Switch Mode

Chapter – 192

အချစ်စစ်ပွဲ အစလော

အခန်း (၁၉၂ )
အချစ်စစ်ပွဲ အစလော

“အာ့ … ငါ … နီရှန် ခန္ဓာကိုယ် စွမ်းအားကို ပိုတွက် လိုက်မိတာပဲ …”

များပြား လွန်းသော ဝိညာဉ် စွမ်းအင်များကြောင့် ရွှယ်နီရှန် ကိုယ်ခန္ဓာမှာ မခံနိုင်တော့ဘဲ ပေါက်ကွဲ ထွက်မတက် ဖြစ်လာနေသည်။ ရဲချန်ဖန်က အသက်စမ်းရေကို ထုတ်ပြီးသူမအား တိုက်လိုက်သည်။ ရွှယ်နီရှန် အနည်းငယ် သက်သာရာ ရသွားသည်။ အသက်စမ်းရေမှ စွမ်းအင် များကြောင့် ရွှယ်နီရှန် ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်‌ ကောင်းမွန်လာသည်။ သွေးကြောများ၊ အတွင်းအင်္ဂါများပါ သက်သာလာသည်။

လတ်တလော အသက်အန္တရာယ် မစိုးရိမ်ရတော့ သော်လည်း ရွှယ်နီရှန်သည် ကြောက်မက်ဖွယ် နာကျင်မှု ဝေဒနာကို ခံစားနေရသည်။ မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံးမှ ဆေးစွမ်းသည် သူမ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့ ရောက်ရှိသွားပြီး သွေးအမည်းများက သူမ ချွေးပေါက်များမှ တစ်ဆင့် ထွက်နေသည်။

“သွေးကြောထဲက မသန့်စင်မှုတွေ ဖယ်ရှားနေတယ်။ ကြည့်ရတာ နီရှန်အဆင့် တက်တော့မယ် ထင်တယ် …”

ကောင်းကင် သားရဲဘုရင် အဆင့်မှ မဟာသားရဲ ဘုရင်အဆင့် ကူးပြောင်းခြင်းသည် သွေးကြောများသည် လုံးဝ ပုံစံပြောင်းသွားပြီး ခန္ဓာကိုယ်တွင် မသန့်စင်မှုများ ပျောက်ကွယ်ကာ ဝိညာဉ် စွမ်းအင်ကို ပိုမို သန့်စင်လာစေသည်။ ထို့အပြင် မဟာ သားရဲဘုရင်သည် ကောင်းကင် သားရဲဘုရင်ထက် ခန္ဓာကိုယ် စွမ်းအားမှာ သိသိသာသာ ပို၍အစွမ်းထက်သည်။

“အင်း … နီရှန်က ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်ထားတာ ဆိုတော့ ဒီသွေးယိုစီး၊ ဆုံးရှုံးမှုကို ခံနိုင်မှာပါ …”

ရွှယ်နီရှန် ကိုယ်မှ သွေးမဲများ အဆက်မပြတ် စီးထွက်နေသည်ကို ကြည့်ပြီး ရဲချန်ဖန်ပင် ဇောချွေးများ ပြန်နေသည်။ ရွှယ်နီရှန်သာ ဤအဆင့်ကို မကျော်ဖြတ် နိုင်ပါက သူမ သေဆုံးရပေမည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရွယ်နီရှန်မှာ သေလုမြောပါးဖြစ်ပြီး နာကျင်မှုကြောင့် သူမ နှုတ်ခမ်းများကို ကိုက်ထားရာ သွေးများပင် နှုတ်ခမ်းမှ ယိုစီးကျနေပြီ ဖြစ်သည်။ စက္ကန့်၊ မိနစ်တိုင်းသည် သူမအတွက် ငရဲကျနေသည့်အလား ခံစားနေရသော်လည်း သူမက ဝိညာဉ်စွမ်းအင်များ ပွားများ လာသည်ကို သိရှိနေသည်။

“မဟာ သားရဲဘိုးဘေး အဆင့် … ရောက်စမ်း …”

တစ်နာရီ နီးပါး ကြာမြင့်ပြီးနောက် မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံးလေးလုံးသည် သူမ ကိုယ်နှင့် ပေါင်းစပ်သွားပြီး ဖြစ်ပြီး မဟာ သားရဲဘိုးဘေး အဆင့်ကို တက်ရောက်နေသည်။

ရွှယ်နီရှန်သည် အလွန် နာကျင်နေသော်လည်း သူမ၏ အဆက်မပြတ် ဝိညာဉ် ကျင့်စဉ် လေ့ကျင့်မှုကြောင့် မဟာသားရဲဘိုးဘေး အဆင့် တက်ရောက်ရန် အလွန် နီးကပ် လာနေသည်။ ရုတ်တရက် အဝါဖျော့ရောင် အလင်းက သူမ ကိုယ်မှ ထွက်ပေါ်လာပြီး သူမ၏ ဝိညာဉ် စွမ်းအင်သည် ငါးဆမက တိုးပွားလာသည်။ ထို့အချိန်မှာပင် ရွှယ်နီရှန်သည် အဆင့်တက်သွားပြီး သူမ၏ ခန္ဓာကိုယ် စွမ်းအားကပါ များစွာ တိုးတက် လာသည်။

“ဟ … ဟ … နောက်ဆုံးတော့ အဆင့်တက် သွားပြီ …”

ရွှယ်နီရှန်က သူမ၏ တိုးပွားလာသော ဝိညာဉ် စွမ်းအားများကို ခံစားနေရင်း သူမ၏ ဖြူဖျော့ နေသော မျက်နှာတွင် အပြုံးလေးက ဖြစ်ပေါ် လာသည်။

“နီရှန် … နားပြီး ရေချိုးလိုက် … ငါမင်းကို အပြင်က စောင့်နေမယ် …”

ရွှယ်နီရှန် အဆင့်တက် သွားပြီ ဖြစ်သောကြောင့် ရဲချန်ဖန် ရင်ထဲက အလုံးကြီး ကျသွားသည်။ ထို့ကြောင့် ရွှယ်နီရှန်ကို အနားယူဖို့ ပြောပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။

“ဟား … လေထန် နေတာပဲ …”

ရဲချန်ဖန် ကုန်းပတ်ပေါ် ရောက်သွား ချိန်တွင် အပြာရောင် ကောင်းကင်သည် တိမ်မည်းများ စတင် ဖုံးလွှမ်းလာပြီး လေများက ခပ်ကြမ်းကြမ်း တိုက်နေသည်။

“ကောင်းကင်ကို ကြည့်ရတာ မုန်တိုင်း လာတော့မယ်နဲ့ တူတယ် …”

အပြာရောင် စကပ်လေးနှင့် အလွန် လှပနေသော မိုယုရန်သည် ရဲချန်ဖန်နား လျှောက်လာ လေသည်။ သူမ ရောက်လာသည်နှင့် မှောင်မည်း ကြမ်းတမ်း နေသော ရာသီဥတုပင် သာယာသွားသလို ထင်ရသည်။ သူမကို မြင်ရသည်မှာ မြင်သူတိုင်းကို အေးချမ်းစေပြီး မဟာဆန် လှသည်ဟု ရဲချန်ဖန် ထင်လိုက်သည်။

“မိန်းကလေးမို ကြယ်တာရာကျွန်းကို ရောက်ဖို့ လိုသေးလား …”

ရဲချန်ဖန်က မိုယုရန်ကို တစ်ချက် စိုက်ကြည့်ပြီးနောက် အကြည့်ကို လွဲလိုက်ကာ အဝေးမိုးကုပ် စက်ဝန်းဘက် မျှော်ကြည့်ရင်း မေးလိုက်သည်။

“ချန်ဖန်…ခု ကျွန်မတို့ ရင်းနှီးနေပြီလေ။ နောက်ခါဆို ယုရန်လို့ပဲခေါ်ပါ။ မိန်းကလေး မို လို့ခေါ်တာ အရမ်း တစိမ်းဆန်လွန်းပါတယ်…”

မိုယုရန်က နူးညံစွာပြုံးရင်း ရဲချန်ဖန်ကို ပြောလိုက်သည်။

“အင်း … အဲဒါ ကောင်းတယ် …”

ရဲချန်ဖန်သည် ပေါင်းသင်းရ လွယ်သောသူဖြစ်သည်။ သူသည် မိုမိသားစုနှင့် အရှည် ဆက်ဆံရဦးမည် ဖြစ်သလို မိုယုရန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားပါက သူ့အတွက် အနာဂါတ်တွင် အားတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ရဲချန်ဖန်က သဘောတူ လိုက်သဖြင့် မိုယုရန် မျက်နှာမှအပြုံးများသည် ပို၍ချိုမြိန်လာသည်။

“အင်း… အားလုံး ချောချောမွေ့မွေ့ ဖြစ်ရင်တော့ နောက်တစ်ပတ်လောက် အတွင်း ကြယ်တာရာ ကျွန်းကို ရောက်လိမ့်မယ် …”

“ယုရန် … ငါမှာ ရောင်းချင်တာလေးတွေ ရှိနေတယ် … မင်းတို့ မိုမိသားစုက ဝယ်မလား မသိဘူး …”

ရဲချန်ဖန်က သူရရှိ ထားသော ရတနာများနှင့် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးများကို လဲလှယ်ထားရန် တွေးကာ ပြောလိုက်သည်။ အရေးကြုံလာပါက ဓားစက်ရုပ်ကို အသုံးပြုရန် သူတွင် ဝိညာဉ် ကျောက်တုံးများ လိုအပ်နေသည်။

“ရတာပေါ့ … ရှင်က ဘာရောင်းချင်တာလဲ …”

မိုယုရန်က အပြုံးဖြင့် ပြန်မေးလိုက်သည်။

“ဒီပစ္စည်းတွေနဲ့ဆို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ ရနိုင်မလဲ …”

ရဲချန်ဖန်က သိုလှောင်အိတ်ကို ထုတ်ပြီး ပေးလိုက်သည်။

“ဒါ … ဒါက မိစ္ဆာဖြူနှင့် အမှောင်သခင် နောက်လိုက်တွေရဲ့ ပစ္စည်းတွေပဲ …”

မိုယုရန်သည် ဝိညာဉ် စွမ်းအင်များကို သိုလှောင်အိတ်ထဲ ပို့လွတ် စစ်ဆေးပြီးနောက် များပြား လှသော လက်နက်၊ ရတနာများကို တွေ့လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်မိသည်။

“အင်း … မြေကမ္ဘာအဆင့် လက်နက်တွေ ဝိညာည်အဆင့် လက်နက်၊ မြေကမ္ဘာအဆင့် ရတနာတွေ …”

ရဲချန်ဖန်က ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။ သူဘမဝန်ခံလျှင်ပင် ကြယ်တာရာကျွန်းမှ ထင်ရှားသော လက်နက်များ ဖြစ်ရာ မိုယုရန်က သိရှိပြီး ဖြစ်သည်။

“ချန်ဖန် … ကျွန်မမှာ အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးက သိပ်မကျန်တော့ဘူး။ ရှင်ကို တစ်သိန်း တစ်သောင်းလောက်ပဲ ပေးနိုင်မယ်။ ဒါပေမဲ့ ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကို ပြန်ထိန်းချုပ်နိုင်ရင် ရှင့်ကို အပိုဝိညာဉ် ကျောက်တုံး လေးသောင်း ထပ်ပေးပါ့မယ် …”

မိုမိသားစု အင်အား ပိုမိုကြီး ထွားလာစေရန် မိုယုရန်တို့အတွက် မြေကမ္ဘာအဆင့် လက်နက်များ လိုအပ်သည်။ မြေကမ္ဘာအဆင့် လက်နက်များက တန်ဖိုးကြီး လှသော်လည်း ရဲချန်ဖန်နှင့် ဆက်ဆံရေး ကောင်းမွန်စေရန် သူမက ဈေးကွက် ပေါက်ဈေးထက် များစွာ ပိုမိုပေးထားလေသည်။

‘အင်း … သဘော တူတယ် …”

မိုယုရန်ဆီမှရသည့် ဝိညာဉ်ကျောက်တုံး တစ်သိန်း တစ်သောင်းနှင့် မိစ္ဆာဖြူတို့ကို သတ်ပြီးနောက်ရသည့် ဝိညာဉ် ကျောက်တုံးများ ပေါင်းလိုက်ပါက ရဲချန်ဖန်တွင် ဝိညာဉ် ကျောက်တုံး တစ်သိန်း ခြောက်သောင်းကျော် ရှိနေပြီဖြစ်သည်။ ထိုပမာဏနှင့်ဆိုလျှင် ဓားစက်ရုပ်ကို အချိန်အတန်ကြာပင် မောင်းနှင်လို့ရပြီ ဖြစ်သည်။

“မေးရဦးမယ် … ယုရန် … မင်းဘာဖြစ်လို့ ကြယ်မြစ် တိုက်ကြီးကို ဘာလို့ သွားချင်တာလဲ …”

“ဘာဖြစ်လို့လဲ … ချန်ဖန် … ရှင်ကရော ကြယ်မြစ် တိုက်ကြီးကို သွားချင်လို့လား …”

မိုယုရန် မျက်နှာတွင် ဖော်ပြလို့ မရနိုင်သည့် အမူအရာများ ပေါ်လာပြီး အားငယ်သွားသည့် အသံဖြင့် မေးလိုက်သည်။

“အင်း … ဒီအတိုင်း မေးကြည့်တာပါ …”

ကြယ်မြစ် တိုက်ကြီးက မြောက်ပင်လယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတယ် … အဲဒီ ကုန်းမြေက မြေဆီဩဇာ ကြွယ်ဝပြီး ဝိညာဉ် စွမ်းအင်ကလည်း အလွန် ပြည့်ဝနေတယ်တဲ့ … ကျင့်ကြံခြင်း လမ်းစဉ်ကလည်း အလွန် တိုးတက်ပြီး များပြားတဲ့ အမွေအနှစ်တွေ ရှိတယ်တဲ့ …”

“ဒါပေမဲ့ ကြယ်မြစ်တိုက်ကို ရောက်ဖို့ဆိုရင် အချိန်အကြာကြီး ခရီးသွားရလိမ့်မယ်။ အဲဒါအပြင် ပျက်စီးခြင်း ပင်လယ်အော်ပါ ဖြတ်သန်းရမယ် …”

‘ပျက်စီးခြင်း ပင်လယ်အော်က မြောက်ပင်လယ်ရဲ့ အန္တရာယ် အများဆုံး နေရာလို့ ပြောကြတယ် … ကြယ်မြစ် တိုက်ကြီးမှာ သားရဲကြီးတွေအပြင် ဒဏ္ဍရီလာ သတ်ဖြတ်ခြင်း မြို့တော်ပါ ရှိနေတယ်။ သတ်ဖြတ်ခြင်း မြို့တော်မှာ ဒဏ္ဍာရီလာ သတ်ဖြတ်တဲ့ ပုဂ္ဂိုလ်တွေလဲ နေထိုင်တယ်တဲ့ … ကြယ်မြစ် တိုက်ကြီးက ရက်စက်ပြီး၊ အန္တရာယ် အရမ်းများပါတယ် …”

မိုယုရန်က ကြယ်မြစ် တိုက်ကြီးနှင့် ပတ်သက်၍ သူမသိသမျှကို ပြောပြလိုက်သည်။

‘ပျက်စီးခြင်း ပင်လယ်အော် … သတ်ဖြတ်ခြင်း မြို့တော် …”

ရဲချန်ဖန်က တီးတိုးလေး ရေရွတ်မိလိုက်သည်။ ကြယ်မြစ် တိုက်ကြီးတွင် ဤမျှ ထူးခြားသော နေရာများ ရှိလိမ့်မည်ဟု မထင်ထားမိချေ။ ထို့ကြောင့် ရဲချန်ဖန်က အတော်လေး စိတ်ဝင်စားသွားသည်။

“ချန်ဖန် … ရှင်က အရမ်း အစွမ်းထက်တယ်။ ဒါပေမဲ့ သတ်ဖြတ်ခြင်းမြို့တော် မပြောနဲ့ ပျက်စီးခြင်း ပင်လယ်အော်ကို ဖြတ်သန်း မသွားနဲ့လို့ အကြံပေးချင်တယ်။ ကြယ်မြစ် တိုက်ကြီးက မဟာ မဟာပါရမီရှင်တွေတောင် ပျက်စီးခြင်း ပင်လယ်အော်က ဖြတ်နိုင်ဖို့ မဖြစ်သလောက် ခက်တယ် …”

မိုယုရန်က ရဲချန်ဖန်၏ စိတ်ဝင်စားသည့် အမူအရာကို ကြည့်ပြီး မျက်နှာပျက် သွားသည်။ ရဲချန်ဖန်က ကြယ်မြစ် တိုက်ကြီးကို သွားရန် အကြံအစည် ရှိနေပြီဟု ရိပ်မိလိုက်ပြီး စိတ်ပူစွာနှင့် သတိပေး လိုက်သည်။

“အင်းပါ … ငါလည်း အခါအခွင့်ကြုံမှ သွားမှာပါ …”

ရဲချန်ဖန်သည် အမြင့်ဆုံး အစွမ်းကို ပိုင်ဆိုင်ချင်သူ ဖြစ်ရာ သူအတွက် အခက်အခဲများသည် ကျော်ဖြတ်စရာ စမ်းသပ်မှုဟုသာ မှတ်ထင်ထားသူ ဖြစ်သည်။

“ချန်ဖန် … ရှင်တကယ်ပဲ … မိန်းကလေးရွှယ်နဲ့ လက်ထပ် ထားတာလား …”

ရဲချန်ဖန် ဘေးတွင် ရပ်နေသော ချီတုံချတုံ ဖြစ်နေဟန်ဖြင့် မိုယုရန်သည် ရုတ်တရက် ကောက်မေးလိုက်သည်။ ထို့နောက် သူမ အောက်နှုတ်ခမ်းလေး ဖိကိုက်ထားပြီး ရဲချန်ဖန် အဖြေကို စောင့်နေသည်။

“မင်းက ငါတို့ နှစ်ယောက်က လင်မယား မဟုတ်ဘူးလို့ ဘာလို့ ထင်တာလဲ …”

ရဲချန်ဖန် မျက်နှာတွင် အပြုံးတစ်ခုက ဖြစ်ပေါ်လာပြီး မိုယုရန်၏ ကျက်သရေရှိသော မျက်နှာ နုနုလေးကို ကြည့်ကာ မေးလိုက်သည်။

“မသိဘူး … ဒါပေမဲ့ မြင်ရတာက တစ်မျိုးပဲ … ရှင်တို့ပုံက လက်ထပ်ထားတာနဲ့ မတူဘူး … ပြီးတော့ မိန်းကလေးရွှယ်က အပျိုလေးနဲ့ တူတယ် …”

“ချန်ဖန် … ရှင်တို့ ဘာတွေ ပြောနေကြတာလဲ …”

