အပိုင်း ၃၁၇
နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း (၂)
ဂျင်ဒီနယ်မြေထဲ၌ မဟုတ်သဖြင့် တိုက်ပွဲဝိဉာဉ်ထံမှ မည်သည့် သတိပေးချက်ကိုမှ ဝမ်ရှန်း မရခဲ့။ သူသာ သတိမလျင်ဘူးဆိုလျှင် သူသည် ဤအဖြစ်အပျက်ကို သတိထားမိမည် မဟုတ်ပေ။
ထိုကဲ့သို့ တစ်ခုခု မှားနေကြောင်း သတိထားမိသည်နှင့် ဝမ်ရှန်း ချက်ချင်း ဦးတည်ချက် ပြောင်းလိုက်သည်။ အစတွင် သူသည် စုန့်မိသားစု ပိုင်နက် အတွင်းမှ တည့်တည့်သွားရန် တွေးထားခြင်း ဖြစ်သည်။ ယခုတော့ ထိုကဲ့သို့လုပ်၍ မရတော့ပေ။
ဘယ်ဘက်တွင် ထူထပ်သည့် တောအုပ်ရှိကာ ညာဘက်တွင် တောင်တန်းများ ရှိ၏။ ဝမ်ရှန်း တွေဝေ မနေဘဲ တောင်တန်းများ ဘက်ကို ရွေးလိုက်သည်။ အမြင့်သို့ လျှောက်သွားလျှင် အဝေးမှ လှုပ်ရှားမှုများကို အချိန်မရွေး ပြန်လှည့်ကြည့် နိုင်ပေသည်။ တောအုပ် အတွင်း၌တွင်တော့ သူ ထိုကဲ့သို့ မလုပ်နိုင်ပေ။ ဤနေရာက ဂျင်ဒီနယ်မြေ မဟုတ်သောကြောင့်လည်း ပါ၏။
ဤနေရာတွင် မည်သူက သူ့ကို လမ်းပိတ် နိုင်လောက်နည်း။ တွေးကြည့် လိုက်လျှင် သံသယ ဖြစ်စရာ တရားခံက အနည်းငယ်သာ ရှိပေသည်။ သံသယဖြစ်စရာ အကောင်းဆုံးသူမှာ စုန့်ဟုန်ထယ်ဖြစ်၏။
ဂျင်ဒီနယ်မြေ အတွင်းတွင် ဝမ်ရှန်းသည် စုန့်ဟုန်ထယ်နှင့် ရာနှင့်ချီသည့် သူ့နောက်လိုက်များကို မသတ်ဘဲ လွှတ်ပေးခဲ့သည်။ စုန့်ဟုန်ထယ်သည် ထိုအချိန်၌ ခက်ခဲသည့် အချိန်ကြုံ တွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် အေးအေးချမ်းချမ်း ခွဲခွာခဲ့ရသည်ဟု ပြော၍ ရပေသည်။
သူ့ရှေ့မှာ အစီအရင်ကို ကြိုတင် စီစဉ်ထားဖို့ ဆိုလျှင် စုန့်ဟုန်ထယ်သည် ဝမ်ရှန်း သူတို့နောက် လိုက်ခဲ့သည်ကို ခန့်မှန်း မိခဲ့သောကြောင့် ဖြစ်နိုင်သည်။ ထိုကဲ့သို့ ခန့်မှန်းမိသည်မှာလည်း ဂျင်ဒီနယ်မြေမှ ပြန်ထွက်လာစဉ် လမ်းတစ်လျှောက်လုံးတွင် မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ခြင်းကြောင့် ဖြစ်မည်။ ထို့ကြောင့် စုန့်မိသားစုကို ပြန်လည် စီရင်နေစဉ်တွင် ဤအစီအရင်ကို တိတ်တဆိတ် ပြင်ဆင်ခဲ့ကာ ပြီးမှ အသက်သွင်းခဲ့ခြင်း ဖြစ်ပေမည်။
စုန့်ဟုန်ထယ် တစ်ဦးတည်းသာ သံသယ ရှိချင်စရာ ကောင်းခြင်း မဟုတ်ပေ။ ချူမိသားစုလည်း ဖြစ်နိုင်၏။ ဝမ်ရှန်းသည် သူဝတ်ထားသည့် အကာအကွယ် ဝတ်စုံကို ကောင်းကောင်း မစစ်ဆေး ကြည့်ရသေးပေ။ မည်သူ သိမည်နည်း၊ ဤဝတ်စုံပေါ်တွင် ခြေရာခံခြင်း အစီအရင် ရှိချင်ရှိနေနိုင်ပေသည်။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ယောက်လည်း ရှိသေး၏၊
ထိုသူမှာ .. ခြေတံရှည် ကြေးစား အမျိုးသမီးပင်…
သူ သူမ အကြောင်း တွေးမိသည့် အချိန်တွင် လှပသွယ်လျသည့် ခြေတံများကို သူ တွေးဖြစ်အောင် တွေးလိုက်မိသေးပေသည်။
ဝမ်ရှန်း ရုတ်တရက် တောင်တန်းများ ဘက်သို့ လမ်းကြောင်း ပြောင်းသွားခြင်းက အချို့သော လူများကို အံ့သြ သွားစေခဲ့သည်။ သို့သော် ဝမ်ရှန်းဘက်မှ အလျင်လိုဟန် မတွေ့သောအခါ သူတို့သည်လည်း ဝမ်ရှန်းနောက် အေးအေးဆေးဆေးသာ ဆက်လိုက် သွားလိုက်၏။
ဝမ်ရှန်း သူတို့ရှေ့မှာပင် အဝေးကြည့် မှန်ပြောင်းကို ထုတ်ကာ သူ့ဘေး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
နေရာ အဘက်ဘက်မှ သူ့ထံသို့ ဦးတည် လာနေသည့် လူ စုစုပေါင်း အယောက် ၃၀ ရှိ၏။ သူတက်ခဲ့သည့် တောင်ဘေး ပတ်ပတ်လည်၌ ရှိနေသည့် မြစ်ချောင်းများသည် ရေမခန်းနေသည့် အတွက်ကြောင့် သူ ဘယ်ဘက်ပြေးပြေး လမ်းပိတ်နေပြီ ဖြစ်၏။
သူ့ထံသို့ ဦးတည် လာနေသည့် လူများထဲမှ တစ်ယောက်ကို ဝမ်ရှန်း မှတ်မိပေသည်။ ထိုလူသည် ဂျင်ဒီနယ်မြေထဲ၌ သူ မြင်ခဲ့ဖူးသည့် စုန့်ဟုန်ထယ်၏ အနီးကပ် လူယုံတော်များထဲမှ တစ်ယောက် ဖြစ်သည်။ ထိုလူသည် အုပ်စုများကြား၌ ပေါ်လွင်နေခြင်းမျိုး မရှိသော်လည်း ထိုလူ၏ ဝိဉာဉ်အဆင့်က အနည်းဆုံး အဋ္ဌမအဆင့် သို့မဟုတ် ထို့ထက်ပင် ပိုနိုင်သည်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။
ထိုလူကို မြင်လိုက် ရသောအခါ ဤလူများက စုန့်ဟုန်ထယ် လွတ်လိုက်သည့် လူများဖြစ်ကြောင်း သေချာသွားသည်။ ဤအရေအတွက် နှင့်ဆိုလျှင် ဂျင်ဒီနယ်မြေ အပြင်ဘက်၌ ရှိနေသည့် ဝမ်ရှန်းကို ကိုင်တွယ် နိုင်သည်ထက် ပိုပေသည်။
ဝမ်ရှန်း ပတ်ဝန်းကျင် မြေပြင် အနေအထားကို စူးစမ်းကာ ပိုမြင့်သည့် တောင်ကြော တစ်လျှောက် တက်သွား လိုက်သည်။ ဝမ်ရှန်းအား ဝိုင်းထားသည့် လူများသည်လည်း ဝမ်ရှန်းထံသို့ တဖြည်းဖြည်းချင်း ဦးတည် လာနေကြဆဲ ဖြစ်သည်။ သူတို့သည် လမ်းပေါ်မှာ ကတည်းက ဝမ်ရှန်းအား စောင့်ကြည့် နေခဲ့ခြင်းဖြစ်၏၊ ထို့ကြောင့် ယခု အချိန်တွင် ဝမ်ရှန်း သူတို့လက်တွင်းမှ သေချာပေါက် လွတ်မြောက် နိုင်မည် မဟုတ်ပေ…
ဝမ်ရှန်း၏ တွန်းအား ပေးခြင်းကို ခံရခြင်းသည် စုန့်ဟုန်ထယ် အတွက် တစ်ခေါက်မှ မကြုံတွေ့ခဲ့ဖူးသည့် အရှက်ကွဲမှု ဖြစ်သည်။ သို့သော် စုန့်မိသားစုဆီ ပြန်လာကာ စုန့်မိသားစု၏ အင်အားကို ပြန်လည် ထိန်းချုပ် နိုင်သည်အထိ သူ့စိတ်ကိုသူ ထိန်းချုပ် ထားခဲ့သည်။ ထို့နောက်မှာမှ ဝမ်ရှန်းအပေါ် ဤကဲ့သို့ ချက်ချင်း စီစဉ်ခဲ့ခြင်း ဖြစ်၏။
ဝမ်ရှန်းအပေါ် ရစ်ပတ် နှောင်တွယ် နေသည့် သူ့သမီးစိတ်ကို သူ မြင်ရပေသည်။ သို့သော် ဘယ်ကမှန်းမသိ ရောက်လာသည့် အရိုင်းအစိုင်း လူတစ်ယောက်က သူ့သမီးနှင့် ပရောပရည် လုပ်မှာမျိုးကို သူ ဘယ်တော့မှ သည်းခံနိုင်မည် မဟုတ်ချေ။
စုန့်ဟုန်ထယ်သည် သူ့နေရာမှ ကြည့်လျှင် ဝမ်ရှန်း ရှိနေသည့် နေရာ၌ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ အားလုံးကို မြင်ရပေသည်။ သို့သော် သူထံတွင် ဝမ်ရှန်း ကဲ့သို့ အဝေးကြည့် မှန်ပြောင်း မရှိပေ။ ထို့ကြောင့် လူများကို ပုရွက်ဆိတ် အရွယ်အစားခန့်သာ မြင်နေရ၏။ သို့သော်ငြားလည်း မည်သည်က ဝမ်ရှန်း၊ မည်သည်က သူ့လူများဟုတော့ ခွဲခြားသိပေသည်။
ဝမ်ရှန်းက အစီအရင်ကို အရင် ရှာတွေ့သွားသည် ကိုတော့ သူ ချီးကျူးမိပေသည်။ သို့သော် ထိုအရာက သူ့ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ လမ်းကြောင်း ပြောင်းလိုက်ခြင်းက သူ့အား အရှင်ဖမ်းရန် ခက်သွားခြင်းသာ ရှိ၏။ ဝမ်ရှန်းသည် နဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်၊ စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့် ဝိဉာဉ်သခင်များ၏ လက်တွင်းမှ လွတ်မြောက် နိုင်ပါဦးမည်လား…
ဝမ်ရှန်း တောင်ပေါ်တက် ပြေးသည်ကို မြင်လိုက် ရသောအခါ စုန့်ဟုန်ထယ် အထင်သေးစွာ နှာခေါင်းရှုံ့ လိုက်သည်။ တောအုပ် အတွင်းသို့ ထွက်ပြေးခြင်းက တောင်ပေါ်တက် ပြေးခြင်းထက် ပြေးရ ပိုလွယ်သည် မဟုတ်ပါလော။
မည်သို့ဆိုစေ တောအုပ် အတွင်းတွင် ချုံများနွယ်များကို အကာအကွယ် ယူ၍ တစ်ဖက်၏ အမြင်ကို ဖုံးကွယ်ကာ ထွက်ပြေး၍ ရသည်။ တစ်ဖက်ကလည်း မရေမရာ လိုက်ရှာရမည် ဖြစ်၏။ သို့သော် တောင်ပေါ်သို့ တက်ပြေးပါက ရှင်းလင်းနေသည့် တောင်ကုန်းများ ထက်တွင် တစ်ချက် ကြည့်လိုက်ရုံဖြင့် ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရကာ ထွက်ပြေးစရာ နေရာမရှိပေ။
ဤဝမ်ရှန်းက သူ့အား ဂျင်ဒီနယ်မြေ အတွင်း၌ ကူကယ်ရာမဲ့အောင် လုပ်ခဲ့သည့် ဝမ်ရှန်းပင်… ထိုတစ်ခဏတွင် စုန့်ဟုန်ထယ် နောင်တ ရသွားသည်၊ သူက အရမ်းကို ရေးကြီးခွင်ကျယ်တွေ လုပ်မိသွားပြီလား… ဝမ်ရှန်းသည် တတိယအဆင့်သာ ရှိသည့် ဝိဉာဉ်သခင်သာ ဖြစ်၏။ မည်သို့ပင် ဖြစ်စေကာမူ ယခုလက်ရှိတွင် သူ့အား အရင်ဖမ်းမိရန် အရေးကြီးပေသည်။
ပေတစ်ရာခန့် မြင့်သည့် ဒုတိယမြောက် တောင်ပေါ်တွင် ဝမ်ရှန်း ရပ်လိုက်ကာ မြေပြင်ပေါ်သို့ ထိုင်ချ လိုက်သည်ကို စုန့်ဟုန်ထယ် မြင်လိုက်ရသည်။ သို့သော် ဤအကွာအဝေးတွင် ဝမ်ရှန်း၏ ပုံရိပ်ကို ရေးတေးတေးသာ မြင်ရပေသည်။ သူ၏ လှုပ်ရှားမှု အသေးစိတ်ကို မမြင်ရပေ။
နဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်သည်လည်း သူတို့ နောက်လိုက်များ နှင့်အတူ ဝမ်ရှန်းအား ဝိုင်းထားသည့် အနေအထားဖြင့် အပေါ်သို့ တက်သွားနေဆဲ ဖြစ်၏။
သူတို့နှစ်ယောက် အဝေးမှ ကြည့်လိုက်သည့် အချိန်တွင် တောင်ထိပ်၌ ရှိနေသည့် ဝမ်ရှန်းက ပါးလျသည့် သံချောင်းများနှင့် သားရေနှင့် တူသည့် အစပုံစံတစ်ခု ထုတ်ယူ လာသည်ကို မြင်လိုက်ရသည်။ ဝမ်ရှန်း ဘာလုပ်နေမှန်း သူတို့ မသိပေ။ ဝမ်ရှန်းနှင့် သူတို့ကြား၌ တစ်မိုင်နီးပါး ကွာဝေး နေသေးသောကြောင့် သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်ရခြင်း ဖြစ်၏။
ဤနဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်သည်လည်း ဂျင်ဒီနယ်မြေ အတွင်း၌ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်အတွက် ဝမ်ရှန်းအပေါ် သိပ်ပြီး ကျေနပ်မှု မရှိကြပေ။ သူတို့ ခေါင်းဆောင်က မလှုပ်ရှားလျှင်လည်း သူတို့ဘာသာသူတို့ လှုပ်ရှားမည် ဖြစ်သည်။
တစ်ခဏ အကြာတွင် ဝမ်ရှန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ အားလုံးရှေ့၌ သူတို့ တစ်ခေါက်မှ မမြင်ဖူးသည့် အရာတစ်ခု ပေါ်လာခဲ့သည်။ တြိဂံပုံ သားရေစကြီးကို သံချောင်းများဖြင့် ထောက်ထားသည့် ပစ္စည်းတစ်ခုဖြစ်၏။
ထိုပ္စစည်းက ဘာလဲ၊ ဘယ်လို သုံးရတာလဲ… မည်သူမှ မသိပေ။ အားလုံးသည် ထိုမြင်ကွင်းကိုမြင်ကာ ထူးဆန်းသည်ဟုသာ တွေးလိုက်ကြ၏။
ဝမ်ရှန်း အဝေးကြည့် မှန်ပြောင်းကို နောက်တစ်ကြိမ် ထုတ်ကာ ဘေးပတ်ပတ်လည်အား ကြည့်လိုက်သည်။ ထိုအချိန်တွင် ၁၀ မိုင် အကွာရှိ တောင်ကုန်း တစ်ခုပေါ်၌ ရှိနေသည့် စုန့်ဟုန်ထယ်၏ လျှို့ဝှက်တဲကို သူ တွေ့သွားသည်။
ထို့နောက် မှန်ပြောင်းကို သိမ်းကာ သူ့ခန္ဓာကိုယ် အရွယ်အစား၏ နှစ်ဆရှိသည့် ဂလိုက်ဒါ (စက်မဲ့လေယာဉ်) ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ် လိုက်သည်။ ထို့နောက် အခြား လက်တစ်ဖက်ဖြင့် စုန့်ဟုန်ထယ် ရှိသည့်ဘက်ကို လက်ခလယ် ထောင်ပြကာ တောင်ကုန်းထက်မှ ပြေးဆင်း လိုက်သည်။
နဝမအဆင့် ဝိဉာဉ်သခင် နှစ်ယောက်သည် တစ်ခုခု မှားနေကြောင်း သတိပြုမိ သွားကာ တောင်ထိပ်ပေါ်သို့ အပြေးအလွှား ပြေးတက် သွားလိုက်ကြ၏။ သို့သော် သူတို့ နောက်ကျသွားသည်…
သူတို့နှစ်ယောက် တောင်ထိပ်သို့ ရောက်သည့် အချိန်မှာပင် တောင်ဆင်ခြေလျှော တစ်လျှောက် ပြေးဆင်းသွားသည့် ဝမ်ရှန်းသည် ဂလိုက်ဒါဖြင့် လေဟုန်ကို စီးလျက် လေပေါ်သို့ ပျံတက်သွားခဲ့ပြီ ဖြစ်၏။
***