Switch Mode

Chapter – 29.2

ကျောင်းအုပ် နှစ်ယောက်

အပိုင်း ၂၉•၂

” ကျောင်းအုပ်နှစ်ယောက် ”
°°°
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ပုခုံးကို လက်နဲ့ဖိထားရင်း သူ့ကိုယ်သူလှဲကျမသွားအောင် ထိန်းထားခဲ့ပါတယ်။ မျက်လုံးထဲမှာရှိတဲ့ အမုန်းတရားက ပိုလို့နက်ရှိုင်းလာခဲ့ပြီ သူပြောလိုက်တယ်။

” ၀မ်သုန့် ငါမင်းကို ညီနောင်တစ်ယောက်အဖြစ်မှတ်ယူထားတယ်…ကျေးဇူးပြုပြီ ဒီလျှို့၀ှက်ချက်ကို ငါအတွက် ထိန်းသိမ်းထားပေးပါ ”

၀မ်သုန့်က ဟို့ယွိဟောင်ထက် ကျင့်ကြံဆင့်သိသိသာသာ မြင့်မားနေပေမဲ့ လက်ရှိအချိန်မှာတော့ သူရုတ်တရက်ဆိုသလို ထိတ်လန့်လို့သွားခဲ့ရပါတယ်။ အဲ့ဒီအကြောက်တရားပေါ်လာချိန်မှာပဲ ဟို့ယွိဟောင်ကို ပိုမိုစာနာနားလည်လာခဲ့သလို သနားစိတ်လဲ၀င်ရောက်လို့လာခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်က အသက်ဆယ့်တစ်နှစ်အရွယ်သာ ရှိကြသေးတာပါ။ ဒီဆယ့်တစ်နှစ်တာကာလတစ်လျှောက်လုံး ဟို့ယွိဟောင်က ဘယ်လိုများ နေထိုင်ရှင်သန်ခဲ့ရတာလဲ။ သူကိုယ်တိုင်နေထိုင်ရှင်သန်ခဲ့ရတဲ့ဘ၀ကိုလဲ ပြန်လည်တွေးတောမိသွားခဲ့တယ်။

ဟို့ယွိဟောင်က မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်ရင်း အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ဒေါသတွေကို ထိန်းချုပ်လိုက်ပါပြီ။ အမုန်းတရားတွေကို သိမ်းဆည်းထားရတာ အရမ်းအရမ်းကို ကြာမြင့်နေပြီဖြစ်ပါတယ်။ အမျက်ဒေါသကျောင်းတော်ကို ၀င်ရောက်ပြီတဲ့နောက် ကျောင်းသားတွေရဲ့စာမေးပွဲကို ဖြတ်ကျော်ပြီချိန်မှာ မျှော်လင့်ချက်လဲ ပြန်လည်ရရှိလို့လာပါတော့တယ်။ အဲ့ဒီမျှော်လင့်ချက်က သူ့အမေအတွက် လက်စားချေဖို့အတွက်ပါပဲ။ ဒါပေမယ့် ထိုက်ဟွပင်းကို ဒီနေ့မြင်လိုက်ရချိန်မှာတော့ နှလုံးသားထဲမှာရှိနေတဲ့ အမုန်းတရားက ပေါက်ကွဲထွက်လို့လာခဲ့ပါတယ်။ သူဘယ်လိုလုပ် မပေါက်ကွဲပဲနေနိုင်မှာလဲ ဘယ်လိုလုပ်မပေါက်ကွဲ၀ံ့ပဲ ထိန်းချုပ်ထားနိုင်မှာလဲ ဆက်ပြီးသည်းခံစောင့်ဆိုင်းဖို့လိုသလို အနာဂတ်အတွက်လဲ မျှော်လင့်ချက်ထားရဦးမှာပါ။

နက်ရှိုင်းလွန်းလှတဲ့ သက်ပြင်းချသံကြီးက ဟို့ယွိဟောင်ကို တုန်ရီလို့သွားစေခဲ့ပါတယ်။ သူ့ရဲ့အေးဆေးတဲ့စိတ်က ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်သွားခဲ့ပြီ စိတ်၀ိညာဥ်မျက်လုံးကို အသုံးပြုရင် ရှိရှိသမျှနေရာတွေအားလုံးကို သူရှာဖွေတော့တယ်။ အဲ့ဒီနောက် သူကိုယ်တိုင်းလဲ အော်လိုက်မိပါပြီ။

” ဘယ်သူရှိနေတာလဲ ”

အခန်းကတော့ အရမ်းကိုတိတ်ဆိတ်နေဆဲပါ။ ဟို့ယွိဟောင် စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးလုပ်ချိန်မှာလဲ ဘယ်လိုမတော်တဆမှုမျိုးမှ ဖြစ်မလာခဲ့ပါဘူး။ ၀မ်သုန့်တောင်မှ ဟို့ယွိဟောင်ကိုကြည့်ရင်း လန့်လာခဲ့ပါတယ်။ ဘာကြောင့်များ ဒီလောက်စိုးရိမ်တကြီး ဖြစ်နေခဲ့ရတာလဲ။ ဒါကြောင့် ၀မ်သုန့်က မေးလာခဲ့ပါတယ်။

” ယွိဟောင် ဘာဖြစ်လို့လဲ ”

ဟို့ယွိဟောင်က မျက်လုံးအပြူးသားနဲ့ မေးလိုက်တယ်။

” မင်းမကြားလိုက်ဘူးလား ”

” ဘာကိုကြားရမှာလဲ ”

၀မ်သုန့်ကတော့ ကြောင်အအဖြစ်နေဆဲပါ။

ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။

” လူတစ်ယောက် သက်ပြင်းချလိုက်တယ်…ငါရှင်းရှင်းလင်းလင်းကြီးကို ကြားတယ်…မင်းမကြားဘူးလား ”

၀မ်သုန့်က ခေါင်းသာခါနေခဲ့ပါတယ်။

” ငါဘာမှမကြားလိုက်ဘူး မင်းနားကြားလွဲတာများလား “‘

ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းရေးကို အဆုံးစွန်အထိ မြင့်တင်ပြီရှာဖွေပေမဲ့ ဘာမှပေါ်မလာခဲ့ပါဘူး။ အဲ့ဒီသက်ပြင်းချသံပြီတဲ့နောက်မှာ နောက်ထပ် ဘယ်လိုအသံမျိုးမှ ထွက်ပေါ်မလာတော့ပဲ တိတ်ဆိတ်နေခဲ့ပါတော့တယ်။

သူတကယ်ပဲ နားကြားမှားသွားတာလား ဟို့ယွိဟောင်စိတ်ထဲမှာ သံသယတစ်ချို့က ၀င်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲကအတွေးတွေကို ခပ်မြန်မြန်ပဲ ဖြေဖျောက်လိုက်ပါပြီ။ သူက စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ပါ။ ဒါကြောင့် သူ့ရဲ့ အာရုံခံနိုင်စွမ်းတွေက သာမန်လူတွေထက် အများကြီးသန်မာပါတယ်။ ဒါ့အပြင် အမြင်အာရုံကတော့ အသန်မာဆုံးပါပဲ။ တခြားအာရုံခြောက်ပါးကလဲ ထပ်တူညီမျှ ရှိနေခဲ့တယ်။ ဒါပေမယ့် စိတ်ခံစားချက်တွေအရမ်းကို ပြင်းပြလာချိန်မှာ သူကိုယ်တိုင်လဲ နားကြားလွဲတာ အမြင်မှားတာမျိုး မဖြစ်ပဲမနေနိုင်ပါဘူး။ ဒါ့အပြင် သက်ပြင်းချသံကြီးက အရမ်းကို ကြည်လင်ပြတ်သားနေခဲ့ပြီး သူ့နားနားကပ်ရင်း သက်ပြင်းချသလိုအသံထွက်နေခဲ့တာပါ။

” အစ်ကိုကြီးကောင်းကင်အိပ်မက် အစ်ကိုကြီးကောင်းကင်အိပ်မက် ”

ဟို့ယွိဟောင်က ချက်ချင်းဆိုသလို စိတ်ထဲမှာခေါ်လိုက်ပါတယ်။

” ဘာလိုချင်လို့လဲ ”

ပျင်းရိပျင်းတွဲအသံနဲ့ ကောင်းကင်အိပ်မက်က ပြန်ပြောလိုက်ပါတယ်။ သူက အချိန်အများစုကို အိပ်စက်ရင်းနဲ့သာ ဖြတ်သန်းနေခဲ့တာပါ။ လွန်ခဲ့တဲ့ရက်တွေမှာ သူနိုးနေရတဲ့ အဓိက အကြောင်းအရင်းကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် ၀ိညာဥ်ပေါင်းစည်းရေးလုပ်နေတာကို စိတ်၀င်စားလို့ပါပဲ။

” ကျွန်တော်သက်ပြင်းချသံတစ်ခု ကြားလိုက်တယ်….အစ်ကိုကြီးရော ကြားလား ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ကောင်လေး မင်းရဲ့ စိတ်ခံစားချက်တွေက ခေါင်းကိုပါထိသွားတာလား ဘာသက်ပြင်းချတာလဲ အ​ရေးကြီးတဲ့ကိစ္စမဟုတ်ရင် ငါအိပ်နေတာကို မနှောင့်ယှက်နဲ့ မင်းကိုယ်တိုင်လဲ စိတ်လေးဘာလေးထိန်းပါဦး အကယ်၍ ခံစားချက်တွေကိုသာ မထိန်းချုပ်နိုင်ဘူးဆိုရင် မင်းရဲ့ဒီလိုအင်အားနည်းနည်းလေးနဲ့ အနာဂတ်မှာ ဘယ်လိုသေသွားလဲဆိုတာ ပြောပြဖို့တောင် ခက်မှာမဟုတ်ဘူး…မင်းသေသွားတာ ကိစ္စမရှိပေမဲ့ ဒီအစ်ကိုကြီးပါ တစ်ပါထဲပါသွားရင်ဘယ်လိုလုပ်မလဲ ”

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင် တကယ်ကို လန့်နေခဲ့ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တောင် အဲ့ဒီသက်ပြင်းချသံကို မကြားပဲရှိနေခဲ့တယ်။ အရမ်းကိုထူးဆန်းတဲ့ကိစ္စကြီးတစ်ခုပါ။

ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ မေးလိုက်ပါတော့တယ်။

” အစ်ကိုကြီးကောင်းကင်အိပ်မက် ပုံမှန်အခြေအနေမျိုးမှာ ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအား လှုပ်ရှားမှုကနေပြီတော့ တစ်စုံတစ်ယောက်ကို ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်စေဖို့ ဘယ်လောက်သန်မာဖို့လိုလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။

” အကယ်၍ သူတို့သာ သေချာသတိထားမယ်ဆိုရင်ပဲဖြစ်စေ ၀ိညာဥ်စွမ်းအားကို ကောင်းကောင်းအသုံးပြုနိုင်တဲ့သူတစ်ယောက်ပဲဖြစ်စေ မင်းထက်အဆင့်မြင့်နေလို့ကတော့ မင်းကို တန်ပြန်ရိုက်ခတ်မှုဖြစ်လာအောင် လုပ်နိုင်တယ်…မဟုတ်ရင် ငါဘာကြောင့်များ မဟာကြယ်တာရာသစ်တောထဲမှာ ဒီလိုအခြေအနေမျိုးနဲ့ ရှိနေခဲ့မှာလဲ အကယ်၍ စိတ်၀ိညာဥ်ထိတ်လန့်မှုကသာ အဲ့ဒီလောက် အခြေအနေကောင်းနေခဲ့မယ်ဆိုရင် ငါအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဒီလိုအခြေအနေဆိုးနေပါ့မလား မင်းရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက အစောပိုင်းပြိုင်ပွဲတွေမှာ အံ့ဩစရာကောင်းလောက်အောင် လုပ်ဆောင်နိုင်တာက အလစ်အငိုက်ဖမ်းပြီ တိုက်ခိုက်နိုင်လို့လေ နောက်တစ်နည်းပြောရမယ်ဆိုရင် ခရမ်းရောင်နတ်ဆိုးမျက်လုံးက မင်းကို အားဖြည့်ပေးထားတာပဲ နောက်ဆုံးတစ်ခုကတော့ ၀မ်သုန့်နဲ့ စွမ်းအားပေါင်းစည်းထားလို့ ဒီအချက်တွေအားလုံးက မင်းတို့ရဲ့ ပြိုင်ဘက်ကိုမပြင်မဆင်ပဲဖြစ်စေတယ်….ဒါပေမယ့် အကယ်၍ တစ်စုံတစ်ယောက်ကသာ မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီဆိုရင် သေချာပေါက် သတိထားရမယ်…တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် စိတ်၀ိညာဥ်လှုပ်ရှားနှောင့်ယှက်မှုကို ထိတ်လန့်မှုအစားသုံးလိုက် အဲ့ဒါက အများကြီး အားနည်းပေမဲ့ သူ့ရဲ့အကောင်းဆုံးအကျိုးရလဒ်တစ်ခုကတော့ တန်ပြန်ရိုက်ခတ်မှု မခံစားနိုင်တာပဲ မင်းတစ်ခုတော့မှတ်ထား ၀ိညာဥ်သုံးကွင်းရှိတဲ့ ပြိုင်ဘက်ကို စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုသုံးရင်တောင် ၀မ်သုန့်ရဲ့အကူအညီ ရှိနေရင်တောင်မှ အနိုင်ရဖို့မလွယ်ဘူး…အနာဂတ်မှာ သေသေချာချာ အသုံးပြုလို့ရပေမဲ့ သတိထားပြီ အပိုစွမ်းရည်တစ်ခုအဖြစ်ပဲ တွေးထားလိုက် ”

ဟို့ယွိဟောင်က ပြုံးနေခဲ့ပါတယ်။

” ကျွန်တော်အများကြီး အသုံးပြုချင်လို့မဟုတ်ဘူး…အစ်ကိုကြီးကောင်းကင်အိပ်မက်ရဲ့ ၀ိညာဥ်စွမ်းရည်လေးခုထဲမှာ ကျွန်တော်အနေနဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကလွဲပြီ တခြားတိုက်ခိုက်စရာစွမ်းရည်မရှိဘူးလေ ”

” အဲ့ဒါက နောက်ပြသာနာတစ်ခုဖြစ်သွားပြီ ဒါပေမယ့် တခဏတာလောာက် စိတ်ရှည်လိုက်ပါဦး မင်းအသက်က ဘယ်လောက်များရှိသေးလို့ ဒီလောက်တောင် စိတ်မရှည်ဖြစ်နေရတာလဲ မြန်မြန်အဆင့်နှစ်ဆယ်ရောက်အောင်သွား ငါမင်းကို တိုက်ခိုက်ရေးစွမ်းအားကောင်းကောင်းရစေဖို့ ကိုယ်ပိုင်နည်းလမ်းရှိတယ်..အနည်းဆုံးတော့ မင်းနဲ့အဆင့်တူလူတွေကို တိုက်ခိုက်တဲ့အချိန်မှာ လုံး၀ကို မရှုံးစေရဘူး…နောက်ထပ် ပြောစရာမရှိရင် ငါပြန်အိပ်တော့မယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စကားတွေက ဟို့ယွိဟောင်အတွက် အချိန်ကိုက်သတိပေးစကားဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့သက်ပြင်းချသံကို လိုက်လိုတဲ့စိတ်ကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အဆင့်နှစ်ဆယ်ဆိုတဲ့ ကိစ္စကို အကြိမ်ကြိမ် ပြောပေးခဲ့တာပါ။ ဟို့ယွိဟောင်လဲ ဒီအချက်ကို အခုမှပြန်သတိရသွားခဲ့ပါတယ်။ အဆင့်နှစ်ဆယ့်က သူ့အတွက်အရေးကြီးတဲ့အရာပါပဲ။ အကယ်၍ သူသာ အဆင့်နှစ်ဆယ်ကို ရောက်နိုင်ခဲ့မယ်ဆိုရင် စွမ်းအားကလဲကျော်လွှားတိုးတက်သွားပါလိမ့်မယ်။ ဒါ့အပြင် တိုက်ခိုက်ရေးစွမ်းအားကို အသင့်အတင့်ပိုင်ဆိုင်နိုင်မှာပါ။ အပေါင်းအဖော်တွေကို အားကိုးပြီတိုက်ခိုက်နေစရာလဲမလိုတော့ပါဘူး။

ဒီအကြောင်းကို တွေးပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့စိတ်ခံစားချက်တွေက ပြန်လည်တည်ငြိမ်သွားပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်နဲ့အတူတူ ၀ိညာဥ်စွမ်းအား ပြန်ကောင်းမွန်ဖို့အတွက် သူစတင်လေ့ကျင့်ပါတော့တယ်။

နေ့လည်ခင်းပြိုင်ပွဲက တကယ်ခက်ခဲမဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာမှာပါ။ လူသစ်ပြိုင်ပွဲရဲ့ ချန်ပီယံကို ဆုံးဖြတ်ပေးရုံနဲ့တင်မကပဲ သူ့ရဲ့နှလုံးသားထဲက အငြိုးကိုလဲ အနည်းငယ်ပြေပျောက်စေပါလိမ့်မယ်။ ဒါပေမယ့် ဒီတိုက်ပွဲကနေ လုံး၀ ရှောင်ပြေးလို့မရပဲ သေချာပေါက် ထိုက်ဟွပင်းနဲ့တစ်နေ့မှာ ထပ်ပြီ ရင်ဆိုင်ရဦးမှာပါ။ အဲ့ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ဒီပြိုင်ပွဲကို နှလုံးသားထဲမှာ လေ့ကျင့်မှုတစ်ခုအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

ကျောင်းခန်းက တစ်ဖန်ပြန်လည်တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ သူ့သိုင်းပညာ၀ိညာဥ်တွေရဲ့ ပေါင်းစည်းမှုကြောင့်လဲ ဟို့ယွိဟောင် စိတ်ခံစားချက် အပြောင်းအလဲတွေဖြစ်နေတာကို သိနေခဲ့ပါတယ်။ ဒီလောက်မြန်မြန်ဆန်ဆန် စိတ်တည်ငြိမ်အောင်ထိန်းလိုက်နိုင်တာကို ကြည့်ရင်း ၀မ်သုန့်ကိုယ်တိုင်တောင် လန့်နေခဲ့တယ်။ ဒါတင်မက စိတ်ထဲမှာ လေးစားလာခဲ့ပါပြီ။ အပေါ်ယံကြည့်လိုက်မယ်ဆိုရင် ဟို့ယွိဟောင်က ၀မ်သုန့်ထက် အဆင့်တစ်ဆင့်နှိမ့်နေတဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ ဒါပေမယ့် ၀မ်သုန့်ရဲ့ မျက်လုံးထဲမှာတော့ အသက်ဆယ့်တစ်နှစ်အရွယ် ဟို့ယွိဟောင်က အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ရဲ့ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုကို ပိုင်ဆိုင်လို့ထားခဲ့ပါပြီ။

သူတို့တွေ နေ့လည်စာစားချိန်အထိ ဆက်တိုက်ဆိုသလို လေ့ကျင့်နေခဲ့ကြပါတယ်။ ဒါကြောင့် ၀ိညာဥ်စွမ်းအားကလဲ ပြန်လည်ဖြည့်တင်းလို့လာခဲ့တယ်။ ကျောင်းထမင်းစားဆောင်ကို ရောက်ချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင် ကိစ္စတစ်ခုက သူတို့ကို ဆီးကြိုနေပါတော့တယ်။

” သူငယ်ချင်းတို့ရေ မင်းတို့တွေ နောက်ဆုံးပြိုင်ပွဲကို ရောက်ပြီလို့ငါကြားလိုက်တယ်…ကောင်းတာပဲ ဒီသခင်မလေး ပြန်လာပြီးလေ ငါမပါပဲနောက်ဆုံးပွဲကို မင်းတို့ဘယ်လိုသွားကြမှာလဲ ”

ရှောင်းရှောင်းက တံခါးကိုမှီထားရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကို ပြောနေခဲ့ပါတယ်။

အပိုင်း ၂၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset