အခန်း ( ၁၈၈ )
အဆင့် တက်ပြီ
“သွေးမိစ္ဆာလှံ … ခုခံစမ်း …”
ဓားစက်ရုပ်က တိုက်ခိုက်လာသည်နှင့် မိစ္ဆာဖြူက ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့သဖြင့် သူ၏ ဝိညာဉ်သားရဲကို ပေါင်းစပ်ပြီး ထိပ်တန်း အဆင့် မြေကမ္ဘာ လက်နက် သွေးမိစ္ဆာလှံကို ထုတ်ယူပြီး တုံ့ပြန် တိုက်ခိုက် လိုက်သည်။
အသက်ဘေးနှင့် ရင်ဆိုင် နေရသောကြောင့် မိစ္ဆာဖြူသည် အစွမ်းကုန် ခုခံ၍ ပြန်လည် တိုက်ခိုက် နေသည်။ သို့သော် မိစ္ဆာဖြူ၏ အားကုန်သုံး တိုက်ချက်ကို မရှောင်တိမ်းဘဲ ဓားစက်ရုပ်က သူ၏ရင်ဘတ်ကို အထိမှန် ခံလိုက်သည်။
“ထိုးမိ သွားပြီလား …”
ဓားစက်ရုပ်၏ ရင်ဘတ်ကို သူ၏လှံချက် ထိမှန်သွားစဉ် မိစ္ဆာဖြူသည် အိပ်မက် မက်နေသလို ခံစားလိုက်ရပြီး သူ၏ထိုးချက်က ဓားစက်ရုပ်ကို တကယ် ထိမှန် သွားသည်ကို သိရှိလိုက်သည်။ သို့သော် သူပျော်ချိန်တောင် မရလိုက်ဘဲ သွေးမိစ္ဆာ လှံတံထိပ်မှ ပြင်းထန်လှသော တန်ပြန်အားက သူကိုယ်ထဲ ပြန်ဝင် ရောက်လာသည်။ ပြင်းထန်သော တုန်ခါအားကြောင့် သူတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါ သွားပြီး သူလက်ထဲမှ သွေးမိစ္ဆာလှံတံပင် လွတ်ကျ မတက် ဖြစ်သွားလေသည်။ မိစ္ဆာဖြူသည် အလွန်မာကျောသော သံတုံးကို သူလက်နှင့် ထိုးမိသလို ခံစားလိုက် ရလေသည်။
“ဘာ … သူဓားစက်ရုပ်က ကောင်းကင် အဆင့် လက်နက် တွေလောက် မာကျောနေတာလား …”
မိစ္ဆာဖြူသည် အလွန် ထိတ်လန့်လာသည်။ နောက်ဆုံးတွင် ဘာလို့ ဓားစက်ရုပ်က သူလှံချက်ကို မရှောင်တိမ်းဘဲ အထိုး ခံလိုက်သည်ကို နားလည် လိုက်သည်။ သူဘယ်လို တိုက်ခိုက် တိုက်ခိုက် ဓားစက်ရုပ်ကို ထိခိုက်အောင် မလုပ်နိုင်မှန်း နားလည်သွားသည်။
“ယား …” မိစ္ဆာဖြူ ကြောက်ရွံ့နေစဉ် ဓားစက်ရုပ်က ပြင်းထန်သော ဓားချက်ကို အသုံးပြုပြီး တိုက်ခိုက်လိုက်ရာ ဓားအလင်းက မိစ္ဆာဖြူ၏ အကာအကွယ်ကို ဖျက်ဆီးပြီး မိစ္ဆာဖြူကို ပြင်းထန်စွာ ဒဏ်ရာရ ရှိသွားစေသည်။ သွေးစိမ်းရှင်ရှင် ပန်းထွက်လာပြီး မိစ္ဆာဖြူ တစ်ကိုယ်လုံး သွေးများက ရွဲရွဲစို သွားလေသည်။
“ခဏနေပါဦး … ကျွန်တော်ကို မသတ်ဘူး ဆိုရင် … ဘာပဲတောင်းဆို တောင်းဆို ကျွန်တော် လုပ်ပေးနိုင်ပါတယ် …”
ဓားစက်ရုပ်၏ ဓားချက်ကြောင့် ဒဏ်ရာ ရသွားသည်နှင့် မိစ္ဆာဖြူ စိတ်ဓာတ်သည် အောက်ဆုံးထိ ကျဆင်းသွားပြီး သေခြင်း အငွေ့အသက်ကို ရရှိလိုက်သည်။ ထို့ကြောင့် သူက အော်ဟစ် တောင်းပန် လိုက်သည်။
“မင်းမှာ ငါလိုချင်တဲ့အရာ ရှိလောက်အောင် မင်းမှာ အရည်အချင်း မရှိဘူး …”
ရဲချန်ဖန်က မိုယုရန်မှ တစ်ဆင့် အမှောင်သခင်၏ အကြောင်းသိထားရာ ရက်စက်မှု ကမ်းကုန်သော အမှောင်သခင်ကို မုန်းတီးနေပြီး ဖြစ်ရာ ရဲချန်ဖန်က မိစ္ဆာဖြူကို သက်ညှာလိုစိတ် တစက်မှ မရှိပေ။
“တိုက်စမ်း …”
ရဲချန်ဖန် အမိန့်ပေးသံ အဆုံးတွင် ဓားစက်ရုပ်က ဓားကို ခုတ်လိုက်ရာ အလွန် အစွမ်း ထက်သော ဓားအလင်းက လေထုကို ခွင်းပြီး မိစ္ဆာဖြူထံ တိုးဝင် သွားလေသည်။
“သွေးမိစ္ဆာလှံ … ကာကွယ်စမ်း …”
ဓားစက်ရုပ်၏ အစွမ်းထက် လှသော ဓားအလင်းနှင့် ရင်ဆိုင်ရချိန်တွင် မိစ္ဆာဖြူက ဝိညာဉ် စွမ်းအင်များကို သွေးမိစ္ဆာလှံထဲ အစွမ်းကုန် ဖြည့်သွင်းလျက် ခုခံလိုက်သည်။
‘ဝုန်း …”
အစွမ်း ထက်လှသော ဓားအလင်းနှင့် လှံတို့ တွေ့ဆုံသွားချိန်တွင် ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး သွေးမိစ္ဆာ လှံသည်ပင် ကွေးကောက် သွားသည်။ မိစ္ဆာဖြူသည် သွေးမိစ္ဆာလှံမှ တစ်ဆင့် ဝင်ရောက်လာသော တန်ပြန်အားကြောင့် သွေးများ အသားများပင် ပေါက်ကွဲ ထွက်ကာ သေလုမြောပါး ဒဏ်ရာ ရရှိသွားသည်။ ထို့နောက် ကုန်းပတ် ပေါ်တွင် ခွေခွေလေး လဲကျသွားသည်။
“မသတ်ပါနဲ့ … ကျွန်တော့်ကို မသတ်ပါနဲ့ …”
မိစ္ဆာဖြူသည် သူဘဝ တစ်လျှောက်တွင် မရေတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သော်လည်း သူကိုယ်တိုင် သေခြင်းနှင့် ရင်ဆိုင်သောအခါ အလွန်ကြောက်လန့်ပြီး တောင်းပန် အသနားခံ နေသည်။
“ဟွန့် …”
မိစ္ဆာဖြူက တောင်းပန်တိုးလျိုး နေသော်လည်း ရဲချန်ဖန်သည် ဂရုမစိုက်တော့ဘဲ ဝိညာဉ် စုပ်သိုင်းကို အသုံးပြုကာ မိစ္ဆာဖြူ၏ ဝိညာဉ်သားရဲကို စုပ်ယူလိုက်သည်။ မိစ္ဆာဖြူသည် မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင် ဖြစ်သောကြောင့် ဝိညာဉ် စွမ်းအင်မှာ အလွန်ပြည့်ဝ အစွမ်းထက်နေပြီ ဖြစ်သည်။
ရဲချန်ဖန်က သူ၏ဝိညာဉ် သားရဲကို စုပ်ယူနေစဉ် အလွန်များပြား သန့်စင်သော ဝိညာဉ် စွမ်းအင်က ရဲချန်ဖန် ကိုယ်ထဲ ဝင်ရောက်လာသည်။ သုံးစက္ကန့်လောက် အတွင်းမှာပင် ရဲချန်ဖန် ကိုယ်ထဲ ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်လာပြီး ဒဏ်ရာများ အလျင်အမြန် သက်သာလာသည်။
“အဆင့်ကို ဖိနှိပ် ထားစမ်း …”
ရဲချန်ဖန်က သူ၏ ကျင့်ကြံခြင်း လမ်းစဉ် အခြေခံ ခိုင်မာစေရန် သူကိုယ်ထဲ ဝင်ရောက် လာသော ဝိညာဉ် စွမ်းအင်များကို ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင်၏ အစွမ်းဖြင့် အဆင့်မတက်အောင် ဖိနှိပ် ထားလေသည်။ ဆယ်စက္ကန့်ကြာ ပြီးနောက် မိစ္ဆာဖြူ၏ ဝိညာဉ် သားရဲကို စုပ်ယူနေသော ရဲချန်ဖန်သည် သူ၏အဆင့်ကို ဖိနှိပ်ခြင်း မပြုနိုင်တော့ဘဲ ဝိညာဉ် စွမ်းအင်များက တစ်ကိုယ်လုံးတွင် ပြည့်နှက်ကာ သဘာဝ အတိုင်းပင် ကောင်းကင် သားရဲသခင် တတိယ အဆင့်သို့ ရောက်ရှိ သွားလေသည်။
ရဲချန်ဖန်က ဝိညာဉ် စွမ်းအင်များကို အစွမ်းကုန် ဖိနှိပ်ပြီး အဆင့်မတက်အောင် ဖိနှိပ် ထားသော်လည်း ဝိညာဉ် စွမ်းအင်က ပြည့်ဖြိုးပြီး နောက်အဆင့် တက်ရောက် သွားခြင်းကြောင့် ရဲချန်ဖန်၏ အခြေခံမှာ အလွန်ခိုင်မာပြီး ကောင်းကင် သားရဲဘုရင် တတိယအဆင့်ကို ခိုင်မာအောင် လေ့ကျင့်ရန် မလိုပေ။ ထို့အပြင် ရဲချန်ဖန်သည် သူနှင့်အဆင့်တူ တန်ခိုးရှင်များ ကြားတွင် ပြိုင်ဖက် ကင်းသည်ဟု ဆိုနိုင်သည်။
“ဓားစက်ရုပ်… သတ် …”
ရဲချန်ဖန်က နောက်တစ်ဆင့် တက်ရောက် ပြီးသည်နှင့် သင်္ဘောပေါ်တွင် ရှိနေသာ အမှောင်သခင်၏ နောက်လိုက်များကို တိုက်ခိုက်ရန် ဓားစက်ရုပ်ကို အမိန့်ပေး လိုက်သည်။ ရဲချန်ဖန် အမိန့်သံ ဆုံးသည်နှင့် ဓားစက်ရုပ်က လှုပ်ရှား သွားရာ ဓားအလင်း တစ်ချက်တိုင်းတွင် လူများက နှစ်ပိုင်းပြတ် သေဆုံးနေသည်။
အမှောင်သခင်၏ နောက်လိုက်များကို သုတ်သင် ရှင်းလင်းခြင်းက စတင်ပြီ ဖြစ်သည်။ အမှောင်သခင်၏ နောက်လိုက်များသည် မရေတွက်နိုင်သော အပြစ်မဲ့သူများကို သတ်ဖြတ်ခဲ့သော မဟာ အကုသိုလ်ကောင်များ ဖြစ်ကြလေသည်။ ကိုယ်ပြုခဲ့သော မကောင်းသည့် ကံသည် နောက်ဆုံးတွင် တစ်ပတ်လည်ပြီး ကိုယ်ဆီ ပြန်ရောက် လာမည်သာ ဖြစ်သည်။ အမှောင်သခင်၏ နောက်လိုက်များ မသေခင် သူတို့၏ ဝိညာဉ် သားရဲသည် ရဲချန်ဖန်၏ စုပ်ယူခြင်းကို ခံရလေသည်။ အလွန် သန့်စင်သော ဝိညာဉ် စွမ်းအင်များက ရဲချန်ဖန် ကိုယ်ထဲ ဝင်ရောက်နေသည်။
“သင်္ဘောပေါ်က ခုန်ချ ပြေးကြဟေ့ …”
ကုန်းပတ် ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး အနည်းငယ် ကျန်နေသော အမှောင်သခင်၏ နောက်လိုက်များသည် ကြောက်ရွံ့ကာ သင်္ဘောပေါ်မှ အသည်းအသန် ခုန်ချ ထွက်ပြေး ကြလေသည်။
သို့သော် သူတို့သည် မကြာခင်မှာပင် ရေသတ္တဝါတို့၏ သတ်ဖြတ် စားသောက်ခြင်းကို ခံရမည် ဖြစ်သည်။ မြောက်ပင်လယ်သည် အဆုံးအစမရှိ ကျယ်ပြန့်လှရာ အလွန်ကြီးသော ပင်လယ်ကူးညသင်္ဘောကြီးများပင် လနှင့်ချီ မောင်းနှင်မှသာ တစ်နေရာနှင့် တစ်နေရာ ကူးလူး ဆက်သွယ် နိုင်သည်။ ယခုရေထဲ ခုန်ချပြေးသော သူများသည် ရေသတ္တဝါတို့ သတ်ဖြတ် စားသောက်ခြင်းမှ လွတ်မြောက်သည့်တိုင် ရေနှစ်ကာ သေဆုံးရမည်မှာ သေချာနေသည်။
“အကြီးအကဲမိုင် … မြင်လား … အမှောင်သခင်ရဲ့ လူတွေ သင်္ဘောပေါ်ကနေ ရေထဲ ခုန်ချ နေကြတယ် …”
ရဲချန်ဖန် အန္တရာယ် ကင်းစေရန် ကြိတ်ဆုတောင်း နေသော မိုယုရန်သည် အမှောင်သခင်၏ လူများ ရေထဲ ခုန်ချနေသည်ကို မြင်သောအခါ စိတ်အေးသွားပြီး သက်ပြင်း ချလိုက်သည်။
“သခင်လေးရဲ … သူပြောတဲ့ အတိုင်း လုပ်နိုင်တာပဲ … သူကူညီရင် ကျွန်မ မိဘအတွက် လက်စား ချေနိုင်ပြီး ရှေးဟောင်း မဟာမိတ် အဖွဲ့ကိုလည်း ပြန်သိမ်းပိုက်နိုင်မှာ သေချာတယ် …”
သူမသည် ရဲချန်ဖန်အတွက် စိတ်ပူနေသောကြောင့် အကြီးအကဲမိုင်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင် ထားမိသည်။ ထို့နောက် သူမ မိဘများအတွက် လက်စားချေရမည့် အကြောင်း တွေးမိသောအခါ စိတ်လှုပ်ရှား လာလေသည်။
“အင်း … ငါတို့ကို စိတ်ရင်း စေတနာကောင်းနဲ့ ကူညီနေတဲ့ သူဖြစ်ပါစေ မဟုတ်လို့ ကတော့ မြွေပွေးခါးပိုက် ပိုက်ထား မိသလို ဖြစ်လိမ့်မယ် …”
အကြီးအကဲမိုင်နှင့် မိုမိသားစုမှ အကြီးအကဲများသည် ဓားစက်ရုပ် အကြောင်း မသိဘဲ ရဲချန်ဖန်သာ အလွန် အစွမ်းထက်သူ ဖြစ်ကြောင်း ထင်မှတ် လိုက်ကြသဖြင့် ရဲချန်ဖန်က သူတို့ကို ခြယ်လှယ် အသုံးချ ကစားသွားမည်ကို စိုးရိမ် နေကြခြင်း ဖြစ်သည်။ ရဲချန်ဖန် အစွမ်းသည် သူတို့ ထိန်းချုပ်လို့ ရနိုင်သည်ထက် ကျော်လွန်နေပြီး ရဲချန်ဖန်ကသာ သူတို့အပေါ် မကောင်းကြံ လာပါက သူတို့တွင် ခုခံနိုင်ရန် အစွမ်းမရှိပေ။
“အကြီးအကဲမိုင် … သခင်လေးရဲ အစွမ်း ပြီးတော့ အနာဂါတ် အလားအလာနဲ့ဆို ကျွန်မတို့ ရှေးဟောင်း မဟာမိတ်အဖွဲ့နဲ့ အတူရှိနေမယ် ထင်လား …”
ရဲချန်ဖန်၏ ကြံရည်ဖန်ရည်၊ အံ့ဖွယ် အစွမ်းတို့ကို တွေးမိသွားပြီး မိုယုရန်က ခပ်တိုးတိုး မေးလိုက်သည်။
“အင်း … ငါအပိုတွေ တွေးပြီး … စိတ်ပူနေတာနဲ့ တူတယ် … အကယ်၍ ရဲချန်ဖန်မှာ ဇနီး မရှိသေးဘူး ဆိုရင် ငါတို့မို မိသားစုက မိန်းကလေး တစ်ယောက်နဲ့ ပေးစားပြီး အချိန်အတန်ကြာ ငါတို့နဲ့ ရှိနေအောင် ဆွဲထားလို့ ရတယ်။ အဲလိုလုပ်နိုင်ရင် ငါတို့ မိုမိသားစုက ကြယ်တာရာ ကျွန်းမှာ ပြိုင်ဖက်မရှိ အင်အား အကြီးဆုံး ဖြစ်လာနိုင်တယ် …”
“မိုမိသားစုက မိန်းမပျိုလေးနဲ့ ပေးစားမယ် … ဟုတ်လား …”
မိုယုရန်က အကြီးအကဲမိုင် ပြောလိုက်သော စကားကိုတွေးရင် သူမ၏ ပါးပြင်လေးသည် နီစွေး လာသည်။ ထို့နောက် သူမ အတွေးဖြင့် သူမ ရှက်သွားပြီး ရင်ခုန်သံ တဒိန်းဒိန်း ဆူညံသွားသည်။
ကောင်းကင် သားရဲဘုရင် တန်ခိုးရှင် ဆယ်ယောက်ကျော်၏ ဝိညာဉ် သားရဲများကို စုပ်ယူ ပြီးနောက် ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအင်သည် အလွန် များပြားနေပြီ ဖြစ်သည်။သို့သော် ရဲချန်ဖန်က ကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် ရောက်အောင် အသုံးမပြုဘဲ အဆက်မပြတ် ဖိနှိပ်ကာ အခြေခံ ခိုင်မာအောင် လုပ်ဆောင်နေသည်။
တစ်နာရီကျော် ကြာအောင် စုပ်ယူထားသော် ဝိညာဉ် စွမ်းအင်များကို ဝိညာဉ်စုပ်သိုင်း သုံး၍ တစ်ကိုယ်လုံး လှည့်ပတ် လိုက်သည်။ ရဲချန်ဖန်က အဆင့်မတက်ဘဲ ဝိညာဉ် စွမ်းအင်များကို ဖိနှိပ် လေ့ကျင့်နေခြင်းမှာ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အရိုးသန်မာစေခြင်း အဆင့် အောင်မြင်စေရန် ဖြစ်သည်။ သူရရှိထားသော မိစ္ဆာအရိုး သလင်းကျောက်သည် စွမ်းအင်များသည် အလွန် ပြင်းထန် လှသဖြင့် ရဲချန်ဖန်က ခံနိုင်ရည်ရှိရန် အရင် စောင့်ဆိုင်း လေ့ကျင်နေခြင်း ဖြစ်သည်။
ယခု သူကောင်းကင် သားရဲဘုရင် စတုတ္ထအဆင့် ရောက်ရှိ သွားပြီး ဖြစ်သောကြောင့် မိစ္ဆာ အရိုးသလင်းကျောက်မှ စွမ်းအင်များကို စုပ်ယူ နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် မဟာသားရဲ ဘိုးဘေး တန်ခိုးရှင်များပင် မစုပ်ယူဝံ့သော မိစ္ဆာ အရိုးသလင်းကျောက် ထည့်ထားသော သတ္တု သေတ္တာကို ထုတ်ယူလိုက်ပြီး သူ၏ အမျိုးမျိုးသော ရတနာ၊ နည်းလမ်းများကို အသုံးပြု၍ စုပ်ယူရန် ပြင်ဆင် လိုက်သည်