Switch Mode

Chapter – 194

ပြိုင်ဘက်ကင်း အစွမ်း

အခန်း ( ၁၉၄ )
ပြိုင်ဖက်ကင်း အစွမ်း

“လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း …”

ရဲချန်ဖန်သည် ဓားအင်အား အမြင့်အဆုံး အဆင့်ထိပါ အသုံးပြု၍ မိစ္ဆာ စစ်သူကြီး လေးဦးထဲမှ အစွမ်းအထက်ဆုံး ဖြစ်သော မိစ္ဆာစိမ်းကို အဓိကထား တိုက်ခိုက် လိုက်သည်။

“မိစ္ဆာစိမ်း လက်သည်းသိုင်း …”

ရဲချန်ဖန်ဆီမှ ဓားချက်ကို မိစ္ဆာစိမ်းက မပေါ့ဆရဲဘဲ သူက ချက်ချင်းပင် မြေကမ္ဘာ အဆင့် လက်အိတ် လက်နက်ကို ဝတ်ဆင်ပြီး ရဲချန်ဖန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်မှုမှာ အလွန် ပြင်းထန်လှသည်။ မိစ္ဆာစိမ်းသည် ရဲချန်ဖန်ထက် အဆင့်များစွာ သာသော တန်ခိုးရှင် ဖြစ်သည်။

သို့သော် သူတို့ ကြားကွာ ခြားသော အဆင့်များကို ပေါင်သုံးသိန်းကျော်သော ကိုယ်ခန္ဓာ စွမ်းအားက ဖာထေး ပေးထားသောကြောင့် ရဲချန်ဖန်က ကောင်းကင် အဆင့်ဓား၊ ဓားအင်အားတို့ကိုပါ ပေါင်းစပ် အသုံးပြုသောအခါ ရဲချန်ဖန်၏တိုက်ခိုက်မှုမှာ မှန်းဆ မရနိုင်အောင် ပြင်းထန်လာသည်။ ပထမဆုံး ထိပ်တိုက် တွေ့ဆုံပြီးနောက် ရဲချန်ဖန်က မိစ္ဆာစိမ်းကို အသာစီး ရသွားသည်။။

“ယား …”

ရဲချန်ဖန် ဓားအလင်းကို မိစ္ဆာ လက်သည်းသိုင်းဖြင့် ခုခံ လိုက်သော်လည်း ဓားအလင်းက မရပ်တန့်ဘဲ မိစ္ဆာ စိမ်းခုခံသည့် ညာလက်မှ မြေကမ္ဘာ အဆင့် လက်အိတ် လက်နက်ကိုပင် ထွင်းဖောက် သွားပြီး မိစ္ဆာစိမ်း လက်တွင် ကြီးမားသော အပေါက် ဒဏ်ရာကြီး ရသွားရှိသည်။ သွေးများက ထိန်းမရအောင် စီးကျလာသည်။

“ဘာ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

မိုဖုန်ကုက ရဲချန်ဖန်ကို ကြည့်ပြီး သူမြင်နေရသည်ကို မယုံနိုင် ဖြစ်နေသည်။ ရဲချန်ဖန်က ဝိညာဉ်သားရဲ နဂါးကို ဆင့်ခေါ်လိုက်ချိန်တွင် အားလုံးကို တုန်လှုပ် သွားစေသော်လည်း မိစ္ဆာစိမ်းနှင့် ရဲချန်ဖန် ကြားတွင် အဆင့်ကွာခြားချက်မှာ မယုံနိုင်အောင် ကြီးမားလှသည် မဟုတ်ပါလော။

သူတို့ ကိုယ်တိုင် မမြင်ခဲ့ပါက တခြား လူများက ဘယ်လိုပြောပြော ရဲချန်ဖန်က မိစ္ဆာစိမ်းကို အနိုင်ယူ နိုင်မည်ဟု သူတို့ ယုံကြည်နိုင်မည် မဟုတ်ပေ။ သူတို့ အားလုံးသည် အိပ်မက် မက်နေသကဲ့သို့ ခံစား နေရသည်။ ရဲချန်ဖန်သည် အလွန် ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် လွန်းနေသည်။

“ကောင်းကင်အဆင့် လက်နက်ပဲ … မင်းလက်ထဲက ဓားက ကောင်းကင် အဆင့် ဓားပဲ …”

ကောင်းကင် ဓား၏အစွမ်းကို ခံစားမိလိုက်သဖြင့် မိစ္ဆာစိမ်းက မျက်နှာပျက်သွားပြီး ရဲချန်ဖန် လက်ထဲမှ ဓားကိုကြည့်ပြီး ကြက်သေသေ ငေးမောကာ တပ်မက်မှုက သူမျက်လုံး ထဲတွင် ချက်ချင်း ဖြစ်ပေါ်လာသည်။

“ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ … အေးခဲစမ်း …”

မိစ္ဆာစိမ်း ငေးမောနေသည့် အခိုက်ကို ရဲချန်ဖန်က အလွတ်မပေးဘဲ ဆန်းကြယ် ရေခဲဝိညာဉ်ကို ထုတ်လွတ် လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးရှိ အပူချိန်က မျက်စိတစ်မှိတ် အတွင်းပင် ကျဆင်း သွားသည်။ ဆန်းကြယ် ရေခဲဝိညာဉ်က မိစ္ဆာစိမ်းကို လှုပ်မရအောင် အေးခဲ သွားစေသည်။

‘တိမ်ခွင်းလက်ဝါး …”

ရဲချန်ဖန်က ပေါင်သုံးသိန်းကျော စွမ်းအားကို ထည့်သွင်းပြီး ညာလက်ဝါးဖြင့် ရိုက်ထုတ် လိုက်သည်။

“ဘုန်း …”

တိမ်ခွင်း လက်ဝါးကြောင့် ပတ်ဝန်းကျင် လေထုပင် တုန်ခါသွားပြီး ရဲချန်ဖန် လက်ဝါးက ရေခဲရုပ် ဖြစ်နေသော မိစ္ဆာစိမ်း ကိုယ်ခန္ဓာကို ထိမှန်သွားသည်။ ပြင်းထန်သော လက်ဝါးချက်ကြောင့် မိစ္ဆာစိမ်း ကိုယ်သည် ပြင်းထန်သော ဒဏ်ရာများ အပြင် အတွင်း ဒဏ်ရာပါ ရရှိသွားသည်။ သွေးများက အက်ကွဲ နေသော အသားများ ကြားမှ စီးကျလာသည်။

“မိစ္ဆာစိမ်း …”

ရဲချန်ဖန်က မိစ္ဆာစိမ်းကို ဒဏ်ရာ ရရှိအောင် လုပ်လိုက်သည်နှင့် မိစ္ဆာ စစ်သူကြီး လေးဦးထဲမှ မိစ္ဆာမိုးပြာက အရင်ဆုံး သတိဝင်လာပြီး အော်ဟစ် လိုက်သည်။ ထို့နောက်တွင် သတိပြန်ဝင် လာကြသော မိစ္ဆာစစ်သူကြီး သုံးယောက်သည် သူတို့၏ သားရဲများကို ဆင့်ခေါ် လိုက်ကြပြီး မြေကမ္ဘာ အဆင့် လက်နက်များ အသုံးပြုကာ ရဲချန်ဖန်ကို ဝိုင်းဝန်း တိုက်ခိုက် လိုက်ကြလေသည်။ သူတို့က ရဲချန်ဖန် မိစ္ဆာစိမ်းကို ထပ်မံ တိုက်ခိုက်ခွင့် မရစေရန် ပြင်းထန်စွာ တိုက်ခိုက် နေကြသည်။

“အရိပ်မဲ့သိုင်း …”

မိစ္ဆာစစ်သူကြီး သုံးဦး၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ရဲချန်ဖန်က အရိပ်ကိုးခုအဖြစ် ခွဲထွက် ရှောင်တိမ်း လိုက်သည်။ ထို့သို့ ရှောင်တိမ်း လိုက်သည်ကို ရဲချန်ဖန် နောက်ကျောတွင် ရှိနေသော ဒဏ်ရာ ရနေသည့် မိစ္ဆာစိမ်းက မြင်တွေ့နေရရာ အလွန် တုန်လှုပ်သွားသည်။

“ဝိညာဉ်စွမ်းအင်လောင်ကျွမ်းစမ်း…”

ရဲချန်ဖန် ရှောင်တိမ်းပြီး ရပ်တန့်လိုက်ချိန်တွင် မိစ္ဆာစိမ်းက ဝိညာဉ်စွမ်းအင်များကို လောင်ကျွမ်းစေကာ အလစ်ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန် အလစ်တွင် သေလောက်အောင် တိုက်ခိုက်ခြင်းဖြစ်ရာ လက်သည်းကုတ်ချက်က ရဲချန်ဖန် ဆီတိုးဝင်လာစဉ် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တဝီဝီအသံများ ထွက်ပေါ်ပြီး လေထုများက အက်ကွဲမြည်ဟည်း နေသည်။

“ဓားအင်အား နဝမအဆင့် … လေအရိပ် တိုက်ကွက် …”

ရဲချန်ဖန် ကလည်း ချက်ချင်းပင် ဓားအင်အား နဝမအဆင့်ကို လေအရိပ် တိုက်ကွက်ဖြင့် ပေါင်းစပ်ကာ ပြန်လည်ပြီး မိစ္ဆာစိမ်းကို တိုက်ခိုက် လိုက်သည်။ ဓားအင်အား နဝမအဆင့်၊ ကိုယ်ခန္ဓာ စွမ်းအားတို့က ကောင်းကင် အဆင့်ဓားနှင့်‌ ပေါင်းစပ် သွားသောအခါ လေထုထဲ အလွန် အံ့ဖွယ် လှပသည့် ဓားအလင်းက ဖြစ်ပေါ်လာသည်။ ဓားအလင်းက ကောင်းကင်ကိုပင် ထိုးခွင်း သွားသယောင်ပင်။ ထို့နောက် မိစ္ဆာစိမ်း ကိုယ်ကို နှစ်ပိုင်းပြတ် သွားစေသည်။

“ဘာလဲ …”

ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ပြီး မိစ္ဆာစိမ်းက သွေးအိုင်ထဲတွင် ခွေခွေလေး လဲကျနေသည်။ ဓားချက်ကြောင့် ဖြစ်ပေါ် လာသော လေထု တုန်ခါမှုသည်ပင် အတန်ကြာအောင် ပျောက်ကွယ်ခြင်း မရှိပဲ တဝီဝီနှင့် အသံထွက်နေသည်။

“ခွေးကောင် … မင်းက သေချင်နေတာပဲ …”

သွေးအိုင်ထဲ လဲနေသော မိစ္ဆာစိမ်းကို ကြည့်ပြီး မိစ္ဆာမိုးပြာက အလွန် ဒေါသ ထွက်သွား လေသည်။ သူတို့သည် သူတို့တတ်နိုင်သည့် နည်းလမ်းများကို အစွမ်းကုန် သုံးချကာ ရဲချန်ဖန်ကို သတ်နိုင်အောင် ကြိုးစားတော့မည် ဖြစ်သည်။

“ရှင့်ပြိုင်ဖက်က ကျွန်မပဲ …”

ထိုအချိန်တွင် အနီရောင် ဝတ်စုံနှင့် ရွှယ်နီရှန်က သူမ၏ ဓားကို ကိုင်ကာ ရဲချန်ဖန် နောက်ရောက် လာသည်။ ထို့နောက် ရဲချန်ဖန်ကို တိုက်ခိုက်သည့် မိစ္ဆာမိုးပြာကို တိုက်ခိုက် လိုက်သည်။

“ရွှယ်နီရှန်က မဟာ သားရဲဘိုးဘေး အဆင့် ရောက်သည်မှာ မကြာသေးသော်လည်း သူမက ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားသူ ဖြစ်သောကြောင့် သူမ ကိုယ်ခန္ဓာမှာ မိစ္ဆာ မိုးပြာထက် များစွာ မာကျော အစွမ်းထက် လေသည်။ သူမ၏ ဝိညာဉ်သားရဲ အမြီးသုံးခုနှင့် မြေခွေး ကလည်း အလွန် အစွမ်း ထက်လှသည်။ ထို့ကြောင့် မိစ္ဆာမိုးပြာနှင့် တိုက်ခိုက်ရာ လက်ရည်တူ တိုက်ခိုက် နေနိုင်လေသည်။

မိစ္ဆာမိုးပြာနှင့် ရွှယ်နီရှန်က တိုက်ခိုက်နေစဉ် ရဲချန်ဖန်က သေလုမြောပါး ဖြစ်ပြီး သွေးအိုင်ထဲ လဲနေသော မိစ္ဆာစိမ်းထံ ချဉ်းကပ်သွားသည်။

“ဝိညာဉ်စုပ်သိုင်း … စုပ်ယူစမ်း …”

အန္တရာယ်သည် အချိန်မရွေး ကျရောက် လာနိုင်ရာ ရဲချန်ဖန်က စွန့်စားပြီး သေလုမြောပါး ဖြစ်နေသော မိစ္ဆာစိမ်း၏ ဝိညာဉ်သားရဲကို စုပ်ယူလိုက်သည်။

“အား …”

မိစ္ဆာစိမ်း၏ နာကျင် ကြောက်လန့်ဖွယ် အော်သံက ထွက်ပေါ်လာပြီး သူ၏ ဝိညာဉ် သားရဲကို ရဲချန်ဖန်က အလျင်အမြန်စုပ် ယူတော့သည်။ မိစ္ဆာစိမ်း၏ ဝိညာဉ် သားရဲကို စုပ်ယူပြီးနောက် ရဲချန်ဖန် ဝိညာဉ် စွမ်းအင်များက တစ်ဟုန်ထိုး တိုးတက် များပြားလာသည်။ ရဲချန်ဖန်က မိစ္ဆာစိမ်း၏ ဝိညာဉ် သားရဲကို စုပ်ယူပြီးနောက် ရဲချန်ဖန်က ကောင်းကင် အဆင့်ဓားကို ကိုင်လျက် ရွှယ်နီရှန် နားသွား ကူလိုက်သည်။

ထို့နောက် ရဲချန်ဖန်က မိစ္ဆာစစ်သူကြီး တို့ကို တိုက်ခိုက်ရာ ရဲချန်ဖန် တိုက်ခိုက်မှုကြောင့် မိစ္ဆာ မိုးပြာသည် နောက်သို့ အဆက်ပြတ်ဆုတ် နေရပြီး ပြင်းထန်သော ဒဏ်ရာများပါ ရရှိသွားသည်။

“အရမ်း အစွမ်းထက်တာပဲ … ငါဒီလိုမျိုး အရင်က တစ်ခါမှ မြင်လည်း မမြင်ဖူးဘူး … ကြားလည်း မကြားဖူးဘူး … ရဲချန်ဖန်ရဲ့ ပါရမီနဲ့သာဆို သူသာ အကြောင်း တစ်ခုခုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဖူးဆိုရင် သူက သေချာပေါက် မဟာသားရဲ ဧကရာဇ် အဆင့် တန်ခိုးရှင် ဖြစ်လာမှာပဲ။ တန်ခိုးရှင်တို့ရဲ့ ဧကရာဇ်တောင် ဖြစ်လာနိုင်တယ် …”

ကုန်းပတ်ပေါ်မနေ၍ မိုယုရန်နှင့် အတူ ရပ်ကြည့်နေသော အကြီးအကဲမိုင်သည် အလွန်အံ့အား သင့်နေပြီး ရဲချန်ဖန် အနာဂါတ်ကို အလွန်အကျွံ ချီးကျူးလိုက်သည်။

“အကြီးအကဲမိုင် ကျွန်မတို့ဆီမှာ ရဲချန်ဖန် မိုမိသားစုကနေ ထွက်မသွားအောင် လုပ်ဖို့ အခြေအနေ ရှိမလား …”

ရဲချန်ဖန်၏ အစွမ်းနှင့် သူမအပေါ် ကူညီခဲ့သော အပြုအမှုများက မိုယုရန် နှလုံးသားကို လှုပ်ရှား စေသည်။ သူမ မိဘများအတွက် ကလဲ့စားချေရန် သူမက အရာရာကို စွန့်လွှတ်ရန်ပင် ပြင်ဆင် ထားခဲ့သည်။ အခု သူမရှေ့က လူငယ်လေးသည် သူမ မိဘများအတွက် လက်စားချေပေးရန် ကူညီနေပြီး သူမ ပိုင်ဆိုင်ရမည့် အရာများကို ပြန်လည်ရအောင် စွမ်းဆောင် ပေးနေရာ ထိုအချိန်တွင် သူမ နှလုံးသားသည် ရဲချန်ဖန် အတွက်သာ ဖြစ်ကြောင်း နားလည်လိုက်သည်။ သူရဲကောင်းများကို မိန်မချောလေးများက နှစ်သက် သဘောကျ ချစ်ခင်သည်မှာ သဘာဝ မဟုတ်ပါလော။

“သခင်မလေး … သူလို သူရဲကောင်းက မိုရှေးဟောင်း မိသားစုလို နေရာမှာပဲ သူအနာဂါတ်ကို မြှုပ်နှံမယ် ထင်လား … သူရဲ့ ပါရမီနဲ့ဆို ကြယ်မြစ် တိုက်ကြီးမှာတောင် အစွမ်းအထက်ဆုံး ပါရမီရှင် တွေထဲမှာ ပါလိမ့်မယ် …”

အကြီးအကဲမိုင်က မိုယုရန်၏ မျှော်လင့်ချက်နှင့် တောက်ပနေသည့် မျက်နှာလေးကို တစ်ချက် ကြည့်ပြီး သက်ပြင်းသာ ချမိလိုက်သည်။

“အခွင့်အရေးတောင် မရှိနိုင်ဘူးလား …”

မိုယုရန်က အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိပြီး သူမက အခြေအနေမှန်ကို နားလည်သော်လည်း သူမ စိတ်ထဲ လက်သင့် မခံနိုင် ဖြစ်နေမိသည်။

“လျှပ်တစ်ပြတ် သတ်ဖြတ်ခြင်း …”

မိစ္ဆာမိုးပြာကို ဖိနှိပ်တိုက်နေရင်း ရဲချန်ဖန် ကိုယ်က ခန့်မှန်း မရနိုင်အောင် လှုပ်ရှားသွားပြီး အလင်းထက်ပင် မြန်သည်ဟု ထင်ရသည့် ဓားအလင်းက မိစ္ဆာမိုးပြာ ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။ ဓားက အလွန် လျင်မြန်စွာ ဝင်လာရာ မိစ္ဆာမိုးပြာက အလျင်အမြန် ရှောင်တိမ်း လိုက်သော်လည်း ဓားချက်ကို လွတ်အောင် မရှောင်နိုင်ဘဲ မိစ္ဆာမိုးပြာ၏ ပခုံးကို ထိုးဖောက်ဝင် ရောက်သွားသည်။ ရဲချန်ဖန်က မိစ္ဆာမိုးပြာကို ပြင်းထန်သော ဒဏ်ရာ ရအောင် လုပ်လိုက်သည်ကို ကြည့်ပြီး ကျန်လူများက စိတ်ဓာတ်ကျ သွားပြီး ကြောက်ရွံမှုများ ဖြစ်ပေါ် လာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset