Switch Mode

Chapter – 193

မိစ္ဆာစစ်သူကြီးများ

အခန်း ( ၁၉၃ )
မိစ္ဆာစစ်သူကြီးများ

ကြယ်တာရာကျွန်းသည် မြောက်ပင်လယ်ထဲရှိ မရေတွက်နိုင်သော ကျွန်းများထဲတွင်မှ မိုင်ပေါင်းသိန်းချီ ကျယ်ဝန်းသော အလွန် ကြီးမားလှသည့် ကျွန်းကြီးတစ်ခု ဖြစ်သည်။ ကျွန်းကြီးမှာ ကြီးမား ကျယ်ပြန့်ကာ မြေဆီဩဇာ ဖြစ်ထွန်းပြီး ဝိညာဉ် စွမ်းအင်များလည်း ပေါကြွယ်ဝ သောကြောင့် သမိုင်းကြောင်း အလွန် ရှည်ကြာပြီး အလွန် အင်အားကြီးသော မိသားစုကြီး များလည်း ရှိနေ ကြသည်။

ထိုအထဲတွင် အင်အား အကြီးမားဆုံး အဖွဲ့အစည်း သုံးခုမှာ ကောင်းကင်ကြယ် ကုန်သည် အသင်း၊ အထီးကျန်တိမ် ကုန်သည် အသင်းနှင့် ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲတို့ဖြစ်ပြီး ထိုသုံးဖွဲ့က ကြယ်တာရာ ကျွန်းကြီး တစ်ခုလုံးကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ကြယ်တာ ကျွန်းကြီးကို ထိန်းချုပ်ထားသော ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ ဌာနချုပ်တွင် ကြီးမားသော စားပွဲကြီး ကျင်းပနေပြီး လူအများအပြားက ပျော်ရွှင်စွာ စားသောက်၊ ကခုန် ပျော်ပါး နေကြသည်။ အလွန် သားနားလှသည့် အဝတ်အစား များနှင့် ကချေသည် များကလည်း တီးလုံးနှင့် အတူ ယိမ်းနွဲ့ ကခုန်နေကြသည်။

ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကြီး၏ လက်ရှိ ခေါင်းဆောင် မိုဖန်ကုသည် သူ၏ညီတော် မိုဂျန်ချောင်နှင့် အတူ ခန်းမကြီး အလယ်တွင် ထိုင်ကာ ဧည့်သည်များကို အပြုံးများနှင့် ဧည့်ခံနေသည်။ ထိုအထူး ဧည့်သည်များမှာ အမှောင်သခင်၏ မိစ္ဆာစစ်သူကြီး ရှစ်ဦးထဲမှ လေးဦး ဖြစ်သော မိစ္ဆာစိမ်း၊ မိစ္ဆာပြာ၊ မိစ္ဆာမိုးပြာနှင့် မိစ္ဆာခရမ်း တို့ဖြစ်သည်။

“ဒုတိယ အစ်ကို ဘာဖြစ်လို့လဲ …”

ထိုအချိန်တွင် ခန်းမထဲသို့ မီးခိုးရောင် ဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသား တစ်ယောက် ဝင်လာပြီး မိုဖန်ကု ဘေးသို့ သွားရောက်ပြီး မိုဖန်ကုကို တီးတိုးလေး ပြောနေသည်။ ထို့ကြောင့် မိုဂျန်ချောင်က မေးလိုက်သည်။

“ဟ … ဟ … သတင်းကောင်းပဲ ပေါ့ကွာ …”

“သတင်းတွေအရ မိုယုရန်ရဲ့ သင်္ဘောက ဆိပ်ကမ်းနားမှာ ရောက်လာပြီတဲ့။ ကြည့်ရတာ သူတို့ကို မိစ္ဆာဖြူက ထိန်းချုပ် လိုက်ပြီနဲ့ တူတယ် …”

မိုဖန်ကုက ပျော်ရွှင်စွာနှင့် ပြန်ပြော လိုက်သည်။

“တကယ်လား … ကောင်းတယ် … ငါတို့နောက်ဆုံးတော့ အဲဒီ ခွေးမလေးကို မိပြီပေါ့ …”

မိုဂျန်ချောင် မျက်လုံးများက လင်းလက် သွားပြီး ရယ်မောကာ ပြောလိုက်သည်။ သူမသိသည်မှာ မိုယုရန်က သူတို့အား ကလဲ့စားချေရန် ပြန်လာသည် ဆိုခြင်းကိုပင်။