ရဲချန်ဖန်က မည်သို့ ဖြေရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေချိန်တွင် ရေချိုး အဝတ်အစား လဲထားသော ရွှယ်နီရှန်က သူတို့နား ရောက်လာပြီး မေးလိုက်သည်။ သူမက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် ထူးခြားသော ညိှု့ဓာတ်က ထွက်ပေါ်နေသည်။ သူမက ရဲချန်ဖန်ထံ တစ်လှမ်းချင်း လျှောက်လာနေသည်။

ရွှယ်နီရှန်သည် နဂိုကပင် ဆွဲဆောင်မှု ကောင်းလှသော အလှနတ်သမီးလေး ဖြစ်ရာ သူမ ခန္ဓာကိုယ် အလှကို ထင်းစေမည့် အဝတ်ကိုပါ ဝတ်ထားသဖြင့် မိုးနတ်မယ်လေး တစ်ပါးဟုပင် ထင်ရသည်။ အလွန်လှပ ဆွဲဆောင်မှုရှိသော ရွှယ်နီရှန်နှင့် ကျက်သရေ အပေါင်းနှင့် ပြည့်စုံပြီး အေးချမ်းသော အလှပိုင်ရှင် မိုယုရန်တို့နှစ်ယောက်က ရဲချန်ဖန် ဘေးတွင် ရပ်နေကြရာ သာယာ လှပသော ညအချိန်အခါတွင် လနှစ်စင်း တစ်ပြိုင်တည်း ထွန်းလင်း နေသယောင်ပင်။

“မြောက်ပင်လယ် အကြောင်း ပြောနေကြတာ …”

ရဲချန်ဖန်က ပြန်ဖြေ လိုက်သည်။

“မိန်းကလေး ရွှယ် … ရှင်အဆင့်တက် သွားတာလား …”

ရွှယ်နီရှန် အော်ရာမှာ လုံးဝ ပြောင်းလဲသွားသဖြင့် မိုယုရန်က အံ့အားသင့်နေသည့် မျက်နှာဖြင့် မေးလိုက်သည်။

“အင်း ချန်ဖန် … နည်းလမ်းနဲ့လေ … သူက ကူညီပေးလို့ … ငါမဟာ သားရဲဘိုးဘေး အဆင့် တက်သွားပြီ …”

ရွှယ်နီရှန်က ပြောလိုက်စဉ် သူမ မျက်နှာက အလွန် ပျော်ရွှင်နေသည့်ပုံပင်။

“အင်း … မိုးလည်း ရွာတော့မယ်နဲ့ တူတယ် … အထဲဝင် ကြရအောင် …”

ရွှယ်နီရှန်က ရဲချန်ဖန် လက်မောင်းကို ချိတ်လိုက်ပြီးနောက် ကြင်စဦး ဇနီးလေးက သူယောက်ျားအား ချွဲနွဲ့သည့် အမူအရာဖြင့် ရဲချန်ဖန်နား တိုးကပ်ကာ ပြောလိုက်သည်။ ထို့နောက် ရဲချန်ဖန်ပင် စကားမပြန်မီမှာပင် သူမက အတင်း ရဲချန်ဖန်ကို ဆွဲခေါ်သွားသည်။

“ရှင်တို့က … တကယ် လင်မယား မဟုတ်ကြဘူးပဲ …”

ရဲချန်ဖန်က ပြန်မဖြေခဲ့သော်လည်း အလွန်ပါးနပ်လှသော မိုယုရန်က နဂိုကပင် သံသယ ရှိနေရာ ယခု ရဲချန်ဖန် အမူအရာကြောင့် ရဲချန်ဖန်တို့ တကယ် လင်မယား မဟုတ်မှန်း သိသွားလေသည်။ ထွက်ခွာသွားသော ရဲချန်ဖန် နောက်ကျောကို ကြည့်ပြီး သူမ နှုတ်ခမ်းများပင် ကွေးအောင် ပြုံးသွားပြီး တစ်ခုခုကို စဉ်းစား နေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset