အခန်း ( ၁၉၇ )
မိုဖန်ကု တို့ဖြင့် တိုက်ခိုက်ခြင်း
“ကျိုးပျက်သွားတယ် … နှစ်ထောင် ပေါင်းများစွာ ငါတို့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကို ကာကွယ် ပေးထားတဲ့ ဝင်္ကပါက ပျက်စီး သွားပြီလား …”
ထိုမြင်ကွင်းကို မြင်နေရသော မိုယုရန်နှင့် အခြားလူများသည် သူတို့ ရပ်နေသော နေရာတွင်ပင် ကြက်သေသေ ငေးမောနေကြပြီး အချိန်အတန်ကြာ စကား မပြောနိုင်ကြပေ။ ဝင်္ကပါအတွင်း ရပ်နေသော မိုဖန်ကုနှင့် မိုဂျန်ချောင်တို့သည် ဝင်္ကပါ ပျက်စီး သွားသည်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်ကာ ဒူးများပင် မခိုင်တော့အောင် ကြောက်လန့်သွားသည်။
“အထဲ ဝင်ကြရအောင် … မင်းမိဘတွေ အတွက် လက်စား သွားချေကြမယ် …”
ရဲချန်ဖန်က မိုယုရန်ဘက် ကြည့်လိုက် ပြီးနောက် ရဲချန်ဖန်က ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ချုပ်ထဲဝင် သွားလေသည်။
ကိုယ်ကိုယ်ကိုယ့် ယုံကြည်မှု အပြည့်ရှိပြီး သူရဲကောင်းဟန် အပြည့်အဝ ရှိသော ရဲချန်ဖန်ကို ကြည့်ပြီး ရွှယ်နီရှန် မျက်နှာတွင် အလွန် ဆွဲဆောင်မှု ရှိသောအပြုံး ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် သူမကို သူမ မသိလိုက်ဘဲ ရဲချန်ဖန်က သူမ နှလုံးသားကို ပြုစားသွားပြီ ဖြစ်သည်။
“မင်း … မင်းငါတို့ ဆီမလာနဲ့ … မင်းလာရင် သူကို ငါချက်ချင်း သတ်ပစ်မယ် …”
မိုဖန်ကုတို့ ညီအစ်ကို နှစ်ဦးက သူတို့ထံလျှောက် လာနေသော ရဲချန်ဖန်ကို ကြည့်ပြီး နဖူးတွင် ချွေးဆီးများ ကျကာ ဖြူဖပ်ဖြူရော် ပုံပေါက်နေသော အဘိုးအို တစ်ယောက်ကို ကြိုးတုပ်၊ ဓားထောက် ထားပြီး ရဲချန်ဖန်ကို သတိပေး လိုက်လေသည်။
“နာယကကြီး …”
မိုယုရန်က မိုဖန်ကုတို့ ညီအစ်ကို နှစ်ဦး ကြိုးတုပ် ဓားထောက် ထားသည့် အဘိုးအိုကို ကြည့်ပြီး နာကျင်စွာနှင့် အော်ဟစ် လိုက်မိသည်။
“နင်တို့ … လူယုတ်မာတွေ … နာယကကြီးကို လွတ်ပေးလိုက် … မဟုတ်ရင် နင်တို့ အရိုးတခြား အသားတခြား ဖြစ်သွားမယ် …”
မိုယုရန်က ဒေါသ ထွက်လွန်း၍ တဆက်ဆတ် တုန်နေသည်။
“ငါလည်း သူကို လွတ်ပေး ချင်ပါတယ် … ဒါပေမဲ့ နင်က ငါ့ကို ကတိတစ်ခု ပေးရမယ် … ငါတို့ကို လွတ်ပေးမယ်လို့ ကတိပေး … အဲဆိုရင် သူလည်း ဘာမှ မဖြစ်စေရဘူး …”
မိုဖန်ကု မျက်နှာတွင် ရူးသွပ်မှုကို မြင်နေရပြီး မိုယုရန်သာ သူ့ကို ကတိမပေးပါက တကယ် သတ်ဖြတ်တော့မည့်ပုံပင်။
“ချန်ဖန် … သူတို့လက်ထဲက နာယကကြီးကို ကယ်တင် ပေးနိုင်မလား …”
မိုယုရန်က သူမ၏ မိဘနှစ်ပါး အတွက် မိုဖန်ကုတို့ ညီအစ်ကိုကို အလွန် သတ်ပစ် ချင်နေသော်လည်း နာယကကြီးသည် မိုမိသားစု အတွက် အလွန်အရေးပါသော ပုဂ္ဂိုလ် ဖြစ်သောကြောင့် ရဲချန်ဖန်ကသာ မကယ်တင် ပေးနိုင်ပါက မိုဖန်ကုတို့ကို ကတိပေးရန် စဉ်းစား မိလိုက်မည် ဖြစ်သည်။
နာယကကြီးသည် အသက်ရှင် လာသည်မှာ အလွန်ကြာပြီ ဖြစ်သော တန်ခိုးရှင်ဖြစ်ပြီး မိုယုရန်တို့၏ ဘိုးဘေး ဆိုရင်လည်း မမှားပေ။ ထို့ကြောင့် နာယကကြီး တစ်စုံတစ်ခု ဖြစ်မည်ကို သူမက မလိုလားပေ။ ထို့ကြောင့် ရဲချန်ဖန်ဆီ စိတ်ချင်းဆက် စကားပြောလိုက်သည်။
“ကြိုးစား ကြည့်ရမှာပဲ … နည်းနည်းတော့ စွန့်စား လိမ့်မယ် …”
ရဲချန်ဖန်က အနည်းငယ် စဉ်းစား ပြီးနောက် ပြန်ပြောလိုက်သည်။ သူ၏လက်ရှိ အစွမ်းဖြင့် ဆိုလျှင် မဟာသားရဲ ဘိုးဘေး ပထမအဆင့် တန်ခိုးရှင်ကို သတ်ပစ်နိုင်ပြီ ဖြစ်သည်။ သို့သော် တရား စီရင်ရေး သိုင်းသာ အသုံးမပြုပါက ချက်ချင်း သတ်ပစ်ရန်မှာ မလွယ်ကူပေ။
“ချန်ဖန် … ဒါဆို ရှင်စီစဉ်တာကို လိုက်နာပါ့မယ် … မအောင်မြင်ဖူး ဆိုရင်တောင် ရှင့်ကို အပြစ် မပြောပါဘူး …”
မိုယုရန်က နှုတ်ခမ်းလေး ကိုက်ပြီး ဆုံးဖြတ်လိုက်သည့်ပုံဖြင့် ပြောလိုက်လေသည်။
“နီရှန် … ငါက တစ်ကွက်တည်းနဲ့ မိုဖန်ကုကို သတ်မယ် … အဲအချိန် မင်းက မိုဂျန်ချောင်ကို တိုက်ပြီး မိုမိသားစုရဲ့ နာယကကြီးကို အစွမ်းကုန် ကယ်တင်ပေး …”
ရဲချန်ဖန်က သူ၏ အစီအစဉ်ကို ရွှယ်နီရှန်ကို ပြောလိုက်သည်။
“ချန်ဖန် … ရှင်မိုဖန်ကုကို တစ်ကွက်တည်းနဲ့ သတ်လို့ ဖြစ်နိုင်ပါ့မလား။ သူက မဟာ သားရဲဘိုးဘေး ပထမအဆင့် တန်ခိုးရှင်နော် …”
ရွှယ်နီရှန်က မိုဖန်ကုကို ရဲချန်ဖန်က တစ်ကွက်တည်းဖြင့် သတ်မည်ဟု ကြားလိုက် သောအခါ အတော်ပင် အံ့ဩသွားပြီး ရဲချန်ဖန်ကို ပြန်မေး လိုက်သည်။
“အင်း …”
ရဲချန်ဖန်က ယုံကြည်မှု အပြည့်နှင့် ပြန်ဖြေ လိုက်သည်။
“မိုယုရန် … ငါတို့ သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ်။ မင်းငါ့တို့ကို လွတ်ပေးမယ်လို့ ကတိမပေးရင် … ငါတို့ ရက်စက်တယ် ဆိုပြီး အပြစ်မဆိုနဲ့ …”
မိုဖန်ကုက မိုယုရန်က မဖြေပဲ ချီတုံချတုံ ဖြစ်နေသည်ကို ကြည့်ပြီး ပို၍ ကြောက်ရွံ့လာသည်။ ထို့ကြောင့် သူက ထပ်ခြိမ်းခြောက် လိုက်သည်။
“ယုရန် … သူကို ကတိပေးလိုက် …”
ရဲချန်ဖန်က ပြောလိုက်သည်။
“အင်း … ကျွန်မ ရှင်တို့ကို လွတ်ပေးမယ်လို့ ကတိပေးတယ်။ ဒါပေမဲ့ ရှင်တို့ နာယကကြီးကို ထိခိုက်အောင် မလုပ်ဘူးလို့ အာမခံရမယ်။ မဟုတ်ရင် ရှင်တို့ ဘယ်ကိုပြေးပြေး မလွတ်စေရဘူး …”
မိုယုရန်က တကယ် လွတ်ပေးတော့ မည့်ဟန်ဖြင့် လှည့်စားကာ ပြောလိုက်သည်။
“အေး … မင်းတို့ ငါ့ကိုလှည့်စားဖို့တော့ မကြံနဲ့ … မဟုတ်ရင် သူသေ သွားလိမ့်မယ် …”
“ဘေးဖယ် ပေးလိုက် …”
မိုယုရန်က အမိန့်ပေး လိုက်သည်။ ထိုအချိန်တွင် မိုဖန်ကုတို့ ညီအစ်ကိုသည် အနည်းငယ် စိတ်သက်သာရာရ သွားပြီး နာယကကြီးကို ချုပ်ကိုင်လျက် ကြောက်မက်ဖွယ် ကောင်းလှသော ရဲချန်ဖန်တို့နှင့် ဝေးရာကို ပြေးရန် ကြံစည်လိုက်သည်။
မိုဖန်ကု တို့ညီအစ်ကို နှစ်ဦးသည် ရဲချန်ဖန်ကို ကျောပေးလျက် ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ချုပ် အပြင်ကို ထွက်လိုက်သည်နှင့် အလွန်စူးရှသော နဂါးတွန်သံကို ကြားလိုက်ရသည်။ ထိုနဂါးကြီးမှာ ရဲချန်ဖန်၏သွေးနဂါးပင် ဖြစ်သည်။
“မကောင်းတော့ဘူး …”
မိုဖန်ကုတို့သည် နဂါးတွန်သံ ကြားလိုက်သည်နှင့် အလွန် ပြင်းထန်သော ဖိအားပါ ခံစားလိုက် ရသည်။ မိုဖန်ကုက ချက်ချင်းပင် နောက်လှည့်ပြီး သူအား တိုက်ခိုက်မည့် အန္တရာယ်ကို ရင်ဆိုင်ရန် ပြင်လိုက်သည်။ နောက်လှည့် လိုက်သည်နှင့် ရဲချန်ဖန်က သူတို့ကို တိုက်ခိုက်ရန် ချိန်ရွှယ်ထားပြီး ဖြစ်သည်။
“တရားစီရင် ရေးသိုင်း … မဟာ အေးခဲခြင်း …”
ရဲချန်ဖန်က ဓားအင်အား အမြင့်ဆုံး အဆင့်ကို ပေါင်းစပ်ပြီး တာအိုသိုင်း မဟာအေးခဲခြင်း အကွက်ကို အသုံးပြုကာ မိုဖန်ကုကို တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်က တိုက်ခိုက် လိုက်သည်နှင့် မိုဖန်ကုက မျက်နှာ အလွန်ပျက် သွားလေသည်။ ရဲချန်ဖန် တိုက်ခိုက် လိုက်သည်နှင့် ကြောက်လန့်မှုကြောင့် အရူးလို ဖြစ်နေသော မိုဖန်ကုက နာယကြီး လည်ပင်းတွင် ထောက်ထားသော ဓားအား ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် ရဲချန်ဖန် တိုက်ခိုက်မှုမှာ အလွန် လျင်မြန်လှပြီး တာအိုအဆင့် မဟာအေးခဲခြင်း သိုင်းကွက်ကြောင့် မိုဖန်ကုတို့ ကိုယ်များသည် အေးခဲမတတ် ဖြစ်သွားပြီး မိုဖန်ကုတို့ လှုပ်ရှားမှုကို နှေးကွေး သွားစေသည်။
“ဝှစ် …”
အလွန် အေးခဲလှသော ဓားအလင်းက မိုဖန်ကု ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်သွားပြီး မိုဖန်ကု ခန္ဓာကိုယ်မှာ တစ်ချက်တည်း ပေါက်ကွဲ ပျက်စီးကာ သေဆုံး သွားလေသည်။
ရဲချန်ဖန် တိုက်ခိုက် လိုက်သည်နှင့် ရွှယ်နီရှန် ကလည်း တစ်ပြိုင်နက် မိုဂျန်ချောင်ကို တိုက်ခိုက် လိုက်ရာ သူမဓားက အေးခဲမှုကြောင့် နှေးကွေး လေးလံနေသော မိုဂျန်ချောင် လက်မောင်းကို ခုတ်ဖြတ် သွားလေသည်။ နာယကကြီးသည်လည်း မိုဖန်ကု သေဆုံးမှုနှင့် အတူ အသက်အန္တရာယ်မှ လွတ်မြောက် သွားသည်။
“အဲဒါ ဘာဝိညာဉ်သိုင်းလဲ … ဘယ်လို အဆင့်ရောက်နေလို့ အဲလောက် အစွမ်းထက် ရတာလဲ …”
ရဲချန်ဖန်က မဟာ အေးခဲခြင်း သိုင်းကွက်ကို အသုံးပြု
လိုက်သည်ကို မြင်လိုက်သော အကြီးအကဲမိုင်နှင့် တခြားလူများက စိတ်ထဲတွင် အလွန် တုန်လှုပ်ကာ ကြောက်လန့်သွားသည်။ သူမတို့သည် ထိုမျှ အစွမ်းထက်သော ဝိညာဉ်သိုင်းများကို ရှိသည်ဟုပင် မထင်ထားကြချေ။ ရဲချန်ဖန်ကို သူမတို့က ပိုမို ကြောက်ရွံ့ လေးစားသွားသည်။
“ချန်ဖန် … ရှင် ကျွန်မကို ဖုံးကွယ်ထားတာတွေ အများကြီး ရှိနေသေးတာပဲ …”
ရွှယ်နီရှန်က ရဲချန်ဖန်၏ အစွမ်းထက် လွန်းသော သိုင်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။
“လူတိုင်းမှာ လျှို့ဝှက်ချက် ရှိတာပဲ မဟုတ်ဘူးလား …”
ရဲချန်ဖန်က ရွှယ်နီရှန် အသံကို ကြားသွားပြီး ပြုံးကာ ရွှယ်နီရှန်ကို မေးလိုက်သည်။
“ဟင်း… ဟင်း … တစ်နေ့တော့ အဲလျှို့ဝှက်ချက်တွေကို ရှင်ကိုယ်တိုင် ကျွန်မကို လိုလိုချင်ချင် ပြောပြ လိမ့်မယ် …”
ရွှယ်နီရှန်က ရဲချန်ဖန် မျက်လုံးထဲ စူးစိုက်ကြည့်လိုက်ပြီး ရဲချန်ဖန် နှလုံးသားထိကို မြင်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူမ စိတ်ထဲတွင် ရဲချန်ဖန် အကြောင်းစုံကို သိချင်သည့် ဆန္ဒက တဖွားဖွား ဖြစ်လာသည်။ ထို့နောက် စကားဆက် မပြောတော့ဘဲ အကြည့်ကို လွဲလိုက်လေသည်။
“ချန်ဖန် … ကျေးဇူးတင်ပါတယ် … နာယကကြီး အသက်ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ် …”
မိုယုရန်က ရဲချန်ဖန် ဘေးနားသို့ လျှောက်လာရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ မိုယုရန်က သူမပင် သူမ သတိမထား မိလိုက်ပဲ သူမ စကား လေသံကအစ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် ရဲချန်ဖန်သည် သူမ အသက်သခင် ကျေးဇူးရှင် သာမက သူမ နှလုံးသားပိုင်ရှင် ဖြစ်လေသည်။
“ယုရန် … ကျန်တဲ့ ကိစ္စတွေက မင်းပဲ ကိုင်တွယ်လိုက်တော့ … ငါတို့ နည်းနည်း ပင်ပန်းသွားပြီ … ငါအနားယူချင်ပြီ …”
ရဲချန်ဖန်က ကောင်းကင် သားရဲတန်ခိုးရှင် စတုတ္ထအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း မဟာ အေးခဲခြင်းသိုင်းကို အသုံးပြုခဲ့ရ၍ ဝိညာဉ် စွမ်းအင်များ ကုန်ခန်းကာ မောပန်းနေသည်။
“အင်း … ကျွန်မ အခုချက်ချင်း ရှင်နားဖို့နေရာ ပြင်ဆင်လိုက်မယ် …”
မိုဖန်ကုမှာ သေဆုံး သွားပြီး မိုဂျန်ချောင်မှာလည်း ပြင်းထန်သော ဒဏ်ရာရပြီး မခုခံနိုင်တော့ရာ မိုမိသားစုတွင် သူမတို့ကို အန္တရာယ် ပေးနိုင်သည့် လူမရှိတော့ပေ။ မိုယုရန်က အကြီးအကဲဟောင်ကို ရဲချန်ဖန် အတွက် နားရန်နေရာ ပြင်ဆင်ပေးဖို့ အတွက် အမိန့်ပေးလိုက်သည်။
ရဲချန်ဖန်နှင့် ရွှယ်နီရှန်တို့ အနားယူနေပြီး အချိန်အတန် ကြာသွားပြီးနောက် မိုမိသားစု အခြေအနေကို ထိန်းချုပ် လိုက်နိုင်သော မိုယုရန် ရောက်လာလေသည်။ မိုယုရန်က သူမ မိဘအတွက် လက်စားချေ လိုက်နိုင်ပြီး မိုမိသားစုကို ပြန်ထိန်းချုပ် လိုက်နိုင်သောကြောင့် မျက်နှာတွင် အပြုံးများနှင့် ဝေနေလေသည်။ သူမက ရဲချန်ဖန်အတွက် အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် အဖိုးထိုက် တန်လှသော မိစ္ဆာအရိုး သလင်းကျောက် နှစ်တုံးကိုပါ ပေးအပ် လိုက်သည်။