Switch Mode

Chapter – 322

စီးပွားရေး လုပ်ငန်းကြီး(၁)

အပိုင်း(၃၂၂)
စီးပွားရေး လုပ်ငန်းကြီး(၁)

မြစ်ကို ဖြတ်ပြီးနောက်တွင် ဝူရုံမြို့ရောက်ရန် ဘယ်လောက်မှ မလိုတော့ပေ။ နှစ်ရက်ခန့် သွားလျှင် ရောက်ပြီဖြစ်၏။ နောက်ပိုင်း ခရီးစဉ်တွင် ဘာမှ ထွေထွေထူးထူး မရှိခဲ့ပေ။ ဝူရုံမြို့သို့ အဆင်ပြေပြေ ချောချောမွတ်မွတ်ဖြင့် ဝမ်ရှန်း ပြန်ရောက် သွားခဲ့သည်။

ဝမ်ရှန်း ဝူရုံမြို့သို့ တစ်ယောက်တည်း ပြန်ရောက်လာသည် ဟူသည့် သတင်းက ဝူရုံမြို့ အတွင်းရှိ အင်အားစုများ အားလုံးကို သိချင်စိတ် ပြင်းပြ သွားစေခဲ့သည်။

ဘာတွေဖြစ်ခဲ့လဲ…

လွန်ခဲ့သည့် ရက်အနည်းငယ်တွင် စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ဟုန်ထယ်သည် စုန့်မိသားစုမှ ဝိဉာဉ်သခင်များ ရခြင်းနှင့်အတူ ပြန်‌ရောက် လာခဲ့သည်။ သူသည် မူလအကြီးအကဲ အဖွဲ့ဝင်များနှင့် ထိုအဖွဲ့ဝင်၏ လူယုံများကို သတ်ဖြတ်ခဲ့ကာ အလွန်လွန် ရက်ရက်စက်စက် ပြုမူခဲ့သည့် အတွက် သူတို့ အားလုံးပင် နားမလည်နိုင် ဖြစ်ခဲ့ရသေးသည်။

စုန့်ဟုန်ထယ်နှင့် အခြားသူများက ဘယ်လိုလုပ် ပြန်လာခဲ့ကြသနည်း၊ စုန့်ရန်ကလည်း ပြန်ရောက် လာခဲ့သည်။ ထိုကြောင်းအရာ နှစ်ခုက ဂျင်ဒီနယ်မြေနှင့် ဘယ်လို ဆက်စပ် နေသနည်း၊ ဝမ်ရှန်းနဲ့ရော ဘယ်လို ဆက်စပ်နေသနည်း…

အားလုံးသည် အဖြေသိရရန် မစောင့်နိုင်ကြတော့ပေ။ ဝမ်ရှန်း သူ့အိမ်သို့ ပြန်ရောက်ပြီး အနား မယူရသေးခင်မှာပင် မြို့အရှင်စံ အိမ်တော်ထိန်းမှ သူ့ထံ အလောတကြီး ရောက်လာခဲ့သည်။ ပထမဦးစွာ သူသည် ဝမ်ရှန်း၏ အခြေအနေကို စိုးရိမ်တကြီး မေးမြန်း၏။ ထို့နောက် စုန့်မိသားစု အကြောင်း ချက်ချင်း ဆက်မေးလိုက်သည်။

“အဲ့အကြောင်းတွေ သိချင်တဲ့သူကို စောင့်ပြီး ဈေးတစ်ခု တင်လိုက်….”

ပုံမှန် အခြေအနေမှာ ဆိုလျှင်ပင် ဝမ်ရှန်းသည် စုန့်မိသားစု၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားမည် မဟုတ်ပေ။ ဤကဲ့သို့ သူ့အား လိုက်သတ်ချင်နေသည် ဆိုမှတော့ ပြောစရာကို မလိုတော့ပေ။

အိမ်တော်ထိန်းသည်လည်း ဘာမှ ဆက်မပြောတော့ပေ စီစဉ်စရာ ရှိသည်များကို စီစဉ်ရန် ချက်ချင်း ပြန်သွား လိုက်သည်။ ထိုသို့ ပြန်သွားသည့် အချိန်တွင် တိကျသေချာသည့် သတင်း တစ်ခုကို တွေ့လိုက်ရပြီဖြစ်၏။ ယခုတစ်ချိန် စုန့်ဟုန်ထယ် ပြန်ရောက် လာမှုသည် ဝမ်ရှန်းနှင့် အမှန်တကယ် ဆက်စပ် နေခြင်းပင် ဖြစ်သည်။