“ဒီအချိန် မိုယုရန်ကို ဖမ်းမိတာ။ မိတ်ဆွေတို့ ကူညီလို့ပါ။ မိတ်ဆွေတို့ကို တစ်ခွက်တိုက်ပြီး ဂုဏ်ပြုပါရစေ …”

စိတ်ပျော်ရွှင်နေသော မိုဖန်ကုက အရက် တစ်ခွက် ကောက်ယူကာ မိစ္ဆာလေးယောက်နှင့် အရက်ခွက်ခြင်း တိုက်ကာ သောက်လိုက်သည်။

“မိုသခင်ကြီးက အရမ်းနှိမ့်ချ နေတတ်တာပဲ။ ကျွန်တော်တို့လည်း သခင်ကြီးဆီက အကျိုးအမြတ် အများကြီးရတဲ့ဟာကို။ ကျွန်တော်တို့က သခင်ကြီး အတွက် အလုပ်လုပ် ပေးရမှာပေါ့ …”

အပြာရောင် ဝတ်စုံနှင့် အရပ်ရှည်ရှည်နှင့် အလွန် ကြောက်မက်ဖွယ် ကောင်းအောင် ရုပ်ဆိုး လှသည့် လူကြမ်းကြီးက မုတ်ဆိတ်ရှည်များကို သပ်ပြီး ပြောလိုက်သည်။ ထိုလူသည့်် မိစ္ဆာပြာ ဖြစ်ပြီး သူက မိန်းမပျိုလေးများကို ဖျက်ဆီးရာတွင် အလွန် နာမည်ဆိုးနှင့် ကျော်ကြားလှသူ ဖြစ်သည်။ သူက မိုယုရန်ကို ဖမ်းမိပါက သူလက်ထဲ မိုယုရန်ကို အပ်ရန် မိုဖန်ကုတို့ကို ပြောဆိုထားရာ မိုဖန်ကုက သူအား မိုယုရန်ကို စိတ်ကြိုက် လုပ်ခွင့်ပေးမည်ဟု ကတိပေးထားသဖြင့် အလွန် ပျော်ရွှင်နေသည်။

မိုဖန်ကုတို့က မိုယုရန်တို့ကို မိစ္ဆာဖြူက ဖမ်းဆီးခေါ်ဆောင် လာသည်ဟု အမှတ်မှားနေစဉ် မိုယုရန်၏ သင်္ဘောကြီးသည် အလွန် လျင်မြန်စွာနှင့် ကြယ်တာရာ ကျွန်းရှိ ဆိပ်ကမ်းကြီးထံ ဝင်ရောက် လာနေသည်။

“ချန်ဖန် … ရှေ့က ကြယ်တာရာ ကျွန်းပဲ …”

မျက်နှာ ဖြူဖပ်ဖြူရော်နှင့် စိတ်မကောင်းစရာ သူမ မိဘများအကြောင်း တွေးမိသွားသည်နှင့် မိုယုရန်က မျက်ရည်များ ဝဲတက်လာသည်။ သူမက ရဲချန်ဖန်ကို ရှေ့တွင်ရှိနေသော အပြောကျယ် လှသည့် အစိမ်းရောင် ကျွန်းကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဘာမှစိတ်မပူနဲ့ … ကြယ်တာရာ ကျွန်းကို ရောက်ရင် မင်းဘာမှလုပ်စရာ မလိုဘူး … အကုန် ငါ့တာဝန် ထားလိုက် …”

ရဲချန်ဖန်က ဝမ်းနည်းနေဟန် ရှိသည့် မိုယုရန်ကို ကြည့်ပြီး သူမ စိတ်ပူနေသည်ကို နားလည် လိုက်သည်။ ထို့ကြောင့် သူက မိုယုရန်အား သနားသွားပြီး နှစ်သိမ့် ပေးလိုက်သည်။

“ချန်ဖန် … ကျေးဇူးတင်ပါတယ် … အရာအားလုံးက ရှင့်ကို အားကိုးမှာနော် …”

မိုယုရန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။

“ဘာမှစိတ်မပူနဲ့ … ဒါမင်း ပိုင်ဆိုင်တာတွေလေ။ ငါတို့က မင်းပိုင်ဆိုင်တာ ပြန်ရအောင် ကူညီပေးယုံပဲ …”

