရား သို့မဟုတ် သူမနှင့် ဝမ်ရှန်း၏ ဆက်ဆံရေးကို အသုံးချကာ အဆိပ်ဖြေနိုင်သည့် နည်းလမ်းကို ရအောင် လုပ်ရမည်လော။
သို့သော် ထိုကဲ့သို့ ရုပ်ရည်ကို အသုံးချကာ ခိုင်းစေလိုက်မည် ဆိုလျှင် သူသည် အကြီးအကဲ အုပ်စုများနှင့် ဘာကွာတော့မည်နည်း…
ထိုအချက်နှင့် ပတ်သက်၍လည်း စုန့်ဟုန်သယ် စိတ်ထဲ၌ နောင်တ ရသွားသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိမည်ဆိုလျှင် သူသည် ပထမ အကြီးအကဲနှင့် အခြား အကြီးအကဲ အဖွဲ့ဝင်များကို ချက်ချင်း သတ်ပစ်ခဲ့မည် မဟုတ်ပေ။
ထိုကဲ့သို့ စုန့်မိသားစုက ဘေးကျပ်နံကျပ် အခြေအနေ ဖြစ်နေသည့် အချိန်တွင် တော်ဝင်ရတနာ စံအိမ်သည် အလွန် လျင်မြန်စွာ လှုပ်ရှားနေခဲ့၏။ ဝူရုံမြို့အတွင်းရှိ အဆင့်မြင့် ဝိဉာဉ်သခင်များကို စုစည်းကာ ဂျင်ဒီနယ်မြေ အတွင်း၌ ခံတပ်စခန်း တည်ဆောက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
***