အပိုင်း ၃၂၆
ကိုယ့်ရှူးကိုယ်ပတ်ခြင်း (၁)
အစတွင် စုန့်ဟုန်ထယ်သည် သူ ဝမ်ရှန်းနှင့် ထိပ်တိုက် တွေ့ခဲ့သည်ကို ဖုံးကွယ်ထားမည်ဟု ကြံရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သိသာလှသည့် ဆံပင်တစ်ခြမ်းနှင့် မှုတ်ဆိတ်မွေး တစ်ခြမ်း မီးကျွမ်းထားသည့် ပုံစံကြောင့် စုန့်မိသားစု စံအိမ်သို့ ပြန်လာသည့် အချိန်တွင် သူ၏ကြီးမားသည့် ဆုံးရှုံးမှုကို မည်သူမဆို မြင်နိုင်ပေသည်။
အစေခံများသည် သူတို့စိတ်ထဲ၌သာ ကျိတ်ရယ် ရဲကြကာ အပြင်၌ သိသာအောင် မနေရဲကြပေ။ သို့သော် စုန့်ရန်သည်ကတော့ သူမအဖေကို စိုးရိမ်သည့် အလျောက် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သွားမေးခဲ့သည်။
သက်ပြင်းရှိုက်ကာ သူ ဝမ်ရှန်းအား လိုက်သတ်ခဲ့သည့် အကြောင်းကို စုန့်ဟုန်သယ် ပြောပြလိုက်သည်။ သူ ဝမ်ရှန်းကို မသတ်နိုင်ခဲ့သည့် အတွက်ကြောင့် ဤသတင်းသည် အနှေးနှင့်အမြန် ပြန့်သွားမည်ပင် ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင် ဝန်ခံခြင်းက ပိုကောင်းပေ လိမ့်မည်။
သူမအဖေ ပြောလာသည့် စကားများကို ကြားလိုက် ရသောအခါ စုန့်ရန် သွေးပျက်သွားသည်။ ဂျင်ဒီနယ်မြေမှ အပြန်ခရီးစဉ် တစ်လျှောက်တွင် ကောင်းကောင်းမွန်မွန်ကို ပြုမူနေခဲ့သည့် သူမအဖေက ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူမ အနည်းငယ်မျှပင် ထင်မထားခဲ့ပေ။ ဂျင်ဒီနယ်မြေထဲတွင် သူမအဖေနှင့် သူမအဖေ၏ လူများ အသက်ရှင်ခဲ့ရသည့် အကြောင်းအရင်း တစ်ဝက်မှာ သူမ မျက်နှာကြောင့်ဖြစ်သည်။ သို့သော် လျှပ်တစ်ပြတ် အတွင်းမှာပင် သူမအဖေက လက်တုံ့ပြန်ခဲ့ကာ ဝမ်ရှန်းအား သေသည်အထိ လုပ်ခဲ့သည်။
“သမီး၊ အဖေတို့ ဒီလိုလုပ်မှ ရမှာသမီး…”
သူ့သမီးမျက်နှာ ပျက်သွားသည်ကို မြင်သော် စုန့်ဟုန်သယ် ချက်ချင်း အလျင်အမြန် ဖြေရှင်းချက် ပေးလိုက်သည်။
သူသည် သူ့သမီးကို အတင်းဆွဲထားကာ သူ ထိုကဲ့သို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကြောင်းရင်း အလုံးစုံကို ရှင်းပြလိုက်သည်။ ဝမ်ရှန်း၏ တည်ရှိမှုက ဂျင်ဒီနယ်မြေအပေါ် စုန့်မိသားစု၏ လွှမ်းမိုးမှုအတွက် ဘယ်လောက်ထိ ခြိမ်းခြောက်မှု ရှိကြောင်း ရှင်းပြလိုက်သည်။
သူ ဘယ်လောက်ပဲ အာပေါက်မတတ် ရှင်းပြနေပါစေ သူ့သမီးကတော့ သူ့အား မျက်နှာသေဖြင့်သာ ကြည့်နေခဲ့သည်။ သူ သူ့သမီးနှင့် အတူမရှိသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူသည် မျက်နှာရိပ် မျက်နှာကဲ ဖတ်တော်ပေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့သမီးက သူ့အပေါ် အလွန် စိတ်ပျက်သွားပြီ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်းကြီး မြင်နေရသည်။
ထိုအချိန်တွင် စုန့်ဟုန်ထယ် အလွန် ကြောက်ရွံ့ ထိတ်လန့် သွားခဲ့သည်။ သူ့စိတ်ထဲတွင် စုန့်မိသားစု ပြီးလျှင် ဒုတိယသည် သူ့သမီးပင် ဖြစ်သည်။ အချိန်အတော်ကြာ ကွဲကွာခဲ့ရပြီး ယခုလေးတင် ပြန်တွေ့ခဲ့ရသည်ကို သူ သူ့သမီးကို ဘယ်လိုလုပ် အဆုံးရှုံး ခံနိုင်မည်နည်း။ ယခုတစ်ခေါက် သူနှင့် သူ့သမီးကြားမှ အက်ကွဲကြောင်းကို ပြန်လည် ပြုပြင်ရန် အချိန်အတော် ကြာမည်ဖြစ်ကာ သူ့ဘက်ကလည်း များစွာ ကြိုးစားရမည် ဖြစ်ကြောင်း နားလည်လိုက်သည်။
ဝမ်ရှန်းသာ ပျံနိုင်မှန်း ကြိုသိမည်ဆိုလျှင် သူ ဤကဲ့သို့ အလောတကြီး လုပ်မိမည် မဟုတ်ပေ။ ယခု သူ၏လုပ်ရပ်အတွက် ဝမ်ရှန်းက သူတို့ကို ဒီတိုင်းပဲ အလွတ် ပေးလိုက်မည် မဟုတ်ပေ။
သူထင်ထားသည့် အတိုင်းပင် ရက်အနည်းငယ် အကြာတွင် ဝမ်ရှန်းဘက်မှ တန်ပြန် တိုက်ခိုက် လာခဲ့သည်။
ဝမ်ရှန်း ဝူရုံမြို့အတွင်း၌ သတင်း ရောင်းချစဉ်တွင် စုန့်မိသားစုမှ လူများလည်း သွားရောက် နားထောင်ခဲ့ပေသည်။ ထိုလူများ၏ သတင်းတင်ပြချက်ကို ပြန်လည် လက်ခံရရှိသည့် အချိန်တွင် စုန့်ဟုန်သယ် ချက်ချင်း နှလုံးများ အေးစက် သွားခဲ့သည်။
ဝမ်ရှန်းသာ ထိုကဲ့သို့ လုပ်ခွင့်ပြုလိုက်မည် ဆိုလျှင် ဂျင်ဒီနယ်မြေ အတွင်း၌ စုန့်မိသားစု၏ အားသာချက်သည် ထိပ်ဆုံးမှနေ၍ ချက်ချင်း အောက်သို့ ထိုးကျသွားမည် ဖြစ်သည်။ ထိုနယ်မြေ အတွင်းတွင် ဆယ်စုနှစ် တစ်ခုကျော် ရာနှင့်ချီသည့် ဝိဉာဉ်သခင်များ ကျင့်ကြံ ပေးနိုင်ခဲ့သည်မှ လွဲ၍ မည်သည့် အားသာချက် ကျန်ရှိတော့မည်နည်း…
ဤဝမ်ရှန်းသည် တကယ့်ကို အသက်ရှင်ခွင့် မပေးသင့်သည့် သတ္တဝါပင်…
စုန့်ဟုန်သယ် သူ့ရင်ဘတ်ကိုသာသူ ထုရိုက်နိုင်သည်၊ အခြား သူလုပ်နိုင်သည့် အရာ ဘာမှမရှိပေ။
ဂျင်ဒီနယ်မြေ အတွင်း၌ ဝမ်ရှန်းနှင့် စတွေ့တွေ့ခြင်း ဝမ်ရှန်းကို မသတ်ခြင်းမှာ သူ့အား အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အသားစား ပုရွက်ဆိတ်များ ရောက်လာသည့် အချိန်တွင် ဝမ်ရှန်းဘက်မှ စတင် လှုပ်ရှားခဲ့သည်။ ယခု ဝမ်ရှန်းသည် ဝူရုံမြို့သို့ ထွက်ပြေး လွတ်မြောက် သွားပြီဖြစ်၏။ စုန့်ဟုန်ထယ်သည် သူ ကမ္ဘာကြီးကို မြေမလှန်ပစ်နိုင်ဘဲနှင့် ဝူရုံမြို့အတွင်းရှိ ဝမ်ရှန်းကို သတ်နိုင်တော့မည် မဟုတ်ပေ။
ထိုကဲ့သို့ ထိုင်တွေးကာ ဒေါသထွက် နေစဉ်မှာပင် ရုတ်တရက် သူ၏ရင်ဘတ် အတွင်း၌ တင်းကျပ် လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ချောင်းဆိုး လာခဲ့သည်။ နှစ်ကြိမ်ခန့် ချောင်းဆိုးပြီး နောက်တွင် သူ့ပါးစပ် အတွင်း၌ ငံကျိကျိ အရသာ ခံစားလာရကာ ပါးစပ်အပြည့် သွေးအန် သွားခဲ့တော့သည်။
ဝေါ့….
စုန့်ရန် ထိတ်လန့် သွားကာ အခြားသူများ နှင့်အတူ စု့န်ဟုန်ထယ်ကို အလျင်အမြန် တွဲထူလိုက်သည်။ ထို့နောက် သမားတော် တစ်ယောက် အလျင်အမြန် ပင့်လိုက်၏။
ကံကောင်းသည်က ယခုတစ်ကြိမ် စုန့်ဟုန်သယ် ဂျင်ဒီနယ်မြေမှ ခေါ်လာသည့် လက်အောက်ခံများ အားလုံးသည် သစ္စာရှိ လက်အောက်ခံများ ဖြစ်သည်။ ထို့ကြောင့် စုန့်ဟုန်ထယ် သွေးအန်သွားသည် အတွက်နှင့် စုန့်မိသားစ စံအိမ်၌ ပြောင်းလဲမှုများ မဖြစ်ပေါ်သွားခဲ့ပေ။
တစ်ခဏသာ အလုပ်ရှုပ်သွားပြီး နောက်တွင် စုန့်ဟုန်ထယ်က နှစ်ပေါင်းကြာရှည် အဆိပ်သင့်နေကြောင်း ဝမ်ရှန်း သတိပေးခဲ့သည့် စကားကို စုန့်ရန်နှင့် စုန့်ဟုန်ထယ်တို့ အမှတ်ရ သွားခဲ့သည်။ သို့သော် စုန့်မိသားစုမှ သမားတော်နှင့် အဆိပ်ဆေး ဆရာများက ထိုအချက်ကို မသိကြောင်း သူတို့ဆေးစစ်ချက် ရလဒ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။
စုန့်ရန်သည် သူမအဖေအပေါ် အလွန် မကျေမနပ် ဖြစ်သော်လည်း သေရေရှင်ရေး အခြေအနေ ရောက်လာသည့် အချိန်တွင် ထိုမကျေနပ်သည့် စိတ်ကို ခဏဘေးချိတ် ထားလိုက်သည်။ တိုင်းပြည် တစ်ခုလုံးရှိ အတော်ဆုံး သမားတော်နှင့် အဆိပ်ဆေး ဆရာများကို အမြန်ဆုံး ပင့်ဖိတ်ကာ သူမအဖေကို ကုသစေခဲ့သည်။
သမားတော် သုံးဦးနှင့် နာမည်ကျော် အဆိပ်ဆေး ဆရာလေးဦး စုန့်မိသားစု စံအိမ်သို့ ရောက်လာခဲ့သည်။ ထိုခုနစ်ယောက်သည် စုန့်ဟုန်သယ်အား စစ်ဆေးပြီး နောက်တွင် သူ၏ အခြေအနေကို အခန်းတစ်ခု အတွင်းတွင် တစ်ရက်ခွဲ ကြာအောင် ဆွေးနွေးခဲ့ကြသည်။
စုန့်မိသားစုမှလူများ၊ အထူးသဖြင့် စုန့်ရန်သည် ထွက်လာမည့် ဆေးစစ်ချက် ရလဒ်ကို စိုးရိမ်တကြီး စောင့်နေခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူမသည် စုန့်မိသားစုနှင့် သူမအဖေ အခြေအနေကို အကောင်းဆုံး ဖြစ်စေရန် ကြိုးစား တွေးကြည့်နေခဲ့၏။ သို့သော်ငြားလည်း သူမစိတ်ထဲတွင် ဝမ်ရှန်း၏ ပုံရိပ်များသာ ပေါ်လာ နေခဲ့သည်။
စုန့်ရန် ဝမ်ရှန်းကို အပြည့်အဝ ယုံကြည်သည်၊ ထိုအခြေအမျိုးတွင် ဝမ်ရှန်းသည် သူတို့ကို ထိုအကြောင်း မပြောပြချင်လျှင်ပင် ရပေသည်။ သူမ၏ မျက်နှာကို ထောက်ကာ သူမအဖေအား သတိပေးခဲ့ခြင်းပင် ဖြစ်၏။
သို့သော် သူမအဖေက မျက်နှာပျက်စရာ ကိစ္စများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ သူမအဖေ ဖြစ်နေသည့် အတွက်ကြောင့်ပင် သူမသည် ဘယ်လိုပဲ မကျေနပ်နေပါစေ ထိုအချက်ကို လက်ခံရပေသည်။ သို့သော် ဝမ်ရှန်းအကြောင်း တွေးမိသွားသည့် အချိန်တွင်လည်း… သူမ ဝမ်ရှန်း၏ ရင်ခွင်တွင်း တိုးဝင်ကာ ငိုချင်စိတ် ပေါက်သွားသည်။ ဝမ်ရှန်း သူမအား ဖက်ထားလျှင် သူမသည် လုံခြုံသည်ဟု ခံစားရပေသည်။
နောက်ဆုံးတွင် သမားတော်နှင့် အဆိပ်ဆေးဆရာများ ထွက်လာခဲ့သည်။ စုန့်ရန် မျှော်လင့်တကြီးဖြင့် ဆေးစစ်ချက် ရလဒ်အကြောင်း မေးလိုက်သည်။
“တကယ်ပဲ အဆိပ်မိနေမှာကို စိုးမိပါတယ်…”
စုန့်ရန်၏ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် အကြည့်ကို ကြည့်ကာ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် သမားတော်မှ အားတင်းပြုံး၍ ပြောလိုက်သည်။
“ဟင်၊ စိုးမိပါတယ် ဆိုတာက…”
စုန့်ရန် ကြောင်သွားသည်။ ဒါက ဘာကို ဆိုလိုသနည်း။ အဆိပ်မိနေသည် ဆိုတာက မသေချာဘူးလား…
“အဲ့အဆိပ်က အရင်က ကျွန်တော်တို့ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အဆိပ်မျိုး ဖြစ်နိုင်လောက်ပါတယ်”
အနောက်မှ အဆိပ်ဆေးဆရာမှ ထပ်ပေါင်း ပြောလိုက်သည်။ သူ့စကား အဆုံးတွင် အခြားကျန်သည့် သမားတော်နှင့် အဆိပ်ဆေး ဆရာများကလည်း ထောက်ခံကြောင်း ခေါင်းညိတ် လိုက်ကြသည်။
စုန့်ရန် စိတ်လေးသွားသည်။ အဆိပ်မိမမိပင် မသေချာဘူးဆိုလျှင် ကုသဖို့က ပိုပြီးပင် မဖြစ်နိုင်ဘူး မဟုတ်ပါလား…
သွေးအန်သော်လည်း အပြည့်အဝ မလဲသေးသည့် စုန့်ဟုန်ထယ်သည် ထိုသုံးသပ်ချက်ကို ကြားလိုက်ရသည့် အချိန်တွင် ရုတ်တရက် ကိုယ့်ရှူးကိုယ် ပြန်ပတ်သည်ဟု ခံစားလိုက်ရတော့သည်။
***