Switch Mode

Chapter – 319

ခင်ဗျားမှာ အခွင့်အရေး မရှိတော့ပါဘူး (၂)

အပိုင်း ၃၁၉
ခင်ဗျားမှာ အခွင့်အရေး မရှိတော့ပါဘူး (၂)

စုန့်ဟုန်ထယ်သည် ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် အလျောက် တစ်ခါတစ်ရံတွင် ကိစ္စရပ်များကို သူ့အကြိုက် လိုက်ပြီး မလုပ်ဆောင်ပေ။ ဦးလေးအဖြစ် လုပ်သင့်သည့် အချိန်ရောက်လျှင် ဦးလေးအဖြစ် သရုပ်ဆောင်သည်၊ မြေးတစ်ယောက် အနေဖြင့် လုပ်ဆောင်သင့်သည့် အချိန်ရောက်လျှင် မြေးတစ်ယောက်အဖြစ် လုပ်ဆောင်တတ်လေ့ ရှိသည်။ သူကိုယ်တိုင်နှင့် သူ့မိသားစုအတွက် အကျိုးရှိသ၍ မည်သည့် အရာကိုမဆို သူ ပြုလုပ်နိုင်ပေသည်။

ဥပမာအားဖြင့် ဂျင်ဒီနယ်မြေထဲတွင် သူ ဝမ်ရှန်းအား ခေါင်းငုံ့ခံခဲ့သည်။ သို့သော် ဂျင်ဒီနယ်မြေမှ ထွက်လာပြီး နောက်တွင် ထိုအကြွေးကို ပြန်ရယူမည် ဖြစ်၏။

ဤအကြောင်းပြချက် တစ်ခုတည်းကြောင့်လည်း မဟုတ်ပေ။ နောက်ဆုံး အရာအားလုံး စစ်ဆေးပြီး နောက်တွင် အကျိုးကျေးဇူး ရလဒ်များ ရှိကြောင်း သေချာသည့် အတွက် ဤအစီအစဉ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပထမတစ်ခု အကြောင်းပြချက်သည် သူ့မိသားစု သွေးကြွေးအတွက် ဖြစ်ကာ ဒုတိယ အကြောင်းပြချက်သည် သူ့ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်ကြွေး အတွက်ဖြစ်သည်။

ဂျင်ဒီနယ်မြေသည် အင်အားစုများ အားလုံး စိတ်ဝင်စားကြသည့် ရတနာသိုက်ကြီး ကဲ့သို့ နယ်မြေတစ်ခု ဖြစ်သည်။ ဂျင်ဒီနယ်မြေ အကြောင်းကို နှံ့နှံ့စပ်စပ်သိသည့် လူများထဲတွင် ဝမ်ရှန်းအပြင် အခြား ဘယ်သူရှိသနည်း…

စုန့်ဟုန်ထယ် မှလွဲ၍ အခြားမရှိပေ။ ဂျင်ဒီနယ်မြေ အတွင်းသို့ အဖွဲ့လိုက် ဝင်ဖူးသည့် တော်ဝင်မိသားစုနှင့် ကိုင်ရွှယ်နန်းတော် သို့မဟုတ် ဂျင်ဒီနယ်မြေ အတွင်းသို့ ဦးစွာ ဝင်ရောက်ခဲ့သည့် ပထမအသုတ်နှင့် ဒုတိယအသုတ်တို့ ၌ပါသည့် အင်အားစုများ၏ လူများလည်း ရှိတော့ ရှိပေသည်။

သို့သော် စုန့်ဟုန်ထယ်သည် ရာနှင့်ချီသည် လူများနှင့်အတူ ထိုနယ်မြေမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အခြေအနေက မတူပေ။

ပထမဆုံး အနေဖြင့် စုန့်မိသားစုသည် ဂျင်ဒီနယ်မြေ အတွင်း၌ စွန့်ပစ်ထားသည့် အခြေစိုက် စခန်းနှင့် လက်ရှိ သူတို့ အသုံးပြုနေသည့် အခြေစိုက်စခန်းဟူ၍ အခြေစိုက်စခန်း နှစ်ခုရှိသည်။ စွန့်ပစ်ထားသည် ဆိုသော်လည်း ထိုနေရာကို ကောင်းကောင်းကြီး အသုံးပြု၍ ရသေးပေသည်။

ဒုတိယ အနေဖြင့် စုန့်မိသားစုတွင် အဆင့်မြင့် ဝိဉာဉ်သခင်များ များစွာရှိသည်။ သတ္တမအဆင့်နှင့် သတ္တမအဆင့် အထက် ဝိဉာဉ်သခင် အရေအတွက်ကို ယှဉ်ကြည့် လိုက်မည်ဆိုလျှင် စုန့်ဟုန်ထယ် ပြန်လာပြီး နောက်တွင် စုန့်မိသားစုထက် အင်အား ပိုကြီးသည့် မိသားစု မရှိတော့ပေ။

ထို့အပြင် ထိုဝိဉာဉ်သခင်များသည် ဂျင်ဒီနယ်မြေ အတွင်း၌ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် နေထိုင်ခဲ့သည့် လူများဖြစ်သည်။ အသားစား ပုရွက်ဆိတ်ကဲ့သို့ အရေအတွက် များပြားလှသည့် သားရဲများနှင့် မကြုံတွေ့ရသ၍ ဂျင်ဒီနယ်မြေထဲတွင် စုန့်မိသားစုကို တားဆီးနိုင်သည့် အရာများ မရှိပေ။

ပြောရမည်ဆိုလျှင် စုန့်မိသားစုမှ ရာနှင့်ချီသည့် ဝိဉာဉ်သခင်များသည် ဂျင်ဒီနယ်မြေ အပေါ် ရင်းနှီး ကျွမ်းဝင်မှုနဲ့တင် အခြား အင်အားစုများပေါ် အနိုင်ယူ နိုင်ပေသည်။

စုန့်မိသားစုသည် ထိုအချက်ကို ဆက်ထိန်း ထားချင်သည် ဆိုလျှင် သူတို့ ပထမဆုံး ကိုင်တွယ်ရမည့် လူမှာ မည်သူနည်း… စုန့်ဟုန်ထယ် မဆိုထားနှင့် သူ့နေရာတွင် သိုက်ဟွမ်ကဲ့သို့ ဦးနှောက် မရှိသည့်လူပင် သူ ဘာလုပ်ရမလဲဆိုတာ သိပါသည်။

ထို့ကြောင့် ဝမ်ရှန်းကို စုန့်မိသားစုထဲ မခေါ်သွင်းနိုင်ဘူး ဆိုလျှင် သတ်လိုက်ခြင်းက စုန့်မိသားစု၏ အကျိုးအမြတ် အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။

စုန့်ဟုန်ထယ် ဝမ်ရှန်းနှင့် တွေ့ခဲ့ခြင်းမှာ နှမြောစရာပင်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ဝမ်ရှန်း ဤကမ္ဘာသို့ ရောက်လာသည့် အချိန်မှစ၍ ဝမ်ရှန်း၏ ခြေလှမ်းများကို မည်သူမှ မခန့်မှန်း နိုင်ကြသောကြောင့် ဖြစ်သည်။

သူ့မြင်ကွင်းထဲမှ အနက်ရောင် အလုံးက တဖြည်းဖြည်းချင်း ပိုမို ကြီးမားလာကာ အကွာအဝေး တစ်ခု ရောက်သည့် အချိန်တွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာသည် အပေါ်၌ ဒေါင်လိုက်၊ အလျားလိုက် မျဉ်းကြောင်းများ ရှိသည့် လက်သီး အရွယ်အစား အလုံးတစ်လုံး ဖြစ်သည်။

သို့သော် ပိုကြီးသည့် သံလုံးတစ်လုံးဖြင့် စုန့်မိသားစု၏ ခေါင်းဆောင်အား သတ်ရန် ရည်ရွယ်ထားသည် ဆိုလျှင် ထိုအတွေးသည် တကယ့်ကို ဟာသ အတွေးပင်ဖြစ်၏။

အစောပိုင်းမှ သံလုံးများကို ဖယ်ရှားပစ်သည့် ဝိဉာဉ်သခင် နှစ်ယောက်သည် ယခု ပိုမိုကြီးမားသည့် အလုံးအား မြင်လိုက်ရသည့် အချိန်တွင်လည်း ပြာယာမခတ် သွားခဲ့ကြပေ။ အစောက အတိုင်းပင် ထိုအလုံးအား ဖယ်ရှားပစ်ရန် ပြင်လိုက်ကြ၏။

ဝုန်း….

သို့သော် သူတို့ လက်နက်နှင့် ထိုအလုံး ထိသွားသည့် အချိန်တွင် ထိုအလုံး ချက်ချင်း ပေါက်ကွဲ ထွက်သွားခဲ့သည်။ ထိုအလုံးသည် စုန့်ဟုန်ထယ် တွေးထင်ထားသည့် သာမန် အလုံးမဟုတ်ပေ၊ ဝမ်ရှန်းထံ၌ ကျန်နေသည့် ပေါက်ကွဲအား ပြင်းသည့် လက်ပစ်ဗုံးပင် ဖြစ်၏။

ထိုနေရာ တစ်ခုလုံးတွင် မီးတောက်မီးလျှံများ ချက်ချင်း ပျံ့နှံ့သွားသည်။ အစော၌ ဧကရာဇ် တစ်ပါးကဲ့သို့ ပြုမူနေသည့် စုန့်ဟုန်ထယ်သည်လည်း ချက်ချင်းပင် ပျာယာခတ် သွားကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးရှိ ဝိဉာဉ်စွမ်းအားများဖြင့် အကာအကွယ် ဝတ်စုံမှ ခုခံကာကွယ်ခြင်း အစီအရင်ကို အသက်သွင်း လိုက်သည်။ ဤတိုက်ခိုက်မှုသည် နောက်တစ်ကြိမ် သူတို့ မထင်မှတ်ထားသည့် တိုက်ခိုက်မှုပင်ဖြစ်၏။

လက်ပစ်ဗုံး၏ ပေါက်ကွဲမှု အားသည် အလွန် ပြင်းလှသည်။ သို့သော် ထိုပြင်းအားသည် အဋ္ဌမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်ကို သေစေနိုင်သည်အထိ မပြင်းသေးပေ။

ပေါက်ကွဲရာ၌ ထွက်ပေါ်လာသည့် အပိုင်းအစ များသည်လည်း ထိုဝိဉာဉ်သခင် နှစ်ယောက်ကိုသာ ထိသွားကာ စုန့်သယ်ဟုန်အား မထိခဲ့။ သို့သော် ထိုပုံစံဖြင့် အပိုင်းအစများကို ရှောင်နိုင်သော်လည်း မီးတောက်များကိုမူ မည်သူမှ မရှောင်နိုင်ပေ။

သူတို့၏ အကာအကွယ်များက ဘယ်လောက်ပဲ ကောင်းမွန် နေပါစေ အချို့၏ ကိုယ်ပေါ်မှ အဝတ်အစားများ မီးစွဲသွားကာ အဝတ်အစား မရှိသည့် နေရာတွင် မီးဟပ်သည့် ဒဏ်ကို ခံလိုက်ကြရသည်။

အားလုံး မီးတောက်အတွင်းမှ အလျင်အမြန် ထွက်ပြေး လာကြသည့် အချိန်တွင် တဲစခန်းသည် အပေါက်ပေါက် အပြဲပြဲ ဖြစ်နေပြီဖြစ်၏။ ထွက်ပြေးလာသည့် လူများအားလုံး၏ ခန္ဓာကိုယ်သည် မီးကျွမ်းကာ မည်းတူး နေတော့သည်။ အဋ္ဌမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်ဆိုလျှင် သူတို့၏ မျက်ခုံးမွှေးများ အားလုံး မီးကျွမ်းသွားကာ ဆံပင်တစ်ခြမ်းလည်း မီးစွဲခံလိုက်ရသေးသည်။ အကျည်းတန်သည်မှာ ပြောစရာပင် မရှိတော့ချေ။

မီးဟပ်ခံရသည့် အထဲတွင် စုန့်ဟုန်ထယ်လည်း မလွတ်ပေ။ ဆံပင်တစ်ခြမ်း မီးကျွမ်းကာ မှုတ်ဆိတ်မွေး တစ်ခြမ်းကလည်း မည်းတူး ကွေးကောက်နေ၏။ မီးစလောင်သည့် အချိန်တွင် မျက်နှာကို လက်ဖြင့် ကာလိုက်သည့် အတွက်ကြောင့် မျက်နှာထက်လည်း လက်ရာ ဖြူဖြူကြီး ရှိနေသည်။

သူ့ပုံစံသည် အကျည်းတန်သည် ဆိုခြင်းထက် ရယ်စရာသာ ပိုကောင်း နေတော့သည်။ ခန္ဓာကိုယ်ထက်၌လည်း မီးကျွမ်းသည့် အပေါက်အပြဲများဖြင့် ပြည့်နှက်နေကာ သူ့လက်ရှိ ပုံစံသည် ဂျင်ဒီနယ်မြေ အတွင်း၌ နေနေရစဉ်က ထက်ပင် ပို၍ စုတ်ပြတ်သတ် နေတော့သည်။

သူ ကမ္ဘာပေါ်မှ ယူလာသည့် လက်နက် ပ္စစည်းများက ပိုပိုပြီး အသုံးမဝင် ဖြစ်လာနေသည်ကို ဝမ်ရှန်း သိပေသည်။ ရင်ဆိုင်ရသည့် ရန်သူများက ပိုပြီး အဆင့်မြင့် လာသောကြောင့် ပထမဆုံး G = 17 က အသုံးမဝင် ဖြစ်လာခဲ့သည်။ ထို့နောက် စနိုက်ပါရိုင်ဖယ်၊ ဒါ့ပြင် ယခု လက်ပစ်ဗုံးများပင် သိပ်ပြီး ထိရောက်မှု မရှိတော့။

ယခု ပစ်လိုက်သည့် လက်ပစ်ဗုံးကို ဖယ်တွက် ကြည့်မည်ဆိုလျှင် သူ့ထံ၌ ကျန်နေသည်မှာ မီးဗုံးတစ်လုံး၊ မီးခိုးဗုံးနှစ်လုံး၊ ဖြန့်ကြက် အမျိုးအစား ခြေလျင် ဆန့်ကျင်မိုင်း သုံးလုံးနှင့် ဖောက်ခွဲဗုံး တစ်လုံးတို့သာ ကျန်တော့သည်။ စုန့်ဟုန်ထယ် အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည့် ဗုံးဆိုလျှင် မီးဗုံးသာ ရှိပေသည်။

ဤအဖြစ်အပျက်နှင့် ကြုံတွေ့လိုက်ရသည့် အချိန်တွင် စုန့်ဟုန်ထယ် များစွာ သဘောကျ သွားသည်။ ဝမ်ရှန်း အားသတ်မည့် သူ၏ရည်ရွယ်ချက် ပိုမို ခိုင်မာသွားခဲ့၏။ သို့သော် ယခုတစ်ကြိမ် ဤကဲ့သို့ အခွင့်အရေး ကောင်းရသည့် အချိန်၌ ဝမ်ရှန်း လွတ်မြောက် သွားသည်မှာတော့ နှမြောစရာပင် ဖြစ်သည်။ နောက်တစ်ကြိမ် အခွင့်အရေးရဖို့က မလွယ်လောက်တော့ပေ။ ဝမ်ရှန်း ဝူရုံမြို့မှ ထွက်သည့် အချိန်အထိကို စောင့်ရတော့မည် ဖြစ်သည်။

ကောင်းကင်ထက်တွင် ဝမ်ရှန်း သူ့အောက်မှ မြင်ကွင်းကို ကြည့်လိုက်သည်။ လူသေမသေ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ သူ ဂရုမစိုက်ပါ၊ သင်ခန်းစာရကာ ထိတ်လန့် ကြောက်ရွံ့သွားလျှင် လုံလောက်ပြီ ဖြစ်၏။

“ခင်ဗျားမှာ အခွင့်အရေး ထပ်မရှိတော့မှာကို စိုးရိမ်မိပါတယ် စုန့်ဟုန်ထယ်…”

စုန့်ဟုန်ထယ် တဲဘက်ကို ကြည့်ကာ ဝမ်ရှန်း ပြောလိုက်သည်။ ထို့နောက် အဝေးသို့ တည့်တည့် ပျံထွက်သွား လိုက်၏။

ခေတ်သစ်ကုသမှု နည်းလမ်းများ မရှိဘဲ၊ ဤကမ္ဘာမှ ဆေးအသိပညာ ဗဟုသုတများနှင့် ဆိုလျှင် ဆယ်စုနှစ်ကြာ စုပုံနေသည့် သတ္တုအဆိပ်များကို ကုသနိုင်ရန်က မဖြစ်နိုင်သလောက် ရှိပေသည်။

ယခင် အချိန်များတွင် စုန့်ဟုန်ထယ်သည် အမြဲတမ်း လှုပ်ရှား ရုန်းကန်နေရသည့် အတွက်ကြောင့် အဆိပ်က သိပ်ပြီး အာနိသင် မပြခြင်းဖြစ်၏။ သို့သော် စုန့်မိသားစုသို့ ပြန်ရောက်လာပြီး နောက်တွင် ဂျင်ဒီနယ်မြေ၌ ရှိနေစဉ်ကကဲ့သို့ ရုန်းကန် လှုပ်ရှားနေစရာ မလိုတော့ပေ။ ထိုအချိန်တွင် သူ့ထံ၏ စုနေသည့် ဒေါသများ ပေါက်ကွဲ ထွက်လာကာ သူ၏ခန္ဓာကိုယ်သည် မကြာခင် ပြိုကျပျက်စီး သွားပေလိမ့်မည်။

ပုံမှန်နည်းလမ်းဖြင့် စမ်းသပ် ကုသကြည့်လျှင် သာမန် ဖျားနာမှုဟုသာ စမ်းသပ် မိကြမည် ဖြစ်သည်။ ယခုအချိန်မှစ၍ သူရဲကောင်း တစ်ယောက်၏ နေဝင်ချိန်သည် နီးကပ်နေလေပြီ…
***

Comment

Leave a Reply

Options

not work with dark mode
Reset