ထိုအချက် တစ်ခုတည်းနှင့်ပင် အိမ်တော်ထိန်းသည် မြို့အရှင်အား ရှင်းပြ၍ ရပြီဖြစ်၏။ ဤကဲ့သို့ အကျိုးအမြတ် များပြားသည့် လုပ်ငန်းမျိုးကို မြို့အရှင်ကလည်း ကျေကျေနပ်နပ်ပင် စီစဉ်ခွင့် ပြုလိုက်ပေသည်။ တစ်နာရီပင် မကြာလိုက်၊ လေလံခန်းမထဲတွင် လူများ ရာနှင့်ချီ ရောက်ရှိ လာခဲ့သည်။

သိချင်စိတ် ပြင်းပြသည့် အမျိုးမျိုးသော အင်အားစုများ၏ ကိုယ်စားလှယ်များ ရှေ့တွင် စုန့်မိသားစုနှင့် အတူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်သည့် အတွေ့အကြုံများကို ဝမ်ရှန်း ပြောပြလိုက်သည်။

အကြီးအကဲများက အစီအစဉ်ကို အသေးစိတ် ချပြသည်မှ စ၍ စုန့်ကျီမင်နှင့် အခြားသူများက သူတို့အား ဖိအားပေးကြ စခန်းကို ရှာဖွေရသည့် အကြောင်း၊ စုန့်ဟုန်ထယ်နှင့် သူ့လူများ၏ ဝိုင်းခြင်းကို ရုတ်တရက် ခံစားရကြောင်း အစရှိသဖြင့် ပြောပြနေခဲ့သည်။

သို့သော် သူ အသားစား ပုရွက်ဆိတ်များကို ထိန်းချုပ်သည့် အကြောင်းကိုတော့ မပြောပြပေ။ စုန့်ရန်နှင့် စုန့်ဟုန်ထယ်တို့ ကြား၌ ဆက်ဆံရေးကိုသာ အသုံးချကာ စုန့်ကျီမင်နှင့် သူ့လူများက မည်သို့မည်ပုံ တည်ဆောက်ခဲ့ရကြောင်း မလိမ့်တပတ်လုပ် ပြောပြလိုက်သည်။

ဖြစ်ကြောင်းကုန်စင် ပြောပြီးနောက်တွင် စုန့်ဟုန်ထယ်က ဘာလို့ အင်အား ကြီးမားစွာ ပြန်ရောက်လာခဲ့လဲ ဆိုသည်အား အင်အားစုများ အားလုံး နားလည် သွားသည်။ စုန့်မိသားစုမှ အကြီးအကဲ အဖွဲ့ကို ဘာလို့ တွေ့ကြောင်းကိုလည်း နားလည်သွားပြီ ဖြစ်၏။

နောက်ဆုံးတွင် ဝမ်ရှန်းသည် စုန့်ဟုန်ထယ် သူ့အား သတ်ချင်နေခဲ့သည့် အကြောင်းကိုပင် မထိမ်ချန်ခဲ့ပေ။ သို့သော် သူ ဘယ်လို ထွက်ပြေးလာခဲ့သည် ကိုတော့ မပြောပြခဲ့။ သူသည် အန္တရာယ်ကို ကြိုတင် သတိထားမိကာ ထွက်ပြေး လာခြင်းသာ ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ထိုအချက်ကြောင့် ဝမ်ရှန်းက ဝူရုံမြို့သို့ ဘာလို့ တစ်ယောက်ထဲ ပြန်လာတာလဲ ဆိုတာကို သူတို့ သိသွားပြီဖြစ်သည်။ ယခင်တွင် ဝမ်ရှန်းသည် တော်ဝင်မိသားစုနှင့် ပူးပေါင်းခဲ့သည်ဖြစ်စေ၊ ကိုင်ရွှေနန်းတော်နှင့် ပူးပေါင်းခဲ့သည်ဖြစ်စေ ပြန်ရောက်လာသည့် အချိန်တွင် ဝမ်ရှန်းသည် လူလွှတ်ကာ လိုက်ပို့စေခဲ့သည်။

သို့သော် ယခုတွင် စုန့်မိသားစုသည် ဝမ်ရှန်းအား လိုက်မပို့ခဲ့ရုံ သာမက လူလွှတ်ပြီးတော့ပင် လိုက်၍ သတ်စေခဲ့သည်။ စုန့်မိသားစု ခေါင်းဆောင်က ဘာတွေးနေသည်ကို သူ့တို့ တကယ် နားမလည် နိုင်တော့ပေ။

သို့သော် စုန့်မိသားစုက ဘယ်လိုပဲ တွေးနေပါစေ အင်အားစုများ အားလုံးသည် ထိုစုန့်မိသားစုကို ကျိန်ဆဲ ပစ်ချင်စိတ်ပင် ပေါက်သွားတော့သည်…

စုန့်မိသားစုက ဤကဲ့သို့ လိုက်သတ်ခဲ့သည့် အတွက် ဝမ်ရှန်းသည် သူ၏ ဒေါသကို ဘယ်လိုလုပ် မျိုသိပ် နိုင်တော့မည်နည်း……

ဝမ်ရှန်းသည် စေ့စပ်ညှိနှိုင်း လွယ်သည့် လူတစ်ယောက် မဟုတ်ပေ၊ လုံလောက်သည့် တန်ကြေး ရမှသာ သူနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လုံလောက်မည် ဖြစ်၏။ သို့သော် ယခုကဲ့သို့ သူ့အသက် ခြိမ်းခြောက် ခံရသည့် အချိန်တွင် ဝမ်ရှန်းသည် ဆွေးနွေးမှုကို သေချာပေါက် တန်ကြေး မြှင့်ပေလိမ့်မည်။

ထိုအချက်ကို စုန့်ဟုန်ထယ်လည်း သတိထား မိခဲ့ပေသည်။ သို့သော် စုန့်မိသားစု၏ အကျိုးရလဒ် အတွက် သူသည် ဝမ်ရှန်းအား သတ်ရန် ဆုံးဖြတ်လိုက်၏။

သို့သော် ဝမ်ရှန်း မသေခဲ့သည်မှာ နှမြောစရာပင် ဖြစ်သည်။ ထို့ကြောင့် စုန့်မိသားစုသည် တန်ကြေးကို ဖြတ်လိုက်ရသည် ဖြစ်၏။ ဝမ်ရှန်းသည် အချက်နှစ်ချက်ကို အများသိအောင် ကြေညာခဲ့သည်။

ပထမတစ်ချက်မှာ စုန့်မိသားစုမှလွဲ၍ ဘယ်အင်အားစုမဆို လုံလောက်သည့် ပမာဏ ပေးလျှင် သူ အင်အားစု တစ်စုစီမှ လူ ၁၀ ယောက်ကို ဂျင်ဒီနယ်မြေ အတွင်းရှိ စုန့်မိသားစု ပိုင်သည့် စခန်းသို့ ခေါ်သွားပေးမည် ဟူ၍ ဖြစ်သည်။

ဒုတိယ အချက်မှာလည်း ဂျင်ဒီနယ်မြေနှင့် ပတ်သက်သည့် အချက်ပင်ဖြစ်၏။ စုန့်မိသားစုမှလွဲ၍ မည်သည့် အင်အားစုမဆို လုံလောက်သည့် တန်ကြေး ပေးလျှင် အင်အားစု တစ်ခုချင်းစီမှ လူနှစ်ရာကျော်ကို ဦးဆောင်ခေါ်ကာ ဂျင်ဒီနယ်မြေ အတွင်း၌ လိုအပ်ချက်နှင့် အံဝင်ခွင်ကျ ဖြစ်သည့် စခန်းကို တည်ဆောက်ရန် ကူညီပေးမည် ဖြစ်သည်။ သို့မဟုတ် အင်အားစုများက ပူးပေါင်းချင်သည် ဆိုလျှင် အင်အားစု တစ်ချင်းစီကို လူတစ်ရာအောက် ခေါ်သွားပေးမည် ဖြစ်သည်။

သို့သော် ထိုနှစ်ချက်တွင် ဂျင်ဒီနယ်မြေ၏ အတွင်းပိုင်းသို့ ဝင်ရောက်၍ မရဟူသည့် ကန့်သတ်ချက်တော့ ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအတွင်းပိုင်းသို့ ဝင်လျှင် အန္တရာယ် ကင်းကင်း ပြန်ထွက်နိုင်ပါ့မလား ဆိုတာကို ဝမ်ရှန်း အာမ မခံနိုင်သောကြောင့် ဖြစ်၏။

သို့သော် ထိုအချက် နှစ်ချက်သည်ပင် များပြားလှသည့် အင်အားစုများကို ရင်ခုန် စိတ်လှုပ်ရှား စေပြီ ဖြစ်၏။ ဂျင်ဒီနယ်မြေ အတွင်း၌ စခန်း ဆောက်နိုင်မည်၊ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိသည့် ဦးမလဲ……

ရုတ်တရက် ပေါ်လာသည့် စုန့်မိသားစုမှ ရာနှင့်ချီသည့် ဝိဉာဉ်သခင်များ အကြောင်း တွေးမိလိုက်ရုံနှင့်ပင် တခြားကျန်သည့် အင်အားစုများသည် သွားရည် တမြားမြား ကျနေပြီဖြစ်၏။

အင်အားစုများ အားလုံး၏ အကြီးအကဲများသည် ထိုသတင်းကို နေ့မခြား သိသွားခဲ့ကြ၏။ သူတို့သည် ထီဆုကြီး ပေါက်သွားသလို အလွန်ကို အားရကျေနပ် ပီတိဖြစ်သွားကြကာ စုန့်ဟုန်ထယ်ကိုပင် ကျိတ်၍ ကျေးဇူးတင်မိသွား၏ ။

သူသာ ဝမ်ရှန်းအား လိုက်မသတ်ခဲ့ဘူး ဆိုလျှင် သူတို့သည် ဤကြီးမားသည့် အခွင့်အရေးကို ယခုကဲ့သို့ ရနိုင်မည်မဟုတ်ပေ။ သို့သော် သူတို့သာ စုန့်ဟုန်ထယ် ဆိုပါကလည်း ထိုနည်းအတိုင်းသာ လုပ်မိလိမ့်မည် ဖြစ်သည်။ သူတို့ အင်အားစု၏ အားသာချက်ကို ဆက်ထိန်းထားနိုင်ရန် အတွက် ဝမ်ရှန်းအား သတ်ခြင်းက အမှန်ကန်ဆုံး နည်းလမ်းပင် ဖြစ်သည်။ သို့ရာတွင် စုန့်ဟုန်ထယ်၏ အမှားမှာ ဝမ်ရှန်း မသေခဲ့ခြင်းပင်။

စုန့်မိသားစုတွင် အဆင့်မြင့် ဝိဉာဉ်သခင်များ များစွာ ရှိသော်လည်း သူတို့သည် ဝမ်ရှန်းကို ဂျင်ဒီနယ်မြေ အတွင်း၌ ထိပ်တိုက် မတွေ့ရဲကြတော့ပေ။ တစ်ခေါက် ခံခဲ့ရဖူးသည့် အတွက် ခဲမှန်ဖူးသည့် စာသူငယ် ကဲ့သို့ ဖြစ်၏။

ယခုအချိန်တွင် ထိုအင်အားစုများ စဉ်စားရသည်မှာ ဝမ်ရှန်း ပြောသည့် လုံလောက်သည့် တန်ကြေးက ဘာလဲဆိုတာနှင့် ဘာတွေ လိုအပ်လာမလဲပင်။

ဝမ်ရှန်း၌ ဒင်္ဂါးများစွာ ရှိကြောင်း သူတို့ သိပေသည်။ ထို့ကြောင့် ရွှေဒင်္ဂါးနှင့် လဲလှယ်၍ ရမည် မဟုတ်ပေ။

သူတို့ ဘယ်လိုပဲ အမြန်ဆုံး နည်းလမ်းဖြင့် စဉ်စားပါစေ၊ ဝူရုံမြို့သို့ သတင်း ပြန်ရောက်လာရန် တစ်ရက် ကြာခဲ့သည်။

ဝမ်ရှန်း စုန့်မိသားစုနှင့် ပတ်သက်သည့် သတင်းများနှင့် သူ့ဆုံးဖြတ်ချက်များ ပြောပြီးနောက် သူ့အိမ်ပြန်လာသည့် အချိန်တွင် သူ့အိမ်ထဲ၌ ရောက်နေသည့် ဧည့်သည်များကို တွေ့လိုက်ရသည်။

ရောက်လာသည့် လူများသည် သူနှင့်ရင်းနှီးသည့် လူများပင်ဖြစ်၏။ တော်ဝင် ရတနာစံအိမ်မှ သခင်(၂) လုဝမ်ဟုန်နှင့် သူနှင့် အမြဲအတူ တွေ့ရတတ်သည့် လင်းအာတို့ ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset