Switch Mode

Chapter – 324

စစ်သုံး မှန်ဘီလူး (၁)

အပိုင်း ၃၂၄
စစ်သုံးမှန်ဘီလူး (၁)

လုဝမ်ဟုန် ပြောခဲ့သည့် အချက်မှာ တကယ့် ပြသနာ ရှိနေသည့် အချက်ဖြစ်သည်။ သို့သော် တော်ဝင်ရတနာ စံအိမ်မှ အားလုံး တာဝန်ယူကာ ဝေစုတစ်ဝက် ပေးမည်ဆိုမှတော့ ဝမ်ရှန်း ငြင်းစရာ အကြောင်း မရှိပေ။

အတိုချုံး ပြောရမည်ဆိုလျှင် တော်ဝင်ရတနာ စံအိမ်သည် အင်အားစုများကို သိမ်းသွင်းသည့်ကိစ္စ၊ ဆောက်လုပ်ရာ၌ အသုံးပြုမည့် လူအင်အား၊ ပစ္စည်းအင်အားတို့ကို တာဝန်ယူမည် ဖြစ်ကာ ဝမ်ရှန်းက နည်းပညာပိုင်းကိုသာ တာဝန်ယူရမည် ဖြစ်သည်။

လူစားထိုးလုပ်၍ မရနိုင်သည့် နည်းပညာများကို ကျွမ်းကျင် တတ်မြောက်ခြင်းသည် ဤကမ္ဘာ၌ပင် အစားထိုးခြင်း မခံရဘဲ အသက်ရှင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ထို့နောက် သူတို့ စားသောက်စရာ ရှိသည်များကို စားသောက် လိုက်ကြသည်။ လုဝမ်ဟုန်သည် ဝမ်ရှန်းထံမှ သဘောတူညီချက် ရခဲ့သော်လည်း မပြန်သေးပေ။ ဝမ်ရှန်း အရင်ကတည်းက ပြောနေသည့် သူ့စားဖိုမှူး၏ လက်ရာများကို မြည်းစမ်းကြည့်ရန် စိတ်ကူးနေခြင်း ဖြစ်သည်။

ဝမ်ရှန်းအနေနှင့်လည်း စီးပွားရေး သဘောတူညီချက် ရရှိထားသည့် ဧည့်သည်ကို မောင်းထုတ်မည် မဟုတ်ပေ။

သို့သော် လင်းအာသည် ငယ်ရွယ်ကာ သိချင်စိတ်ကို မထိန်းချုပ်နိုင်သည့် ကလေးမလေး ဖြစ်သည်။ စားသောက်နေကြရင်း ဝမ်ရှန်းနှင့် လုဝမ်ဟုန်တို့ စကားစမြည် ပြောနေကြစဉ်တွင် သူမ ရုတ်တရက် ကြားဖြတ် မေးလိုက်သည်။

“နင်က ပျံနိုင်တာလား…”

“ဟား… မပျံနိုင်ပါဘူး”

ဝမ်ရှန်း ရယ်ကာ ပြန်ဖြေလိုက်သည်။ ဤနေရာသို့ လာရသည့် သူတို့ ရည်ရွယ်ချက်ထဲတွင် ဤကိစ္စလည်း ပါနေသည်ပဲ…

“ဒါပေမယ့် နင် စုန့်မိသားစုဘက်မှာ ပျံနေတာကို တော်တော်များများ တွေ့ခဲ့တယ်လေ”

လင်းအာ ဝမ်ရှန်းအား ကြယ်ရောင်အလား တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းရှိ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ အဆုတ် အစရှိသည့် အစိတ်အပိုင်းများ အားလုံးကို ဖောက်ထွင်း မြင်နိုင်ရန် ကြိုးစားနေသည့် သဖွယ်ဖြစ်၏။

ထိုတလက်လက် တောက်ပနေသည့် အကြည့်သည် သူ့ကမ္ဘာပေါ်မှ စာသင်ချင်စိတ် ပြင်းပြသည့် ကျောင်းမတက်ရသော ကလေးများ၏ အကြည့်နှင့် တူသည်ဟု ဝမ်ရှန်း ချက်ချင်း တွေးလိုက်သည်။

“အဲ့ဒါ ပျံတာမဟုတ်ဘူး။ စက်မဲ့လေယာဉ် ဂလိုက်ဒါကို စီးတာလို့ ခေါ်တယ်”

ဝမ်ရှန်း ပြုံးကာ လင်းအာအား ရှင်းပြလိုက်သည်။

“ခန္ဓာကိုယ် လှုပ်ရှားစရာ မလိုဘဲ ပျံတာမျိုးပဲ…”

ဝမ်ရှန်း ပျံသည်ကို မြင်ခဲ့သည့် လူများထဲတွင် တော်ဝင်ရတနာ စံအိမ်မှ လူများ ပါလောက်သည်။ ထို့ကြောင့်သာ လုဝမ်ဟုန်က သူ့အိမ်တံခါးဝသို့ ရောက်လာခြင်းဖြစ်၏။

ပျံသန်းခြင်းနှင့် ဂလိုက်ဒါ စီးနင်းခြင်း ကြားမှ ကွာခြားမှုကို လင်းအာ သိမည် မဟုတ်ပေ။ သို့သော် ဝမ်ရှန်း ပြန်ဖြေလိုက်သည့် အဖြေသည် သူက ကောင်းကင်ထက်၌ ပျံသန်းခဲ့ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်၏။ လင်းအာသည် ဆက်ပြီး မေးချင်သေးသော်လည်း သူမက စကားပြော ကောင်းသည့်လူ မဟုတ်သည့် အတွက်ကြောင့် ဘာဆက်ပြောရမည် မသိတော့။

လင်းအာ အကျပ်ရိုက် နေသည်ကို ကြည့်ကာ လုဝမ်ဟုန် စိတ်ထဲ၌ သက်ပြင်းချပြီး ခေါင်းခါ ယမ်းလိုက်သည်။

“အဲ့ပျံနိုင်တဲ့ ပစ္စည်းကို ရောင်းပေးလို့ ရမလား”

“ခင်ဗျားလို လုပ်ငန်းရှင်ကြီးတွေနဲ့ စကားပြောရတာက တော်တော် ပျင်းစရာ ကောင်းတာပဲ”

ဝမ်ရှန်း သက်ပြင်းချကာ ပြောလိုက်၏။

“တန်ကြေးကို ပြောချင်တာ မဟုတ်ဘူး။ ရောင်းကို မရောင်းချင်တာ..”

ဝမ်ရှန်း ပြောလိုက်သည့် စကားကြောင့် လုဝမ်ဟုန် နင်သွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ထို့နောက် အခြေအနေကလည်း ကို့ရို့ကားရား ဖြစ်သွား၏။ ထိုအခြေအနေကို သက်သာစေရန် လင်းအာ ရုတ်တရက် ထရယ်လိုက်သည်။

ထို့နောက် ကို့ရို့ကားရား ဖြစ်နေသည့် အခြေအနေလည်း အနည်းငယ် ပြေလျော့ သွားခဲ့၏။ သို့သော် ဤအဖြစ်အပျက် မှတစ်ဆင့် ဝမ်ရှန်းထံတွင် သူ့ဘက်မှ အလွယ်တကူ ထုတ်ပေးမည် မဟုတ်သည့် အရာများ ရှိနေကြောင်း လုဝမ်ဟုန် နားလည်သွားသည်။

ကံကောင်းသည်က သူတို့သည် လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို နောင်တစ်ချိန်ကျမှ ပြောလည်း ရပေသည်။ အလောကြီးစရာ မလိုပေ။

ထို့နောက် ထိုမေးခွန်းကို သူတို့ဘာသာ သူတို့ အလိုအလျောက် ရှောင်လိုက်ကြကာ သောက်လိုက် စားလိုက်ဖြင့် အခြား အကြောင်းအရာများ ဆက်ပြော လိုက်ကြသည်။

“တခြားလူတွေ ပြောကြတာ မင်း လူတွေကို အဝေးကြီးကနေ သတ်နိုင်တယ်တဲ့”

အရှိန်မြင့်လာသည့် အချိန်တွင် လုဝမ်ဟုန်မှ သူ၏သိချင်စိတ်ကို မထိန်းထား နိုင်တော့ဘဲ မေးလိုက်သည်။

“ဒါပေမယ့် အဲ့လောက် အဝေးကြီးဆိုရင် လူတွေကို ရှင်းရှင်းလင်းလင်း မြင်ဖို့က မလွယ်ဘူးလေ။ ဘယ်လို လုပ်တာလဲ…”

ထိုမေးခွန်း ထွက်ကျ လာသည်နှင့် လင်းအာ ဝမ်ရှန်းအား ဆတ်ခနဲ ခေါင်းမော့ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲမှအကြည့်များတွင် အဖြေသိချင်စိတ်တို့ ပြည့်နှက်နေကာ ပြန်မဖြေလျှင် ထိုလူကို အားတုံ့အားနာ ဖြစ်သွားအောင်ပင် လုပ်နိုင်သည့် အကြည့်မျိုး ဖြစ်သည်။

သို့သော် ဝမ်ရှန်းသည် အားနာတတ်သည့် လူမျိုးမဟုတ်ပေ။ လင်းအာနှင့် မကြာခဏ တွေ့ခဲ့ပြီးနောက်တွင် လင်းအာက ဘယ်လိုလူမျိုးလဲ ဆိုတာကို သူ သိပြီဖြစ်သည်။ လင်းအာသည် လုဝမ်ဟုန်ကို သူမတစ်သက်လုံး ခစားမည့် သခင်လေးအဖြစ် မှတ်ယူသည့် ကောင်မလေး၊ ဗဟုသုတ အကြောင်းအရာများတွင် နှံ့နှံ့စပ်စပ် ရှိလှကာ မှတ်ဉာဏ်ကလည်း အလွန် ကောင်းသည့် ကောင်မလေး ဖြစ်သည်။ အခြေအနေတစ်ခု၊ အကြောင်းအရာတစ်ခု၊ ပစ္စည်းတစ်ခုခုကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိနိုင်စွမ်း ရှိသည့် ကလေးမလေး ဖြစ်၏။

ဘုရားသခင်သည် လင်းအာအား ဖန်ဆင်းရာ၌ အားစိုက် ထုတ်ခဲ့ဟန် ရှိသည်။ သူမ၏ ဉာဏ်ကောင်းမှုကြောင့် လုဝမ်ဟုန်ကလည်း သူမအား အလွန်အလေးပေး အရေးထားတတ်သည်။ အနည်းဆုံးတော့ သူမသည် လုဝမ်ဟုန်မှ လွဲ၍ အခြားလူများကို မျက်နှာသာ မပေးတတ်ကြောင်းကို ဝမ်ရှန်း အခေါက်ပေါင်း များစွာ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။

အပြင်လူများ ရှေ့တွင်လည်း ဝမ်ရှန်းအား မျက်နှာကို မဲ့ရွဲ့ပြီး ပြောဆိုတတ်လေ့ ရှိသည်။ ထို့အပြင် ဝမ်ရှန်းသိသည့် အကြောင်းအရာများသည် သူမ ဘယ်လိုမှ မတွေးမိသည့် အရာများဖြစ်သည်။ ထို့ကြောင့်သာ သူမ ဝမ်ရှန်းကို အမြဲတမ်း အမြင်မကြည် ဖြစ်နေခြင်း ဖြစ်သည်။

“တကယ်တော့ အဲ့ဒါက ရိုးရိုးလေးပါ”

ဝမ်ရှန်း လုဝမ်ဟုန်နှင့် လင်းအာအား တစ်လှည့်စီ ကြည့်ကာ ရယ်၍ ပြောလိုက်သည်။ ထို့နောက် လက်တစ်ချက် လှန်လိုက်သည့် အချိန်တွင် သူ့လက်ထဲ၌ စစ်သုံးမှန်ဘီလူး တစ်ခု ပေါ်လာခဲ့သည်။

ဤမှန်ဘီလူးသည် ဝမ်ရှန်း လေထီးဖြင့် ခုန်ချသည့် အချိန် သူနှင့်အတူ ပါလာခဲ့သည့် အနီအောက်ရောင်ခြည် မှန်ဘီလူး ဖြစ်သည်။ သို့သော် ဘတ္ထရီအား ကုန်သွားပြီ ဖြစ်သည့် အတွက်ကြောင့် ရောင်ခြည် လုပ်ဆောင်ချက်များ မလုပ်နိုင်တော့ဘဲ သာမန် မှန်ဘီလူး ဖြစ်သွားပြီ ဖြစ်သည်။

ချီဝမ်နဂါး ပြောင်းလဲခြင်းကြောင့် သူ၏အမြင်အာရုံ တိုးမြင့်လာပြီး နောက်တွင် ဤမှန်ဘီလူးကို သိပ်ပြီး သုံးလေ့ မရှိတော့ပေ။ တစ်ခါတစ်ရံတွင်တော့ ဤမှန်ဘီလူးထက် အဝေးကို ပိုမြင်နိုင်သည့် စနိုက်ပါ မှန်ဘီလူးကို သုံးပြုလေ့ ရှိပြီး ပို၍လည်း နေသားကျနေပြီ ဖြစ်၏။

ဝမ်ရှန်း ထုတ်လာသည့် မှန်ဘီလူးကို မြင်သော် လင်းအာ၏ မျက်လုံးများ နောက်တစ်ကြိမ် တလက်လက် တောက်ပ လာခဲ့သည်။ လုဝမ်ဟုန်၏ မျက်လုံးများပင် အနည်းငယ် တုန်လှုပ် သွားခဲ့သေးကာ ထို့နောက်မှာမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

လုဝမ်ဟုန် ထိုမှန်ဘီလူးကို လက်လှမ်းယူရန် ပြင်လိုက်ရာတွင် ဝမ်ရှန်း သူ့လက်ကို နောက်ပြန်ဆုတ် လိုက်သည်။

“ဆဋ္ဌမအဆင့် ကျင့်စဉ်နဲ့ လဲမယ်။ အပ်စိုက်မှတ် အရေအတွက် ပိုများလေ ပိုကောင်းလေပဲ”

ဝမ်ရှန်း သူ၏ကမ်းလှမ်းချက်ကို ချက်ချင်း ပြောလိုက်သည်။

“ခင်ဗျား အဲ့ဒါရအောင် မလုပ်နိုင်ဘူးလို့တော့ မပြောနဲ့နော်”

“သဘောတူတယ်”

ဝမ်ရှန်း၏ ကမ်းလှမ်းချက်ကို သဘောတူကာ မှန်ပြောင်းကို လှမ်းယူလိုက်သည်။

မှန်ဘီလူးကို အနီးကပ် မြင်ရသည်နှင့် ထူးဆန်းသည်ဟု လုဝမ်ဟုန် ခံစားလိုက်ရသည်… ဒီမှန်ပြောင်းကို ဘာနဲ့လုပ်ထားတာလဲ။ သူသည် ပစ္စည်းမျိုးစုံ၊ သစ်သား၊ အဝတ်အစား၊ သတ္တု၊ အမွှေး၊ ကျောက်တုံး၊ ကျောက်စိမ်း… အစရှိသဖြင့် အမျိုးအစားမျိုးစုံ ထိတွေ့ ကိုင်တွယ်ဖူး၏။ သို့သော် ရွှေမဟုတ်၊ ကျောက်စိမ်းမဟုတ်၊ ကျောက်တုံးလည်း မဟုတ်သည့် ဤအရာမျိုးကိုတော့ တစ်ခေါက်မှ မမြင်ဖူးပေ။

ဝမ်ရှန်းသာ သူ့အတွေးများကို သိမည်ဆိုလျှင် ဗိုက်နှိပ်ပြီး အူခေါက်မတတ် အော်ရယ် မိပေလိမ့်မည်။

မှန်ဘီလူးကို ထပ်ကာ တလဲလဲ အကြိမ်ကြိမ် စစ်ဆေးပြီး သော်လည်း ဘာဖြင့် ပြုလုပ်ထားသည်ကို လုဝမ်ဟုန် တွေးကြည့်၍ မရပေ။ သို့သော် လင်းအာသည် သူ့ပုံစံကို ကြည့်ကာ စိတ်မရှည် ဖြစ်လွန်း၍ သူမ သခင်လေး လက်ထဲမှ ဆွဲလုယူ မတတ်ပင် ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် လုဝမ်ဟုန်သည်လည်း မှန်ဘီလူးကို လင်းအာ လက်ထဲသို့ ထည့်ပေး လိုက်တော့သည်။ ပြောရမည်ဆိုလျှင် စူးစမ်းလေ့လာ မှတ်တမ်း ပြုစုသည့် နေရာတွင် လင်းအာသည် သူ့ထက် ပိုကျွမ်းကျင်ပေသည်။

မှန်ဘီလူးကို ရသည်နှင့် လင်းအာ အရှေ့ဘက် လှည့်ကာ မှန်ဘီလူးကို သူမ မျက်စိရှေ့ထား ကြည့်လိုက်သည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ အံ့အားသင့် သွား၏၊

ဘာတွေဖြစ်နေတာလဲ… အရာဝတ္ထုတွေက ဘယ်လိုလုပ် ပိုသေးနေတာလဲ…

“ဟား… ဟိုဘက်ကနေ ကြည့်ရမှာလေ”

လင်းအာ မှန်ဘီလူး ကိုင်သည့်ပုံကို မြင်သော် ဝမ်ရှန်း ရယ်လိုက်ပြီး သုံးနည်းအမှန် ပြောပြလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှန်း ရုတ်တရက် စုန့်ရန်ကို သတိရသွားသည်။ သူ သိုက်ဝူကျီးအား သတ်သည့် အချိန်တွင် စုန့်ရန်သည်လည်း မှန်ဘီလူးကို လင်းအာကဲ့သို့ ဘက်ပြောင်းပြန် ကြည့်ခဲ့သောကြောင့် သူမကိုလည်း အမှန် ပြန်ပြောပြခဲ့ရသေးပေသည်။

“ထူးဆန်းတယ်… ငါက ဘာလို့ ရုတ်တရက်ကြီး စုန့်ရန်အကြောင်း တွေးမိသွားတာလဲ”

ဝမ်ရှန်း စိတ်ထဲ၌ နားမလည်နိုင်စွာ တွေးလိုက်သည်။

ဝမ်ရှန်း ပြောသည်ကို ကြားသော် လင်းအာ မှန်ဘီလူးကို ထိုအတိုင်း ပြောင်းကိုင်ကာ ပြန်ကြည့် လိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ် ဆတ်ခနဲ ထောင်မတ် သွားကာ တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset