Switch Mode

Chapter – 318

ခင်ဗျားမှာ အခွင့်အရေး မရှိတော့ပါဘူး (၁)

အပိုင်း ၃၁၈
ခင်ဗျားမှာ အခွင့်အရေး မရှိတော့ပါဘူး (၁)

စုန့်ဟုန်ထယ်နှင့် နဝမအဆင့် ဝိဉာဉ်သခင်တို့ အမြင်တွင် ဝမ်ရှန်းသည် ပြေးပေါက် ပိတ်နေသည့် လူတစ်ယောက် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ဝမ်ရှန်းသည် သူ့ကိုယ်သူ သတ်သေချင်သည် ဆိုလျှင်ပင် လုပ်၍မရပေ။ ဒါ့ပြင် သူသည် တောင်ထိပ်၌ ရှိနေခြင်း ဖြစ်သည်။ အသတ်ခံရတော့မည့် ဘဲတစ်ကောင်က ဘယ်လိုများ ပြေးနိုင်မှာတဲ့လဲ….

သို့သော် ယခုတွင် ထိုဘဲသည် အမှန်တကယ်ကို ထပျံခဲ့၏။ အမှန်တကယ်ကို မြေပြင်ထက်မှနေ၍ လေထဲသို့ ထပျံခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်ကို မြင်လိုက်ရသည့် လူများသည် သူတို့ကိုယ်သူတို့ နေ့ခင်း ကြောင်တောင် အိပ်မက် မက်နေသည် များလားဟုပင် ထင်သွားကြသည်။ သူတို့ထဲမှ အချို့တွင် မျက်လုံး ပွတ်သူကပွတ်၊ ကိုယ့်ပါးကိုယ် ရိုက်သူကရိုက်ဖြင့် သူတို့ အိပ်မက် မက်နေခြင်း မဟုတ်ကြောင်း အတည်ပြု နေခဲ့ကြသည်။

ဘယ်လို လုပ်ရမည်ကို သူတို့မသိကတော့။ လူတစ်ယောက်က ယခုလို ပျံနိုင်မည်ဟု သူတို့ထင်မထားခဲ့ချေ။ လေ့ကျင့်မှု အထွတ်အထိပ် ရောက်သွားသည် ဆိုလျှင်ပင် လူတစ်ယောက် ပျံသန်းနိုင်သည်ဟု သူတို့ တစ်ခေါက်မှ မကြားဖူးပေ။

နဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက် အလျင်အမြန် သတိပြန်ဝင် လာခဲ့သည်။ ထို့နောက် ဘေးပတ်လည်မှ လူများအား ချက်ချင်း အော်ဟစ် ပြောလိုက်သည်။

“သူ အဲ့ပစ္စည်းနဲ့ ပျံတက်သွားပြီ၊ ဘာရပ် လုပ်နေကြတာလဲ သူ့ကို ပစ်ချကြလေ”

ခေတ်သစ်ကမ္ဘာမှ လူများ အမြင်ဖြင့် ကြည့်မည်ဆိုလျှင် ဤဂလိုက်ဒါသည် သမရိုးကျ သာမန် ဂလိုက်ဒါ တစ်ခုပင် ဖြစ်သည်။ ပြုလုပ်ထားသည့် ပုံစံမှာလည်း ဆိုးရွားသည်ဟု ဖော်ပြ၍ ရပေသည်။

ဤနေရာတွင် စက်ရုံထုတ်ကဲ့သို့ အကောင်းအတိုင်း ရရှိရန်က ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဝမ်ရှန်းသည် သူ လုပ်ချင်သည့် အရာကို သူ့ဘာသာသူ နည်းလမ်းမျိုးစုံ သုံးကာသာ ရအောင်လုပ်ရခြင်း ဖြစ်သည်။

ဤဂလိုက်ဒါသည် ဝမ်ရှန်း ဝူရုံမြို့ အတွင်း၌ သူကိုယ်တိုင် ပြုလုပ်ခဲ့သည့် ဂလိုက်ဒါဖြစ်၏။ ကျံ့နိုင်ဆန့်နိုင်သည့် ကာဗွန်အမျှင်စ အလွှာ မရှိသည့် အတွက်ကြောင့် တိရစ္ဆာန်သားရေကိုသာ အစားထိုး အသုံးပြုခဲ့သည်။ ရွက်ဖျင်တဲထိုးရန် အတွက်ဟု ပြောကာ မှာယူခဲ့ခြင်း ဖြစ်၏။ နောက်ပိုင်း ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သည့် အချိန်တွင်လည်း သူ ရိုးရိုး ရွက်ဖျင်တဲများကို ဝယ်ယူခဲ့သေးပေသည်။

ပါးလျသည့် သံချောင်းများ အတွက်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ ထိုအရာသည် ရွက်ဖျင်တဲ၏ အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။ ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်လေ့ရှိသည့် လူတစ်ယောက် ဖြစ်သည့် အတွက်ကြောင့် သူ၏ ထိုကဲ့သို့ မှာယူမှုအပေါ် မည်သူမှ သံသယ မဝင်ခဲ့ပေ။

ဝမ်ရှန်း၏ ခွန်အားနှင့် ဆိုလျှင် သံပိုက်များကို သူ အလိုရှိသည့်အတိုင်း ကွေးညွတ်ရန်က မခက်ပေ။ ဝမ်ရှန်းသည် သူ အိမ်မှ မထွက်လာခင် အချိန်ကတည်းက ဤအရာ အားလုံးကို ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သူ့ကမ္ဘာမြေပေါ်၌ ဂလိုက်ဒါ စီးနင်းခြင်းကို အကြိမ်ပေါင်း များစွာ လေ့ကျင့်ခဲ့ဖူးသည့် ဝမ်ရှန်းအဖို့ စီးနင်းရာ၌ ကျင့်သုံးရမည့် စည်းမျဉ်း စည်းကမ်းများကို ကောင်းကောင်း နားလည်နေပြီး ဖြစ်သည်။ တိရစ္ဆာန်သားရေနှင့် သံပိုက်များဖြင့် ပြုလုပ်ထားသည့် ဂလိုက်ဒါက သိပ်ပြီး ရိုးရှင်းလှသော်လည်း ဝမ်ရှန်း၏ တိကျသေသပ်သည့် ထိန်းချုပ်မှု အောက်တွင် ပျံသန်းရန် အလွန် လွယ်ကူ ပေသည်။

ဝမ်ရှန်း လေအဟုန် နှင့်အတူ အပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသည့် အချိန်တွင် နဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်သည် သူနှင့် မိုင်ပေါင်း ဒါဇင်နှင့်ချီ ဝေးနေဆဲဖြစ်၏။ သူတို့၏ နောက်လိုက်များကို တိုက်ခိုက်ရန် အမိန့်ပေး လိုက်သည့်အပြင် သူတို့ နှစ်ယောက်သည်လည်း အလျင်ဆုံး အရှိန်ဖြင့် အရှေ့သို့ တက်သွားလိုက်သည်။

ကံဆိုးသည်က ဝမ်ရှန်းသည် သူတို့ မရောက်နိုင်သည့် အမြင့်သို့ ရောက်သွားပြီ ဖြစ်သည်။ ဂလိုက်ဒါသည် ပုံမှန်နှုန်း အမြန်ဖြင့် ပျံသန်းနေကာ သူတို့နှစ်ယောက် ပြေးသည့် အရှိန်ထက် နှစ်ဆ ပိုမြန်နေသည်။ ဝမ်ရှန်း ထွက်သွားသည့် နေရာသို့ ရောက်သွားသော် သူတို့နှင့် တဖြည်းဖြည်းချင်း ဝေးဝေးသွားနေသည့် ဝမ်ရှန်းကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်ကြ၏။

သို့သော် ဝမ်ရှန်းသည် ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုတင် တွေးထားပြီးသား ဖြစ်သည်။ ဓားနှစ်ချောင်း ပစ်လာသည့် အချိန်တွင် ဂလိုက်ဒါကို အနည်းငယ် စောင်းကာ လှည့်ပျံလိုက်၏။ ထိုဓားတို နှစ်ချောင်း ဝမ်ရှန်း၏ ခန္ဓာကိုယ်အား ဘေးမှ သီသီလေး ကပ်လွဲသွားသည်။ ထိုသို့ လှည့်လိုက်သည့် အချိန်တွင် ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်လာသည့် လေအားကြောင့် ဝမ်ရှန်း တစ်ခဏပင် ထိတ်လန့် သွားခဲ့သေးသည်။

နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက် ချင်သေးသည်ဆိုလျှင် မဖြစ်နိုင်တော့ပေ။ သူတို့နှစ်ဖွဲ့ကြားမှ အကွာအဝေးသည် မီတာ ၃၀၀ ရှိနေပြီ ဖြစ်သည်။ ဒါ့ပြင် တိုက်နေသည့် လေအားကလည်း ပြင်းနေ၏။ ဝိဉာဉ်သခင် နှစ်ယောက်သည် ဘယ်လောက်ပဲ အားကောင်းနေပါစေ သူတို့ ပစ်လွှတ်လိုက်သည့် ဓားတိုများသည် စနိုက်ပါကျည်ဆံများ မဟုတ်ပေ။ သူတို့တွင် လေထုကို ဖြိုခွင်းနိုင်သည့် အားမရှိကြချေ။ ထို့ကြောင့် ဓားတိုက မီတာ ၁၀၀ ကျော် ရောက်သည့် အချိန်တွင် ပစ်မှတ်နှင့် အနည်းဆုံး သုံးပေ လွဲသွားတော့သည်။ ထို့ကြောင့် ဆက်တိုက်ခိုက်လျှင်လည်း အကျိုး မရှိတော့ပေ။

သူတို့နောက်လိုက်ထဲမှ တစ်ယောက်သည် လေးနှင့်မြား သယ်လာခဲ့၏။ ထို့နောက် ဝမ်ရှန်းအား မြားဖြင့်ပစ်ရန် ရွယ်လိုက်သည်။ မြား၏ လေထုဖြိုခွင်းအားသည် ဓားတိုများထက်တော့ အားပိုကောင်းပေသည်။ ထိုလေးသမားသည် ဒဏ္ဍာရီထဲမှ လေးသမားနှင့်ပင် ယှဉ်နိုင်သည့် စွမ်းရည်ရှိ၏။ သို့သော် သူ့အတွက် ကံဆိုးသည်မှာ ယခုအချိန်တွင် ဝမ်ရှန်းသည် လက်တစ်ဖက် လွှတ်ကာ ဂလိုက်ဒါကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

သူ မြားပစ် လိုက်သည်နှင့် ဝမ်ရှန်းသည်လည်း သံလုံးကို ပစ်ထည့်လိုက်သည်။ ယခုအချိန်တွင် သံလုံးများ ပစ်ရာ၌ ဝမ်ရှန်း၏ တိကျမှုသည် G = 17 ကိုသုံးကာ ပစ်သည်ထက်ပင် ပိုမို တိကျနေပြီ ဖြစ်၏။ မီတာ ၅၀ အတွင်းတွင် သူပစ်လွှတ်သည့် ပြင်းအားနှင့် တိကျမှုသည် G = 17 ထက် များစွာ သာလွန်ပေသည်။

ဒေါက်…

မြားနှင့်သံလုံး ထိပ်တိုက်တွေ့သွားကာ နှစ်ခုလုံး ဘယ်ရောက်သွားလဲ မသိတော့ပေ။ ထို့နောက် ဝမ်ရှန်းသည် စက်သေနတ်မှ ကျည်ဆံများ ပစ်လွှတ်သကဲ့သို့ မြေပြင်ထက်မှ လူများကို သံလုံးများဖြင့် တစ်လုံးပြီး တစ်လုံး ဆက်တိုက် ပစ်လိုက်သည်။

ဝမ်ရှန်းသည် လက်တစ်ဖက်ဖြင့် ဂလိုက်ဒါကို ထိန်းချုပ်ကာ အခြားတစ်ဖက်ဖြင့် မြေပြင်ထက်မှ ရန်သူများကို ပစ်ခတ်နေခဲ့သည်။ ပစ်ခတ်သည့် နှုန်းက အလိုအလျောက် စက်သေနတ်ကဲ့သို့ မမြန်သော်လည်း လေးနှင့်မြား ပစ်နှုန်းထက်တော့ များစွာ ပိုမြန်ပေသည်။

ဤလက်အောက် ငယ်သားများသည် စုန့်ဟုန်ထယ်၏ ကိုယ်ပိုင် ကိုယ်ရံတော်များ မဟုတ်ကြချေ၊ ယခုလေးတင် ပြန်လည် စုစည်း ခံလိုက်ရသည့် စုန့်မိသားစု အဖွဲ့ဝင်များဖြစ်၏။ ထိုကဲ့သို့ ဆိုလျှင်လည်း သူတို့သည် ဝမ်ရှန်းအား ကိုင်တွယ်နိုင်ရန် လုံလောက်ပေသည်။ သို့သော် ဝမ်ရှန်းက ထပျံလိမ့်မည်ဟု သူတို့ မထင်ထားပေ။

ထိုလူများ ဗျာများ သွားသည်။ ဝမ်ရှန်းလေထဲမှ ပစ်လွှတ်လိုက်သည့် သံလုံးများသည် ကမ္ဘာမြေ ဆွဲအားကိုပါ ထည့်ပေါင်း လိုက်လျှင် စနိုက်ပါသေနတ်မှ ပစ်သည့် ပြင်းအားထက်ပင် ပိုပြင်း၏။ များစွာသော စတုတ္ထအဆင့် ဝိဉာဉ်သခင်များသည် အချိန်မီ မရှောင်နိုင်ပေ။

ဖောက် ဖောက် ဖောက်…

ပဥ္စမအဆင့်မှ လူများသည်လည်း ထိခဲ့သေးပေသည်။ သူတို့၏ ချပ်ဝတ်တန်ဆာများက ကာကွယ် ပေးထားသော်လည်း လုံလောက်အောင် မကာပေးနိုင်ဘဲ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြသည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက အချက်မှာ ဝမ်ရှန်းသည် ကောင်းကင်ထက်၌ရှိပြီး သူတို့က တောင်ဂတုံးထက်၌ ရှိနေခြင်းကြောင့်ဖြစ်သည်။ သူတို့ ထွက်ပြေးချင်သော်ငြား ဤနေရာတွင် သူတို့ ပုန်းလို့ရသည့် နေရာမရှိပေ။

ကံကောင်းသည်က ဝမ်ရှန်းသည် လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်း နေသောကြောင့် သူတို့ကို အချိန်တစ်ခုထိသာ ပစ်ခဲ့ပြီး တစ်ခဏအတွင်းမှာပင် သူတို့အား ကျော်သွားလိုက်သည်။

ထို့နောက် လေအရှိန်ကို သုံးကာ ဂလိုက်ဒါကို အမြင့်သို့ပျံရန် ထိန်းချုပ် လိုက်ပြီး ချောချောမွေ့မွေ့ ဆက်လက် ပျံသန်း လိုက်သည်။ သူ၏မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့တွင်လည်း လေကာမျက်မှန်နှင့် မျက်နှာဖုံးတို့ ဝတ်ဆင် လိုက်သည်။ လေထုထဲတွင်မူ ထိုအရာများ မတပ်၍လည်း မရပေ။ ထို့နောက် ဝမ်ရှန်း စုန့်ဟုန်ထယ် ရှိရာဘက်ကို လှည့်ကြည့် လိုက်သည်။

…….

ဝမ်ရှန်း ရုတ်တရက် ပျံတက်သွားသည့် ဖြစ်ရပ်တွင် စုန့်ဟုန်ထယ်သည်လည်း ကြောင်အ သွားခဲ့ပေသည်။ ဝမ်ရှန်းက ပျံနိုင်လိမ့်မည် ဟုတော့ သူ မထင်ထားပေ။

ထို့ပြင် သူ့ဘက်မှ စတင် တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် ဝမ်ရှန်းကလည်း သူ့အား အလွတ်ပေးမည် မဟုတ်ပေ။ ထိုအချိန်မှာပင် ဝမ်ရှန်းက ထူးဆန်းသည့် ပစ္စည်းကြီးအား ထိန်းကာ သူ့ဘက်သို့ ဦးတည် ပျံသန်း လာနေသည်ကို သူ မြင်လိုက်ရ၏။ သူတို့နှင့် မီတာတစ်ရာ အကွာခန့် ရောက်လာသည့် အချိန်တွင် သူတို့ပေါ်သို့ သံလုံးများ တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ကျရောက် လာတော့သည်။

စုန့်ဟုန်ထယ် ဘေးနားတွင် အဆင့်မြင့် ဝိဉာဉ်သခင်များ စောင့်ကြပ်နေသည့် အတွက်ကြောင့် သူကိုယ်တိုင် လှုပ်ရှားစရာ မလိုပေ။ သူ့ရှေ့မှ အစောင့် နှစ်ယောက်သည် ဝမ်ရှန်း ပစ်လွှတ်သည့် သံလုံးများကို သူတို့လက်ထဲမှ လက်နက်များဖြင့် တစ်လုံးပြီးတစ်လုံး ရိုက်ချပစ်နေခဲ့၏။ စုန့်ဟုန်ထယ်နှင့် သူ့နောက်မှ လူများသည် ထိခိုက်မှုများ မရှိပေ။

ဝမ်ရှန်း၏ တိုက်ခိုက်မှုများ အချည်းနှီး ဖြစ်သွားသည်ကို မဲ့ပြုံးပြုံးကာ ကြည့်နေစဉ်မှာပင် စုန့်ဟုန်ထယ်၏ မြင်ကွင်းထဲ၌ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာကာ ထိုအရိပ်က တဖြည်းဖြည်းချင်း ကြီးမား လာခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset