အခန်း ( ၂၀၀ )
ဓားရေး ယှဉ်ပြိုင်ကြပြီ
“အင်း … မင်းက သတင်းတွေထဲက အတိုင်း ဓားအင်အားကို အမြင်ဆုံး အဆင့်ထိ အောင်မြင် ထားတာပဲ …”
ဓားမိစ္ဆာ၏ မျက်လုံးများက ဓားတစ်စင်းအလား စူးရှနေပြီး ရဲချန်ဖန်က သတင်းများအတိုင်း အမှန်ပင် ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ အောင်မြင် ထားသောကြောင့် ရဲချန်ဖန်နှင့် တိုက်ခိုက်ရန် ပို၍ စိတ်အား ထက်သန်လာသည်။ ဓားပညာရှင်တို့သည် အစွမ်းထက်သော ပြိုင်ဖက်ကို တောင့်တ ကြသည် မဟုတ်ပါလော။
“ခင်ဗျားက … ဘယ်သူလဲ …”
ရဲချန်ဖန်က ပိန်ပိန်ပါးပါး အဘိုးအိုအား ကြည့်ရင်း အန္တရာယ် အငွေ့အသက်များ ရနေသဖြင့် မျက်မှောင်ကြုတ် သွားလေသည်။ ထိုအဘိုးအိုသည် ဓားအင်အားကို သူအဆင့်လောက်ထိ တတ်ကျွမ်းထားခြင်း မရှိသော်လည်း အဘိုးအိုမှာ ဓားအင်အား ဆဋ္ဌမ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် အဘိုးအို ဆီမှ ပြင်းထန် လှသော အန္တရာယ် အငွေ့အသက်က ထွက်ပေါ် နေသည်။ ထို့ကြောင့် အဘိုးအိုက သူကို အန္တရာယ် ပေးနိုင်သောသူ ဖြစ်မည်ကို သိရှိ လိုက်သည်။
“ငါက ဓားမိစ္ဆာပဲ … ဒီနေ့ ငါလာတာက မင်းအသက်ကို နှုတ်ယူမလို့ပဲ …”
ဓားမိစ္ဆာ အသံက အလွန် အေးစက် နေသည်။ စကားဆုံးသည်နှင့် ဓားမိစ္ဆာက အလွန် ပြင်းထန်ပြီး အဖျက် စွမ်းအင်များပါသော ဓားချက်ဖြင့် ရဲချန်ဖန်ဆီ တိုက်ခိုက်လိုက်သည်။
“ဓားအင်အား အမြင့်ဆုံး အဆင့် …”
ရဲချန်ဖန်ကလည်း ချက်ချင်းပင် ဓားအင်အား အမြင့်ဆုံးအဆင့်ကို အသုံးပြု၍ ဓားမိစ္ဆာ တိုက်ခိုက်မှုကို ခုခံ လိုက်သည်။
“မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင် …”
ဓားမိစ္ဆာ၏ ပထမဆုံး ဓားချက်ကို ခုခံလိုက်သည်နှင့် ရဲချန်ဖန်က အလွန်ပြင်းထန် လှသော ဖိအားကို ခံစားလိုက်ပြီး ဓားမိစ္ဆာက မဟာသားရဲ ဘိုးဘေး ပဉ္စမ အဆင့် တန်ခိုးရှင်မှန်း နတ်ဦးနှောက် အစွမ်းဖြင့် သိရှိလိုက်သည်။
“ဓားအင်အား အမြင့်ဆုံး အဆင့်က တကယ်ကို အစွမ်းထက် ပါပေတယ် …”
ဓားအင်အား အမြင့်ဆုံးအဆင့် အစွမ်းကို ခံစားမိလိုက်၍ ဓားမိစ္ဆာ မျက်လုံးမှ အရောင်များက ပိုမို တောက်ပလာသည်။ သူက ဓားအင်အား ဆဋ္ဌမ အဆင့်တွင် ပိတ်မိနေပြီး အဆင့်မတက် နိုင်သည်မှာ ဆယ်နှစ်ကျော်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူအိပ်မက်ထဲတွင်ပင် မက်နေခဲ့ရသည့် ဓားအင်အားကို ရဲချန်ဖန်နှင့် တိုက်ခိုက်၍ အဆင့်တက် နိုင်မည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် ဓားမိစ္ဆာက ပိုပို၍ စိတ်လှုပ်ရှား လာလေသည်။ ထို့အပြင် ရဲချန်ဖန် အဆင့်သည် သူထက်များစွာ နှိမ့်ကျနေရာ ရဲချန်ဖန်၏ ဓားအင်အားကို တဖြည်းဖြည်း စမ်းသပ် နိုင်ပြီး သူအကောင်းဆုံး ပြိုင်ဖက် ဖြစ်နေ ပြန်သည်။
ရဲချန်ဖန်ကို မြန်မြန်သတ်ရန် ဓားမိစ္ဆာတွင် ရည်ရွယ်ချက် မရှိပေ။ ဓားမိစ္ဆာ အမြင်တွင် ရဲချန်ဖန်လို ကောင်းကင် သားရဲဘုရင် စတုတ္ထ အဆင့်သည် သူသတ်ချင်သည့် အချိန်သတ်လို့ ရသည့် လူဖြစ်သည်ဟု အပိုင် တွက်လိုက်လေသည်။ သူအတွက် ဓားအင်အားကို စမ်းသပ်ရန် ရဲချန်ဖန်က အစမ်းသပ် ခံသည့် ပစ္စည်းအလားပင်။
“ဓားအင်အား ဆဋ္ဌမ အဆင့် …”
ဓားမိစ္ဆာ၏ ဓားအလင်းတန်းက ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားအလင်း တစ်ရာကျော်က ဖြာထွက်ပြီး ရဲချန်ဖန်ကို တိုက်ခိုက် လိုက်သည်။
“မင်းက ငါ့ကို စမ်းသပ်ချင် နေတယ်ပေါ့ …”
ရဲချန်ဖန် အတွက်မှာမူ ဓားမိစ္ဆာ၏ ဓားအင်အားဖြင့် တိုက်ခိုက်မှုသည် သာမန်သာ ဖြစ်ပြီး သူအတွက် ခြိမ်းခြောက် နိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဓားမိစ္ဆာ၏ ရည်ရွယ်ချက်ကို နားလည် လိုက်ပြီး နှုတ်ခမ်းများပင် ကွေးအောင် ပြုံးသွား မိသည်။ ထို့ကြောင့် သူကလည်း တုံ့ဆိုင်းမနေဘဲ ဓားအင်အား အမြင့်ဆုံး အဆင့်ကို ဓားထဲ ဖြည့်သွင်းပြီး ဓားမိစ္ဆာကို ပြန်လည် တိုက်ခိုက်လိုက်သည်။
“အင်း … ဒီဓားမိစ္ဆာရဲ့ ဓားအင်အား အဆင့်က ငါ့ထက်နိမ့်ပေ့မဲ့ … ဓားပညာအပေါ် နားလည်မှုက ငါ့ထက် မြင့်မား နေတယ် … အင်း သူကို တိုက်ရင်း ငါ့ ဓားပညာ အပေါ် ကျွမ်းကျင်မှုကို ပိုမို နက်နဲ့တဲ့ အဆင့် ရောက်အောင် အသုံးချ ရမယ် …”
ရဲချန်ဖန် ကလည်း ဓားပညာ သူထက်ပိုမို မြင့်မားသော ဓားမိစ္ဆာအား ပြန်လည် အသုံးချရန် ဆုံးဖြတ် လိုက်သည်။ ထို့နောက် ဓားမိစ္ဆာကို တိုက်ခိုက်နေရင်း နတ်ဦးနှောက်ကို အသုံးပြုကာ ဓားမိစ္ဆာ အသုံးပြုသည့် ဓားပညာကို လေ့လာ သုံးသပ်နေသည်။ တဖြည်းဖြည်းနှင့် ဓားမိစ္ဆာနှင့် ရဲချန်ဖန်တို့ တိုက်ခိုက်မှုသည် ပိုမို ပြင်းထန် လာပြီး ပြင်းထန်သော လေထု ပေါက်ကွဲမှုက အဆက်မပြတ် ဖြစ်ပေါ် လာသည်။
ရဲချန်ဖန်တို့ တိုက်ပွဲ အရှိန်ကြောင့် မကြာမီပင် ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့၏ အဆောက်အဦး အတော်များများက ပြိုကျ ပျက်စီးကုန်သည်။ မြေကြီး ပေါ်တွင်လည်း ကြောက်မက်ဖွယ် ဓားအရာများ ထင်ကျန် နေသည်။
“အကြီးအကဲမိုင် … ရန်သူတွေ ရောက်လာတာလား …”
ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ် လာသောကြောင့် ပင်ပန်းပြီး အနားယူနေသော မိုယုရန်သည် ချက်ချင်းပင် ထွက်လာပြီး အခြေအနေကို မေးမြန်း လိုက်သည်။
“အခြေအနေ သိပ်မကောင်းဘူး … သခင်မလေး … အမှောင်သခင်ရဲ့ ညာလက်ရုံး ဓားမိစ္ဆာက ကျွန်မတို့ဆီ ရောက်လာပြီ … အခု သခင်လေး ရဲနဲ့ ဓားမိစ္ဆာတို့ တိုက်ခိုက် နေကြပြီ …”
“ဘာ … အမှောင်သခင်က ဓားမိစ္ဆာကို စေလွတ် လိုက်တယ် … ဟုတ်လား … ဒါဆို ချန်ဖန် အန္တရာယ်နဲ့ ကြုံနေရပြီပေါ့ …”
မိုယုရန်က သတင်းကြား ပြီးနောက် ချက်ချင်းပင် မျက်နှာပျက်သွားပြီး ရဲချန်ဖန်အတွက် အလွန် စိတ်ပူသွားသည်။ ဓားမိစ္ဆာ၏ ရက်စက် အစွမ်းထက်မှုကို ကောင်းစွာ ကြားဖူးနေသော မိုယုရန်သည် ကြယ်တာရာ ကျွန်းတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော ကောင်းကင်ကြယ် အဖွဲ့၏နာယကြီးပင် ဓားမိစ္ဆာကို အနိုင်ယူနိုင်စွမ်း မရှိကြောင်း နားလည်ထားသည်။
“ဟုတ်တယ် … သခင်မလေး … ဓားမိစ္ဆာက အရမ်းအစွမ်း ထက်လွန်းတယ် … ကျွန်မတို့လည်း သခင်လေးကို မကူညီနိုင်ဘူး … သခင်လေးမှာ ဓားမိစ္ဆာကို အနိုင်ယူ နိုင်မယ့် နည်းလမ်း ရှိပါစေလို့ပဲ ဆုတောင်း ရတော့မယ် … မဟုတ်ရင် သခင်လေးက ဓားမိစ္ဆာ သတ်တာ ခံရလိမ့်မယ် …”
အကြီးအကဲမိုင်က စိတ်ပူပန်စွာ ပြောလိုက်သည်။
“ဓားမိစ္ဆာကို အနိုင်ယူ နိုင်မယ့် နည်းလမ်း ဟုတ်လား … ချန်ဖန်နဲ့ ဓားမိစ္ဆာက ဒီလောက် အဆင့် ကွာနေတာကို ဘာနည်းလမ်းနဲ့ အနိုင်ယူ နိုင်မှာလဲ …”
အဝေးတွင် ရဲချန်ဖန်နှင့် ဓားမိစ္ဆာတို့ တိုက်ခိုက် နေသည်ကို ကြည့်ပြီး မိုယုရန် ပို၍ စိတ်ပူ လာလေသည်။
“ဘာဖြစ်နေကြတာလဲ … ချန်ဖန်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက် နေတာလား ….”
ထိုအချိန်တွင် ပြင်းထန်သော တိုက်ခိုက်သံများ ကြား၍ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ခြင်းကို ရပ်တန့်ပြီး ထွက်လာသော ရွှယ်နီရှန်က ပြင်းထန်သော တိုက်ပွဲ အရှိန်ကို ကြည့်ပြီး စိတ်ပူစွာနဲ့ မေးလိုက်သည်။
“ချန်ဖန်နဲ့ တိုက်ခိုက်နေတဲ့ သူက အမှောင်သခင်ရဲ့ ညာလက်ရုံး ဓားမိစ္ဆာပဲ … သူက မဟာသားရဲဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင်ပဲ …”
မိုယုရန်က အားငယ်သည့် အသံဖြင့် ပြောလိုက်သည်။
“ဘာ … မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် တန်ခိုးရှင် ဟုတ်လား …”
ရွှယ်နီရှန်က ဓားမိစ္ဆာ၏ အဆင့်ကို သိသွားသည်နှင့် အပြင်ထွက်ပြီး ရဲချန်ဖန်ကို ကူညီ တိုက်ခိုက်ရန် ပြင်ဆင် လိုက်သည်။
“နီရှန် … မင်းထွက်မလာနဲ့ … ငါသူကို ရင်ဆိုင်နိုင်တယ် … ငါ့အတွက် စိတ်မပူနဲ့ …”
ရွှယ်နီရှန်က လာကူမည့် အသံကို ကြားလိုက်၍ အကယ်၍သာ သူဓားစက်ရုပ်ကို အသုံးပြု၍ ဓားမိစ္ဆာကို တိုက်ခိုက်ပါက ရွှယ်နီရှန်ပါ အန္တရာယ်နှင့် ကြုံတွေ့ ရမည်စိုးသဖြင့် ရွှယ်နီရှန်ကို မထွက်လာရန် တားမြစ်လိုက်သည်။
ရဲချန်ဖန်က ရွှယ်နီရှန်နှင့် စကားပြောနေ၍ အာရုံစိုက်မှု ခဏလျော့ကျ သွားစဉ် ဓားမိစ္ဆာက ပိုမိုပြင်းထန်သော ဓားကွက်များ ထုတ်အသုံးပြု လာနေသည်။ သူက ရဲချန်ဖန်မှ ဓားအင်အားကို အစွမ်းကုန် ထုတ်သုံးရန် ဖိအား ပေးနေပြီး ထို့မှတစ်ဆင့် ရဲချန်ဖန်၏ ဓားအင်အားကို ခံစား နားလည်စေရန် ကြိုးစား နေသည်။
“ဓားအင်အား အမြင့်ဆုံး အဆင့် …”
ရဲချန်ဖန်က အချိန် ကြာလာသည် နှင့်အမျှ ဓားမိစ္ဆာထံမှ ဓားပညာကို လေ့လာရန် မရှိတော့သည်ကို တွေ့လိုက်ပြီး အချိန်ဆွဲ မနေတော့ဘဲ ပြင်းထန်သော ဓားကွက်များကို တာအို သိုင်းအစွမ်း အနည်းငယ်ပါ ထည့်သုံး၍ တိုက်ခိုက် လိုက်သည်။
“ဒါက ဘယ်လို တိုက်ခိုက်မှုမျိုးလဲ …”
တာအို အစွမ်းက အနည်းငယ် ပါဝင်နေ၍ တိုက်ခိုက်မှုက ကြောက်မက်ဖွယ် ပြင်းထန်လာ သဖြင့် ဓားမိစ္ဆာကလည်း တုံ့ဆိုင်းခြင်းမရှိပဲ ဝိညာဉ် စွမ်းအင်များ ထုတ်၍ ခုခံ တိုက်ခိုက်လိုက်သည်။ ဓားမိစ္ဆာက ခုခံ လိုက်ချိန်တွင် ရဲချန်ဖန်သည် ဆက်လက် မတိုက်ခိုက်တော့ဘဲ အရိပ်မဲ့သိုင်း အသုံးပြုကာ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့၏ မြောက်ဘက်ရှိ အပြောကျယ်လှသည့် တောအုပ်ကြီး ဖက်သို့ အလွန် လျင်မြန်စွာ ပြေးထွက် သွားသည်။
“မင်းက ဘယ်ကို ပြေးမှာလဲ …”
ဓားမိစ္ဆာက ရုတ်တရက် ရဲချန်ဖန်က ဆက်လက် မတိုက်ခိုကပဲ ပြေးထွက် သွားသည်ကို မြင်သောအခါ ကြောင်နေခြင်း မရှိပဲ ချက်ချင်း ရဲချန်ဖန် နောက်သို့ လိုက်သွားလေသည်။
ဓားမိစ္ဆာသည် အလွန် အစွမ်းထက်သော တန်ခိုးရှင် ဖြစ်သောကြောင့် မကြာမီပင် ရဲချန်ဖန် နောက်သို့ လိုက်မီ လာလေသည်။ ဓားမိစ္ဆာ နီးကပ် လာသည်နှင့် ရဲချန်ဖန်ကို ရွှေလင်းယုန် တောင်ပံကို ထုတ်သုံး လိုက်ရာ ရဲချန်ဖန် အမြန်နှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားပြီး တောအုပ်ထဲသို့ လွတ်မြောက် သွားလေသည်။
“ဓားစက်ရုပ် ထွက်လာစမ်း …”
ရဲချန်ဖန်က တောအုပ်ထဲ ရောက်သည်နှင့် ချုံပုတ်တစ်ခုထဲ ဝင်ရောက် လိုက်ပြီး ဓားစက်ရုပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။ အစွမ်းထက်လှသော ဓားမိစ္ဆာနှင့် ရင်ဆိုင် ရာတွင် ဓားစက်ရုပ်ကိုသာ အသုံးပြု တိုက်ခိုက်မှ ရတော့မည် ဖြစ်သည်။
“ကောင်လေး … မင်းက တော်တော် တုံးတဲ့ ကောင်ကွာ … ဒီတောအုပ်ထဲမှာဆို မင်းကို ကူမယ့် လူမရှိနဲ့ မင်းမြန်မြန် သေရတော့မှာပဲ …”
ဓားမိစ္ဆာက တောအုပ်ထဲတင် ရောက်လာရင်း ကျယ်လောင်စွာ ပြောလိုက်သည်။
“ဘယ်သူ သေမလဲ ဆိုတာ ကြည့်ကြ သေးတာပေါ့ … ဆရာရေ ဒီလူကို ဆရာပဲ ရင်ဆိုင်လိုက်တော့ …”