အခန်း ( ၁၉၀ )
မိစ္ဆာအရိုး သလင်းကျောက်၏ ဇာစ်မြစ်
“အရိုး သန်မာစေခြင်း အဆင့် … ပေါင်သုံးသိန်း စွမ်းအား …”
ခန္ဓာကိုယ် စွမ်းအားများ တိုးပွား လာသည်ကို ခံစားနေရင်း ရဲချန်ဖန် မျက်နှာတွင် ကျေနပ် အားရသော အပြုံးက ဖြစ်ပေါ်လာသည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကျင့်ရန် စွမ်းအင် လိုအပ်ချက် များသထက် များပြီး ခက်ခဲလာသော်လည်း အစွမ်းထက်မှုမှာ အလွန်သိသာ လေသည်။
ရဲချန်ဖန်သည် အရိုးသန်မာစေခြင်း အဆင့်ကို အသေးစား အဆင့်ထိပဲ ရောက်သေးသော်လည်း ကိုယ်တွင်း အင်္ဂါသန်မာစေခြင်း အဆင့်ထက် သူခန္ဓာကိုယ် စွမ်းအားမှာ ပေါင်တစ်သိန်းကျော် တိုးလာပြီ ဖြစ်သည်။
ရဲချန်ဖန်သာ အရိုးသန်မာစေခြင်း အဆင့်ကို ထိပ်သီး အဆင့်ထိ အောင်မြင်အောင် လေ့ကျင့် နိုင်ပါက သူခန္ဓာကိုယ် စွမ်းအားချည်းသက်သက် ပေါင်ငါးသိန်းအထိ ရောက်ရှိ သွားမည် ဖြစ်သည်။ ထိုအစွမ်းနှင့် ဆိုပါက ကောင်းကင် သားရဲဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင်ကို ခန္ဓာကိုယ် စွမ်းအား သက်သက်ဖြင့် အနိုင်ယူ နိုင်မည် ဖြစ်သည်။ ထို့ပြင် သူခန္ဓာကိုယ်သည် ခုခံမှုစနစ် အလွန် တိုးတက် လာသဖြင့် ပုံမှန် ဒဏ်ရာများပင် မျက်စိတစ်မှိတ်အတွင်း ပြန်ကောင်း လာနိုင်သည်။
“အင်း … ငါမိုယုရန် ဆီက ထပ်ရမယ့် မိစ္ဆာအရိုး သလင်းကျောက်တုံးနဲ့ ဆိုရင် … ငါအရိုးသန်မာ စေခြင်း အဆင့်ကို ဘယ်လောက်ထိ လေ့ကျင့်နိုင်မလဲ …”
ရဲချန်ဖန်သည် ကိုယ်ဘာသာကိုယ် တီးတိုး ပြောနေမိသည်။ ထို့နောက် ရဲချန်ဖန်သည် ဓားစက်ရုပ်ကို သိမ်းဆည်းလိုက်ပြီး အမှောင်သခင် နောက်လိုက်များ၏ သိုလှောင်အိတ်များကို ရှာဖွေ သိမ်းဆည်း လိုက်သည်။ ထို့နောက် မိစ္ဆာအရိုး သလင်းကျောက်တုံးကို စုပ်ယူစဉ်က ရခဲ့သော ဒဏ်ရာများကို စတင်ကုစား လိုက်သည်။
ထိုအချိန်တွင် မိုယုရန်၏ ဦးဆောင်မှုဖြင့် မိုမိသားစု သင်္ဘောကြီးသည် လျင်မြန်စွာဖြင့် ရဲချန်ဖန် ရှိနေသော အမှောင်သခင်၏ သင်္ဘောထံ ချဉ်းကပ်လာသည်။ ကုန်းပတ်ပေါ်တွင် ထိုင်ကာ ဒဏ်ရာ ကုသနေသော ရဲချန်ဖန်နား မည်သူမှ မကပ်ဝံ့ချေ။ မိုယုရန်တို့သည် စိတ်ရှည်စွာနှင့် စောင့်ဆိုင်း နေကြသည်။
“သခင်လေးရဲက မိစ္ဆာအရိုး သလင်းကျောက်တုံးကို စုပ်ယူ ထားတာတောင် ကောင်းကင် သားရဲသခင် တတိယ အဆင့်ပဲ ရောက်တယ် …”
မိုယုရန်က ရဲချန်ဖန် အော်ရာမှ တစ်ဆင့် ရဲချန်ဖန် ကောင်းကင် သားရဲဘုရင် တတိယ အဆင့်သုံးသို့သာ ရောက်သွားမှန်း သိလိုက်ပြီး သူမ မျက်နှာတွင် မယုံကြည်သော အမူအရာက ဖြစ်ပေါ် လာသည်။ သူမ သိရှိ ထားသည်မှာ ကောင်းကင် သားရဲဘုရင် တန်ခိုးရှင် တစ်ယောက်က မိစ္ဆာအရိုး သလင်းကျောက်ကို စုပ်ယူပြီးပါက အနည်းဆုံး အဆင့်နှစ်ဆင့် တက်သွားမည် ဖြစ်သည်။ ယခုမူ ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်ကို စုပ်ယူ လိုက်သော်လည်း အဆင့်တစ်ဆင့်သာ တက်သွား သဖြင့် သူမ နားမလည် နိုင်အောင် ဖြစ်နေမိသည်။
“ငါထင်တယ် … ရဲချန်ဖန် ခန္ဓာကိုယ်က အလွန် ထူးခြားပြီး အစွမ်းထက်တယ်နဲ့ တူတယ်။ သူအဆင့် တက်တိုင်း သူက ခန္ဓာကိုယ် စွမ်းအားကို အထွတ်အထိပ် ရောက်အောင် ဖိနှိပ်ပြီး သူကျင့်ကြံခြင်း အခြေခံကို ခိုင်မာအောင် လေ့ကျင့်နေတာပဲ။ ဒါပေမဲ့ သူအဲလို လေ့ကျင့်တဲ့အတွက် သူမှာ အဆင့်တစ်ခု တက်ဖို့ဆိုရင် တခြားလူတွေ လိုအပ်တဲ့ စွမ်းအင်ပမာဏထက် သူက အဆပေါင်း များစွာ ပိုလိုလိမ့်မယ်။ ဒါကြောင့် မိစ္ဆာအရိုး သလင်းကျောက်က စွမ်းအင်က သူ့ကို အဆင့် တစ်ဆင့်ပဲ တက်စေ နိုင်တာပဲ …”
အလွန် အတွေ့အကြုံ ဗဟုသုတများသော အကြီးအကဲမိုင်က သုံးသပ် လိုက်သည်။
အကြီးအကဲမိုင်၏ သုံးသပ်ချက်ကို နားထောင် ပြီးနောက် ကုန်းပတ်ပေါ်တွင် ပြန့်ကျဲနေသည့် အလောင်းများကို ကြည့်ကာ ရဲချန်ဖန်အား မုန်းတီးနေသော ကိုယ်ရံတော်ယောင်သည် နဖူးမှ ချွေးဆီးများကျပြီး တုန်လှုပ်သွားသည်။ သူစိတ်ထဲတွင် ရဲချန်ဖန်ကသာ သူကို မကျေနပ်ပဲ ထပ်မံ ပြဿနာ ရှာလာပါက ဒုက္ခတွေ့တော့မည်ဟု ကြောက်လန့် သွားသည်။
“အင်း … ငါရဲ့ ကောင်းကင် သားရဲဘုရင် တတိယ အဆင့်ရယ် ခန္ဓာကိုယ် စွမ်းအား ပေါင်းစပ် အသုံးပြုရင် ကောင်းကင် သားရဲဘုရင် ဆဋ္ဌမအဆင့် တန်ခိုးရှင်ကို အနိုင်ယူနိုင်မလား မသိဘူး …”
ရဲချန်ဖန်က သူ၏အစွမ်းကို စမ်းသပ်ချင်စိတ် ပေါ်လာ လေသည်။
သို့သော် ရဲချန်ဖန်က သူအစွမ်းကို စမ်းသပ် စစ်ဆေးရမည့် အချိန်မဟုတ်ပေ။ မိုယုရန်နှင့် တွေ့ဆုံ ညှိုနှိုင်းကာ မိစ္ဆာအရိုး သလင်းကျောက်များ ထပ်မံရရန် လုပ်ဆောင်ရမည် ဖြစ်သည်။
“သခင်လေးရဲ့ ကျေးဇူးက ကျေးဇူးတင်ရုံနဲ့ မလုံလောက်ပါဘူး … ဒီကျေးဇူးကို ရင်ထဲမှာ အမြဲ မှတ်ထားမှာပါ …”
ရဲချန်ဖန်က ဒဏ်ရာများ ကုသရာမှ နိုးထလာရာ ရဲချန်ဖန်ဆီ မိုယုရန်နှင့် အကြီးအကဲ မိုင်တို့က လျှောက်လာပြီး ကျေးဇူးတင်စွာ ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။
“မိန်းကလေးမို … အကြီးအကဲမိုင် … ခင်ဗျားတို့ … အဲဒီလောက် မလုပ်ပါနဲ့။ ခင်ဗျားတို့က ကျွန်တော်ကို မိစ္ဆာအရိုး သလင်းကျောက် ပေးထားတာပဲ။ ကျွန်တော်ကလည်း ဒီလောက်တော့ ပြန်လုပ် ပေးရမှာပေါ့ … ကဲ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောလို့ရပြီနဲ့တူတယ် …”
ရဲချန်ဖန်က အပြုံးနှင့် မိုယုရန်တို့ကို ပြောလိုက်သည်။
“ကျွန်မတို့က ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့ကို ပြန်သိမ်းပိုက်နိုင်အောင် သခင်လေးဆီမှာ လုပ်ပေးနိုင်တဲ့ အစွမ်းရှိတယ် ဆိုတာ ကျွန်မတို့ အပြည့်အဝ ယုံကြည်ပါတယ် …”
အကြီးအကဲမိုင်က ပြောလိုက်သည်။
“သခင်လေးရဲ … အစည်းအဝေး ခန်းမထဲ ကြွပါ။ အထဲမှာ ဆွေးနွေး ကြတာပေါ့ …”
မိုယုရန်က အပြုံလေးဖြင့် ဝင်ပြောလိုက်သည်။
“အဲဒါ ကောင်းတယ် …”
ရဲချန်ဖန်က မိုယုရန်တို့နှင့် အတူ အစည်းအဝေး ခန်းမထဲသို့ ဝင်ရောက် သွားသည်။
“သခင်လေး … ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကို ပြန်သိမ်းပိုက်ရာမှာ ကျွန်မတို့ကို အလကား မကူညီဘူးဆိုတာ နားလည်ပါတယ်။ မိုမိသားစု မိစ္ဆာအရိုး သလင်းကျောက် နှစ်တုံးအပြင် တခြား လိုက်လျော ပေးနိုင်တာတွေ ပေးပါ့မယ်။ သခင်လေးက ဘာကိုလိုအပ်လဲ မသိဘူး …”
အလွန်လှပြီး ကျက်သရေနှင့် ပြည့်စုံလှသည့် မိုယုရန်က ရေနွေးကို ရဲချန်ဖန်အတွက် သူမ ကိုယ်တိုင် ငဲ့ပေးရင်း မေးလိုက်သည်။
“မိန်းကလေးမို … ကျွန်တော် ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးတွေ လိုချင်တယ် … ရှေးဟောင်း မိသားစု မဟာမိတ်အဖွဲ့မှာ ရှိလား မသိဘူး …”
“သခင်လေးရဲ … ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးတွေက အရမ်း ရှားပါးပြီး တန်ဖိုးကြီးတယ်။ ကျွန်မတို့ ဆီမှာ မရှိဘူး … သခင်လေး တခြားလိုအပ်တာ မရှိဘူးလား …”
မိုယုရန်က ခေါင်းခါ ယမ်းပြီး ပြောလိုက်သည်။
“ဒါဆို မိစ္ဆာအရိုး သလင်းကျောက်ရဲ့ ဇာစ်မြစ်ကို ပြောပြ နိုင်မလား …”
“ဒါက …”
မိစ္ဆာအရိုး သလင်းကျောက် ရရှိသည့် နေရာသည် ရှေးဟောင်း မဟာမိတ်အဖွဲ့၏ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်သည်။ မိုယုရန်က ရဲချန်ဖန်၏ တောင်းဆိုချက်ကို ကြားသောအခါ သူမနှင့် အကြီးအကဲမိုင်တို့သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တွေဝေသွားကြ လေသည်။
“ဘာလဲ … မိစ္ဆာအရိုး သလင်းကျောက် ရရှိနိုင်တဲ့နေရာကို ကျွန်တော်ကို ပြောပြဖို့ အဆင်မပြေလို့လား …”
ရဲချန်ဖန်က သူအား ငြင်းရခက်နေသည့် အကြည့်ဖြင့် ကြည့်နေသော မိုယုရန်ကို ကြည့်ပြီး မျက်မှောင်ကြုတ် သွားသည်။ သူက မိုယုရန်တို့ စကားပြောစဉ်က ပါသည့် လျှို့ဝှက်သော့သည် မိစ္ဆာ အရိုးသလင်းကျောက်နှင့် ပတ်သက် နေမည်ဟု ရိပ်မိလိုက်သည်။
“မိစ္ဆာအရိုး သလင်းကျောက် အကြောင်းက ကျွန်မတို့ မိသားစုရဲ့ အကြီးအမားဆုံး လျှို့ဝှက်ချက် ဖြစ်ပေမဲ့ သခင်လေးက ကျွန်မတို့ အသက် သခင်ကျေးဇူးရှင်ဖြစ်တဲ့ အတွက် ပြောပြပါ့မယ် …”
အနည်းငယ် စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည့် ဟန်နှင့် မိုယုရန်က ရဲချန်ဖန် မျက်လုံးထဲ တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ စိတ်ချပါ။ ကျွန်တော် ဒီအကြောင်းကို တခြားလူတွေကို မပြောပြပါဘူး …”
ရဲချန်ဖန်က သူမ ဆန္ဒကို နားလည်သည့်အလား ကတိပေး လိုက်သည်။
“မိစ္ဆာအရိုး သလင်းကျောက်ကို ကျွန်မတို့ မိသားစု ဘိုးဘေးက တောင်တွေ ဝန်းရံနေတဲ့ ပင်လယ်ကြမ်းပြင်က ဂူကြီးတစ်ခု ထဲကနေ ရခဲ့တာပဲ …”
မိုယုရန်က မိစ္ဆာအရိုး သလင်းကျောက် ရရှိခဲ့သည့် နေရာအကြောင်းကို စရှင်းပြနေသည်။
“ဒါပေမဲ့ အဲဒီဂူဖွင့်ဖို့ အတွက် သော့သုံးချောင်းလို လိမ့်မယ်။ အဲသုံးချောင်းထဲမှာ တစ်ချောင်းကို ကျွန်မတို့ မိုမိသားစုက ပိုင်ဆိုင်ထားပြီး … ကျန်နှစ်ချောင်းကိုတော့ ကြယ်တာရာကျွန်းက တခြား ကုန်သည် အဖွဲ့အစည်းကြီး နှစ်ခုဆီမှာ ရှိနေတယ်။ အဲဒီအဖွဲ့ နှစ်ခုကတော့ ကောင်းကင်ကြယ် ကုန်သည် အသင်းနဲ့ အထီးကျန်တိမ်ဆိုတဲ့ ကုန်သည် အဖွဲ့ပဲ …”
“ကျွန်မတို့ ဘိုးဘေးတွေ သဘောတူညီမှု အရဆိုရင် နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ် မိသားစု သုံးခု ပေါင်းပြီး ရေအောက်ဂူကို ဖွင့်မယ်။ ပြီးတော့ ရတနာတွေကို အတူ ရှာဖွေပြီး ခွဲဝေကြမယ်ပေါ့ … အဲလို ရေအောက်ဂူ ဝင်ပေါက် ဖွင့်တဲ့အခါ မိသားစု တစ်စုကို အယောက် သုံးဆယ်ပဲ ဝင်ခွင့်ရမယ်လို့ သတ်မှတ် ထားခဲ့တယ် …”
“ဒါပေမဲ့ ကျွန်မတို့ အစွမ်း လိုအပ်ချက် ရှိတာကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် အတွင်းမှာ အင်အားစုကြီး သုံးခုလုံးဟာ ရေအောက်ဂူရဲ့ အတွင်းပိုင်း အတားအဆီးကို မကျော်ဖြတ်နိုင်ကြဘူး။ ဒါကြောင့် အထဲမှာ ဘာတွေရှိလဲဆိုတာ ဘယ်သူမှ မသိဘူး …”
“ရေအောက်ဂူ ဟုတ်လား …”
ရဲချန်ဖန်က မိုယုရန် လက်ထဲမှ သော့သည် ထူးဆန်းသော ရေအောက်ဂူနှင့် စပ်ဆက် နေမည်ဟု မတွေးထားမိချေ။ ရဲချန်ဖန်က ရေအောက်ဂူ အကြောင်း အလွန် စိတ်ဝင်စားသွားသည်။
“မိန်းကလေးမို နောက်တစ်ခါ ရေအောက်ဂူ ဖွင့်ဖို့အတွက် နှစ်တစ်ရာ သဘောတူချက် ပြည်ဖို့ ဘယ်လောက် အချိန်လိုသေးလဲ …”
“သုံးဆယ် သုံးနှစ်လောက် လိုသေးတယ် …”
“သုံးဆယ် သုံးနှစ် … အဲဒီလောက် အကြာကြီး လိုသေးတာလား … အဲထက်စောပြီး ဝင်လို့ မရနိုင်ဘူးလား …”
ကျွန်မ အဖေ ရှင်းပြခဲ့တာတော့ ဒါကတော့ နှစ်တစ်ရာကနေမှ တစ်ခါ ဂူကို ဖွင့်မယ်ဆိုတာ အဖွဲ့ကြီး သုံးခုရဲ့ သဘောတူညီချက်ပဲ။ ရေအောက် ဂူနဲ့တော့ မပတ်သက်ဘူး။ ဒါပေမဲ့ … ရေအောက်ဂူကို ဖွင့်ချင်ရင် သော့သုံးချောင်း ရှိဖို့လိုတယ် … မဟုတ်ရင် မဖြစ်နိုင်ဘူး …”
“သခင်လေး သဘော တူညီချက်အတိုင်း မဟုတ်ပဲ သခင်လေး သဘောအတိုင်း ဝင်ချင်တယ် ဆိုရင် တခြား အဖွဲ့အစည်း နှစ်ခုမှာရှိတဲ့ သော့နှစ်ချောင်းရမှပဲ ဖွင့်လို့ရလိမ့်မယ် …”
မိုယုရန်က အကြံပေး လိုက်သည်။
“အဲဒီ အဖွဲ့နှစ်ခုရဲ့ အင်အားက ဘယ်လောက်ရှိလဲ …”
ရဲချန်ဖန်က မိုယုရန်၏ စကားကို ကြားလိုက်ချိန်တွင် မိုယုရန် ရည်ရွယ်ချက်ကို နားလည် လိုက်သည်။ မိုယုရန်က သူအင်အားကို အသုံးပြု၍ မိုမိသားစု၏ ပြိုင်ဖက် အဖွဲ့အစည်း နှစ်ခုကို အင်အား နည်းသွားစေရန် အသုံးချ ချင်နေကြောင်း ရဲချန်ဖန် သိလိုက်သည်။ သို့သော် ရဲချန်ဖန်က ရေအောက်ဂူ အကြောင်း အလွန် စိတ်ဝင်စား နေသောကြောင့် မေးမြန်းလိုက်သည်။
“ကောင်းကင်ကြယ် ကုန်သည် အသင်းက အင်အား အကြီးဆုံးပဲ။ မဟာ သားရဲဘိုးဘေး စတုတ္ထအဆင့် တန်ခိုးရှင် တစ်ယောက်အပြင် မဟာ သားရဲဘိုးဘေး အဆင့်တန်ခိုးရှင် သုံးယောက် ရှိနေတယ်”
“ကျွန်မတို့ ရှေးဟောင်း မိသားစု မဟာမိတ် အဖွဲ့ကတော့ အဲဒီထဲမှာ အင်အား အနည်းဆုံးပဲ။ မဟာ သားရဲဘိုးဘေး ဒုတိယအဆင့် တန်ခိုးရှင် အကြီးအကဲ တစ်ဦးနဲ့ ကျွန်မ မိဘတွေကို သတ်လိုက်တဲ့ မိုဖန်ကုက မဟာ သားရဲဘိုးဘေး ပထမအဆင့် တန်ခိုးရှင် … စုစုပေါင်း မဟာသားရဲ ဘိုးဘေး အဆင့် တန်ခိုးရှင် နှစ်ယောက်ပဲ ရှိတယ် …”
“အဲအဖွဲ့အစည်း နှစ်ခု တာဝန်က ငါ့တာဝန် ထားလိုက် … ကျွန်တော်တို့ ကြယ်တာရာကျွန်းကို သွားကြမယ် …”
ရဲချန်ဖန်က စဉ်းစားပြီး ပြောလိုက်သည်။
“သခင်လေး … သဘော အတိုင်းပါပဲ …”
မိုယုရန်က သူမ၏ လက်စားချေမည့် အစီအစဉ်မှာ ပြည့်ဝတော့မည် ဖြစ်သဖြင့် သူလက်အောက် ငယ်သားများကို ကြယ်တာရာ ကျွန်းသို့ ပြန်ရန် ညွှန်ကြား လိုက်လေသည်