အခန်း ( ၁၉၉ )
ဓားမိစ္ဆာ
ဤနေရာကား ကြယ်တာရာ ကျွန်းတွင် အလွန် ထင်ရှား ကျော်ကြားသော ကောင်းကင် တောင်ပေါ်တွင် ဖြစ်သည်။ ကောင်းကင် တောင်သည် သာယာသော ရှုခင်းများဖြင့် စိမ်းစို လှပနေပြီး ရေတံခွန်ကြီ တစ်ခုကလည်း တောင်ထိတ် တစ်ခုပေါ်မှ စီးကျ နေသည်ကို အဝေးကပင် မြင်နေရသည်။
တောင်ကြီး၏ သာယာလှပသော ရှုခင်းနှင့် ရေတံခွန် ကြီးသည် အလွန်ပလဲပနံသင့်ပြီး အရာရာမှာ အသက်ဝင် လှပနေသည်။ တောင်ကြီးမှာ သာယာ လှပရုံသာမက တောင်ကြီး ပတ်ဝန်းကျင်တွင် ဝိညာဉ် စွမ်းအင်ကလည်း အလွန်သိပ်သည်း များပြားလှသည်။ အမှန်တော့ ဤတောင်ကြီးသည် ကြယ်တာရာ ကျွန်းကြီး၏ အင်အား အကြီးမားဆုံး အဖွဲ့ကြီး သုံးခု အနက်မှ တစ်ဖွဲ့ဖြစ်သော ကောင်းကင်ကြယ် အဖွဲ့ကြီး၏ အခြေစိုက်ရာ ဌာနချုပ် ဖြစ်သည်။
“ခေါင်းဆောင်ကြီး … ယုံကြည်ရတဲ့ သတင်းတွေ အရဆို … မိုယုရန် ဖိတ်ခေါ် ထားတဲ့ တန်ခိုးရှင်က သူအစွမ်းနဲ့ ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကို မိုယုရန် ပြန်ထိန်းချုပ် နိုင်အောင် ကူညီလိုက်တာပဲ … ပြီးတော့ … နှစ်ထောင်ချီ သက်တမ်း ရှိတဲ့ ဝင်္ကပါကြီးကိုလည်း ဖျက်ဆီး နိုင်စွမ်း ရှိတယ်။ အခု မိုဖန်ကုနဲ့ မိုချောင်ဂျန်တို့ ညီအစ်ကို နှစ်ယောက်လုံး သေသွားပြီ … မိုမိသားစု ကလည်း မိုယုရန် ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားပြီ…”
အနက်ရောင်ဝတ်စုံနှင့် အရပ်မနိမ့်မြင့် လူလတ်ပိုင်း ယောက်ျား တစ်ယောက်က ကောင်းကင် ကြယ်အဖွဲ့ကြီး၏ ခေါင်းဆောင် ရှင်းဝူတောင်ကို အဖြစ်အပျက် များကို ရှင်းလင်း ပြောပြနေသည်။
“နှစ်ထောင်ချီနေတဲ့ ဝင်္ကပါကြီးကို ဖျက်ဆီးပစ် လိုက်နိုင်တယ် … ဟုတ်လား …”
ကောင်းကင်ကြယ် အဖွဲ့အစည်း ခေါင်းဆောင် ဖြစ်သော ရှင်းဝူတောင်သည် ပြိုင်ဖက် ရှေးဟောင်း မိသားစု မဟာမိတ်ဌာနချုပ်ကို ကာကွယ်ထားသည့် ဝင်္ကပါသည် မည်မျှ အစွမ်းထက်ကြောင်း ကောင်းကောင်း သိရှိထားရာ ရဲချန်ဖန်က အလွယ်တကူ ဖျက်ဆီးပစ် လိုက်နိုင်သည်ကို သိလိုက် သောအခါ အံဩသင့် တုန်လှုပ် သွားသည်။
“အဲလူက ဘယ်လောက်တောင် အစွမ်းထက် နေလို့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ရဲ့ ဝင်္ကပါကို ဖျက်ဆီးပစ် လိုက်နိုင်တာလဲ …”
ရှင်းဝူတောင် အသံက အလွန် လေးနက် နေသည်။
‘မျက်မြင် သက်သေ တွေဆီက ကြားရတဲ့ သတင်းအရဆို အဲလူက ကောင်းကင် သားရဲဘုရင် တတိယအဆင့် တန်ခိုးရှင်ပဲ …” ဝတ်စုံနက်က ပြန်ဖြေ လိုက်သည်။
“မဖြစ်နိုင်တာ … မင်းလည်း ဒီသတင်းကို ယုံလား … ကောင်းကင် သားရဲ တတိယ အဆင့် တန်ခိုးရှင်က မိစ္ဆာစစ်သူကြီးတွေကို သတ်ဖို့ ဖြစ်နိုင်မလား။ ပြီးတော့ နှစ်ထောင်ချီ သက်တမ်းရှိ ဝင်္ကပါကို ဖျက်ပစ် နိုင်ပါ့ မလား …”
ရှင်းဝူတောင်က မယုံနိုင် ဖြစ်ကာ ဝတ်စုံနက်ကို မေးမြန်း လိုက်သည်။
“အဲလူက သူအစွမ်းကို ဖုံးကွယ် ထားတာ ဖြစ်မယ် … သူက နာယကကြီး ထက်တောင် ပိုအစွမ်းထက်မယ့်ပုံပဲ …”
“ခေါင်းဆောင်ကြီး … တစ်ယောက်ယောက်ကို လွတ်ပြီး အဲလူ အစွမ်းကို စမ်းသပ် ကြည့်ကြမလား …”
“မလုပ်နဲ့ … တစ်ယောက်ယောက်က သူအစွမ်းကို ငါတို့ ကိုယ်စား စမ်းသပ် ပေးလိမ့်မယ် …”
“ခေါင်းဆောင်ကြီး … အမှောင်သခင်က ရဲချန်ဖန်ကို တိုက်ခိုက် လိမ့်မယ်လို့ ဆိုလိုတာလား …”
“ဟုတ်တယ် … ငါတို့ အဖွဲ့နှစ်ခုကို ယှဉ်ပြိုင်ဖို့ မိုဖန်ကု တို့ညီအစ်ကိုက အမှောင်သခင်နဲ့ ပူးပေါင်း သွားတာလေ … ခုတော့ သူတို့ ညီအစ်ကို နှစ်ဦး သေပြီ … မိစ္ဆာ စစ်သူကြီး ငါးဦးကလဲ ရဲချန်ဖန် လက်ထဲမှာ သေသွား ရတာ … အမှောင်သခင်က လက်ပိုက် ကြည့်နေမယ် ထင်လား … ငါထင်တယ် … ရက်အနည်းငယ် အတွင်းမှာပဲ ရဲချန်ဖန်ကို အမှောင်သခင်က တိုက်ခိုက် လိမ့်မယ် … အဲဒီအချိန်ကြရင် အဲဒီလူရဲ့ အစွမ်းကို ငါတို့ သိမှာပဲ …”
မိုယုရန်က ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကို ပြန်ထိန်းချုပ်လိုက်ပြီ ဆိုသော သတင်းက ကြယ်တာရာ ကျွန်းတစ်ခုလုံး တောမီးအလား အလျင်အမြန် ပျံနှံသွားသည်။ ထို့အပြင် ရဲချန်ဖန် အစွမ်းက ပိုမို၍ ကြယ်တာရာ ကျွန်းကို တုန်လှုပ် သွားစေသည်။
အင်အားကြီး အဖွဲ့အစည်း များက သဘောတူညီမှု ရယူထားသည်နှယ့် ဘယ်သူမှ ရဲချန်ဖန် အစွမ်းထက် မထက်ကို စမ်းသပ်ခြင်း မပြုကြပေ။ သူတို့က အမှောင်သခင်၏ လှုပ်ရှားမှုကို စောင့်ကြည့် နေကြ လေသည်။
လကြယ် ကျွန်းကြီးသည် မိုင်ထောင်ကြီး ကျယ်ဝန်းပြီး ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်ကာ မြေဆီဩဇာ ကောင်းမွန်မှုကြောင့် လူအများ နေထိုင်ရာ ကျွန်းကြီး တစ်ခုဖြစ်သည်။ ထို့အပြင် နာမည်ဆိုးနှင့် ကျော်ကြား လှသည့် အမှောင် သခင်၏ အခြေစိုက် စခန်းရှိရာ နေရာလည်း ဖြစ်သည်။
“ဓားမိစ္ဆာ … မင်းဂူအောင်း လေ့ကျင့် နေတုန်းပဲလား …”
အနက်ရောင် ဝတ်စုံနှင့် ထိပ်ပြောင်ပြီး အလွန်အန္တရာယ် များသော အေးစက်လှသည့် အော်ရာက ထိုလူထံမှ ထွက်ပေါ်နေသည့်လူ တစ်ဦးသည် တိတ်ဆိတ်သော တောလမ်းလေး အတိုင်း လျှောက်လာရင်း ဂူကြီးတစ်ခု အနား ရောက်စဉ် ရပ်တန့် သွားသည်။ ထိုလူ၏ တည်ရှိမှုသည် အေးစက် ကြောက်မက်ဖွယ် ကောင်းပြီး ထိုလူကို မြင်လိုက်ရပါက သွေးအေး ရက်စက်မည့် သေမင်းကို မြင်နေရသလို တုန်လှုပ် ချောက်ချား စေနိုင်သည်။
ထိုဝတ်စုံနက်က ဂူအပြင်တွင် ရပ်နေရင်း တီးတိုးလေး တစ်ကိုယ်တည်း ရေရွတ် လိုက်သည်။ ထိုလူကား တခြားလူ မဟုတ်ချေ မိစ္ဆာစစ်သူကြီး တို့၏ ခေါင်းဆောင် ဖြစ်သော အမှောင်သခင် ပင်ဖြစ်သည်။ အမှောင်သခင်ကား မဟာသားရဲ ဘိုးဘေး ဆဋ္ဌမအဆင့် တန်ခိုးရှင် ဖြစ်ပြီး ကြောက်ခမန်းလိလိ အော်ရာများက သူဆီမှ ထွက်ပေါ်နေသည်။
“အမှောင်သခင် … ခင်ဗျား … ကျွန်တော်ကို ဘာကိစ္စနဲ့ လာတွေ့တာလဲ …”
အမှောင်သခင်၏ စကားသံ ဆုံးသည်နှင့် ဂူထဲမှ အသံက ထွက်ပေါ် လာသည်။ အသံနှင့် အတူ အနက်ရောင် ဆံပင်များက ပခုံးပေါ်ထိ ကျဆင်းနေပြီး ပိန်ပိန်ပါးပါး မျက်လုံးများက ဓားတစ်စင်းကဲ့သို့ စူးရှနေသည့် အဘိုးအို တစ်ယောက် ထွက်ပေါ် လာသည်။ ထိုလူသည် လူထူးဆန်းဟု ထင်ရပြီး မြွေအရေခွံဖြင့် ပြုလုပ် ထားသည့် ဝတ်စုံကို ဝတ်ဆင် ထားသည်။
သူကား အမှောင်သခင်ကိုပင် သိပ်အမူထားပုံ မရချေ။ အဘယ်ကြောင့် ဆိုသော် သူကား အမှောင်သခင်၏ ညာလက်ရုံး ဖြစ်ပြီး မဟာ သားရဲဘိုးဘေး ဆဋ္ဌမအဆင့် ရောက်ရန် လက်တကမ်း အကွာ ရောက်နေသော အလွန်အစွမ်း ထက်လှသော မဟာသားရဲ ဘိုးဘေး ပဉ္စဆမ အဆင့် တန်ခိုးရှင် ဖြစ်သည်။သူက မိစ္ဆာစစ်သူကြီး နံပါတ်တစ် ဖြစ်သော ဓားမိစ္ဆာ ဖြစ်သည်။ သူသည် ဓားပညာနှင့် ပက်သက်လျှင် အရူးအမူးကဲ့သို့ လေ့လာ လိုက်စားသူ ဖြစ်သည်။
သူပုံသည် အလွန် ထက်မြက်သည့် ဓားကဲ့သို့ပင် သူကို ကြည့်မိသူတိုင်း အသည်းများ အေးခဲ သွားစေ နိုင်သည်။ သူသည် မထင်လျှင် မထင်သလို သတ်ဖြတ်တတ်သော အလွန် ရက်စက်သည့် စရိုက်ရှိသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူက အမှောင်သခင်၏ ညာလက်ရုံး ဖြစ်ပြီး အမှောင်သခင်ကိုပင် ကြောက်လန့်ခြင်း မရှိပေ။
“ကြယ်တာရာ ကျွန်းမှာ မတော်တဆ ကိစ္စတွေ ဖြစ်ခဲ့တယ် … ဒါကြောင့် မိစ္ဆာစစ်သူကြီးထဲမှာ ငါးယောက် သေသွားပြီ။ မိုဖန်ကုတို့ ညီအစ်ကို နှစ်ဦးလည်း သတ်ခံလိုက်ရပြီ …”
“ဟင် … အဲဒါဘယ်သူ လက်ချက်လဲ …”
ဓားမိစ္ဆာ မျက်ခုံးများ ကြုတ်သွားပြီး သာမာန်ကိစ္စလေး တစ်ခုအလား မေးလိုက်သည်။ သူက မိစ္ဆာစစ်သူကြီးတို့ သေဆုံးမှုကို ဂရုမစိုက်ပေ။ သို့သော် သူက အမှောင်သခင်၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်သူတို့ကို ခွင့်လွှတ်လေ့ မရှိပဲ ရက်ရက်စက်စက် သတ်ဖြတ်လေ့ ရှိသည်။
“ကြားရတဲ့ သတင်းတွေ အရတော့ ကောင်းကင် သားရဲ တတိယ အဆင့်ပဲရှိတဲ့ လူငယ်လေး တစ်ယောက်ရဲ့လက်ချက်ပဲ …” အမှောင်သခင်က ပြန်ဖြေ လိုက်သည်။
“ခင်ဗျားက … အဲသတင်းကို ယုံလား …”
ဓားမိစ္ဆာ၏ အေးစက်စက် ခံစားချက် မရှိသည့် မျက်နှာက ထိုသတင်းကြောင့် ပြောင်းလဲခြင်း မရှိပဲ အမှောင်သခင်ကို ပြန်မေးလိုက်သည်။
“ငါလည်း အစက အဲဒီသတင်းကို မယုံဘူး … ဒါပေမဲ့ သူဆီမှာ သွေးနဂါး သားရဲဝိညာဉ် ရှိပြီး ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ အောင်မြင် ထားတယ်လို့ သိရတဲ့ အချိန်မှာ ငါယုံကြည်လိုက် ရတယ် … ဒီကမ္ဘာမှာ အဲဒီလို အစွမ်းထက်လှတဲ့ ပါရမီရှင် တချို့ကတော့ အဲလို စွမ်းဆောင်နိုင်တာပဲ …”
“ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့် ထားနိုင်တယ် ဟုတ်လား …”
ဓားမိစ္ဆာ မျက်လုံးမှ အရောင်တစ်မျိုးက ထွက်လာလေသည်။
“အင်း … အဲသတင်းက မှန်ဖို့များတယ် … ဘာလို့လဲ ဆိုတော့ အဲဒီအဖြစ်အပျက်ကို မြင်လိုက်တဲ့ မျက်မြင် သက်သေ တော်တော်များများ ရှိနေလို့ပဲ … ပြီးတော့ သူဆီမှာ ကောင်းကင် အဆင့် ဓားပါရှိနေတယ်လို့ ကြားတယ် …”
“အဲလူက ဘယ်တုန်းက ကြယ်တာရာ ကျွန်းကို ရောက်လာတာလဲ …”
သူဘဝ တစ်လျှောက် အတွေ့အကြုံအရ ဓားမိစ္ဆာသည် ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် လေ့ကျင့်ဖို့ မည်မျှ ခက်ခဲသည်ကို နားလည်ထားသည်။ ယခုတော့ လူငယ်လေး တစ်ဦးက ဓားအင်အားကို အမြင့်ဆုံး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့်ထားနိုင်ပြီး ကောင်းကင် အဆင့် ဓားပါ ပိုင်ဆိုင် ထားသဖြင့် ဓားမိစ္ဆာ၏အာရုံကို လုံးဝ ဖမ်းစား သွားသည်။
“အဲဒီလူ ကိစ္စကို ငါ့တာဝန် ထားလိုက် … ငါသူ့ကို သွားတွေ့လိုက်မယ် …”
ဓားမိစ္ဆာက ရဲချန်ဖန်ကို လုံးဝ စိတ်ဝင်စားသွားပြီး မဟာသားရဲဘိုးဘေး ဆဋ္ဌမအဆင့် တက်ရန် ကြိုးစားမှုကို ခဏနောက်ဆုတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရဲချန်ဖန်ကမူ အမှောင်သခင်၏ ညာလက်ရုံး ဓားမိစ္ဆာက သူအား လာရောက် တိုက်ခိုက်တော့မည်ကို မသိပဲ ရွှယ်နီရှန် မိစ္ဆာအရိုး သလင်းကျောက် စုပ်ယူနေသည်ကို စောင့်ကြည့် ကာကွယ် နေသည်။ ရွှယ်နီရှန်၏ ဝိညာဉ်ကျင့်စဉ်သည် ရဲချန်ဖန်၏ ဝိညာဉ်စုပ် သိုင်းလောက် အစွမ်း မထက်သောကြောင့် မိစ္ဆာအရိုး သလင်းကျောက်ထဲမှ စွမ်းအင်ကို နှေးကွေးစွာ စုပ်ယူနေသည်။
နှစ်ရက်ခန့် မနားမနေ စုပ်ယူသည့်တိုင် မိစ္ဆာ အရိုးသလင်း ကျောက်ထဲမှ စွမ်းအင်ကို သုံးပုံ တစ်ပုံမျှသာ စုပ်ယူ နိုင်သေးသည်။ သို့သော် ထိုသုံးပုံတစ်ပုံမျှ စွမ်းအင်ဖြင့်ပင် သူမက ကိုယ်တွင်း အင်္ဂါ သန်မာစေခြင်း အဆင့်ကို အောင်မြင်အောင် လေ့ကျင့် နိုင်သွားပြီ ဖြစ်သည်။ သူမ အမြင့်ဆုံး အဆင့်ထိ အောင်မြင်ရန်မှာမူ ဝေးကွာနေသေးသည်။
“ဒီကျောက်တုံးထဲ ပါတဲ့ စွမ်းအင်တွေက အရမ်း အစွမ်းထက်တာပဲ …” ခန္ဓာကိုယ် စွမ်းအင် တိုးလာသည်ကို ခံစားမိနေသော ရွှယ်နီရှန်သည် အလွန် ပျော်ရွှင် နေသည့်ပုံ ပေါ်သည်။
ရဲချန်ဖန်တို့ မိစ္ဆာသလင်းကျောက်ကို စုပ်ယူနေချိန်တွင် မိုယုရန်က မိုဖန်ကုတို့၏ နောက်လိုက် အပေါင်းအပါ များကို ရှင်းလင်းပြီး ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကို လုံးဝ ထိန်းချုပ် လိုက်နိုင်ပြီ ဖြစ်သည်။ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကြီးက တဖြည်းဖြည်း အခြေအနေ တည်ငြိမ်ပြီး အေးချမ်းစ ပြုလာချိန်တွင် ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကြီးရှေ့သို့ ဓားတစ်စင်းကို နောက်ကျောတွင် လွယ်ထားသည့် အဘိုးအို တစ်ဦးက ရောက်ရှိ လာသည်။
ထိုအဘိုးအို ရောက်လာသည်နှင့် ရွှယ်နီရှန် မိစ္ဆာ သလင်းကျောက်ကို စုပ်ယူနေသည်ကို ကာကွယ် စောင့်ရှောက် နေသော ရဲချန်ဖန်၏ မျက်လုံးများက ပွင့်လာပြီး အဘိုးအို ရှိရာ အရပ်သို့ လှမ်းကြည့် လိုက်သည်။ ချက်ချင်းပင် ရဲချန်ဖန်က ပျံဝဲ ထွက်သွားပြီး အဘိုးအို ရှိရာ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ ဌာနချုပ် အပြင်သို့ ရောက်ရှိ သွားသည်။
ရဲချန်ဖန်က ဓားမိစ္ဆာနှင့် မျက်နှာချင်းဆိုင် လိုက်ချိန်တွင် အလွန် အစွမ်းထက်သော ဓားအင်အားက သူတို့ ကိုယ်များမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ် သွားစေသည်။