အပိုင်း ၃၂၅
စစ်သုံးမှန်ဘီလူး (၂)
လုဝမ်ဟုန်က ဤကောင်မလေးကို အလွန် အလိုလိုက်ထားမှန်း သိသာလှသည်။ တော်ဝင်ရတနာ စံအိမ်မှ လုဝမ်ဟုန်၏ အထူး ရထားလုံးဆိုလျှင် ဤကောင်မလေးသာ လိုက်ပါခွင့် ရှိသည်။ သူတို့ နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် သခင်လေးနှင့် အစေခံကြားမှ ဆက်ဆံရေးထက်ပင် ပိုပေသည်။
လင်းအာက ရုတ်တရက်ကြီး ငုတ်တုတ် မေ့သွားသောအခါ လုဝမ်ဟုန်၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုတို့က အထင်းသား ထွက်ပေါ် လာခဲ့သည်။ သူ့အား ကြည့်လာသည့် အချိန်တွင် ဝမ်ရှန်း စိုးရိမ်စရာ မလိုကြောင်း လုဝမ်ဟုန်အား ပြုံး၍ ခေါင်းခါ ပြလိုက်သည်။
အချိန်တစ်ခဏ ကြာပြီး နောက်မှာမှ လင်းအာထံမှ ပြင်းထန်သည့် သက်ပြင်း ရှိုက်သံနှင့် သက်ပြင်းရှည် ချသံ ထွက်ပေါ် လာခဲ့သည်။ ထို့နောက် တောင့်တင်းနေသည့် သူမ ခန္ဓာကိုယ်လည်း ပြန်လည် ပျော့ပျောင်း သွားသည်။
“ဘုရားရေ…”
ထိုကောင်မလေး ထိတ်လန့် မှင်သက်ရာမှ သတိပြန်ဝင် လာပြီးနောက် ပထမဆုံး ထွက်လာသည့် စကားမှာ ထိုစကား ဖြစ်သည်။
ထိုကောင်မလေး၏ အဖြစ်ကို ဝမ်ရှန်း ကိုယ်ချင်းစာ ပေသည်။ သူသည်လည်း သူ ငယ်စဉ်အခါက ကစားစရာ အဝေးကြည့် မှန်ပြောင်းကို ပထမဆုံးရသည့် အချိန်၌ ကမ္ဘာသစ်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိ သွားသကဲ့သို့ အံ့သြခဲ့ရသေးသည်။ အဲ့ဒါတောင်မှ သူသည် ကစားစရာ အရုပ်ကို ရခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ဤကောင်မလေးသည် စစ်တပ်သုံး အဆင့် မှန်ဘီလူးကို ပထမဆုံး ကြည့်နေခြင်း ဖြစ်၏။
လုဝမ်ဟုန် ကြောင်တောင်တောင် ဖြစ်နေသည့် လင်းအာ လက်တွင်းမှ မှန်ဘီလူးကို ယူကာ သူကိုယ်တိုင် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထို့နောက် အဝေးမှ မြင်ကွင်းများကို ထပ်ကာ တလဲလဲ ပြန်ကြည့်ကာ သူ မြင်နေရသည့် အရာများက အစစ်အမှန် ဟုတ်မဟုတ်ကို အကြိမ်ကြိမ် စစ်ဆေး အတည်ပြု နေခဲ့သည်။
လုဝမ်ဟုန်ကတော့ ဘယ်လောက်မှ သိသိသာသာကြီး မထိတ်လန့် သွားခဲ့ပေ။ အစောပိုင်းမှ လင်းအာ၏ ပုံစံကြောင့် သူ စိတ်ကို ကြိုတင်ပြင်ဆင် ထားခြင်းလည်း ဖြစ်နိုင်၏။ သို့သော် မှန်ဘီလူးကို ချကာ ဝမ်ရှန်းအား နောက်တစ်ကြိမ် ကြည့်လိုက်သည့် အချိန်တွင် မယုံကြည်နိုင်မှု များက သူ၏မျက်နှာထက်၌ အထင်းသား ထွက်ပေါ်နေ၏။
“ကောလာဟလတွေကို ချဲ့ကားပြီး လျှောက်ပြော နေကြတာလို့ ထင်နေတာ”
လုဝမ်ဟုန် သူ့လက်ထဲမှ မှန်ဘီလူးကို ကြည့်ကာ ပြောလိုက်သည်။ သူ့ပုံစံကြောင့် ဝမ်ရှန်း အလွန် စိတ်ကျေနပ် သွားသည်။
“ဒါကို မတွေ့ခင် အချိန်အထိ မယုံသေးဘူး။ ပြောရရင် အဲ့လူတွေက ချဲ့ကား ပြောနေကြတာ မဟုတ်ဘူးပဲ”
မိုင်ပေါင်း အနည်းငယ် အကွာမှ သတ်သည့် လူသတ်မှုအကြောင်း ကြားသည်နှင့် အားလုံးသည် ထိုအရာက ဟာသတစ်ခု ဟုသာ တွေးကြပေလိမ့်မည်။ သို့သော် ထိုအသတ်ခံရသည့် လူ၏အစောင့်များက ထိုအရာမှာ အမှန်ဖြစ်ကြောင်း ကျိန်ဆို ပြောဆိုခဲ့ကြသည်။ စုန့်မိသားစုမှ စုန့်ရန်သည်ပင် ထိုအရာက အမှန်ဖြစ်ကြောင်း ပြောခဲ့သည့် အတွက်ကြောင့် အားလုံးသည် အနည်းအကျဉ်းတော့ ယုံလာကြပြီ ဖြစ်၏။
နောက်ပိုင်း ဝမ်ရှန်း သိုက်ဝူကျီအား သတ်ခဲ့သည့် အချိန်၌ပင် သူက ထိုနေရာသို့ ခိုးဝင်ကာ အရင် လှုပ်ရှားထားခြင်း ဖြစ်မည်ဟု အခြားလူများ ယုံကြည်ကြသည်။ မဟုတ်လျှင် ပဲစေ့အရွယ် ပင့်ကူလေးက ထိုနေရာသို့ ဘယ်လိုလုပ် ရောက်နေတာလဲ ဆိုသည်အား မည်သူမှ ရှင်းပြနိုင်မည် မဟုတ်ပေ။
သို့သော် ယခု လုဝမ်ဟုန်နှင့် လင်းအာတို့ ထံတွင် သက်သေခံပစ္စည်း ရှိနေပြီဖြစ်၏။ အဝေးသို့ မြင်နိုင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်း ဖြစ်သည်၊ မထူးဆန်းတော့ပေ။
လင်းဝမ်ဟုန် မှန်ဘီလူးကို ဘယ်ပြန် ညာပြန် ဖင်ပြန်ခေါင်းပြန်ကို ကြည့်နေခဲ့သည်။ အထူးသဖြင့် ထိုလုံးဝိုင်းနေသည့် အပိုင်းနား ဖြစ်၏၊ ထိုနေရာကို သေချာဂရုတစိုက် ကြည့်နေခဲ့သည်။ အချိန်အတော်ကြာ ကြည့်၍ ဝပြီးနောက်တွင် မှန်ဘီလူးကို ရေငတ်သူကဲ့သို့ တောင့်တနေသည့် လင်းအာ လက်သို့ ပြန်လွှဲပေး လိုက်သည်။
လင်းအားသည် မှန်ဘီလူးကို လုဝမ်ဟုန်ထက် ပို စိတ်ဝင်စားပေသည်။ လုဝမ်ဟုန်သာ မတားနေဘူး ဆိုလျှင် သူမသည် ဝမ်ရှန်း၏ အိမ်ခေါင်မိုးပေါ် တက်ကာ မှန်ဘီလူးဖြင့် လျှောက်ကြည့်နေပြီ ဖြစ်၏။
“ငါ့ကိုယ်ငါ မင်းတန်ဖိုးကို တော်တော်သိပြီလို့ ထင်နေတာ။ ဒါပေမယ့် ငါ မင်းကို လျှော့တွက်မိ ထားတာပဲ”
လုဝမ်ဟုန် သူ့ကိုယ်သူ ခနဲ့သည့် အပြုံး ပြုံးကာ ပြောလိုက်သည်။
“စံအိမ်ဆီ ပြန်ရောက်ရင် စံအိမ်က ပြတင်းပေါက်တွေ အားလုံးကို လိုက်ပိတ် ရတော့မှာပဲ”
ယခုအချိန်တွင် လုဝမ်ဟုန်သည် မှန်ဘီလူးကို ဘာနဲ့ လုပ်ထားတာလဲဆိုတာ မမေး။ အဝေးမှ အရာများကို ဘယ်လိုလုပ် ပုံရိပ်ချဲ့ မြင်နေရတာလဲ ဆိုတာလည်း မမေး။ မှန်ဘီလူး၏ ထူးဆန်းသည့် လုပ်ဆောင်ချက်ကို သူ့မျက်စိဖြင့် မျက်ဝါးထင်ထင် မြင်လိုက်ရသည့် အချိန်တွင် သူ့စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အတွေးမှာ သူတို့၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် ဖြစ်သည်။
“ဟား… စိတ်မပူပါနဲ့။ ငါ တခြားလူတွေရဲ့ ပြတင်းပေါက်တွေကို ချောင်းကြည့်တတ်တဲ့ အကျင့်မရှိပါဘူး”
ဝမ်ရှန်း ရယ်ကာ ပြောလိုက်သည်။
သူတို့သည် မှန်ဘီလူးကို တစ်ခေါက်မှ မမြင်ဖူးသည့် သနားစရာ ကောင်းသည့် လူများပင်ဖြစ်၏။
ထို့နောက် ဝမ်ရှန်းသည် စူးစမ်းလိုစိတ် ပြင်းပြသည့် ကလေးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည့် လင်းအာ၏ ပေါက်ပေါက်ဖောက်မတတ် မေးနေသည့် မေးခွန်းများကို ဖြေနေရတော့သည်။
မှန်ဘီလူး အပြင်ပိုင်းကို ဘာနဲ့လုပ်ထားတာလဲ…
ဘာလို့ အဝေးကြီးကို ကြည့်လို့ရတာလဲ…
နှစ်ဖက်လုံးမှာ ရှိနေတဲ့ ပုံဆောင်ခဲတွေကြောင့်လား…
ဒီမှာရှိနေတဲ့ အပေါက်တွေက ဘာလိုဖို့လဲ…
ကြိုးအနီတွေ၊ ကြိုးအမည်းတွေကရော ဘာတွေလဲ… အစ ရှိသဖြင့် မှန်ဘီလူး အကြောင်းကို အရပ်အနားမရှိ တရစပ် မေးမြန်းနေခဲ့သည်။
“အဲ့ဒါကို သေချာသိမ်း။ ပြီးတော့ အဲ့မှာရှိတဲ့ ပုံဆောင်ခဲ နှစ်ခုကို နူးညံ့တဲ့ အဝတ်စနဲ့သုတ်။ ပုံမှန်အဝတ်ကြမ်းနဲ့ မသုတ်နဲ့”
သူမ၏ မေးခွန်းကို ဝမ်ရှန်း ပြန်ဖြေမည် မဟုတ်ပေ၊ ပြောရမည်ဆိုလျှင် ဖြေ၍ မရခြင်းဖြစ်၏။ ထို့ကြောင့် စကားလမ်းကြောင်း ပြောင်း၍သာ ပြောလိုက်သည်။
“ဒီပုံဆောင်ခဲတွေ မထိခိုက်စေနဲ့။ နည်းနည်းလေး အက်သွားတာနဲ့ ဒီပစ္စည်းက ဘာမှသုံးစားလို့ မရတော့ဘူး ဖြစ်သွားမယ်”
ပလတ်စတစ် ဆိုသည့်အရာ… အလင်း ဖြတ်နိုင်သည့် ဖန်သား.. အလင်းစုစည်းခြင်းနှင့် အလင်းဖြာထွက်ခြင်း၏ စည်းမျဉ်းများ… လျှပ်စစ်ဓာတ်အား… ထိုအရာများကို ဘာမှ မသိသည့် ဤနှစ်ယောက်ကို ဘယ်လို ရှင်းပြရမည်နည်း။
သူ ရှင်းပြမည် ဆိုလျှင်ပင် ဤနှစ်ယောက်က နားလည်မည်တဲ့လား… ဓာတုဗေဒ ပညာရပ်နှင့် ရူပဗေဒ ပညာရပ်များကိုလည်း ထည့်သွင်း ရှင်းပြရင်လည်း နားလည်နိုင်မည်လော …
ထို့ကြောင့် စကားလမ်းကြောင်း ပြောင်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။
သူပြောလိုက်သည့် စကားသည် တကယ်ကို အလုပ် ဖြစ်သွားသည်။ လင်းအာသည် အလွန် အဖိုးထိုက်တန်သည့် ရတနာတစ်ခုကို ကိုင်ဆောင် ထားရသကဲ့သို့ မှန်ဘီလူးကို သူမ၏ သိုလှောင်လက်စွပ် အတွင်းသို့ ဂရုတစိုက် ထည့်သိမ်း လိုက်သည်။
နောက်ပိုင်း ပြောသည့် စကားများသည် သိပ်ပြီး ရေရေရာရာ မရှိပေ။ ကမ္ဘာတစ်ဝှမ်းမှ အဖြစ်အပျက်များ အကြောင်း၊ အင်အားစုများကို ဘယ်လို စည်းရုံးမည် ဖြစ်ကြောင်း၊ လူအင်အား ဘယ်လို စုစည်းမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောနေခဲ့ကြသည်။
ညနေစောင်း အချိန်တွင် လုဝမ်ဟုန်နှင့် လင်းအာတို့ ပြန်သွားခဲ့ကြသည်။
ထိုနေ့ပြီးနောက် တစ်နေ့တွင် ရတနာစံအိမ်မှ လူများ ရောက်လာခဲ့သည်။ လုဝမ်ဟုန် ပြောခဲ့သည့် အတိုင်းပင် ယခုတစ်ကြိမ် ရောက်လာသည့် လူမှာ မျက်နှာကို ဇာခြုံလွှာဖြင့် ကာထားတတ်သည့် ဆိုင်ရှင် အမျိုးသမီး မဟုတ်ပေ။ ရတနာစံအိမ်မှ အလုပ်သမား တစ်ဦးသာ ဖြစ်၏။ သူသည် ရတနာစံအိမ်၏ ပိုင်ရှင်အသစ်က ဝမ်ရှန်းနှင့် တွေ့ချင်ကြောင်း သတင်း လာပို့ခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် စိတ်ပြောင်း လွယ်သည့်လူ မဟုတ်ပေ။ ဆိုင်ရှင် အမျိုးသမီးမှ မဟုတ်လျှင် ရတနာစံအိမ်မှ အခြား မည်သူ့ကိုမှ လက်ခံ တွေ့ဆုံမည် မဟုတ်ဟု ထိုလူကို ပြတ်ပြတ်သားသား ပြောလွှတ် လိုက်သည်။
သူတို့၏ အတွင်းရေး ကိစ္စများကို သူတို့ကြိုက်သလို စီမံ၍ရသည်၊ သို့သော် ဝမ်ရှန်းသည် ထိုအမျိုးသမီးကိုသာ အသိအမှတ် ပြုမည်ဖြစ်၏။ ထိုအမျိုးသမီး၏ နာမည်ကိုပင် မသိသော်လည်း ထိုအရာမှာ သူမအတွက် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။
ထို့နောက် တော်ဝင်ရတနာ စံအိမ်မှ ဘယ်လို နည်းလမ်းများ သုံးလိုက်လဲတော့မသိ၊ နောက်နှစ်ရက် အကြာတွင် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း ရောက်လာခဲ့ကာ မြို့အရှင်၏ သဘောထားကို ပြန်လည် ပြောပြခဲ့သည်။ မြို့အရှင်သည် တော်ဝင်ရတနာ စံအိမ်၏ အစီအစဉ်ကို သဘောတူကြောင်းနှင့် ဝမ်ရှန်းကို ထိုကဲ့သို့ လုပ်စေချင်ကြောင်း ပြောခဲ့သည်။
အင်အားစုများ အားလုံးသည် အကျိုးအမြတ်များ ရရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို စဉ်းစား နေကြဆဲဖြစ်၏၊ သို့သော် တော်ဝင်ရတနာ စံအိမ်က ကြိုတင် ကြားဖြတ် လုပ်သွားလိမ့်မည်ဟုတော့ မည်သူမှ မတွေးမိပေ။
ထို့နောက် ဝမ်ရှန်း သူ၏ကျင့်စဉ်များကို တဖြည်းဖြည်းချင်း ကျင့်ကြံကာ တော်ဝင်ရတနာ စံအိမ်၏ အစီအစဉ် အသေးစိတ်ကို စောင့်နေလိုက်သည်။
……
ထိုအချိန်တွင် စုန့်မိသားစုသည် နာမည်ကျော် သမားတော် သုံးယောက်ကို သူတို့ စံအိမ်ထံသို့ ပင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စုန့်မိသားစုရှိ ကျွမ်းကျင် အဆိပ်ဆေးဆရာ များသည်လည်း စုန့်မိသားစု ပင်မစံအိမ် အတွင်း၌ စုဝေးနေကြ၏။ ထိုစံအိမ်တွင် အစောင့်များ ထူထပ်စွာ ချထားကာ အထဲ၌ ဘာတွေ ဖြစ်နေသည်ကို အပြင်မှလူများ မသိရပေ။
တစ်ခါတစ်ရံတွင်တော့ သခင်မလေး စုန့်ရန် လူကြားထဲ ထွက်လာ တတ်သည်။ သို့သော် ထိုအချိန်များတွင် သူမ၏ မျက်နှာသည် အမြဲတမ်း ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ စုန့်ရန် ဘေး၌ ရှိနေတတ်သည့် စုန့်လောင်ယုသည်လည်း တစ်စုံတစ်ခုကို အကျပ်ရိုက် နေဟန်ရှိ၏။
သို့သော် စုန့်မိသားစု စံအိမ်သည် အခြားလူများ၏ ခန့်မှန်းချက်များကို ဂရုစိုက် မနေနိုင်။ ယခုအချိန်တွင် သူတို့ အားလုံးသည် သမားတော် သုံးဦး၏ ဆေးစစ်ချက် ရလဒ်ကိုသာ စိုးရိမ်တကြီး စောင့်မျှော် နေကြခြင်း ဖြစ်သည်။
***