Switch Mode

Chapter – 316

နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း (၁)

အပိုင်း ၃၁၆
နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း (၁)

ဂျင်ဒီနယ်မြေ တောင်နံရံထက်ရှိ လျှို့ဝှက် ကျင့်စဉ်များနှင့် သိုင်းပညာများက အလိမ်အညာ ဖြစ်သည်ဖြစ်စေ၊ အဖြစ်မှန် ဖြစ်သည်ဖြစ်စေ ရာနှင့်ချီသည့် စုန့်မိသားစုများ ဂျင်ဒီနယ်မြေ အတွင်းမှ ထွက်လာခြင်းကတော့ အလိမ်အညာ မဟုတ်ပေ။

ထို့ပြင် သူတို့ အားလုံး၏ ကျင့်စဉ်သည် သတ္တမအဆင့်နှင့် သတ္တမအဆင့် အထက်များ ဖြစ်၏။ ဤသတင်းကို ကြားပြီးနောက် အခြား အင်အားစုများ တုန်လှုပ်သွားမည်ကို ဝမ်ရှန်း တပ်အပ် သိပေသည်။

ထိုကဲ့သို့ ဆိုလျှင် စုန့်မိသားစုက ပြဿနာ ပိုတက်လေ၊ ဤကိစ္စက ပိုကြီးကျယ် သွားလေ ဝမ်ရှန်း သူ၏ ပန်းတိုင်ကို ရရှိရန် ပိုနီးကပ် သွားလေပင် ဖြစ်သည်။

ဝမ်ရှန်း ခန့်မှန်းချက်မှာ မှန်ပေသည်။ ပထမ အကြီးအကဲမှစ၍ လက်ရှိ အကြီးအကဲ အဖွဲ့ကို သုတ်သင် ရှင်းလင်းပစ်နိုင်ရန် နေ့တစ်ဝက်သာ ကြာခဲ့သည်။

တရစပ် တိုက်ခိုက်မှုတွင် အကြီးအကဲများ အားလုံးကို ဖမ်းရုံသာ ဖမ်းခဲ့ခြင်း မဟုတ်ပေ။ ဤမတိုင်ခင်တွင် နေရာအနှံ့ ရောက်ရှိ နေကြသည့် စုန့်ဟုန်ထယ်၏ နောက်လိုက်များသည် အကြီးအကဲ ကိုးဦးလုံး၏ မိသားစုဝင်များကို အပြည့်အဝ ထိန်းချုပ် ထားခဲ့ပြီး ဖြစ်သည်။ များပြားလှသည့် လူယုံတော်များ နှင့်အတူ စုစုပေါင်း အရေအတွက်ကို ပေါင်းကြည့် လိုက်မည်ဆိုလျှင် လူ ၂၀၀၀ ကျော် ရှိပေသည်။

စုန့်ဟုန်ထယ်စုန့်မိသားစု စံအိမ်အတွင်းသို့ ဝင်ရောက်သွားပြီး သိပ်မကြာခင်မှာပင် စံအိမ်ဝင်း တစ်ခုလုံး သွေးများဖြင့် ခြင်းခြင်းနီ သွားခဲ့သည်။

စုန့်ဟုန်ထယ်သူ့ကတိအတိုင်း လုပ်ခဲ့သည်၊ ဖမ်းဆီးထားသည့် အကြီးအကဲ ကိုးဦးလုံးကို ခေါင်းဖြတ် သတ်ခဲ့သည်။ စုန့်မိသားစု၏ ခေါင်းဆောင် ပြန်ရောက်ရှိ လာကြောင်းကို အများ သိအောင် ပွင့်ပွင့်လင်းလင်း ကြေညာခဲ့သည်။

ထိုသတင်း နေရာအနှံ့ ပျံ့သွားကာ တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အထူးသဖြင့် စုန့်ဟုန်ထယ်၏ ဘေးမှ အစောင့်များက သြချလောက်သည့် စွမ်းရည်၊ တိုက်ရည် ခိုက်ရည်များကို ချပြခဲ့သည့် အချိန်တွင် အင်အားစုများ အားလုံး၏ အာရုံက စုန့်မိသားစုပေါ်သို့ ကျရောက်ခဲ့တော့သည်။

အစပိုင်းတွင် စုန့်ဟုန်ထယ်သည် ၁၀ နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် ခေါင်းဆောင် တစ်ယောက်သာ ဖြစ်သည်။ သို့သော် ယခု အင်အား ကြီးမားသည့် တပ်ဖွဲ့ဖြင့် ပြန်ရောက် လာကာ အကြီးအကဲ အဖွဲ့ကို ဖိနှိပ်ခဲ့သည်။ စုန့်မိသားစု၏ အထက်မှ အောက်ခြေအထိ မည်သူမှ တစ်ခွန်းမှ မဟရဲခဲ့ကြပေ။

ခေါင်းဆောင် ကိုးဦး၏ ဘက်တော်သားများ အားလုံး နီးပါးလည်း အသတ်ခံခဲ့ရသည်။ လွတ်မြောက် သွားသည့် လူများ တချို့တလေ ရှိသည် ဆိုလျှင်ပင် ဤကဲ့သို့ ခွန်အား ကြီးမားသည့် ခေါင်းဆောင် တစ်ယောက်အပေါ် သူတို့၏ မကျေနပ်ချက်များကို ဘယ်တော့မှ လက်တုံ့ပြန်ရဲမည် မဟုတ်ပေ။

ယခင် အချိန်များတွင် စုန့်ဟုန်ထယ်အား သစ္စာရှိသည့် လက်အောက် ငယ်သားများသည် ဖိနှိပ်ခံခဲ့ ရသော်လည်း ယခုတွင် သူတို့သည် ခေါင်းချီရင်ကော့ကာ နေနိုင်ပြီဖြစ်သည်။ သူတို့၏ အနာဂတ် နေ့ရက်များသည် တောက်ပပြီ ဖြစ်၏။ လစ်ဟာသွားသည့် နေရာများတွင် လုပ်ပိုင်ခွင့် အာဏာရခဲ့သည်။ ရက်အနည်းငယ် အတွင်းမှာပင် စုန့်မိသားစု၏ ပိုင်နက် တစ်ခုလုံးတွင် စုန့်ဟုန်ထယ်၏ အာဏာ လွှမ်းမိုးသွားကာ စုန့်မိသားစုကို နောက်တစ်ကြိမ် ခိုင်မာစွာ ပြန်လည် ဆုပ်ကိုင် နိုင်ခဲ့သည်။

စုန့်ရန်သည်လည်း စုန့်မိသားစု၏ သခင်မလေး ပြန်ဖြစ်လာခဲ့သည်။

ဝမ်ရှန်း စုန့်မိသားစုကို ဂျင်ဒီနယ်မြေ အတွင်းသို့ ဦးဆောင် ခေါ်သွားသည်မှာ အများသိသည့် ကိစ္စဖြစ်သည်။ အစပိုင်းတွင် ဝမ်ရှန်းက စုန့်သခင်မလေး၏ သတို့သားလောင်း ဖြစ်သည်ဟု စုန့်မိသားစုဘက်မှ ကြေညာခဲ့၏။ ဂျင်ဒီနယ်မြေထဲသို့ ဝင်ကြသည့် အဖွဲ့တွင် စုန့်ရန် ပါခြင်းကလည်း အများသိ သတင်းတစ်ခုပင် ဖြစ်သည်။

စုန့်သခင်မလေးသည် ထိုခရီးစဉ်ကို အခွင့်ကောင်း ယူကာ ပျောက်ဆုံးနေသည့် သူမအဖေနှင့် နောက်လိုက်များကို ရှာခဲ့ခြင်း ဖြစ်ရမည်။ သို့သော် သူမ အဖေအဖွဲ့က သူတို့ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာကာ စုန့်သခင်မလေး နှင့်အတူ လိုက်သွားသည့် အဖွဲ့ကို ရှင်းပစ်လိုက်ခြင်း ဖြစ်ရပေမည်။

ပြဿနာမှာ အခြား အင်အားစုများသည် သတင်းများ စုံစမ်းရန်အတွက် စုန့်မိသားစု အတွင်း၌ သူလျှိုထည့်၍ မရတော့ခြင်း ဖြစ်သည်။ အဖြစ်အပျက်များကို သိရန် တစ်ခုတည်းသော နည်းလမ်းမှာ စုန့်ရန် ဝူရုံမြို့သို့ ပြန်ရောက်လာမည်ကို စောင့်ကာ သူ့ထံမှ မေးမြန်း စုံစမ်းရန်ပင် ဖြစ်၏။

…….

စုန့်ဟုန်ထယ်အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ကာ စုန့်ရန် လုံးဝ ဘေးကင်း လုံခြုံကြောင်း သေချာသည်အထိ ဝမ်ရှန်း စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ ထို့နောက်မှာမှ စုန့်မိသားစု၏ ပိုင်နက် အတွင်းမှ ယုံကြည်ချက်ရှိရှိ ထွက်ခွာ လာခဲ့၏။

အပြန်ခရီးစဉ် တစ်လျှောက်လုံး သူသည် စုန့်ရန်နှင့် စုန့်ဟုန်ထယ်တို့နောက် ၁၀ မိုင် အကွာမှ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်း သူတို့နောက် လိုက်မလိုက်ကို စုန့်ရန် ဂရုမစိုက်ပေ။ ထို့အတူ စုန့်ဟုန်ထယ်သည်လည်း ဝမ်ရှန်းက သူတို့၏ လှုပ်ရှားမှုများကို ၁၀ မိုင် အကွာမှ မြင်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမကြည့်ခဲ့မိပေ။ သူ့နောက်၌ မည်သည့် လှုပ်ရှားမှ မရှိသောကြောင့်လည်း မသိခဲ့ခြင်း ဖြစ်၏။

ယခုတစ်ခေါက် ဂျင်ဒီနယ်မြေသို့ သွားသည့် ခရီးစဉ်တွင် ဝမ်ရှန်းလည်း အကျိုးရလဒ် များစွာ ရခဲ့သည်။ စုန့်ကျီမင်နှင့် သူ့လူများထံမှ သိုလှောင်လက်စွပ် အခု ၄၀ ကျော် ရခဲ့ရုံသာကမ -皆 (ကျဲ)- နှင့် -阵 (ကျန့်)- စာလုံးနှစ်လုံးကို အသုံးပြုကာ အသားစား ပုရွက်ဆိတ်များကို အမိန့်ပေး နိုင်ခဲ့သည်။

ထိုအချိန်တွင် အသားစား ပုရွက်ဆိတ်များကို အမိန့်ပေးခြင်းက ဝမ်ရှန်းအတွက် စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့သည်။ သို့သော် ဝမ်ရှန်း မစိုးရိမ်ခဲ့ပေ။ -皆 (ကျဲ)- ဟူသည့် စာလုံးဖြင့် အမိန့်ပေးခြင်းက မအောင်မြင်ခဲ့လျှင်ပင် -阵 (ကျန့်)- ဟူသည့် စာလုံးသည် ထိုနေရာ၌ ရှိနေသည့် လူများက သူတို့နှင့် မျိုးနွယ်တူဟု ထင်မှတ်စေကာ သူတို့ကို တိုက်ခိုက်မည် မဟုတ်ပေ။

ကံကောင်းသည်က ဝမ်ရှန်း အောင်မြင်ခဲ့သည်။ အစပိုင်းတွင် သူသည် သန်းနှင့်ချီသည့် အသားစား ပုရွက်ဆိတ်များကို တစ်ပြိုင်နက်တည်း အမိန့်ပေး ထိန်းချုပ် နိုင်မည်ဟု အာမ မခံရဲခဲ့ပေ။ သို့သော် သူ့ဘေး ပတ်ပတ်လည် ၁၀ မီတာ အတွင်းရှိ အကောင်များကို ထိန်းချုပ် နိုင်သည်ဟုတော့ တပ်အပ် ပြောရဲ၏။

၁၀ မီတာအတွင်း အောင်မြင်ပြီးနောက် အကွာအဝေးကို တဖြည်းဖြည်းချင်း ထပ်ချဲ့ခဲ့သည်။ နောက်ဆုံးတွင် အသံတုန်ခါမှု ပျံ့နှံ့နိုင်သည့် အကွာအဝေးအထိ သူ ထိန်းချုပ် အမိန့်ပေးနိုင်ခဲ့၏။ အသားစား ပုရွက်ဆိတ်များသည် အုပ်စုလိုက်ဆိုလျှင် အလွန် ကြမ်းတမ်း ကြသော်လည်း သူတို့၏ အသိဉာဏ်သည် ပုံမှန်ထက်ကို နိမ့်ပေသည်။ ထို့ကြောင့်လည်း ထိန်းချုပ်ရ လွယ်ကူခဲ့ခြင်းဖြစ်၏။

ယခုတွင် စာလုံးကိုးလုံး မန္တန်မှ -皆 (ကျဲ)- စာလုံးသည် အခြား စာလုံးများထက် ပိုမို တောက်ပနေပြီ ဖြစ်၏။

သို့သော် ယခုအချိန်အထိ နည်းနည်းလေးမှ အရောင် မတောက် လာသေးသည့် စာလုံး အချို့လည်း ရှိနေသည်။ သို့သော် ဝမ်ရှန်း မလောပေ။ စာလုံး ကိုးလုံး မန္တန်မှ စာလုံး တစ်လုံးချင်းစီသည် အသုံးဝင်လှ၏။ ဤကဲ့သို့ စွမ်းအားရှိသည့် စာလုံးများက အချိန်အတော် ကြာခြင်းမှာ မကောင်းသည့် အရာတစ်ခုတော့ မဟုတ်ပါ။

ယခုတွင် ဝမ်ရှန်းသည် အကာအကွယ် ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း သံသယ အကြည့်များဖြင့် အကြည့်မခံရပေ။ ရတနာစံအိမ်နှင့် လင်းလုံ စံအိမ်တို့မှ ဤအကာအကွယ် ဝတ်စုံများကို ထုတ်လုပ် ရောင်းချပြီးနောက် ဝိဉာဉ်သခင်များသည် ဤဝတ်စုံများ၏ ကောင်းကျိုးများကို သိရှိခဲ့ကြသည်။ ထို့ကြောင့် အချို့သည် ဂျင်ဒီနယ်မြေထဲ မဝင်သည့်တိုင် ဝတ်စုံကို ဝတ်ဆင် ထားကြ၏။

ယခု သူသွားနေသည့် လမ်းတစ်လျှောက်၌ပင် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူအချို့ကို တွေ့နေ ရပေသည်။ ဝတ်စုံအရောင်နှင့် ပစ္စည်းများ ကွာခြား သွားခြင်းသာ ရှိ၏။

မျက်နှာကို မကာထားသော်လည်း အခြားသူများ သူ့အား မှတ်မိမည်ကို ဝမ်ရှန်း မစိုးရိမ်ပေ။ ဘာပဲပြောပြော ဤကမ္ဘာတွင် အင်တာနက်၊ တီဗီ သို့မဟုတ် ပုံရိပ်များကို ဖြန့်ဖြူးနိုင်သည့် အခြားအရာများ မရှိပေ။ တစ်ယောက်ယောက်က သူ့ကို သူတို့ ကိုယ်တိုင် မြင်ဖူးခြင်းမျိုး မရှိလျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း သိမည် မဟုတ်ပေ။

ထိုနေရာမှ ထွက်မည့် အချိန်မှာပင် ထူးဆန်းသည့် ခံစားချက် တစ်ခုကို ဝမ်ရှန်း ရုတ်တရက် ခံစားလိုက်ရသည်။

နောက်ယောင်ခံ လိုက်ခံနေရခြင်းလား… မဟုတ်လောက်ပါ၊ ဝမ်ရှန်းသည် အဝေးကြည့် မှန်ပြောင်းဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးထားပြီး ဖြစ်သည်။ တစ်ယောက်ယောက်သာ သူ့နောက် လိုက်လာသည်ဆိုလျှင် ထိုလူသည် မိုင်အနည်းငယ် အကွာအဝေး အတွင်းတွင် သူမြင်ကွင်း အတွင်းမှ ဘယ်လိုမှ မလွတ်နိုင်ပေ။

ဘယ်သူ့ကိုမှ မတွေ့ရသည်ကို ဤထူးဆန်းသည့် ခံစားချက်က ဘယ်လိုလုပ် ဖြစ်ပေါ်လာသနည်း။

ဝမ်ရှန်း မျက်မှောင်ကြုတ် သွားသည်။ ထို့နောက် အဖြေကို စဉ်းစားနေစဉ်၌ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရ သွားခဲ့သည်။

စုန့်ကျီမင်၏ နောက်လိုက် များထဲတွင် အစီအရင် ကျောက်တုံးရှိသည့် အစီအရင်ဆရာ တစ်ယောက်ပါ၏။ ထိုကျောက်တုံးသည် အစီအရင်၏ အတက်အကျ ဖြစ်မှုကို ရှာဖွေပေးနိုင်သည်။ ထိုအစီအရင် ဆရာမှာ အသားစား ပုရွက်ဆိတ်များ လက်ချက်ကြောင့် အသက် ပျောက်သွားပြီ ဖြစ်သော်လည်း အစီအရင် ကျောက်တုံးက သူပိုင်ဆိုင်သည့် သိုလှောင် လက်စွပ်အတွင်း၌ ပါလာခဲ့သည်။

ဝမ်ရှန်း ချက်ချင်းပင် သိုလှောင် လက်စွပ်များ အတွင်းမှ ထိုလူ၏ လက်စွပ်ကို အလျင်အမြန် ရှာကာ အစီအရင် ကျောက်တုံးကို ထုတ်လိုက်သည်။ ထို့နောက် ကျောက်တုံး အတွင်းသို့ ဝိဉာဉ်စွမ်းအား ပို့လွှတ်ကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်း စစ်ဆေးလိုက်၏။

ဟုတ်ပါသည်၊ အစီအရင် ကျောက်တုံးထက်တွင် အစီအရင် အတက်အကျ ရေးတေးတေး ဖြစ်ပေါ်နေသည်။ ထိုကျောက်တုံးသည် သူ့ဘေး ပတ်ပတ်လည်၌ အစီအရင် အချို့ ရှိနေကြောင်း ရည်ညွှန်း ဖော်ပြနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset