Switch Mode

Chapter – 196

ရှင်က ဂေးလား

အခန်း ( ၁၉၆ )
ရှင်က ဂေးလား …

ဆိပ်ကမ်း ဝန်းကျင် တစ်လျှောက်တွင် သွေးညီနံများ ထွက်ပေါ်နေပြီး စွမ်းအင် ပေါက်ကွဲမှုများ အရှိန် သေသွားချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ အားလုံး၏ အာရုံက ရဲချန်ဖန် အပေါ် ရောက်လာသည်။

“ချန်ဖန် … သူကို ဘယ်လို စီစဉ်လိုက်ရမလဲ …”

ရွှယ်နီရှန်က ကြောက်လန့် တုန်လှုပ်ပြီး မလှုပ်ရှားရဲဝံ့ဘဲ ရပ်ကြည့်နေသော မိစ္ဆာခရမ်းကို ကြည့်ပြီး ရဲချန်ဖန်ကို မေးလိုက်သည်။ ရဲချန်ဖန်က ဘာအကြောင်းကြောင့် မိစ္ဆာခရမ်းကို အသက်ရှင်ခွင့် ပေးလိုက်သလဲဆိုတာ မိုယုရန်တို့ပါ သိချင်နေကြသည်။

“ငါသူ့ဆီက သိချင်တာတွေ ရှိတယ် …”

ထို့နောက် ရဲချန်ဖန်သည် မိစ္ဆာစစ်သူကြီးတို့၏ သိုလှောင်အိတ်များကို ရှာဖွေ သိမ်းဆည်းလိုက်ပြီး မေ့မြောနေသော မိစ္ဆာခရမ်းကို သင်္ဘောပေါ်သို့ ပစ်တင်လိုက်သည်။ သို့သော် မိုယုရန်တို့က ရဲချန်ဖန်ကို လူထူးဆန်းသဖွယ် ကြည့်နေကြလေသည်။ ရဲချန်ဖန်က မိစ္ဆာခရမ်းကို သင်္ဘော ဝမ်းဗိုက်ရှိ အခန်းထဲတွင် ပစ်ထည့်လိုက်ပြီး အခန်းတံခါးကို ပိတ်လိုက်လေသည်။

“မိစ္ဆာခရမ်း ခင်ဗျား ကျွန်တော် မေးတာ မှန်မှန်ဖြေရင် ကောင်းကောင်း သေခွင့်ရမယ် … မဟုတ်ရင် ကျုပ်ကို အဆိုးမဆိုနဲ့ …”

ရဲချန်ဖန်က မိစ္ဆာခရမ်းကို ရက်စက်မည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး မေးမြန်း လိုက်သည်။

“မင်းသိချင်တာတွေ ငါပြောပြမယ် … ဒါပေမဲ့ ငါ့ကိုလွတ်ပေးရမယ် … မဟုတ်ရင်တော့ ငါ့အသက်ပဲ အသေခံလိုက်မယ် မင်းဘာမှသိရမှာ မဟုတ်ဘူး …”

မိစ္ဆာခရမ်းက ရဲချန်ဖန်ကို ပြန်တောင်းဆို လိုက်သည်။ ရဲချန်ဖန်က မိစ္ဆာခရမ်း၏ ဝိညာဉ်သားရဲကို စုပ်ယူမည် ဖြစ်ရာ သူတွင် မည်မျှ ကြီးမှားသော လျှို့ဝှက်ချက် ရှိပါစေ ရဲချန်ဖန်က အလွတ်ပေးမည် မဟုတ်ပေ။

“ဒါဆိုလည်း သေပေတော့ …”

ရဲချန်ဖန်က အချိန်ဆွဲ မနေတော့ဘဲ မိစ္ဆာခရမ်း ခေါင်းပေါ် လက်တင်လိုက်ပြီး ဝိညာဉ်စုပ် သိုင်းသုံးကာ မိစ္ဆာခရမ်း၏ ဝိညာဉ် သားရဲကို စုပ်ယူလိုက်သည်။ အချိန်ခဏ အတွင်းမှာပင် ရဲချန်ဖန်က မိစ္ဆာခရမ်း၏ ဝိညာဉ် သားရဲကို စုပ်ယူ ပြီးသွားလေသည်။ ထို့နောက် မသေရုံတမယ် ခပ်မြော့မြော့သာ အသက်ရှိတော့သည့် မိစ္ဆာခရမ်း၏ အသက်ကို နုတ်ယူလိုက်သည်။

မိစ္ဆာခရမ်း၏ ဝိညာဉ်သားရဲကို စုပ်ယူ ပြီးနောက် ရဲချန်ဖန် ကိုယ်ထဲတွင် ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် တက်ရောက်ရန် ဝိညာဉ် စွမ်းအင် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် ရဲချန်ဖန်က သူကျင့်ကြံခြင်း လမ်းစဉ် အခြေခံပိုမို ခိုင်မာစေရန် အဆင့်တက်ခြင်း မပြုဘဲ ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင် အစွမ်းကို အသုံးပြုပြီး ဝိညာဉ် စွမ်းအင်များကို ဖိနှိပ် ထားလေသည်။ ထို့နောက် အခန်းမှ ထွက်ကာ ကုန်းပတ်ဆီ ပြန်တက် လာခဲ့သည်။

“ချန်ဖန် … ရှင်ကျွန်မကို ဖုံးကွယ် ထားတာ ရှိလား …”

ရဲချန်ဖန်က စိတ်ရွှင်လန်းနေပုံ ပေါ်သဖြင့် ရွှယ်နီရှန်၏ ညှို့မျက်လုံးများက ရဲချန်ဖန်ကို စိုက်ကြည့်ပြီး ရဲချန်ဖန် စိတ်ကို ထွင်းဖောက် ကြည့်ချင်နေသည့်ပုံဖြင့် မေးလိုက် လေသည်။

“မရှိဘူး …”

“ချန်ဖန် … ရှင် … ရှင် … ယောက်ျား အချင်းချင်း ကြိုက်တာလား … ရှင် ဒါကြောင့် သူ့အသက်ကို ချမ်းသာ ပေးလိုက်တာမလား … ရှင်သူနဲ့ အခန်းထဲမှာ နှစ်ယောက်တည်း …”

နောက်ဆုံးတွင် ရွှယ်နီရှန်၏ ပွင့်လင်းရဲတင်းသော အတွေးအောက်တွင် ရဲချန်ဖန်က ဂေးတစ်ယောက်ဟု ရွှယ်နီရှန်က ထင်မှတ်လိုက်သည်။ ရွှယ်နီရှန်က ကြောက်လန့်တကြား မေးမြန်း လိုက်သည်။ ရွှယ်နီရှန်က သူမနှင့် ရဲချန်ဖန် တို့သည် တစ်ခန်းတည်း အတူနေ နေသော်လည်း ရဲချန်ဖန်က သူမ အပေါ် စိတ်ဝင်စားသည့် အမူအရာမျိုး လုံးဝ မရှိသည့် အတွက် မခံချိမခံသာ ဖြစ်နေခဲ့သည်။

သူမလို မိန်းမချော၏ အလေးထားမှု ခံရရန် မည်သည့် ယောက်ျားမဆို အနည်းနှင့် အများ ကြိုးစားကြမည် ချည်းသာပင်။ ရဲချန်ဖန်နှင့် တွေ့မှ သူမသည် သူမအလှအား သံသယ ဝင်လာခဲ့သည်။

ထို့အပြင် တကယ် အလှနတ်သမီးလေး မိုယုရန်နှင့် ဆက်ဆံပုံမှာ မိတ်ဆွေ တစ်ယောက် ထက်ပို ပုံမရချေ။ ယခု မိစ္ဆာစိမ်းကို မသတ်ဘဲ တစ်ဦးတည်း အခန်းထဲ ခေါ်ကာ စစ်မေးသည့် အကြောင်း တွေးလိုက်ချိန်တွင် သူမ စိတ်ထဲတွင် မယုံနိုင်လောက်သည့် အတွေးက ဖြစ်ပေါ်လာပြီး သိချင်စိတ်ကို မထိန်းနိုင်ဘဲ ရဲချန်ဖန်ကို မေးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ရွှယ်နီရှန်၏ မျက်လုံးထဲတွင် ရွံ့ရှာစက်ရုပ်၊ အထင်သေးသည့် အကြည့်က ဖြစ်ပေါ် လာသည်။

ဘေးတွင် ရှိနေသော မိုယုရန်လည်း ရွှယ်နီရှန် စကားကြောင့် ချက်ချင်းပင် စိုးရိမ်သည့် အမူအရာ ပေါ်လာပြီး မျက်နှာ အလွန်ပျက် သွားလေသည်။ ရဲချန်ဖန်သာ တကယ် ယောက်ျား အချင်းချင်း ကြိုက်သူ ဖြစ်ပါက သူမ အတွက် အခွင့်အရေး မရှိနိုင်တော့ပေ။

ရဲချန်ဖန်က ရွှယ်နီရှန်၏ အထင်သေး ရွံ့ရှာသည့် မျက်လုံးကိုမြင်ပြီး ဆွံအသွားသလိုပင် ခံစားလိုက် ရသည်။ သူက ရုတ်တရက် ဘာစကားပြန် ပြောရမည်ပင် မသိတော့ချေ။ သူက သွေးများပင် အန်ချင်ချင် ဖြစ်သွားလေသည်။ ရွှယ်နီရှန် အတွေးက ထိုမျှအထိ ရောက်သွားမည်ဟု သူဘယ်လိုမှ မမျှော်လင့် မိချေ။

“နီရှန် … မင်း… မင်းတစ်နေကုန် ဒါမျိုး ကိစ္စတွေပဲ တွေးနေတာလား။ ငါက ဘယ်လိုလုပ် ယောက်ျားချင်း ကြိုက်ရမှာလဲ …”

ရဲချန်ဖန် မျက်နှာက မဲမှောင်သွားပြီး ရွှယ်နီရှန်တို့ကို ဘာထပ် ပြောရမည်မှန်း မသိဖြစ်နေသည်။

“ရှင် … ရှင် … တကယ်ရော ဟုတ်လို့လား …”

“ဟုတ်တယ် … ငါကျိန်ရဲတယ် … ငါ့မှာ အဲလို စရိုက် မရှိဘူး …”

ရဲချန်ဖန်က ဒေါသတကြီး ပြောလိုက်သည်။

“လန့်သွားတာပဲ … ရှင် တကယ်ပဲ အဲလို လူစားဆိုရင် ရှင်ကို ကျွန်မသတ်မှာ …”

ရွှယ်နီရှန် မျက်လုံးများက အခုမှပင် စိတ်သက်သာရာ ရသွားဟန်ဖြင့် အပြုံးလေး ဖြစ်ပေါ် လာပြီး ရဲချန်ဖန်ကို ဂရုတစိုက် ကြည့်နေသည်။

“ငါတို့မှာ လုပ်စရာတွေ ရှိသေးတယ် … မိုမိသားစု ရှေးဟောင်း မဟာမိတ် အဖွဲ့ ဌာနချုပ်ကို သွားပြီး မင်းမိဘတွေ အတွက် လက်စား ချေရအောင် …”

ရဲချန်ဖန်က ရွှယ်နီရှန် အပြုံးကို လျစ်လျူရှုကာ မိုယုရန်ထံ အပြုံးဖြင့် လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူး … ချန်ဖန် …”

မိုယုရန်က ရဲချန်ဖန် စကားကို ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ သူမ၏ လှပသော မျက်ဝန်း နက်ကြီးများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမပုံမှာ ရဲချန်ဖန် စီမံသမျှကို နာခံမည့် မိန်းကလေးနှင့် တူနေလေသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ရွှယ်နီရှန်က မျက်မှောင်များကြုတ် သွားလေသည်။

ရဲချန်ဖန်တို့က မိုမိသားစု ရှေးဟောင်း မဟာမိတ် အဖွဲထံသို့ သွားနေစဉ် ရဲချန်ဖန်တို့ မိစ္ဆာစစ်သူကြီးများနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ သတင်းက ကောင်းကင်ကြယ် ကုန်သည် အသင်းနှင့် အထီးကျန်တိမ် ကုန်သည် အသင်းထံ ရောက်ရှိ သွားသည်။ ရဲချန်ဖန် အစွမ်းနှင့် မိစ္ဆာစစ်သူကြီးများကို သတ်ဖြတ်သည့် သတင်းက သူတို့ကို ကြောက်ရွံ သွားစေသည်။ ယုခုအချိန်သည် ရဲချန်ဖန် အကြောင်းက အားလုံး၏အာရုံစိုက် အလေးထားရသော သတင်း ဖြစ်လာသည်။

“ချန်ဖန် … ရှေ့မှာ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ချုပ် ဌာနချုပ်ပဲ …”

မိုယုရန်က သူတို့ရှေ့တွင် မြင်နေရသည့် အလွန်ကြီးမား ခန်းနားလှသည့် အဆောက်အဦများ၊ လူနေအိမ်များ ရှိရာသို့ ညွှန်ပြရင်း ရဲချန်ဖန်ကို ပြောလိုက်လေသည်။

“အင်း တကယ်ကို အစွမ်းထက်တဲ့ မှော်အစီအရင် ဝင်္ကပါပဲ … ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့မှာ ရှေးကျ အစွမ်းထက်တဲ့ ဝင်္ကပါ ရှိနေတာလား …”

ရဲချန်ဖန်၏ အစွမ်းထက်သော စိတ်အာရုံက ချက်ချင်းပင် ရှေးဟာင်း မိသားစု မဟာမိတ် အဖွဲ့ချုပ်ကို ကာကွယ် ထားသည့် အစွမ်းထက်သည့် မှော်ဝင်္ကပါ ရှိနေသည်ကို သိရှိလိုက်သည်။

“ရှေးဟောင်း ဝင်္ကပါ ဟုတ်လား … ရှေးဟောင်း ဝင်္ကပါကို နာယက ကြီးက ထိန်းချုပ် ထားတာ။ ကြည့်ရတာ နာယကကြီးလည်း လုပ်ကြံ ခံလိုက်ရပြီနဲ့ တူတယ် …”

“အင်း … ဖြစ်နိုင်တယ် …”

“ချန်ဖန် … ကျွန်မတို့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ ဌာနချုပ်ကို ကာကွယ်ထားတဲ့ ဝင်္ကပါက နှစ်ထောင်ပေါင်း များစွာ ကြာနေပြီ။ အရမ်းကို အစွမ်းထက်တယ် … အစွမ်းထက် လွန်းတဲ့ မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်တောင် အထဲမှာ ပိတ်မိနေရင် အသက်ရှင်ဖို့ မလွယ်ဘူး။ ရှင်ချိုးဖျက်ဖို့ မသေချာရင် အထဲကို မဝင်နဲ့နော် …”

မိုယုရန်က ရဲချန်ဖန် ဝင်္ကပါကို လျော့တွက်ပြီး အတင်း ဝင်ရောက် သွားမည်ကို စိုးရိမ်၍ သတိပေး လိုက်သည်။

“အင်း … ငါတို့က အပြင်မှာ ရှိနေတာလေ … သူတို့ ဘယ်တော့မှ မထွက်လာဘူး ဆိုတာတော့ ငါမထင်ဘူး …”

ရွှယ်နီရှန်က သူတို့သည် မိုဖန်ကုတို့ကို ဝိုင်းထားပြီး ဖြစ်သောကြောင့် မဖြစ်မနေ အစာရေစာ ပြတ်လျက်ပြီး ထွက်လာချိန်ကို စောင့်ဖမ်းရန် အကြံပေး လိုက်သည်။

“အင်း … ငါတို့ အနီးကပ် ကြည့်ရအောင် …”

ရဲချန်ဖန်က မိုယုရန်တို့ကို ဘာမှမပြောတော့ဘဲ ဝင်္ကပါအနီး ချဉ်းကပ်သွားပြီး ဝင်္ကပါ တည်ဆောက်ပုံကို နတ်ဦးနှောက် အသုံးပြု၍ လေ့လာလိုက်သည်။

‘ချန်ဖန် … ကျွန်မ ရှင်ဝင်္ကပါတွေ အကြောင်း နားလည် တက်ကျွမ်း တယ်လို့ ကြားထားတယ် … ရှင့်မှာ ဝင်္ကပါကို ချိုးဖျက်ဖို့ နည်းလမ်းရှိလား …”

ရဲချန်ဖန်သည် ဝင်္ကပါအား အနီးကပ် ကြည့်ရှု လေ့လာနေစဉ် နှင်းတောင်တွင် ဝင်္ကပါကို အသုံးချ၍ သူမအား တိုက်ခိုက်ခဲ့သည်ကို သတိရသွားပြီး ရဲချန်ဖန်ကို ရွှယ်နီရှန်က မေးလိုက်သည်။

“ကြိုးစား ကြည့်ရမှာပဲ …”

ရဲချန်ဖန်က မျက်လုံးများ မှိတ်လိုက်ပြီး ဝိညာဉ် စွမ်းအင်များကို နတ်ဦးနှောက်အား အသုံးပြု၍ ဝင်္ကပါထဲ ထည့်သွင်းကာ ဝင်္ကပါ၏ အားနည်းသည့် နေရာများကို လိုက်ရှာလိုက်သည်။

“ဒုတိယ အစ်ကို … မင်းပြောတာက သူဝင်္ကပါကို ဖျက်ဖို့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား …”

ဝင်္ကပါထဲတွင် ပုန်းနေကြသော မိုဖန်ကုနှင့် မိုဂျန်ချောင်တို့သည် ရဲချန်ဖန် ဝင်္ကပါကို အနီးကပ် လေ့လာနေသည်ကို ကြည့်ပြီး စိတ်ပူနေကြလေသည်။ ဝင်္ကပါ အကာအကွယ် မရှိတော့ပါက သူတို့အတွက် လွတ်လမ်း ရှိတော့မည် မဟုတ်ပေ။

“စိတ်မပူပါနဲ့ … ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ ဝင်္ကပါက နှစ်ထောင်ပေါင်း များစွာ သမိုင်းကြောင်း ရှိတယ်။ သူက ဝင်္ကပါ ပညာကို အလွန် နက်ရှိုင်းအောင် ထူးထူးချွန်ချွန် တတ်မြောက် ထားရင်တော့ မပြောတတ်ဘူး။ မဟုတ်ရင် သူစိတ်ကူးထဲမှာပဲ ဝင်္ကပါကို ဖျက်ဖို့ ဖြစ်နိုင်တယ်…”

မိုဖန်ကုက သူညီ စိတ်သာရာ ရစေရန်သာ ပြောလိုက်ရသော်လည်း သူစိတ်ထဲတွင်လည်း စိုးရိမ် ပူပန်စိတ် အပြည်နှင့် ဖြစ်သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံး သွားပြီး ဝင်္ကပါ အပြင်တွင် ကျောက်ရုပ်ကဲ့သို့ ထိုင်နေသည့် ရဲချန်ဖန်သည် နတ်ဦးနောက်ကို အသုံးပြုကာ ဝင်္ကပါမှ အားနည်းချက် နေရာများကို ရှာဖွေနေသည်။ နောက်ထပ် ဆယ်ငါးမိနစ်ခန့် ကြာသွားပြီးနောက် ရဲချန်ဖန် မျက်လုံးများက ပွင့်လာပြီး ဝင်္ကပါ တည်ဆောက်ပုံကို နားလည်သွားသည်။

“ဓားအင်အား အမြင့်ဆုံး အဆင့် … ပေါင်သုံးသိန်းကျော် အစွမ်း … ချိုးဖျက်စမ်း …”

နတ်ဦးနှောက် အသုံးပြု၍ ဝင်္ကပါ၏ အားနည်းသည့် နေရာများကို ရှာတွေ့သွားပြီးနောက် ရဲချန်ဖန်က ကောင်းကင် အဆင့်ဓားကို အသုံးပြုကာ ဝင်္ကပါမှ အားနည်းသည့် နေရာများကို တိုက်ခိုက် လိုက်သည်။

“လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း …”

ရဲချန်ဖန်က ကောင်းကင် အဆင့်ဓားကို လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း သိုင်းသုံးကာ တိုက်ခိုက် လိုက်သဖြင့် အလွန် စူးရှသော ဓားအလင်းက ဖြစ်ပေါ်လာပြီး ဝင်္ကပါကြီး၏ အားနည်းချက် နေရာတစ်ခုကို သွားရောက် ထိမှန်လေသည်။

“ကျွီ … ကျိ …”

ဝင်္ကပါကြီး ပေါ်တွင် အက်ကွဲရာများ စတင် ဖြစ်ပေါ်လာသည်။

“ဘာ … ရှေးဟောင်း ဝင်္ကပါကြီးက … စအက်ကွဲ နေပြီ ဟုတ်လား …”

အစွမ်းထက်လှသည့် ရှေးဟောင် ဝင်္ကပါကြီးပေါ်တွင် ပင့်ကူအိမ်များကဲ့သို့ အက်ရာများ ဖြစ်ပေါ် လာသဖြင့် မိုဖန်ကုတို့ ညီအစ်ကို နှစ်ဦးသည် အလွန် ကြောက်လန့်သွားပြီး ဒူးများပင် မခိုင်ချင်တော့ပေ။

“အရမ်း အစွမ်းထက်တာပဲ … ရဲချန်ဖန်က တကယ်ပြိုင်ဖက် ကင်းလောက်တယ်။ သူက တိုက်ခိုက်တဲ့ အစွမ်းက အရမ်းထက်သလို ဝင်္ကပါ ပညာတွေကိုလည်း နက်နက်ရှိုင်းရှိုင်းတတ် ကျွမ်းထားတယ်။ ဘယ်လို မဟာ အင်အားစုကြီးက ပြုစု ပျိုးထောင်ထားတဲ့ လူလည်း မသိဘူး …”

ရဲချန်ဖန်က ဓားဖြင့် ဝင်္ကပါကြီးကို တိုက်ခိုက် လိုက်သည်ကို ကြည့်ပြီး အကြီးအကဲ မိုင်က ထပ်မံ ချီးကျူးရန် စကားဆိုစရာမရှိ ဖြစ်နေသည်။ မိုယုရန် မျက်လုံးထဲတွင်မူ ရဲချန်ဖန်ကို ချစ်ခင် မြတ်နိုးဟန်က အတိုင်းသား ပေါ်လွင်နေသည်။

“လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း …”

အက်ကွဲရာများနှင့် ဝင်္ကပါကြီးကို ရဲချန်ဖန်က လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း သိုင်းကို သုံးပြု၍ ထပ်မံ တိုက်ခိုက်လိုက်ရာ အားပျော့နေပြီ ဖြစ်သော ဝင်္ကပါကြီးမှာ ပြိုကျ ပျက်စီးလုနီးပါး ဖြစ်လာသည်။ ထို့နောက် ဓားထိ မှန်ခဲ့သောနေရာမှ အလွန် ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်လာသည်။

“လေအရိပ် … ပျက်စီးစမ်း …”

အပေါက်ကြီးဖြင့် ပျက်စီး ပြိုကျလုနီးပါး ဖြစ်နေသော ဝင်္ကပါကြီးကို ရဲချန်ဖန် ထပ်မံ တိုက်ခိုက်လိုက်ရာ နှစ်ထောင်ချီ သမိုင်းကြောင်း ရှည်လျားသည့် အစွမ်းထက်သော ဝင်္ကပါကြီးမှာ ရဲချန်ဖန်၏ လက်ချက်ဖြင့် ပျက်စီး သွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset