အခန်း ( ၂၀၁ )
ပြိုင်ဖက်ကင်း ခန္ဓာကိုယ်
“ယား …”
အော်ဟစ် မာန်သွင်းသံ နှင့်အတူ ဓားစက်ရုပ်က ချုံပုတ်ထဲမှ ခုန်ထွက်လာရာ ဓားမိစ္ဆာ မျက်နှာပျက် သွားလေသည်။
ဓားမိစ္ဆာက အလွန် အစွမ်းထက်သော တန်ခိုးရှင် တစ်ယောက်က တောအုပ်ထဲတွင် ပုန်းအောင်းပြီး သူအား တိုက်ခိုက် လာလိမ့်မည်ဟု မထင်ထားမိပေ။ ဝတ်စုံနက်ဖြင့် အလွန် အစွမ်းထက်သော အော်ရာ ထွက်ပေါ်နေသော ဓားစက်ရုပ်က ဓားရှည် တစ်ချောင်းကို အေးစက်နေသော အမူအရာဖြင့် ကိုင်ဆောင်ထားဟန်မှာ အလွန် အစွမ်းထက်သော ဓားပညာရှင် ပုံပေါက်နေလေသည်။
“မဟာသားရဲ ဘိုးဘေးပဉ္စမအဆင့် တန်ခိုးရှင် …”
ဓားစက်ရုပ်မှ ထွက်နေသည့် အော်ရာကို ကြည့်ပြီး ဓားမိစ္ဆာက ချက်ချင်းပင် ဓားစက်ရုပ်၏ အဆင့်ကို သိသွားလေသည်။
“ဆရာ … ဒီလူကို ဆရာ လက်ထဲ အပ်လိုက်ပြီနော် …”
ရဲချန်ဖန်က ဓားစက်ရုပ် နောက်တွင် ရောက်လာပြီး အော်ပြော လိုက်သည်။
“မင်း … လွတ်ကင်းတဲ့ နေရာမှာနေ … သူကို ငါဖြေရှင်း လိုက်မယ် …”
ဓားစက်ရုပ်က အလွန် ဟိတ်ဟန် ကြီးမားစွာ ပြောလိုက်သည်။
“လေကြီး လေကျယ်နဲ့ … ကြည့်ကြ သေးတာပေါ့ … မင်းက ငါ့ကိုဘယ်လို ရှင်းမလဲ ဆိုတာ …”
ဓားစက်ရုပ်၏ အေးစက် မာနကြီးပုံ ပေါက်နေသော မျက်နှာကို ကြည့်ပြီး ဓားမိစ္ဆာဆီမှ ပြင်းထန်လှသော အော်ရာက ထွက်ပေါ် လာသည်။ ထို့နောက် ဓားစက်ရုပ်နှင့် ဓားမိစ္ဆာတို့သည် စတင် တိုက်ခိုက် လိုက်ကြသည်။ ဓားအလင်း နှစ်ခု တွေ့ဆုံသွားချိန်တွင် ပြင်းထန်သော တန်ပြန်အားများကို ဓားစက်ရုပ်က ရှောင်တိမ်းခြင်း မပြုဘဲ တန်ပြန်အားကို ရှောင်တိမ်း လိုက်သည့် ဓားမိစ္ဆာကို လိုက်လံ တိုက်ခိုက် လိုက်သည်။ ဓားမိစ္ဆာက ရှောင်တိမ်းရင်း ဓားစက်ရုပ် ဆီဓားဖြင့် ထိုးသွင်း လိုက်သည်။
“မင်းက သေချင်နေတာပဲ …”
ဓားစက်ရုပ်က ဓားမိစ္ဆာ၏တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မပြုဘဲ သူခန္ဓာကိုယ်ကို အထိမှန် ခံသည်ကို တွေ့လိုက်သောအခါ ဓားမိစ္ဆာ မျက်လုံးထဲတွင် ရက်စက်မည့် အရောင်များက ထွက်လာသည်။ သို့သော် ချက်ချင်းပင် ထိုအပြုံးက ပျောက်ကွယ်သွားပြီး မျက်လုံးများပင် ပြူးကျယ်အောင် ထိတ်လန့် သွားလေသည်။ ဓားမိစ္ဆာ၏ ဓားက ဓားစက်ရုပ် ရင်ဘတ်ကို ထိုးမိ သွားသော်လည်း သံမဏိတုံးကြီးကို ထိုးမိသလို ခံစားလိုက်ရပြီး မီးပေါက်များပင် ပွင့်ထွက် သွားလေသည်။ သို့သော် ဓားစက်ရုပ် ကိုယ်ပေါ်တွင် ခြစ်ရာလေးပင် မထင်ပေ။
ဓားမိစ္ဆာက အံဩမှင်သက်သွားစဉ် ဓားစက်ရုပ်က ဓားကို ဝှေ့ယမ်းပြီး ဓားမိစ္ဆာကို အဆက်မပြတ် တိုက်ခိုက် လိုက်သည်။ ဓားချက်များက အဆက်မပြတ် တိုက်ခိုက် နေမှုကြောင့် ဓားမိစ္ဆာ၏ ရှောင်တိမ်းမည့် နေရာတိုင်းကို ဓားအလင်း များက တိုးဝင် နေလေသည်။
“မိစ္ဆာဓား …”
ဓားစက်ရုပ် တိုက်ခိုက်မှု များကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ သောအခါ ဓားမိစ္ဆာသည် သူ၏လက်စွဲတော် မြေကမ္ဘာအဆင့် ဓားကို ထုတ်ယူလိုက်ပြီး ဓားစက်ရုပ် တိုက်ခိုက်မှုများကို တုံ့ပြန် တိုက်ခိုက် လိုက်သည်။ ဓားမိစ္ဆာ၏ တိုက်ခိုက်မှုက ပြင်းထန် လှသော်လည်း ဓားစက်ရုပ်က ခုခံခြင်း မပြုဘဲ ဓားမိစ္ဆာ၏ ဓားချက်များကို သူကိုယ်ကို ထိမှန်ခံ လိုက်လေသည်။ သို့သော် ဓားချက် ဆယ်ချက်ကျော် အဆက်မပြတ် ထိမှန်သွားသော်လည်း ဓားမိစ္ဆာက သံမဏိတုံးကြီးကို သူက ဓားဖြင့် ထိုးခုတ် နေရသည်ဟုသာ ခံစားနေရပြီး ဓားစက်ရုပ် ခန္ဓာကိုယ်ကမူ ခြစ်ရာလေး တစ်ခုပင် ဖြစ်ပေါ်လာခြင်း မရှိပေ။
ဓားစက်ရုပ်က သူကိုယ်ကို ဓားမိစ္ဆာ၏ ဓားချက်များ ထိမှန်ခံရင်း အစွမ်းထက်သော ဓားချက် များကို တုံ့ပြန် တိုက်ခိုက် နေသည်။ ဓားစက်ရုပ်၏ သူခန္ဓာကိုယ် ကိုဓားမိစ္ဆာ၏ ဓားချက်များ အထိမှန် ခံရင်း အနီးကပ် တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဓားမိစ္ဆာ၏ ကိုယ်တွင် ဓားချက်များက တစ်ချက်ပြီး တစ်ချက် ထိမှန်နေသည်။ ဓားမိစ္ဆာသည် ခန္ဓာကိုယ် အပေါ်ပိုင်းကို မြေကမ္ဘာ အဆင့် ချပ်ဝတ် တန်ဆာကို ဝတ်ဆင် ထားသော်လည်း ဓားပေါက်ရာများက ချပ်ဝတ် တန်ဆာပေါ်တွင် ဖြစ်ပေါ်လာပြီး သွေးများစွာက စီးကျ လာသည်။
တစ်ခဏ အတွင်းမှာပင် ဓားမိစ္ဆာသည် သွေးသံတရဲရဲ ဖြစ်သွားလေသည်။ ဓားမိစ္ဆာက ဒဏ်ရာရ ရှိသွားပြီ ဖြစ်သည်။ ဓားမိစ္ဆာသည် အလွန် မာနကြီးပြီး ကိုယ်ကိုကိုယ့် ယုံကြည်သော လူဖြစ်သည်။ သူက သူကိုယ်သူ အဆင့်တူများ အကြားတွင် ခေါင်းတစ်လုံး အသာရနေသူ အဖြစ် အမြဲ ယုံကြည်ထားသည်။ သို့သော် ဓားစက်ရုပ်နှင့် တွေ့သောအခါ သူဘာမှမလုပ်နိုင်ဘဲ ဖြစ်နေသည်။ ဓားမိစ္ဆာ၏ အားသာချက်သည် သူ၏ အစွမ်းထက်မြက် လှသည့် ဓားချက်များ ဖြစ်သည်။ ယခု သူ၏ အားသာချက်က ဓားစက်ရုပ်နှင့် တွေ့သောအခါ ဘာမှမလုပ်နိုင်ဘဲ လက်မှိုင်ချလိုက်ရပြီ ဖြစ်သည်။ မကြာမီပင် ဓားမိစ္ဆာ၏ ခုခံမှုက ကျိုးပျက် သွားပြီး ဓားမိစ္ဆာ အတွက် အန္တရာယ် ပိုများလာသည်။
“ဒီကောင်က ဘယ်လို အရူးကောင်လဲ … သူရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက် မာကျော နေရတာလဲ … ကြည့်ရတာ သူကောင်းကင် အဆင့် ချပ်ဝတ်တန်ဆာ ဝတ်ဆင် ထားတာ ဖြစ်မယ် …”
ဓားမိစ္ဆာက သူ၏ ဓားချက်များစွာက ဓားစက်ရုပ်ကို ထိမှန် သွားသော်လည်း ဓားစက်ရုပ် ခန္ဓာကိုယ်တွင် မည်သည့်ဒဏ်ရာမှ မရသည်ကိုတွေ့ပြီး ဓားစက်ရုပ်က ကောင်းကင်အဆင့် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်ဟု အထင်မှတ် မှားသွားလေသည်။ ထို့နောက် ဓားစက်ရုပ် ဘယ်သူလဲ ဆိုတာ ပို၍ မင်္သကာ ပိုဖြစ်လာသည်။ ဓားစက်ရုပ်က ဓားမိစ္ဆာ အတွက် အနိုင်ယူလို့ ရမည့် အရာ မဟုတ်မှန်း ဓားမိစ္ဆာ သဘောပေါက် သွားလေသည်။
“မိုးကြိုးသိုင်း …”
ဓားမိစ္ဆာက ဝိညာဉ် စွမ်းအင်များ အားကုန် ဖြည့်သွင်းပြီး သူ၏ အစွမ်းအထက်ဆုံး ဓားသိုင်းဖြင့် ဓားစက်ရုပ်ကို တိုက်ခိုက် လိုက်သည်။ ဓားသိုင်းက အလွန်အစွမ်းထက် ပြင်းထန် လှသဖြင့် ကောင်းကင်ပင် ကွဲအက် သွားသည်ဟု ထင်ရပြီး ဓားအလင်းက မိုးကြိုး အလားပင် ဓားစက်ရုပ်၏ ခေါင်းကို ထိမှန် သွားသည်။
“အင်း … ဟုတ်တယ် … ဒီလူက ဓားအင်အားနဲ့ ပတ်သက်ရင် ငါ့ကို မယှဉ်နိုင်ဘူး … ဒါပေမဲ့ ဓားပညာနဲ့ ပတ်သက်ရင် ငါသူနဲ့ အရမ်း ကွာခြား နေသေးတယ် … ဆက်တိုက်လည်း ငါ့အတွက် အကျိုး မရှိဘူး …”
ဘေးမှာ ဓားစက်ရုပ်နှင့် ဓားမိစ္ဆာတို့ တိုက်ခိုက်သည်ကို ကြည့်ပြီး ရဲချန်ဖန်က ဓားမိစ္ဆာ၏ ဓားပညာကို သုံးသပ်နေသည်။ သူအတွက် ဓားပညာ လမ်းခရီးမှာ အဝေးကြီး လျှောက်လှမ်း ရဦးမည် ဖြစ်သည်။
“ဘာလဲ … သူကလူရော ဟုတ်ရဲ့လား …”
ဓားမိစ္ဆာက သူ၏ အစွမ်း အထက်ဆုံး ဓားချက်က ဓားစက်ရုပ်ခေါင်းကို ထိမှန် သွားသော်လည်း မည်သည့် ဒဏ်ရာမှ မရသည့် ဓားစက်ရုပ်ကို ကြည့်ပြီး အလွန် တုန်လှုပ် သွားလေသည်။ ထို့နောက် ဓားစက်ရုပ်ကို ပို၍ သံသယ ရှိလာလေသည်။ ဓားမိစ္ဆာ၏ အစွမ်းအထက်ဆုံး သိုင်းကို မရှောင်တိမ်းပဲ ခေါင်းကို ထိမှန်ခံပြီး ဓားစက်ရုပ်က သူနား အလွန် နီးကပ်နေသည့် ဓားမိစ္ဆာကို ပြင်းထန်သော ဓားကွက်များ အသုံးပြု၍ အဆက်မပြတ် တိုက်ခိုက် လိုက်ရာ ဓားမိစ္ဆာမှာ နောက်သို့ တဆုတ်တည်း ဆုတ်နေ ရလေသည်။
“ဝိညာဉ် စွမ်းအင်တွေ လောင်ကျွမ်းစမ်း …”
အန္တရာယ် အငွေ့အသက်များက ပိုမို ပြင်းထန် လာသဖြင့် ဓားမိစ္ဆာက ဝိညာဉ် စွမ်းအင်များကို အစွမ်းကုန် လောင်ကျွမ်း စေလိုက်ပြီး နောက်သို့ ခုတ်ဆုတ်ကာ ထွက်ပြေး သွားလေသည်။ ဓားမိစ္ဆာသည် အလွန်တရာ ပါးနပ်သော ပုဂ္ဂိုလ် ဖြစ်သည်။ ဓားမိစ္ဆာက အလွန် အစွမ်းထက်သော တန်ခိုးရှင် အဖြစ် ယနေ့တိုင် အသက်ရှင် နေထိုင် နိုင်ခြင်းမှာ အခြေအနေမှန်ကို အမြဲတစေ သုံးသပ် နိုင်သောကြောင့် ဖြစ်သည်။
သူ၏ အစွမ်းအထက်ဆုံး သိုင်းက ဓားစက်ရုပ်ကို ထိခိုက်အောင် မလုပ်နိုင်သည်ကို တွေ့ရှိ ပြီးနောက် ဓားမိစ္ဆာက မာနကြောင့် ဆက်တိုက်ရန် မကြိုးစားဘဲ ထွက်ပြေး သွားခြင်းကို ကြည့်ခြင်းဖြင့် မည်မျှ လည်ပတ်သော လူဖြစ်ကြောင်း သိရှိ နိုင်သည်။
“တရားစီရင်ရေးသိုင်း … မဟာအေးခဲခြင်း …”
သို့သော် ဓားမိစ္ဆာ ထွက်ပြေးမည်ကို ကြိုတင် တွက်ဆထားသော ရဲချန်ဖန်က ဓားမိစ္ဆာ ထွက်ပြေးသည်နှင့် ကောင်းကင်ဓားကို ပေါင်သုံးသိန်းကျော် စွမ်းအား ဖြည့်တင်းပြီး တိုက်ခိုက် လိုက်လေသည်။ တာအိုသိုင်းကို အားကုန်ထုတ် တိုက်ခိုက် လိုက်သဖြင့် ဓားအလင်းက အလွန် အေးခဲ စူးရှစွာ ဓားမိစ္ဆာထံ တိုးဝင် သွားသည်။ ဓားအလင်းက အလွန် ပြင်းထန်သော အအေးဓာတ်များ ပါဝင် နေသဖြင့် ဓားအလင်း ဖြတ်သန်းရာ လမ်းတစ်လျှောက် လေထုမှာ အေးခဲ သွားသည်။
“မိုးကြိုးဓားသိုင်း …”
သတိကြီးသော ဓားမိစ္ဆာကလည်း ချက်ချင်းပင် သူ၏ အစွမ်းအထက်ဆုံး သိုင်းဖြင့် ခုခံ လိုက်သည်။ ဓားမိစ္ဆာသာ အစွမ်းကုန် ခုခံပါက ပြင်းထန်သော ဒဏ်ရာ ရရှိသွား နိုင်သည်။ ဓားအလင်း နှစ်ခု ဆုံတွေ့ သွားချိန်တွင် မျက်လုံးများ ကြိမ်းစက် သွားစေနိုင်သည့် ပေါက်ကွဲမှု အလင်းတန်းကြီး ဖြစ်ပေါ် လာသည်။
“အွန့် …”
ရဲချန်ဖန် တိုက်ခိုက်မှုကို သူကိုယ် မထိအောင် ဓားမိစ္ဆာက ခုခံလိုက် နိုင်သော်လည်း တာအို အစွမ်း ပါဝင်နေသော ဓားသိုင်းဖြစ်သဖြင့် ပြင်းထန်သော တန်ပြန်အားကို ခံစားလိုက်ရပြီး ဓားမိစ္ဆာက သွေးများ အန်ထုတ် လိုက်ရလေသည်။ ရဲချန်ဖန်သည်လည်း မသက်သာလှချေ။
ပြင်းထန်သော တန်ပြန်အားကြောင့် သွေးများ အန်ထုတ် လိုက်ရသည်။ ချက်ချင်းပင် ဓားစက်ရုပ်က ဓားမိစ္ဆာနား ရောက်လာပြီး ဒဏ်ရာ ရနေသော ဓားမိစ္ဆာကို တိုက်ခိုက် လိုက်သည်။ ဓားစက်ရုပ်၏ထပ်မံ တိုက်ခိုက်မှုကြောင့် ဓားမိစ္ဆာက ပြင်းထန်သော ဒဏ်ရာများ ရလာလေသည်။
ဓားစက်ရုပ်က မခုခံဘဲ သူနားကပ် နိုင်အောင် ကြိုးစားပြီး အနာခံ တိုက်ခိုက် နေသောကြောင့် ဓားမိစ္ဆာသည် ဆက်လက် မတိုက်ခိုက်ရဲတော့ပေ။ သူက ထူးဆန်းသည့် အထုပ်တစ်ထုပ်ကို ထုတ်ယူပြီး မြေပေါ်သို့ ပစ်ပေါက်လိုက်ရာ ချက်ချင်းပင် မြူခိုးများက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။ ထို့နောက် ဓားမိစ္ဆာက အလင်းတန်း အဖြစ် ပြောင်းလဲကာ တောအုပ်ထဲမှ ထွက်ပြေး သွားလေသည်။ မြူခိုးများ ရှင်းလင်း သွားချိန်တွင် ရဲချန်ဖန်နှင့် ဓားစက်ရုပ်တို့သာ တောအုပ်ထဲတွင် ကျန်ရစ် နေတော့သည်။