အပိုင်း ၃၂၁
တစ္ဆေသည် သူ့နောက်လိုက်နေဆဲဖြစ်သည် (၂)
ဤကြေးစား အမျိုးသမီး၏ အပေါင်းအပါများသည် ဝမ်ရှန်းအပေါ် အကောက်ကြံ ကြသောကြောင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က အခြေအနေအရ ဆိုလျှင် ဘယ်သူက ဘယ်သူ့ကို သတ်သည်ဖြစ်စေ ဘာမကျေနပ်စရာမှ မရှိပေ။ ရန်လိုမှုအတွက် အကြောင်းပြချက် ရှာချင်လျှင်ပင် ယုတ္တိမရှိပေ။
ထိုလူများကို အသေဆိုးဖြင့် မသေစေသည်မှာပင် သူ့ကိုယ်သူ သဘောထား ကြီးလွန်း လှနေပြီဟု ဝမ်ရှန်း ထင်နေပြီဖြစ်သည်။ သို့သော် ယခု ခြေတံရှည် အမျိုးသမီးက သူ့အား အခွင့်အရေး ရလျှင်ရသလို လုပ်ကြံနေသည်။
တွက်ကြည့်မည် ဆိုလျှင် ဤအကြိမ်သည် သုံးကြိမ်မြောက် ဖြစ်၏။ ယခုတစ်ကြိမ်တွင် ကျားအမြှီးကို သွားဆွဲလျှင် ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာ ဝမ်ရှန်း သူမ သိအောင် လုပ်ရပေမည်။
ယခုအခြေအနေအရ ဖြန့်ကြက် အမျိုးအစား ခြေလျင်ဆန့်ကျင်မိုင်းသည် အသင့်တော်ဆုံး ဖြစ်သည်။ မီးဗုံးက သူတို့လို အဆင့်အတွက် အသုံးပြုဖို့ အဖိုးတန်လွန်းသည်။ အခြားတစ်ဖက်ကို လှေပေါ်မှ ချက်ချင်း ခုန်ချအောင် ခြိမ်းခြောက်နိုင်လျှင် ရပြီဖြစ်သည်။
မထင်ထားသည့်က လူတစ်ယောက်သည် ကံကြမ္မာဆိုးကို မယုံကြည်ဘဲ ထိုမိုင်းကို ကောက်ကိုင်ကာ စူးစမ်းရဲခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မည်သူမှ မမျှော်လင့်ထားသည့် နောက်ဆက်တွဲ ရလဒ်များ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ရေအောက်တွင် နောက်နှစ်ယောက် ရှိသေး၏။ ဝမ်ရှန်းသည် လှေပေါ်မှ ခုန်ချသည်နှင့် ရေကာမျက်မှန်နှင့် အောက်ဆီဂျင်ပိုက် အသေးစားတို့ကို ပါးစပ်၌ ချက်ချင်း တပ်ခဲ့ပေသည်။ ထို့ကြောင့် သူသည် ရေအောက်တွင် ကောင်းကောင်းမွန်မွန် လှုပ်ရှား သွားလာနိုင်၏။
မြစ်ရေသည် သိပ်ပြီး မကြည်လင် အတိုင်းအတာ တစ်ခုအထိ နောက်ကျိနေ၏။ သို့သော် ဝမ်ရှန်းသည် ရေထဲ မခုန်ချခင်တွင် နေရာကို သေချာ မှတ်ထားပြီးမှ ခုန်ချခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး တစ်ကြိမ် သူမ ဝမ်ရှန်းအား လမ်းတစ်ဝက်၌ လုပ်ကြံခဲ့သည့် အချိန်တွင် သူမသည် ဝမ်ရှန်း၏ ကြီးမားလှသည့် ခွန်အားကြောင့် ကြောက်လန့်ခဲ့ရသည်။ ထို့ကြောင့် ယခု ရေအောက်၌ တိုက်ခိုက်သည့် အချိန်တွင် ဝမ်ရှန်း ဘာမှတတ်နိုင်မည် မဟုတ်ဟု သူမ ထင်ခဲ့၏။ သို့သော် ဝမ်ရှန်းထံ၌ ဤကဲ့သို့ ထူးခြားသည့် ရေအောက် အကာအကွယ် ပစ္စည်းများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားပေ။
ပေါက်ကွဲသံ ထွက်ပေါ် လာသည်နှင့် အားချီသည် ရေထဲမှ ချက်ချင်း ခုန်ထွက် လာခဲ့သည်။ လက်နှစ်ဖက်ဖြန့်ကာ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပြီး သူမတို့ စီးလာခဲ့သည့် လှေပေါ်သို့ ခုန်တက် သွားလိုက်၏။
သူတို့လှေသည် အပေါက်များ ဖြစ်လျက် ရေများ စိမ့်ဝင်နေပြီဖြစ်၏။ သို့သော် လှေပေါ်မှ လူအတွက် အားချီ ပိုစိုးရိမ်မိပေသည်။ လှေပေါ်သို့ အရောက် ရယ်စရာ ကောင်းသည့် ထိုလူ၏ ပုံစံအနေအထားကို မြင်ကာ အားချီ စိတ်ထဲ နာကျင်သွားသည်။ ထိုလူသည် အသက်ဇီဝိန် ချုပ်သွားပြီဖြစ်၏။
ဝမ်ရှန်းသည်လည်း ရေထဲသို့ ခုန်ချပြီးသည့် အချိန်တွင် သူ့ရှေ့သို့ လူတစ်ယောက် ခုန်ချလာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် ဖြစ်သွားကာ ဘာစကားမှ မဆိုဘဲ ရေထဲ၌ ချက်ချင်း တိုက်ခိုက် လိုက်ကြတော့၏။ နှစ်ချက်သုံးချက် ထိုးကြိတ်ပြီးနောက် နောက်ဆုံး ကန်ချက် ကန်လိုက်သည့် အချိန်တွင် သူတို့နှစ်ယောက် ရေထဲ၌ ကွဲသွားသည်။ ထိုအချိန်မှာပင် အားချီ လှေပေါ်သို့ ခုန်တက် သွားခဲ့ခြင်းဖြစ်၏။
ရေထဲ၌ပင် ဝမ်ရှန်း၏ ခွန်အားသည် အားကြီးနေဆဲ ဖြစ်သည်။ သူနှင့် ထိုလူ နောက်တစ်ကြိမ် သုံးလေးချက် ပြန်လည် တိုက်ခိုက်ပြီး နောက်တွင် ဝမ်ရှန်း သူ့ရန်သူ၏ လက်မောင်းများကို ဖမ်းဆုပ် ထိန်းချုပ် ထားနိုင်ခဲ့သည်။
ထိုလူနှင့် တိုက်ခိုက် နေစဉ်တွင် အားချီ လှေပေါ် တက်သွားသည် ကိုလည်း ဝမ်ရှန်း မြင်လိုက်ရသည်။ ဤပုံစံအတိုင်း ဆက်ပြီး တိုက်ခိုက်နေမည် ဆိုလျှင် အားချီသည် မကြာမီ တပ်ကူ ခေါ်လာနိုင်သည်။ နှစ်ယောက် တစ်ယောက်တွင် တစ်ယောက်က လှေပေါ်၌ ရှိနေခြင်းမှာ အလွန် ခေါင်းခဲစရာ ကောင်းလှပေသည်။
ဝမ်ရှန်း စိတ်လှုပ်ရှားသွားစဉ် သူ့ကိုယ်ပေါ်ရှိ သိုလှောင် လက်စွပ်များ ချက်ချင်း တောက်ပစွာ လင်းလက် လာခဲ့ကြသည်။ ထို့နောက် ဝမ်ရှန်း၏ ကိုယ်ပေါ်၌ ကြီးမား လေးလံသည့် တူတစ်ချောင်း ပေါ်လာခဲ့၏။ ထိုတူသည် ဝမ်ရှန်း၏ ခါးပတ်ဖြင့် ချိတ်နေခြင်း ဖြစ်သည်။
တူများက ရေအောက် နစ်မြှုပ်တတ်သည့် ထုံးစံအတိုင်း ဝမ်ရှန်းလည်း တူနှင့်အတူ ရေအောက်သို့ လျင်မြန်စွာ နစ်မြှုပ် သွားခဲ့သည်။ ထို့အတူ ဝမ်ရှန်း၏ ဖမ်းချုပ်ခြင်းကို ခံထားရသည့် လူသည်လည်း အပေါ်သို့ တက်ရန် မရုန်းနိုင်တော့ဘဲ ရေအောက်သို့ ဆွဲချ ခံလိုက်ရတော့သည်။
အားချီ ရေအောက်မှ အခြေအနေကို ကြည့်လိုက်သည့် အချိန်တွင် သူတို့ နှစ်ယောက်သည် ရေအောက် မီတာဒါဇင်နှင့် ချီသည့် မြစ်ချောင်း ကြမ်းပြင်၌ ရှိနေပြီ ဖြစ်သည်။ ရေက နောက်ကျိ နေသည့်အပြင် ရုန်းရင်းဆန်ခတ် လှုပ်ရှားမှုကြောင့် အနည်ထ လာခဲ့သည်။ ထို့ကြောင့် အောက်ဘက်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ရေပူဖောင်းများ တက်လာ သည်ကိုသာ မြင်နေရ၏။
ထိုကဲ့သို့ သဲများ အနည်ထ နေခြင်းကြောင့် ဝမ်ရှန်း၏ ဖမ်းချုပ်ခြင်းကို ခံထားရသည့် လူသည် သဲများကြောင့် မျက်လုံး ကန်းသွားမည်ကို မစိုးရိမ် နေနိုင်တော့ဘဲ မျက်လုံးများကို မနည်းအားတင်းပြီး ဖွင့်နေရသည်။ မျက်လုံး မဖွင့်ဘဲနှင့် သူ ဝမ်ရှန်းကို မြင်နိုင်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်လုံးသည် ကောင်းမွန်စွာ လေ့ကျင့်ထားသည့် လူများဖြစ်သည်။ ထို့ကြောင့် ရေအောက်၌ ရှိနေသော်ငြား သူတို့အဆုတ်၏ စွမ်းဆောင်ရည်ကို နှစ်မိနှစ်ကျော်သည် အထိ ဆွဲဆန့် ထားနိုင်ပေသည်။ ဝိဉာဉ်စွမ်းအားကိုပါ ထည့်ပေါင်း အသုံးပြုမည်ဆိုလျှင် ထို့ထက် ကြာနိုင်ပေသည်။
ထို့ကြောင့် ရေထဲ၌ ရှိနေသည်မှာ ၃ မိနစ် ကြာသည့်တိုင် ဝမ်ရှန်းသည် သူ့ရန်သူ၏ အားပြင်းသည့် ရုန်းကန်မှုကို ထိန်းချုပ် နေရဆဲ ဖြစ်သည်။
ဝမ်ရှန်းသည်လည်း အလောမကြီးပေ။ သူ့ထံတွင် ရေအောက်၌ သူ့အား အကူအညီ ပေးနိုင်သည့် လေအိတ်ရှိသည်။ သူ့ရန်သူထက် အကြိမ်ရေ အနည်းငယ် အသက် ပိုရှူနိုင်လျှင် သူ့ရန်သူကို တဖြည်းဖြည်းချင်း ဖိသိပ်နိုင်ပြီဖြစ်၏။
ရန်သူက ရုန်းလိုက်၊ ဝမ်ရှန်းက ထိန်းချုပ် ထားလိုက်ဖြင့် ရေအောက်၌ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ကြသည်။ ယခုအချိန်တွင် ဝမ်ရှန်းသည် တိုက်ခိုက်စရာမလို သူ့ရန်သူ ရေပေါ် မတက်နိုင်အောင် ထိန်းချုပ် ထားရုံသာ ဖြစ်၏။
နောက်ထပ် ၃ မိနစ် ကြာပြီး နောက်တွင် ထိုလူ ရုန်းကန်သည့်အား တဖြည်းဖြည်းချင်း လျှော့ကျ လာခဲ့သည်။ သူ၏နှာခေါင်းနှင့် ပါးစပ်ပေါက်မှ လေပူဖောင်းများ ပလုံစီ ထွက်လာခဲ့၏။ သူ၏ပါးစပ်ထဲသို့ ရေများ ဝင်သွားပြီ ဖြစ်သည်။
နောက်ဆုံးတွင် ထိုလူထံမှ ထွက်နေသည့် လေပူဖောင်းများ ရပ်တန့်သွားကာ သူ၏ရုန်းကန် လှုပ်ရှားမှုသည်လည်း ငြိမ်ကျ သွားခဲ့သည်။ သို့သော် ဝမ်ရှန်း နည်းနည်းမှ သတိမလျှော့ဘဲ ရေအောက်၌ ထိုလူ၏ လက်များကို ဖမ်းချုပ် ထားဆဲဖြစ်သည်။
ထိုအချိန်တွင် ဝမ်ရှန်း လေအိတ် အတွင်းမှ လေကို နောက်တစ်ကြိမ် ရှူသွင်းလိုက်သည်။ ထိုကဲ့သို့ဆိုလျှင် သူ ရေအောက်၌ နောက်ထပ် မိနစ် အနည်းငယ် ထပ်နေနိုင်ပြီ ဖြစ်သည်။
ထိုပုံစံနှင့် နှစ်မိခန့် အကြာတွင် ထိုလူ ရုတ်တရက် နောက်တစ်ကြိမ် ရုန်းကန် လာခဲ့သည်။ ကံကောင်းသည်က ဝမ်ရှန်းသည် စိတ်ကို ကြိုတင် ပြင်ဆင်ထားကာ အားမလျှော့ဘဲ ဖမ်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ရုန်းကန်ပြီး နောက်ဆုံး လှုပ်ရှားမှုများ ရပ်တန့်သွားသည့် အချိန်မှာမှ ထိုလူ အသက်ပျောက် သွားပြီဖြစ်ကြောင်း ဝမ်ရှန်း အတည်ပြု လိုက်သည်။ ထို့နောက် ထိုလူကို လက်တစ်ဖက်ဖြင့် ထိန်းကာ အခြား လက်တစ်ဖက်ဖြင့် သူ၏လည်ပင်းကို ဇတ်ခနဲ ချိုးချလိုက်သည်။
ထို့နောက်မှာမှ သူ၏ကိုယ်ကို လွတ်ပေး လိုက်သည်။ ချက်ချင်းပင် အသက်မရှိသည့် ခန္ဓာကိုယ်သည် ရေပေါ်သို့ မြောတက် သွားခဲ့၏။ ထိုအချိန်မှာမှ ဝမ်ရှန်း သူ့ခါး၌ ရှိနေသည့် တူကြီးကို ဖြုတ်ချ လိုက်သည်။
လှေထက်၌ ရှိနေသည့် အားချီသည် သူမလှေက နဂိုနေရာနှင့် အနည်းငယ် ကွာဝေးနေပြီ ဖြစ်သည်။ သို့သော် သူမကတော့ ရေအောက်ကို စိုးရိမ်တကြီး ကြည့်နေဆဲဖြစ်၏။ သူမလူ ရေပေါ်သို့ ပေါ်လာသည့် အချိန်တွင် ထိုလူ၏ ပုံစံ အနေအထားကို ကြည့်လိုက်ကာ ဘယ်လိုမှ လုပ်လို့ မရတော့ကြောင်း သူမ သိလိုက်ရသည်။
ထိုအချိန်တွင် ဝမ်ရှန်းသည်လည်း ရေထဲမှနေ၍ ခေါင်းပြူ ထွက်လာကာ အဝေး၌ ရှိနေသည့် အားချီအား ကြည့်လိုက်သည်။ ဝမ်ရှန်းသည် အားချီ၏ အဖော် နှစ်ယောက်ကို သတ်ခဲ့သည့် အတွက် ယခုလို လုပ်ကြံ ခံနေရခြင်း ဖြစ်သည်။ သို့သော် ယခုလို အချိန်မျိုးတွင် ဆိုလျှင် သူမ၏ အမုန်းတရားသည် နှစ်ဆ ပိုတိုး သွားလောက်ပြီ ဖြစ်သည်။
“မှတ်ထား၊ ဒီကိစ္စ မပြီးသေးဘူး… ငါ နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး…”
အားချီ ဝမ်ရှန်းအား ဒေါသတကြီး ပြောကာ ရေယိုနေသည့် လှေဖြင့်ပင် မြစ်ကြောင်း တစ်လျှောက် ဆုန်ဆင်း သွားလိုက်သည်။ သူမ တစ်ယောက်တည်းအားဖြင့် ဝမ်ရှန်းအား တိုက်ရန်က မဖြစ်နိုင်ကြောင်း သူမ သိပေသည်။
သနားစရာ ကောင်းသည့် ဝမ်ရှန်း ခဗျာတော့ မြစ်အလယ်မှနေ၍ တစ်ဖက်ကမ်းကို လက်ပစ်ကူး သွားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ အတော်ကို ခေါင်းခဲ သွားရသည်။ သူ့အား ဤကဲ့သို့ အမြဲတမ်း ချောင်းတိုက်ရန် ကြံနေသည့် လူရှိနေခြင်းက တကယ်ကို ပျော်စရာ မကောင်းပါ…
***