ရဲချန်ဖန်က သူမ စိတ်အေး လက်အေး ဖြစ်စေရန် အားပေးလိုက်သည်။

“သခင်မလေး … မိုမိသားစု ပိုင်ဆိုင်တဲ့ သင်္ဘော နှစ်စီးက ကျွန်မတို့ သင်္ဘောနား ချဉ်းကပ် လာနေတယ် … ကျွန်မတို့ ဘာလုပ်ရမလဲ …”

ထိုအချိန်တွင် မိုမိသားစုမှ လူတစ်ဦးက မိုယုရန်ကို သတင်း လာပို့လေသည်။

“သူတို့ကို ဘာမှ အကြောင်းမပြန်နဲ့ … ငါတို့ဘာသာ ဆိပ်ကမ်းကို ဆက်သွားမယ် …”

ရဲချန်ဖန်က ထိုမိုမိသားစုမှ မိန်းမပျိုကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။ ရဲချန်ဖန် အမိန့်အတိုင်းပင် သင်္ဘောက မိုမိသားစုမှ ချဉ်းကပ်လာသော သင်္ဘောများကို ဂရုမစိုက်ပဲ ဆိပ်ကမ်းဆီ တိုက်ရိုက် ဝင်သွားလေသည်။

“ဘာလဲ … မိုယုရန်က အဖမ်း မခံထား ရဘူးလား … သူတို့သင်္ဘောက ဆိပ်ကမ်းနား ကပ်လာပြီ …”

သတင်းကို အဆက်မပြတ် ရနေသော မိုဖန်ကုက မိုယုရန်က မိစ္ဆာဖြူ၏ ဖမ်းဆီးမှု မခံရဘဲ ဆိပ်ကမ်းဆီ ဝင်လာကြောင်းကို ချက်ချင်း သိရှိ သွားသည်။ သူက ကြောက်လန့်တကြား ထိုင်ခုံမှ ထရပ် လိုက်သည်။

“ကြည့်ရတာ အစွမ်းထက်တဲ့ လူတစ်ယောက်က ကူညီ နေလို့လား …”

မိုဖန်ကုက တီးတိုး ရေရွတ် လိုက်သည်။ မိုယုရန်က ရုတ်တရက် ကြယ်တာရာ ကျွန်းကို ပြန်လာ ရဲသည်မှာ တစ်စုံတစ်ရာ အားကိုးရှိနေ၍ ဖြစ်မည်။ သို့မဟုတ်ပါက သူမက ဘယ်တော့မှ ပြန်လာမည့်သူ မဟုတ်ပေ။ မိုဖန်ကု စိတ်မသက်မသာ ဖြစ်သွားသည်။

“မိုသခင်ကြီး … စိတ်မပူပါနဲ့ … ကျွန်တော်တို့ အခုချက်ချင်း မိစ္ဆာဖြူကို ဆက်သွယ် လိုက်မယ် … ဒါဆိုအကြောင်းစုံ သိရမှာပါ …”

မိုယုရန် ရုတ်တရက် ဖမ်းဆီးခြင်း မခံရပဲ ပြန်ရောက် လာသောကြောင့် သူတို့အတွက် အနည်းငယ် အရှက်ရစရာ ဖြစ်သွားသော်လည်း မိစ္ဆာစစ်သူကြီးတို့သည် မိစ္ဆာဖြူ တစ်စုံတစ်ရာ ဖြစ်သွားမည်ဟု မထင်ကြချေ။

“ငါတို့ ဆိပ်ကမ်းကို သွားကြည့်ရအောင် … မိုယုရန်က ဘာအားကိုးနဲ့ ပြန်လာလဲ ကြည့်ရအောင် …”

ဆယ်မိနစ်ခန့် ကြာသွားသော်လည်း မိစ္ဆာ ခရမ်းသည် မိစ္ဆာဖြူထံမှ အကြောင်းပြန်ခြင်း မရှိသည့် အတွက် သူမျက်နှာက ညိုမှောင်သွားသည်။

မိစ္ဆာဖြူက အကြောင်း မပြန်သည့်အတွက် မိုဖန်ကုတို့ညီအစ်ကို စိတ်လေး နေသော်လည်း မတော်တဆ အကြောင်း တစ်ခုခုကြောင့် မိစ္ဆာဖြူ အကြောင်း မပြန်နိုင်တာလဲ ဖြစ်နိုင်သည်ဟု ဖြေတွေးလိုက်ပြီး ချက်ချင်းပင် အစွမ်းထက် တန်ခိုးရှင်များကို ဆင့်ခေါ်ပြီး မိစ္ဆာစစ်သူကြီးများ နောက်သို့ လိုက်သွားလေသည်။ သူတို့ ဆိပ်ကမ်း ရောက်သည်နှင့် မိုယုရန်တို့ သင်္ဘောက ဆိပ်ကမ်းတွင် ဆိုက်ကပ်လိုက်သည်ကို တွေ့လိုက်လေသည်။

“ချန်ဖန် … အဲဒီလူနှစ်ယောက်က ညီမ မိဘတွေကို သတ်သွားတဲ့ လူယုတ်မာတွေပဲ …”

ကုန်းပတ်ပေါ်တွင် ရပ်နေသော မိုယုရန်က မိုဖန်ကုတို့ ညီအစ်ကိုကို တွေ့လိုက်သည်နှင့် လူသတ် အော်ရာများ ထွက်ကာ ရဲချန်ဖန်ကို ပြောလိုက်သည်။

“ယုရန် … အဲလူလေးယောက်က ဘယ်သူတွေလဲ …”

ရဲချန်ဖန် မျက်လုံးများက မိုဖန်ကုတို့ လူအုပ်ထဲ ဝှေ့ကြည့်လိုက်ရာ ချက်ချင်းပင် မိစ္ဆာ စစ်သူကြီးလေးဦးကို သတိထားမိသွားပြီး မိုယုရန်ကို မေးလိုက်သည်။

“သူတို့က မိစ္ဆာစစ်သူကြီး ရှစ်ဦးထဲက လေးယောက်နဲ့ တူတယ်…”

မိုယုရန်က မိစ္ဆာလေးဖော်တို့ ဝတ်ဆင်ထားသည့် အဝတ်အစား မှတစ်ဆင့် သူတို့အား ခန့်မှန်းလို့ ရသွားပြီး ရဲချန်ဖန်ကို ရှင်းပြလိုက်သည်။

“အမှောင်သခင်က သူရဲ့မိစ္ဆာစစ်သူကြီး လေးယောက်ကို မိုမိသားစုဆီ လွတ်လိုက်တာပဲ … ကြည့်ရတာ အမှောင်သခင်နဲ့ မိုမိသားစု ဆက်ဆံရေးက နက်နဲ့တဲ့ပုံပဲ …”

ရဲချန်ဖန်က ထိုလူများ အကြောင်း သိသွားပြီးနောက် မျက်မှောင်ကြုတ် သွားလေသည်။

အကယ်၍ မိုမိသားစုသည် အမှောင်သခင်နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ကိစ္စများ ရှိပါက သူက မိုဖန်ကုနှင့် မိုဂျန်ချောင်တို့ကို သတ်ပစ် လိုက်ပြီးနောက် အမှောင်သခင်နှင့်ပါ ဆက်ရင်ဆိုင် ရတော့မည်ဟု နားလည် လိုက်သည်။

“ကြည့်ရတာ မိုယုရန်ကို ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကို ပြန်သိမ်းပိုက်ဖို့ ကူညီတာက ထင်သလောက် မရိုးရှင်းဘူးနဲ့ တူတယ် …”

“မိုယုရန် … ခွေးကောင်မ … မင်းက ပြန်လာရဲသေးတယ် ဟုတ်လား …”

မိုဖန်ကုက ဒေါသထွက်နေသည့် အရူးအလားပင် မိုယုရန်ကို ကြည့်ပြီး သတ်ချင်စိတ်များ ဖြစ်ပေါ် နေသည်။

“ဟုတ်တယ် … ငါပြန်လာတာ ငါ့မိဘတွေအတွက် လက်စားချေမလို့။ နင်တို့ မတရား သိမ်းပိုက် ထားတာတွေ ပြန်ယူပြီး နင်တို့ကို ငရဲပြည် ပို့မလို့ပဲ …”

မိုယုရန်၏ အေးစက် မုန်းတီးနေသော မျက်လုံးများက မိုဖန်ကုတို့အား ဝါးစားမတတ် စိုက်ကြည့် နေသည်။

“စစ်သူကြီးတို့ … သင်္ဘောပေါ်မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကို အာရုံခံလို့ရလား …”

မိုဖန်ကုက မိစ္ဆာ စစ်သူကြီး လေးဖော်ကို ကြည့်ပြီး မေးလိုက်သည်။

“စိတ်မပူနဲ့ … မိုသခင်ကြီး … သင်္ဘောပေါ်မှာ မဟာ သားရဲဘိုးဘေး အဆင့် တစ်ယောက်ပဲ ပါတယ် … အဲတစ်ယောက်ကိုလည်း ကျွန်တော်တို့‌ အေးဆေး ကိုင်တွယ်လို့ ရပါတယ် …”

မိစ္ဆာခရမ်းက ပြောလိုက်သည်။

“ဟွန်း … တွေ့ကြသေးတာပေါ့ …”

မိုယုရန်က သင်္ဘောပေါ်တွင် သူတို့ ကြောက်လန့်ရမည့် အစွမ်းထက် ပုဂ္ဂိုလ်မပါကြောင်း သိလိုက် ရသည်နှင့် မိုဖန်ကု တို့ညီအစ်ကို စိတ်အေးသွားပြီး ရက်စက်မည့် အရောင်များ ထွက်လာလေသည်။

“စစ်သူကြီးတို့ … မိုယုရန်ကို ကူညီပြီး ဖမ်းပေးပါ။ သူကို ဖမ်းမိရင် အရင်က ကတိပေး ထားတာထက် ငါးဆယ်ရာခိုင်နှုန်း ပိုပေးပါ့မယ် …”

မိုယုရန်ကို ဖမ်းမိပြီး သူမ လက်ထဲက သော့ကိုအရယူရန် မိုဖန်ကုက မိစ္ဆာ စစ်သူကြီး လေးယောက်ကို ကတိပေး လိုက်သည်။

“ကောင်းပါပြီ … ကျွန်တော်တို့ တာဝန် ထားလိုက် …”

မိစ္ဆာစစ်သူကြီး လေးယောက်က ခေါင်းညိတ်လိုက်ပြီး သူတို့၏ ဝိညာဉ်သားရဲများကို ဆင့်ခေါ် လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဂါး …”

မိစ္ဆာစစ်သူကြီး လေးဦးသည် သူတို့ ဝိညာဉ် သားရဲများနှင့် ပေါင်းစပ်ပြီး မိုယုရန်တို့ကို တိုက်ခိုက်ရန် ပြင်ဆင် လိုက်ချိန်တွင် နဂါးကြီး တစ်ကောင်၏ ဟိန်းဟောက် အော်သံက ထွက်ပေါ် လာသည်။ မီတာ ရာကျော် ရှည်လျားပြီး သွေးရောင် ကြေးခွံများ ဖုံးလွှမ်းနေသော နဂါးကြီးက ရဲချန်ဖန် ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။ သွေးနဂါးကြီးမှ ထွက်ပေါ်လာသော အော်ရာကြောင့် အဆင့်နိမ့်သော တန်ခိုးရှင်များသည် အလွန် ထိတ်လန့်သွားပြီး သာမန် လူများသည် မြေပေါ် ပစ်လဲ ကျသွားကာ တစ်ကိုယ်လုံး တဆတ်ဆတ် ခါအောင် တုန်ယင် နေကြသည်။

“နဂါး … အဲဝိညာဉ် သားရဲက နဂါး ဖြစ်လိမ့်မယ် …”

ရဲချန်ဖန်၏ သားရဲကို ကြည့်ပြီး မိစ္ဆာ စစ်သူကြီး လေးဦးလုံး အလွန် တုန်လှုပ်သွားလေသည်။ ရဲချန်ဖန် ခေါင်းပေါ်တွင် ရှိနေသာ နဂါးကြီးကို ကြည့်ပြီး မိုယုရန်ပင် အသည်းနှလုံးများ တုန်လှုပ် သွားသည်။

“နီရှန် … တိုက်ကြစို့ …”

ရဲချန်ဖန်က ကောင်းကင်အဆင့် ဓားကို ထုတ်ယူကာ မိစ္ဆာ စစ်သူကြီးလေးဦးနှင့် တိုက်ခိုက်ရန် လုပ်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset