အခန်း ( ၁၉၅ )
ထွက်ပြေး ကြပြီ
“မင်းတို့ အားလုံး ဘာရပ်လုပ် နေတာလဲ … မိုယုရန်ကို မြန်မြန် သွားဖမ်းကြ …”
ရွှယ်နီရှန်နှင့် တိုက်ခိုက်နေသည့် မိစ္ဆာခရမ်းက မိုမိသားစုမှ တန်ခိုးရှင်များ ဖက်လှည့်ပြီး ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေး လိုက်သည်။ သူတို့က မိုယုရန်ကို ဖမ်းဆီး အကျပ်ကိုင်ရန် လုပ်ခြင်း ဖြစ်သည်။
“ဘယ်သူလုပ်ရဲလဲ …”
“သခင်မလေးက မိုရှေးဟောင်း မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ … မင်းတို့ ကိုယ်ခေါင်းဆောင်က ဘယ်သူ ဖြစ်လာမလဲ မသိဘူးလား … မင်းတို့ သေချင်ရင် စမ်းကြည့် လိုက်ကြ …”
မိုယုရန် ဘေးတွင် ရပ်နေသော အကြီးအကဲဟောင်က ကျယ်လောင်စွာ အော်ဟစ် သတိပေး လိုက်သည်။ အကြီးအကဲဟောင်၏ စကားသံက မိုမိသားစုမှ တန်ခိုးရှင်များကို ဒွိဟ ဖြစ်သွားစေသည်။ မိုယုရန်သည် အမှန်ဆိုပါက မိုရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့၏ တရားဝင် ခေါင်းဆောင် ဖြစ်သည်။
မိုဖန်ကုတို့က မိုရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ ခေါင်းဆောင် နေရာကို အတင်းအဓမ္မ လုယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် မိုမိသားစု တန်ခိုးရှင်များထဲတွင် မိုယုရန်တို့အား သစ္စာခံသည့် တန်ခိုးရှင်များစွာ ရှိနေသေးသည်။ ထို့အပြင် ဤအချိန်တွင် ဘက်ရွေးမှားပါက မိုယုရန်သာ ခေါင်းဆောင် နေရာ ပြန်သိမ်းပိုက် နိုင်ပါက သူတို့အတွက် ပြေးစရာမြေပင် ရှိလိမ့်မည် မဟုတ်ပေ။
“ဟောင်ယွမ် … မင်းငါ့ကို သစ္စာဖောက် ရဲတယ် ဟုတ်လား …”
ဒေါသတကြီး ဖြစ်နေသော မိုဖန်ကု အံများပင် ကြိတ်ကာ ပြောလိုက်သည်။
“မိုဖန်ကု … ရှင်သာ ကျွန်မ စိတ်ဝိညာဉ်ကို အတင်းအကျပ် ချုပ်နှောင်တာ မလုပ်ခဲ့ရင် ငါ့က ဘယ်လိုလုပ် သခင်မလေးကို သစ္စာဖောက် ရက်မှာလဲ။ အခုမင်း အခြေအနေက မကောင်းဘူး … မင်းဘာသာ အပြစ်တွေ အတွက် ဝန်ချတောင်းပန်ရင် ကောင်းမယ် …”
အကြီးအကဲဟောင်က မိုဖန်ကုကို ပြန်၍ တုံ့ပြန် ပြောဆိုပြီး တွေဝေနေသော မိုမိသားစုမှ တန်ခိုးရှင်များကို ပိုမို စဉ်စားသွားစေသည်။
“ဟောင်ယွမ် … ငါအရင်ဆုံး မင်းကို သတ်မယ် …”
မဟာ သားရဲဘိုးဘေး ပထမအဆင့် တန်ခိုးရှင် မိုဖန်ကုက ဒေါသ မထိန်းနိုင်တော့ဘဲ ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်ပြီး အကြီးအကဲဟောင်နှင့် မိုယုရန် နောက်လိုက်များကို အမြန်ဆုံး သတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် မိုယုရန်ကို ဖမ်းဆီးပြီး ရဲချန်ဖန်ကို အကျပ်ကိုင်မည်ဟု တွေးလိုက်သည်။
“ဝိညာဉ် စွမ်းအင် အမြောက်တွေ ပစ်ခတ်စမ်း …”
အကြီးအကဲ မိုင်၏ ကွပ်ကဲမှု အောက်တွင် ကြိုတင် ပြင်ဆင်ထားသော သင်္ဘောကြီးပေါ်မှ ဝိညာဉ် စွမ်းအင် သုံးအမြောက်ကြီး များသည် တစ်ပြိုင်နက် မိုဖန်ကုတို့ထံ ပစ်ခတ် တိုက်ခိုက် လိုက်သည်။ ဝိညာဉ်စွမ်းအင် အမြောက်ဆံများမှ စွမ်းအင်ကြောင့် မိုဖန်ကု မျက်နှာပင် ဖြူဖတ် ဖြူရော် ဖြစ်သွားသည်။
“ဝုန်း …” မိုဖန်ကု၏ ဝိညာဉ်သိုင်းမှာ အစွမ်းထက်သော်လည်း ဝိညာဉ် စွမ်းအင် အမြောက်ဆံများဖြင့် တိုက်ခိုက် ခံရသဖြင့် မိုဖန်ကု လေထဲ မြောက်တက်ကာ အနောက်ဘက်သို့ပင် လွင့်စဉ် သွားပြီး ပါးစပ်မှ သွေးများစွာ ထွက်လာသည်။
“မိုရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ လက်အောက်က သင်္ဘောတွေ အမိန့်နာခဲ့ကြ … မိုယုရန် သင်္ဘောကို ဖျက်ဆီးနိုင်တဲ့လူ မည်သူမဆို ငါအဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်သန်း ပေးမယ် …”
သွေးအလိမ်းလိမ်း ပေနေသော မိုဖန်ကုက ထရပ်ပြီး ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
“မိုဖန်ကု … မိုဂျန်ချောင် … မင်းတို့ ရူးသွားပြီ။ ခဏစောင့် မကြာခင် မင်းတို့ကို သခင်လေးရဲက လာသတ် လိမ့်မယ်။ သခင်လေးရဲက မိစ္ဆာ စစ်သူကြီးတွေကို သေရွာ ပို့နေပြ… ဘာလဲ … မင်းတို့ကပါ မိုဖန်ကု တို့နဲ့အတူ သေရွာကို လိုက်သွား ချင်လို့လား …”
အကြီးအကဲမိုင်၏ ဩဇာရှိသော အသံက ထွက်ပေါ်လာပြီး မိုဖန်ုက ပေးသည့်ဆု အပေါ် လောဘတက် နေသူများကို သတိပေးလိုက်သည်။ အကြီးအကဲမိုင် စကားက သူတို့၏ လောဘဇောကပ် နေသည့် စိတ်ကို လှုပ်နိုးလိုက်သည်။ အကုန်လုံး၏ အကြည့်များက ရဲချန်ဖန်ထံ ရောက်သွားသည်။ ရဲချန်ဖန်က သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။ သူတို့သာ ရဲချန်ဖန်ကို ဆန့်ကျင်ပြီး မိုယုရန်ကို ဖမ်းဆီးရန် ကြိုးပမ်းပါက အခန့်မသင့်လျှင် သေရွာသို့ သွားရမည် ဖြစ်သည်။ ထို့ကြောင့် အကုန်လုံးက မိုဖန်ကု ပေးမည့်ဆုကြောင့် အရမ်းကာရော မလှုပ်ရှားတော့ဘဲ အခြေအနေကို စောင့်ကြည့်နေကြ လေသည်။
ရဲချန်ဖန်က ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်ရန် ဝိညာဉ် ဆေးလုံးများ သောက်လိုက်ပြီး ဒဏ်ရာ ရနေသော မိစ္ဆာမိုးပြာ အားဖိ တိုက်လိုက်သည်။
“ယား …”
တိုက်ပွဲမှာ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး ရဲချန်ဖန်က ပေါင်သုံးသိန်းကျော် အားကို ကောင်းကင် အဆင့်ဓားဖြင့် မိစ္ဆာမိုးပြာ ပြန်မတိုက် နိုင်အောင် ဖိတိုက်နေသည်။ မိစ္ဆာ မိုးပြာသည် မဟာ သားရဲ ဘိုးဘေး ဒုတိယအဆင့် တန်ခိုးရှင်ဖြစ်ပြီး အစွမ်းကုန် ပြန်လည် ခုခံ နေသောကြောင့် ရဲချန်ဖန်မှာ ချက်ချင်း လက်စသိမ်း သတ်ဖြတ်မရပဲ ဖြစ်နေသည်။
“မိစ္ဆာခရမ်း၊ မိစ္ဆာပြာတို့ ငါ့ကိုလာကယ်ဦး …”
မိစ္ဆာမိုးပြာက ရဲချန်ဖန် တိုက်ခိုက်မှုကို ဆက်မခံ နိုင်တော့ဘဲ အော်ဟစ် အကူအညီ တောင်းလိုက်သည်။
“မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး … သွားသေ လိုက်တော့ …”
ရဲချန်ဖန် ဓားက လျင်မြန်စွာ လှုပ်ရှားသွားပြီး ဓားအလင်းက နဂါးငွေ့တန်း အလား လေထဲတွင် လှပစွာ ကျန်ရစ် နေပြီး ပြင်းထန်သော လေထု ပေါက်ကွဲမှုနှင့် အတူ ဓားအလင်းက ဒဏ်ရာ ပြင်းထန်စွာ ရနေသော မိစ္ဆာမိုးပြာ ခေါင်းကို ပိုင်းဖြတ် သွားစေသည်။ မိစ္ဆာမိုးပြာက အစွမ်းကုန် ခုခံ ပြတ်ထွက် လိုက်သော်လည်း ဓားအလင်းတွင် ပေါင်သုံးသိန်းကျော် အစွမ်းကပါ ဝင်နေရာ သူ၏ ခေါင်းမှာ သွားပြီး သူ၏ခန္ဓာကိုယ်မှ အရိုးများသည် အစိတ်စိတ် အမြွှာမြွှာ ကျိုးကြေ သွားသည်။
လူအများ အသက်ကို ပုရွက်ဆိတ် တစ်ကောင်လောက်ပင် အလေးထားခြင်း မရှိပဲ သတ်ဖြတ်ခဲ့သော မိစ္ဆာတစ်ကောင်သည် ရဲချန်ဖန် လက်ချက်ဖြင့် အသက် သေဆုံးသွားပြီ ဖြစ်သည်။
“ဟင် … မိစ္ဆာမိုးပြာလည်း သေသွားပြီလား …”
မိုဖန်ကုတို့ ညီအစ်ကိုနှစ်ဦးသည် မိစ္ဆာစိမ်းနှင့် မိစ္ဆာမိုးပြာတို့ ရဲချန်ဖန်၏ သတ်ဖြတ်ခြင်း ခံလိုက် ရသည်ကို မြင်ပြီးနောက် သူတို့က ရဲချန်ဖန်ကို အနိုင်ရမည်ဟု ယုံကြည်ချက် မရှိတော့ပေ။
“ဒု … ဒုတိယ အစ်ကို … အဲလူက အရမ်း အစွမ်းထက် နေတယ် … ကျွန်တော်တို့ ဘာလုပ်ကြမလဲ …”
ကြောက်လန့် တကြား ဖြစ်နေသော မိုဂျန်ချောင်က မိုဖန်ကုကို မေးလိုက်သည်။
“ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ဆီ ပြန်ရအောင် … အဲမှာဆို ငါတို့ မှော်အစီအရင် ဝင်္ကပါနဲ့ ခုခံလို့ ရမယ် …”
ထိုအချိန်တွင် မိုဖန်ကုက မိစ္ဆာပြာနှင့် မိစ္ဆာခရမ်းတို့ ရဲချန်ဖန်ကို အနိုင် ယူနိုင်မည်ဟု ဘယ်လိုမှ မထင်တော့ပေ။ ထို့ကြောင့် ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန် စိတ်ကူးလိုက်သည်။ မိုဖန်ကုတို့ ညီအစ်ကို နှစ်ဦးသည် တိုင်ပင် ပြီးသည်နှင့် မိစ္ဆာပြာ တို့ကို လှည့်ပင် မကြည့်တော့ဘဲ ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ဆီသို့ ပြန်ပြေးလေတော့သည်။
မိုဖန်ကုတို့က ရုတ်တရက် ထွက်ပြေးသည်ကို မြင်လိုက်သောအခါ မိစ္ဆာပြာနှင့် တိုက်ခိုက် နေသော ရဲချန်ဖန်သည် ချက်ချင်းပင် အရိပ်များ ခွဲထုတ်ပြီး မိုဖန်ကုတို့နောက် ပြေးလိုက်ရန် လုပ်လိုက်သည်။ သို့သော် သူအား မိစ္ဆာပြာက ကြားဝင် တိုက်ခိုက်လာဖြင့် ပြန်လည် တိုက်ခိုက် လိုက်ရ လေသည်။
“တိမ်ခွင်း လက်ဝါး …”
မိစ္ဆာပြာ တိုက်ခိုက် လိုက်သည်နှင့် ရဲချန်ဖန်ကလည်း အချိန်ဆွဲ မနေတော့ဘဲ တိမ်ခွင်း လက်ဝါးကို အသုံးပြုလိုက်ရာ မယုံနိုင်စရာ ကြောက်မက်ဖွယ် လက်ဝါးချက်က မိစ္ဆာပြာ ရင်ဘတ်ကို ထိမှန် သွားသည်။
“ဘုန်း …”
“ဘယ်လို ဖြစ်နိုင်မှာလဲ …”
မိစ္ဆာပြာသည် မိစ္ဆာလမ်းစဉ်ကို လေ့ကျင့်သူဖြစ်ရာ သူ၏ ကိုယ်ခန္ဓာကို အလွန် ယုံကြည်မှု ရှိသည်။ သူသည် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသူ ဖြစ်သောကြောင့် သာမန် အဆင့်တူ တန်ခိုးရှင် များထက် သူ၏ ခန္ဓာကိုယ်မှာ များစွာ ပိုမို သန်စွမ်းသည်။
သို့သော် ရဲချန်ဖန်၏ တိမ်ခွင်း လက်ဝါးဖြင့် ရင်ဆိုင် အတွေ့တွင် သူထက် ရဲချန်ဖန်၏ ကိုယ်ခန္ဓာ စွမ်းအားမှာ များစွာ သာလွန် နေသည်ကို တွေ့လိုက် ရသည်။ ထိုအချက်က သူကို အလွန် ထိတ်လန့် သွားစေသည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်မှာ ဘာမှမခုခံ နိုင်ပဲ ဖြစ်နေသည်။
“လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း …”
မိစ္ဆာပြာ ထိတ်လန့် တုန်လှုပ်၍ အနည်းငယ် သတိ လက်လွတ် ဖြစ်သွားသည်ကို ရဲချန်ဖန်က အလွတ်မပေးဘဲ လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြု တိုက်ခိုက်လိုက်သည်။ ကောင်းကင် အဆင့်၊ ပေါင်သုံးသိန်းကျော် အစွမ်းနှင့် လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း ဓားအလင်းက မိစ္ဆာပြာထံ တိုးဝင်သွားသည်။
“ရွပ် …”
အဝတ်အစားများ ပြဲသံက အရင် ထွက်ပေါ် လာပြီးနောက် ရဲချန်ဖန် ဓားက မယုံနိုင်စရာ မြန်နှုန်းဖြင့် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားအလင်းက မိစ္ဆာပြာ ရင်ဘတ်ကို ထိုးဖောက် တိုက်ခိုက် လိုက်သည်။
အသက်အန္တရာယ် ကြုံတွေ့နေရသော မိစ္ဆာပြာက သူခန္ဓာကိုယ် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးပြီး ဝိညာဉ် စွမ်းအင်များကိုပါ အားကုန်ထုတ် ပေါင်းစပ်ကာ မိစ္ဆာ လက်သီး ဆယ်သုံးချက်ဖြင့် ခုခံလိုက်သဖြင့် ရဲချန်ဖန် ဓားအလင်း မြန်နှုန်းမှာ များစွာ လျော့ကျသွားသည်။ ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး မိစ္ဆာ လက်သီး ဆယ်သုံးချက်ကြောင့် အားပျော့ သွားသော ဓားချက်အစား ဓားအင်အား အပြည့် ဖြည့်သွင်းလျက် ထပ်မံ တိုက်ခိုက်ရန် လုပ်လိုက်သည်။
“ဆန်းကြယ် ရေခဲ ဝိညာဉ်စမ်းရေ … အေးခဲစမ်း …”
မိစ္ဆာပြာက ရဲချန်ဖန် ဓားကွက် ပြောင်းလဲ သွားချိန်ကို အခွင့်ကောင်း ယူ၍ ထွက်ပြေးရန် လုပ်လိုက်ချိန် ရဲချန်ဖန်ကလည်း အလွတ်မပေးဘဲ ဆန်းကြယ် ရေခဲ ဝိညာဉ်စမ်းရေကို အသုံးပြုပြီး မိစ္ဆာပြာ၏ ခြေထောက်များကို အေးခဲ စေလိုက်သည်။ တစ်ဆက်တည်းမှာပင် မယုံနိုင်စရာ မြန်ဆန် လှသော ဓားအလင်းက ထွက်ပေါ် လာပြီး မိစ္ဆာပြာ လည်မျိုကို ထိုးဖောက် ဝင်ရောက်သွားသည်။
“ယား …”
သူလည်မျိုကို ဓားဖြင့် ဖောက်ထွင်း သွားသည်ကို မယုံကြည်နိုင် ဖြစ်နေသော မိစ္ဆာပြာသည် သူလည်ပင်းကို လက်ဖြင့် စမ်းကြည့် လိုက်ချိန်တွင် ရဲချန်ဖန်က အရိပ်မဲ့ သိုင်းသုံးကာ မိစ္ဆာပြာဘေးသို့ ရောက်ရှိ လာသည်။ ထို့နောက် အံ့ဩသင့် ကြောက်လန့် မလှုပ်မယှက် ဖြစ်နေသော မိစ္ဆာပြာ ခေါင်းပေါ် လက်တင်ပြီး မိစ္ဆာပြာ၏ ဝိညာဉ် သားရဲကို စုပ်ယူ လိုက်လေသည်။
ရဲချန်ဖန်က မည်သို့မည်ပုံ သေဆုံးသွားမှန်း ကိုယ်ကိုယ်ကိုယ် သိပုံမပေါ်သော မိစ္ဆာပြာ၏ ဝိညာဉ်သားရဲကို စုပ်ယူပြီးနောက် ပြင်းထန်စွာ တိုက်ခိုက် နေကြသော ရွှယ်နီရှန်နှင့် မိစ္ဆာခရမ်း ဘေးနား ရောက်ရှိ သွားသည်။
ထို့နောက် ရွှယ်နီရှန်နှင့် ပူးပေါင်းကာ မိစ္ဆာခရမ်းကို တိုက်ခိုက် လိုက်ကြသည်။ မိစ္ဆာခရမ်းနှင့် တိုက်ခိုက်ရာတွင် ရဲချန်ဖန်က ဓားအင်အားကို အစွမ်းကုန် ဖြည့်တင်းပြီး အလွန်ခန့်မှန်း ရခက်သည့် အနေအထားမှ နေ၍ မိစ္ဆာခရမ်းကို ဒဏ်ရာများ ရရှိစေရန် ရည်ရွယ်ပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရဲချန်ဖန်က မိစ္ဆာခရမ်းကို မသတ်သည့် အကြောင်း ရှိသည်။ သူက မိစ္ဆာခရမ်းထံမှ အမှောင်သခင် အကြောင်းနှင့် အမှောင်သခင်နှင့် မိုဖန်ကုတို့ကြားက ဆက်ဆံရေးကို သိလိုသေးသည်။ ထို့ကြောင့် မိစ္ဆာခရမ်းကို လက်ရ ဖမ်းဆီးရန် တိုက်ခိုက်နေသည်။ မကြာမီ မိစ္ဆာခရမ်းသည် ကြောက်လန့်လာပြီး မခုခံနိုင်တော့ချေ။
“ယား … ဝှစ် …”
ရွှယ်နီရှန်၏ ဓားချက်များက မိစ္ဆာပြာ၏ လက်မောင်း နှစ်ဖက်ကို ခုတ်ဖြတ် ပစ်လိုက်သည်။
“နီရှန် … သူ့ကိုမသတ်နဲ့ဦး … ငါသူ့ကို စစ်မေးစရာတွေ ရှိသေးတယ် …”
ဒဏ်ရာ ပြင်းထန်စွာ ရနေသော မိစ္ဆာခရမ်းကို သတ်ရန် လုပ်နေသည့် ရွှယ်နီရှန်ကို ရဲချန်ဖန်က တားဆီး လိုက်လေသည်