အခန်း ( ၁၉၈ )
ရှင့်ကအလိုက် သိတတ်သားပဲ
“ယုရန် … ဒီမိစ္ဆာအရိုး ကျောက်တုံးတွေက ဘာလို့ အဲလောက်သေးနေ ရတာလဲ …”
ရဲချန်ဖန်သည် မိုယုရန်က ပေးသော သတ္ထု သေတ္ထာလေးကို ဖွင့်လိုက်ချိန်တွင် သူစုပ်ယူခဲ့သော မိစ္ဆာအရိုး သလင်းကျောက်နှင့် စာလျှင် သုံးပုံ တစ်လောက်သာ အရွယ်အစား ရှိသော ကျောက်တုံးများ ဖြစ်နေသည်ကို တွေ့လိုက် ရပြီး မျက်မှောင်များကြုတ် သွားပြီး မိုယုရန်ကို မေးလိုက်လေသည်။
“မိစ္ဆာအရိုး သလင်းကျောက် တွေက အရွယ်စုံ ဖြစ်နိုင်တယ် … ကျွန်မ သိမ်းထားခဲ့တဲ့ မိစ္ဆာအရိုး သလင်းကျောက်က အကြီးဆုံးလေ … ကျန်တဲ့ ရှိနေတာ ဟာတွေက ဒီလောက် အရွယ်အစားပဲ ရှိတော့တယ် … ရေအောက် လိုဏ်ဂူကို မဝင်နိုင်တာ နှစ်တစ်ထောင်ကျော် ကြာသွားခဲ့ပြီ … မိုမိသားစု ပိုင်ဆိုင်တဲ့ ကျောက်တုံးတွေက ဒါပဲရှိတော့တယ် …”
“အဲလိုလား … အင်း …”
ရဲချန်ဖန်က မိုယုရန်ပြောသည်ကို လက်ခံသည်။ ကြယ်တာရာ ကျွန်း၏ အင်အား အကြီးဆုံး အဖွဲ့ကြီး သုံးခု စုပေါင်းပြီး ရေအောက် လိုဏ်ဂူကို ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ခဲ့သည်မှာ ကြာမြင့် နေပြီဖြစ်သည်။ ထို့ကြောင့် မိုမိသားစုတွင် ရှိနေသည့် ကျောက်တုံး များမှာ သိပ်မရှိနိုင်ပေ။
“ယုရန် … ဒီဝိညာဉ် လက်နက်တွေ၊ မြေကမ္ဘာအဆင့် လက်နက် တွေကို မင်းရဲ့ အဆက်အသွယ်ကနေ ရောင်းပေးပါဦး … ပြီးတော့ ရောင်းလို့ရလာတဲ့ ဟာတွေနဲ့ … ဆေးအဆိပ် ဖယ်ရှား ဆေးနှစ် ပုလင်းရယ် … အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တွေရယ် အဲနှစ်ခုနဲ့ လဲပေး …” ရဲချန်ဖန်က မိစ္ဆာစစ်သူကြီး လေးယောက်ကို သတ်ဖြတ် ခဲ့ပြီးနောက် သူတို့ ပိုင်ဆိုင် ထားသမျှကို ရရှိထားရာ မိစ္ဆာစစ်သူကြီး များ၏ လက်နက် များသည် သူအာရုံကို မဖမ်းစားနိုင်ပေ။
ဓားစက်ရုပ်ထဲတွင် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်း ငါးသောင်းကျော်၊ ရဲချန်ဖန် လက်ထဲတွင် နှစ်သိန်း ခြောက်သောင်းကျော် ရှိနေ သေးသော်လည်း ဝိညာဉ် ကျောက်တုံး များက လုံလောက်ခြင်း မရှိသေးဟု ရဲချန်ဖန် ခံစားနေရသည်။ သူအတွက် ဝိညာဉ် ကျောက်တုံးများ အရန်သင့်ဆောင် ထားသည်သာ အကောင်းဆုံး ဖြစ်မည်။
“ချန်ဖန် … ရှင် ဝိညာဉ် ကျောက်တုံးတွေ ထပ်လို နေသေးတာလား …”
မိုယုရန်က သူမ ရဲချန်ဖန်ကို ဝိညာဉ် ကျောက်တုံး နှစ်သိန်းကျော် ပေးခဲ့သည်ကို အမှတ်ရ သွားမိသည်။ သို့သော် ရဲချန်ဖန်က ဝိညာဉ် ကျောက်တုံးများ ထပ်မံ လိုအပ် နေသေးသဖြင့် မိုယုရန်က သိချင်သွားသည်။
“အင်း … များများ ရှိတော့ ပိုကောင်းတာပေါ့ …”
“ချန်ဖန် … ရှင် ဒီလက်နက်တွေကို ကျွန်မတို့ဆီ ရောင်းတာ ပိုကောင်းမယ် … ကျွန်မ ရှင့်ဆီကို အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး သုံးသိန်းရယ်၊ ဆေးအဆိပ် ဖြေဆေး နှစ်ပုလင်း လာပို့ ခိုင်းလိုက်မယ် …”
မြေကမ္ဘာ အဆင့် လက်နက် များသည် အလွန်ရှားပါး လှသောကြောင့် မိုယုရန်က ထိုလက်နက် များကို တခြား အင်အားစုများ လက်ထဲ ကျရောက် သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူမကပင် ဈေးကြီးပေး ဝယ်ယူလိုက်သည်။
“အင်း … ကောင်းသားပဲ …”
“ချန်ဖန် … ရှင်က ကျွန်မကို ကူညီပြီး လက်စား ချေပေးခဲ့တယ် … မိုမိသားစုကို ပြန်ပိုင်ဆိုင် နိုင်အောင်လည်း ကူညီခဲ့တယ် … ကျွန်မ အနေနဲ့ ရှင့်ကို ဒီထက်ပို ပေးပြီး ကျေးဇူးဆပ် ချင်ပေမယ့် … ကျွန်မတို့ မိုမိသားစုက လက်တလော အရေးအခင်းကြောင့် မိသားစုထဲမှာ မတည်ငြိမ်သေးဘူး … မိုမိသားစု အရင်လို ပြန်အင်အားတော့ လာဖို့ ဘဏ္ဍာရေး အင်အား တောင့်ဖို့ လိုအပ်နေတယ် … ဒါကြောင့် နောက် မိုမိသားစုအင်အား ပြန်ရှိလာတာနဲ့ ရှင့်ကို အများကြီး ထပ်ပေးပါ့မယ် …”
“ရှင့်သာ မိုမိသားစုမှာ ထပ်ကြာကြာနေရင် အင်အား ပြန်ရှိလာတာနဲ့ အများကြီး ထပ်ပေးပါ့မယ်လို့ ကတိပေးပါတယ် …”
မိုယုရန်က ထိုစကား ပြောလိုက်ချိန်တွင် သူမ အသံက အလွန် တိုးသွား လေသည်။ ရဲချန်ဖန်သည် အချိန်တန်ပါက သူမ ဘေးမှ ထွက်သွားမည့် လူမဟုတ်ပါလော။ ထိုအချိန်ကို သူမ ဘယ်လိုမှ ရင်မဆိုင် နိုင်မည်ဟု မထင်ချေ။ သူမက ထိုအကြောင်း တွေးလိုက်မိသည်နှင့် ဝမ်းနည်း လာသည်။ ထို့ကြောင့် ရဲချန်ဖန်က သူမအား ထားပြီး ဘယ်တော့မှ မထွက်သွားဖို့ တိတ်တိတ်လေး ဆုတောင်း နေမိသည်။
“စိတ်မပူပါနဲ့ … ရေအောက် လိုဏ်ဂူကို မသွားရောက် သေးဘဲနဲ့ ငါဘယ်မှ မထွက်သွားပါဘူး…”
“ချန်ဖန် … ရှင့်ရေအောက် လိုဏ်ဂူကို ဝင်ရောက်ဖို့ ဆိုတာ အဲဒီလောက် မလွယ်ဘူး … ပထမဆုံး ကောင်းကင်ကြယ် အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့က သော့နှစ်ချောင်း အရင်ရအောင်လုပ် ရဦးမယ် … ကျွန်မ ထင်တာ ကတော့ အဲဒီသော့ တွေက သူတို့ အဖွဲ့တွေရဲ့ နာယကကြီးတွေ လက်ထဲမှာ ဖြစ်လိမ့်မယ် …”
မိုယုရန်က သတိပေး လိုက်သည်။
“အင်း … သင့်တော်တဲ့ အချိန်ရောက်ရင် ငါကောင်းကင်ကြယ် အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့တွေဆီ သွားပြီး သူတို့ဆီက သော့ကို ယူရမှာပဲ …”
ကြယ်တာရာကျွန်း၏ အင်အား အကြီးအဆုံး အဖွဲ့နှစ်ခု၏ နာယကကြီးများ လက်ထဲမှ သော့ကို ယူရမည်မှာ အလွန် ခက်ခဲပေသည်။ နာယကကြီး များသည် သူတို့ သက်ဆိုင်ရာ အဖွဲ့များတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည် မဟုတ်ပါလော။ သို့သော် ရဲချန်ဖန်က သူတို့ကို ကြောက်လန့်ခြင်း မရှိပေ။
ရဲချန်ဖန်က သူမတို့နှင့် အတူ မိုမိသားစုတွင် အချိန်တစ်ခု ကြာရှိ နေတော့မည်ကို သိလိုက် သောအခါ မိုယုရန် ရင်ထဲက အလုံးကြီး ကျသွားလေသည်။ ထို့နောက် မိုယုရန်က ရဲချန်ဖန် ရောင်းရန် ပေးသည့် လက်နက်များကို ယူပြီး ပြန်သွားလေသည်။
“ချန်ဖန် … ဒီမိုယုရန်က ရှင့်ကို ချစ်နေတာနဲ့ တူတယ် … သူမက ရှင့်ကို သူမနဲ့အတူ အမြဲရှိနေ စေချင်တဲ့ပုံပဲ…”
မိုယုရန်ထွက်သွား ပြီးနောက် ရွှယ်နီရှန်၏ ဆွဲမက်ဖွယ် နှုတ်ခမ်းလေး များက တွန့်ကွေးသွားကာ ရဲချန်ဖန်ကို ပြောလိုက်လေသည်။ သူမက ရဲချန်ဖန်သည် မိုယုရန် အပေါ်မည်သို့ သဘော ထားသည်ကို သိချင်သောကြောင့် တီးခေါက် လိုက်ခြင်းဖြစ်သည်။
“အဓိပ္ပာယ် မရှိတာတွေ လာမပြောနေနဲ့၊ မင်းကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ကိုယ်တွင်း အင်္ဂါသန်စေခြင်း အဆင့်ကို အောင်မြင်အောင် မကျင့်ချင်ဘူးလား …”
ရွှယ်နီရှန်၏ သူအပေါ် စူးစမ်းနေသော မျက်လုံများကို ရှောင်ဖယ်ပြီး ရဲချန်ဖန်က စကားလွဲ လိုက်သည်။
“ရှင့်မှာ နည်းလမ်း ရှိလို့လား …”
ရွှယ်နီရှန် မျက်လုံးများက အရောင် ချက်ချင်း တောက်သွားပြီး မိုယုရန် အကြောင်းကို ချက်ချင်း မေ့သွားလေသည်။ ရဲချန်ဖန်က သူမကို ဂရုစိုက် နေသည် မဟုတ်ပါလော။
“ငါအစက ဒီကျောက်တုံး နှစ်ခုလုံး သုံးပြီး အရိုး သန်မာစေခြင်း အဆင့်ကို ကျင့်မလို့ပဲ ၊ ဒါပေမဲ့ ဒီကျောက်တုံး တွေက အရင်တစ်ခေါက်ကထက် အများကြီး သေးတယ်၊ ဒါကြောင့် သူထဲမှာပါတဲ့ စွမ်းအင်က ငါလေ့ကျင့်ဖို့ မလောက်ဖူး၊ ငါက အသေး တစ်တုံးကိုပဲ အသုံးပြု လေ့ကျင့်မယ်၊ မင်းကတော့ ဒီအကြီး တစ်တုံးကို သုံးပြီး ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်လိုက် …”
“ရေအောက်လိုဏ်ဂူတွင် သူတို့ အတွက် အခွင့်အရေးများ ပိုမိုရစေရန် ရဲချန်ဖန်က ရွှယ်နီရှန် အစွမ်း ပိုထက်လာမည့် နည်းများကို ရှာဖွေနေသည်။
“ရှင်က မိန်းကလေးတွေရဲ့ အကြိုက်ကို သိသားပဲ …”
ရွှယ်နီရှန် မျက်နှာလှလှ လေးတွင် ကျေနပ် ပီတိဖြစ်သော အပြုံးလေးက ဖြစ်ပေါ်လာသည်။ ရွှယ်နီရှန်က သူမကို ရဲချန်ဖန်က အရေးတယူ ရှိသည့်အပြင် ကျောက်တုံး နှစ်တုံး ရှိသည့်အနက် ပို၍ကြီးသော ကျောက်တုံးကို သူမကို ပေးသုံးပြီး ငယ်သည့် အတုံးကိုမူ ရဲချန်ဖန်က ယူမည်ဟု ဆိုလိုက် သဖြင့် အလွန်ကျေနပ်နေသည်။
သူမ မသိသည်မှာ ရဲချန်ဖန်က ထိုနှစ်တုံးလုံး သူအသုံးပြုလိုက်ရင် တောင်မှ ထူးခြားမှု မရှိဘဲ ရွှယ်နီရှန်က သူမိတ်ဆွေ ဖြစ်သဖြင့် သူမ အစွမ်းတိုးအောင် ကူညီပေးခြင်းသာ ဖြစ်သည်။
မကြာမီပင် အကြီးအကဲမိုင် ကိုယ်တိုင်ပင် ရဲချန်ဖန်တို့ နေသည့် နေရာကို ရောက်လာပြီး ဝိညာဉ်ကျောက်တုံး သုံးသိန်းနှင့် ဆေးအဆိပ်ဖြေဆေး နှစ်ဗူးကို လာပေးလေသည်။ ရဲချန်ဖန်တွင် ယခု အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ငါးသိန်းခြောက်သောင်း ဝန်းကျင်ရှိနေပြီ ဖြစ်သည်။
“နီရှန် … ငါကို အခန်းအပြင်က စောင့်ကြပ် ကာကွယ်ပေး … ငါမထွက် မလာမချင်း ဘယ်သူကိုမှ အဝင်မခံနဲ့ … ငါမကြာခင်မှာ မင်းနဲ့ငါ စုပ်ယူမယ့် မိစ္ဆာ သလင်းကျောက်ထဲက မိစ္ဆာဓာတ်တွေ ဖယ်ရှားတော့မယ် … ငါမိစ္ဆာဓာတ် ဖယ်ရှား ထားတဲ့ မိစ္ဆာသလင်းကျောက်ကို မင်းစုပ်ယူရင် မင်းအစွမ်းတွေ အရမ်းထက် လာလိမ့်မယ် …”
အကြီးအကဲမိုင် ပြန်သွား ပြီးနောက် ရဲချန်ဖန်သည် ရွှယ်နီရှန်ကို သူအား အခန်းအပြင်မှ စောင့်ကြပ်ကာကွယ် ပေးရန် ပြောလိုက်သည်။ ထို့နောက် မိစ္ဆာဓာတ်များ ပတ်ဝန်းကျင်သို့ သက်ရောက်မှု မရှိစေရန် မှော်အစီအရင် ဝင်္ကပါ တစ်ခုကို ရေးဆွဲလိုက်သည်။ အရာအားလုံး ပြင်ဆင် ပြီးနောက် ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်ကို သေတ္တာထဲမှ ထုတ်ယူလိုက်သည်။
မိစ္ဆာအရိုး သလင်းကျောက်ကို သေတ္ထာထဲမှ ထုတ်ယူလိုက်သည်နှင့် ပြင်းထန်လှသော မိစ္ဆာဓာတ်က မိစ္ဆာအရိုး သလင်းကျောက်မှ ထွက်ပေါ်လာပြီး ချက်ချင်းပင် မိစ္ဆာမျက်နှာကြီး ဖြစ်ပေါ် လာကာ ရဲချန်ဖန်ကို စတင် တိုက်ခိုက်တော့သည်။
“သွေးနဂါး တိုက်ခိုက်စမ်း …”
ယခု ရဲချန်ဖန် စုပ်ယူမည့် မိစ္ဆာအရိုး သလင်းကျောက်သည် သူယခင် စုပ်ယူခဲ့သော မိစ္ဆာအရိုး သလင်းကျောက်ထက် မိစ္ဆာအစွမ်းမှာ များစွာ လျော့နည်းသည်။ ရဲချန်ဖန်က အတွေ့အကြုံ ရှိထားပြီး ဖြစ်ရာ ကြောက်လန့် မနေဘဲ သွေးနဂါးကို ဆင့်ခေါ်ကာ မိစ္ဆာမျက်နှာကို တိုက်ခိုက်လိုက်သည်။
သွေးနဂါးနှင့် မိစ္ဆာ မျက်နှာတို့သည် ပြင်းထန်စွာ တိုက်ခိုက်နေရာ ရဲချန်ဖန်က ဓားအင်အား၊ ကောင်းကင်ဓားများကို အသုံးမပြုပေ။ သွေးနဂါး၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုမို အကျွမ်း ဝင်လာစေရန် သွေးနဂါးဖြင့် မိစ္ဆာမျက်နှာကို ပြင်းထန်စွာ တိုက်ခိုက်နေသည်။
ရဲချန်ဖန်၏ တမူ ထူးခြား များပြားသော ဝိညာဉ်စွမ်းအင် များကြောင့် အချိန်ကြာလာ သည်နှင့်အမျှ မိစ္ဆာမျက်နှာ တိုက်ခိုက်မှုမှာ အားပျော့လာသည်။ နောက်ဆုံးတွင် မိစ္ဆာ မျက်နှာက ပျက်ပြယ် သွားပြီး အနက်ရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ရဲချန်ဖန်၏ စိတ်ဝိညာဉ် နယ်ပယ်ကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားတော့သည်။
“နတ်ဦးနှောက် … ဝါးမျိုစမ်း …”
အနက်ရောင် အလင်းတန်းများ ဝင်လာမည်ကို အသင့်ပြင်ဆင်ထားသော ရဲချန်ဖန်သည် နတ်ဦးနှောက်ကို ထိန်းချုပ်ပြီး အနက်ရောင် အလင်းတန်းများကို ဝါးမျိုတော့သည်။ အချိန်အတန် ကြာသွားပြီးနောက် အနက်ရောင် အလင်းတန်းများကို နတ်ဦးနှောက်က ထိန်းချုပ် လိုက်နိုင်ပြီး ဝါးမျို လိုက်သည်။ မိစ္ဆာဓာတ်များကို စုပ်ယူပြီးနောက် ရဲချန်ဖန်၏ နတ်ဦးနှောက် အတွင်းတွင် ဆဲလ်အသေး များစွာ ကွဲထွက်ပြီး ဦးနှောက် အသေးလေးပုံ တစ်ခုက တစ်စနှင့်တစ်စ ပို၍ ပုံပေါ်လာနေသည်။ မကြာမီပင် ရဲချန်ဖန် အတွက် ဦးနှောက် အသေး တစ်ခု ထပ်မံ ရှိတော့မည် ဖြစ်သည်။
“အင်း … နောက်ထပ် မိစ္ဆာအရိုး သလင်းကျောက် တစ်ခုကို ထပ်မံ စုပ်ယူလို့ ရရင် ဦးနှောက် အသေးလေးကို ရနိုင်မလား … မသိဘူး …”
ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်ကို ယခင်က စုပ်ယူဖူးသည့် အတွေ့အကြုံ ရှိသော်လည်း မိစ္ဆာမျက်နှာနှင့် တိုက်ခိုက် ရသည်မှာ မသက်သာလှချေ။ သူအတော်လေး ပင်ပန်းသွားပြီး မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထို့နောက် ရဲချန်ဖန်က အနားယူ လိုက်သည်။
သုံးနာရီကြာ အနား ယူပြီးနောက် ရဲချန်ဖန်က အားအင် ပြန်လည် ပြည့်ဖြိုး လာသည်။ ထို့နောက် ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက် နောက်တစ်တုံးပါသည့် သေတ္တာအား ဖွင့်လိုက်ရာ အဆုံးမဲ့ မိစ္ဆာဓာတ်များက ထွက်ပေါ် လာပြီး မိစ္ဆာမျက်နှာကြီး ဖြစ်လာလေသည်။ ထို့နောက် သွေးနဂါးနှင့် မိစ္ဆာမျက်နှာတို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြလေသည်။ အချိန်ကြာ လာသည်နှင့်အမျှ မိစ္ဆာ မျက်နှာကြီး’အားပျော့ကာ အနက်ရောင် အလင်းတန်းများ အဖြစ် ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်ထဲ ဝင်ရောက် သွားသည်။
“နတ်ဦးနှောက် ဝါးမျိုစမ်း …”
ထပ်မံ ဝင်ရောက် လာသော အနက်ရောင် အလင်းတန်းများကို နတ်ဦးနှောက်က ဝါးမျိုနေပြီး နောက်ဆုံးတွင် နတ်ဦးနှောက်ထံမှ ဦးနှောက် အသေးလေး တစ်ခု ကွဲထွက် ဖြစ်ပေါ်လာသည်။
“အင်း … နောက်ဆုံးတော့ … ဦးနှောက် အသေးလေးတစ်ခု ထပ်ရပြီပေါ့ …”
ရဲချန်ဖန်က နတ်ဦးနှောက်သည် မည်မျှ အစွမ်းထက်လဲ တဖြည်းဖြည်းနှင့် ပိုပိုနားလည် သဘောပေါက်လာသည်။ သူတွင် နတ်ဦးနှောက် မရှိခဲ့ပါက လျှို့ဝှက် ဝိညာဉ်ဘုံတွင် သူ့အတွက် ကံကောင်းခြင်းများ ရှိမည် မဟုတ်ဘဲ ဓားစက်ရုပ် လက်ချက်ဖြင့် သေဆုံး နေပြီးလောက်ပြီ ဖြစ်သည်။
ရဲချန်ဖန်သည် မိစ္ဆာအရိုး သလင်းကျောက်မှ မိစ္ဆာဓာတ်များကို ဖယ်ရှားပြီး နောက်ထပ်မံ အနားယူ လိုက်သည်။ သုံးနာရီဝန်းကျင် ကြာပြီးနောက် အားပြန် ပြည့်လာသော ရဲချန်ဖန်သည် သူအားအကြီးအကဲမိုင် လာပေးထားသည့် ဆေးအဆိပ် ဖယ်ရှားသည့် ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ယူ လိုက်သည်။ ထို့နောက် အချိန်မဆိုင်းတော့ဘဲ ဆေးကို သောက်သုံး လိုက်ပြီး သူကိုယ်ထဲရှိ ဆေးအဆိပ် များကို စတင် ဖယ်ရှား လိုက်သည်။
ဆေးသောက်ပြီး မကြာမီပင် ဆေးစွမ်းက ပြလာပြီး ရဲချန်ဖန် ကိုယ်ထဲရှိ ဆေးအဆိပ်များကို စတင် ဖယ်ရှား လေတော့သည်။ ဆေးအဆိပ်သည် အချိန်ကြာလာ သည်နှင့်အမျှ ခဏကိုယ်ကို ဒုက္ခ ဖြစ်စေပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို နှောင့်နှေး စေနိုင်သည်။ ထို့ကြောင့် အစွမ်းထက်သော တန်ခိုးရှင် များသည် ဆေးကို အသုံးပြု၍ အဆင့်တက်စေရန် နည်းလမ်းကို တက်နိုင်သမျှ ရှောင်ရှားလေ့ ရှိသည်။ သို့သော် ချွင်းချက်ကမူ ရှိနေ ပေသည်။
အလွန်ဆေးစွမ်း ထက်သော နတ်ဝိဇ္ဇာအဆင့် သမားတော်များ ဖန်တီး ဖော်စပ်ထားသည့် ဆေးများမှာမူ ဆေးအဆိပ်က အလွန် နည်းပါး လေသည်။ သို့သော် ထိုကဲ့သို့ နတ်ဝိဇ္ဖာ အဆင့် ဖော်စပ်ထားသည့် ဆေးများကို ရရှိရန်မှာ ရေထဲကလကို ဆယ်ယူရန် ထက်ပင် ခက်ခဲ သေးသည်။
တစ်နာရီ နီးပါး ကြာသွားပြီးနောက် ရဲချန်ဖန် ကိုယ်ထဲ စုဝေးနေသည့် ဆေးအဆိပ်များ ပျောက်ကွယ် သွားလေသည်။ ရဲချန်ဖန်သည် မိစ္ဆာအရိုး သလင်းကျောက်ထဲမှ စွမ်းအင်များကို စုပ်ယူရန် အဆင့်သင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် ရဲချန်ဖန်က မိစ္ဆာအစွမ်းများ ဖယ်ရှားပြီး ဖြစ်သော မိစ္ဆာအရိုး သလင်းကျောက် တစ်ခုကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စုပ်သိုင်း အသုံးပြုကာ စွမ်းအင်များကို စတင်စုပ် ယူတော့သည်။
စွမ်းအင်များသည် ရဲချန်ဖန် ကိုယ်ထဲသို့ လှိုင်းလုံးများသဖွယ် တလိမ့်လိမ့် စီးဝင်လာသည်။ ထို့နောက် သွေးကြောများထဲမှ တစ်ဆင့် ခန္ဓာကိုယ် အနှံသို့ ပြင်းထန်စွာ စီးဆင်းတော့သည်။ ရဲချန်ဖန်သည် အနည်းငယ် တုန်လှုပ်နေကာ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ယင်နေသည်။ ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်ကို စုပ်ယူဖူးသည့် အတွေ့အကြုံ ရှိသော်လည်း မိစ္ဆာအရိုး သလင်းကျောက် ထဲပါဝင်သည့် စွမ်းအင်မှာ အလွန်များ ပြားလှသဖြင့် မတုန်လှုပ်ပဲ မနေနိုင်အောင် ဖြစ်နေ မိသေးသည်။
“ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် … စွမ်းအင် တွေကို အရိုးထိ ဖိနှိပ်စမ်း …”
စွမ်းအင်များသည် သွေးကြောများမှ တစ်ဆင့် အရိုးထဲသို့ ဖိနှိပ်ကာ အရိုးများကို ဖျက်ဆီးပြီး အသစ် ပြန်လည် တည်ဆောက် နေပြီဖြစ်သည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်သည် အဆင့်တက် လာသည်နှင့် အမျှ စွမ်းအင် လိုအပ်ချက်များ ပိုမို များပြားလာသလို နာကျင်မှုကလည်း ပိုမို ပြင်းထန် လာသည်။
အင်အားကြီး အဖွဲ့အစည်း ကြီးများတွင် အလွန် အစွမ်းထက်သော ခန္ဓာကိုယ် ကျင့်စဉ်များ ရှိသော်လည်း လူတိုင်း အောင်မြင်အောင် မကျင့်နိုင်သည်မှာ အကြောင်း ရှိလေသည်။ သာမန် သူတို့ထက် ပို၍ သံဓိဋ္ဌာန် ခိုင်မာသော၊ အမြင့်ဆုံး တန်ခိုးရှင် ဖြစ်လာမည့် သူများသာ ဤကဲ့သို့ နာကျင်မှုကို တောင့်ခံ နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်လျှင် ပေးဆပ်ရမှုက များပြား လှသော်လည်း ရရှိမည့် အစွမ်းကမူ သာမန် တန်ခိုးရှင်များ မမျှော်မှန်းနိုင်ပေ။
အချိန် ကြာလာသည်နှင့် အမျှ စွမ်းအင်များဖြင့် ဖိနှိပ် တည်ဆောက်ထားသော အရိုးများသည် ပိုမိုသန်မာ အစွမ်းထက်လာပြီး ရဲချန်ဖန် ကိုယ်ခန္ဓာ စွမ်းအားမှာ ပေါင်သုံးသိန်း ငါးထောင် အထိ ရောက်ရှိ လာသည်။ ခန္ဓာကိုယ် စွမ်းအား တိုးလာသည် နှင့်အမျှ ရဲချန်ဖန် ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်လို့ မရနိုင်တော့ဘဲ ရဲချန်ဖန်သည် ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့်သို့ ရောက်ရှိ သွားသည်။
“ဝုန်း …”
အဆင့်တက် သွားပြီးနောက် ရဲချန်ဖန် မျက်လုံးများက ပွင့်လာလေသည်။ သူက သူခန္ဓာကိုယ် စွမ်းအားကို စမ်းသပ်သည့် အနေဖြင့် မိစ္ဆာဓာတ်များကို ထိန်းချုပ်ရန် ရေးဆွဲထားသည့် မှော်အစီအရင်ကို လက်သီးဖြင့် ထိုးလိုက်လေသည်။ ချက်ချင်းပင် မှော်အစီအရင်မှာ ရဲချန်ဖန် လက်သီးချက်ကြောင့် ပျက်စီး သွားပြီး ရဲချန်ဖန် ရှိနေသော အဆောက်အဦး တစ်ခုလုံးက တုန်ခါ သွားလေသည်