အခန်း ( ၁၈၇ )
မင်းကို သတ်ဖို့ လာတာပဲ
“သခင်မလေး … ရဲချန်ဖန်က တကယ်ပဲ အမှောင်သခင်ရဲ့ သင်္ဘောကို ဖျက်ဆီး ပစ်နိုင်မယ်လို့ ထင်လား …”
“မဟာသားရဲ ဘုရင် အဆင့် တန်ခိုးရှင် တစ်ယောက်ရယ် ကောင်းကင် သားရဲဘုရင် အဆင့် တန်ခိုးရှင် အယောက် နှစ်ဆယ်ကျော်က သူ့ကို အလွယ်လေး သတ်လို့ ရတယ် …”
ရဲချန်ဖန်သည် အလွန် လျှို့ဝှက်ပြီး ခန့်မှန်းရခက်အောင် အစွမ်းထက်သူ ဖြစ်သောကြောင့် သူတို့ကို အံ့ဩ တုန်လှုပ်စေသူ ဖြစ်သည်။ သို့သော် ရဲချန်ဖန်သည် ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့် တန်ခိုးရှင်သာ ဖြစ်သဖြင့် ထိုအစွမ်းနှင့် အမှောင်သခင်၏ လူများကို ဖျက်ဆီး နိုင်မည်ကို အကြီးအကဲမိုင် မယုံကြည်နိုင်ပေ။
“အကြီးအကဲမိုင် … အခုအချိန်မှာ ကျွန်မတို့ သူကိုပဲ ယုံကြည်ရမှာပဲ …”
မိုယုရန်က နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ပြီး သူမ ခံစားချက်များက ရှုပ်ထွေးနေသည်။ သို့သော် သူမ အသံက ယုံကြည်ချက်တစ်ခု ရှိနေသလိုပင်။ ထို့ကြောင့် သူမကိုယ်သူမ အံဩသင့် နေမိသည်။ ရဲချန်ဖန်နှင့် တွေ့ဆုံသည်မှာ မကြာသေး သော်လည်း သူမ မသိစိတ်က ရဲချန်ဖန်ကို ယုံကြည် အားကိုးလို့ ရနိုင်သည်ဟု သိရှိ နေသည်။
“အင်း … သူက အံဖွယ်တွေ လုပ်နိုင်ပါစေ … အဲလိုမှ မဟုတ်ရင်တောင်မှ အချိန် အနည်းငယ် ဆွဲထား ပေးနိုင်တာပဲ ဖြစ်ဖြစ်ပေါ့ …”
အခြေအနေကို စဉ်းစားပြီး အကြီးအကဲမိုင်က ဆုတောင်း ယုံမှလွဲရင် ရွေးချယ်စရာ မရှိပေ။
ရဲချန်ဖန်က အမှောင်သခင်၏ သင်္ဘောနှင့် ဆယ်မိုင် အကွာတွင် ရပ်တန့်ပြီး ဓားစက်ရုပ်ကို ဆင့်ခေါ် လိုက်သည်။ အမှောင်သခင်၏ သင်္ဘောပေါ်တွင် မဟာ သားရဲဘုရင် အဆင့် တန်ခိုးရှင် မရှိလျှင် ဓားစက်ရုပ်၏ ဖျက်ဆီးလို့ မရနိုင်သည့် ခန္ဓာကိုယ်ကြောင့် မဟာသားရဲ ဘိုးဘေး ပဉ္စမ အဆင့် မပြောနှင့် မဟာသားရဲ ဘိုးဘေး ဆဌမအဆင့် တန်ခိုးရှင်ပင် ရဲချန်ဖန် မကြောက်ချေ။ ရဲချန်ဖန်က အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်းငါးသောင်းကို ဓားစက်ရုပ်ထဲ ထည့်သွင်းလိုက်သည်။
ဝိညာဉ် ကျောက်တုံးများ ထည့်သွင်းပြီးနောက် ဓားစက်ရုပ်၏ ကိုယ်မှ အလွန်ပြင်းထန် အစွမ်းထက်သော အော်ရာက ထွက်ပေါ်လာပြီး ပင်လယ် မျက်နှာပြင် ပေါ်တွင်ပင် ဝဲကတော့ကြီး ဖြစ်ပေါ်လာ စေသည်။
“ဘာဖြစ်တာလဲ မသိဘူး …”
ရင်ဘတ်တွင် ထူးခြားသော အမှတ်အသားကို ရေးထိုးထားသည့် အနက်ရောင် ကိုယ်ကျပ် ဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်း ယောက်ျား တစ်ယောက်သည် အမှောင်သခင်၏ သင်္ဘော ထိပ်တွင် ရပ်တန့်ရင်း ဝဲကတော့ကြီးကို ကြည့်ကာ အတွေးနက်နေသည်။ ထိုဝဲကတော့ကြီးကို မြင်ပြီးနောက် အန္တရာယ် အငွေ့အသက်ကို ရနေပြီး ထူးခြား နေသည်ဟု ခံစားမိလိုက်သည်။
ထိုဝတ်စုံနက်နှင့် လူသည် အမှောင်သခင်က မိုယုရန်တို့ကို သတ်ရန် စေလွတ် လိုက်သော မဟာ သားရဲ ဘိုးဘေး ပထမအဆင့် တန်ခိုးရှင် ဖြစ်သည်။ သူသည် အမှောင်သခင် နောက်လိုက် များထဲတွင် မိစ္ဆာဖြူဟု နာမည်ကြီး လှသည့် တန်ခိုးရှင် ဖြစ်သည်။
“သခင်ကြီး … သတင်းပို့ပါတယ် … အဲဝဲကတော့ကြီးက ရုတ်တရက် ဖြစ်ပေါ်လာတာပါ။ ပင်လယ်ထဲမှာ တစ်စုံတစ်ရာ ထူးခြားမှု ရှိနေတယ်လို့ ထင်တယ် …”
သင်္ဘော အမှူထမ်း တစ်ယောက်က မိစ္ဆာဖြူကို သတင်းလာ ပို့လေသည်။
“ဘာတွေ ထူးခြားတာလဲ … အဲဒါက မိုယုရန်နဲ့ ပတ်သက်နေလား …”
မိစ္ဆာဖြူက မျက်မှောင်ကြုတ် သွားသော်လည်း သူက စိတ်ထဲ မထားချေ။ မိုယုရန်၏ အဖွဲ့တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ ကောင်းကင် သားရဲဘုရင်သာ ဖြစ်သည်။ ထို့ကြောင့် သူစိတ်ထဲတွင် ဘယ်လောက်ပဲ ထူးခြား ထူးခြား ဂရုမစိုက်ပေ။
“သင်္ဘောကို အရှိန်မလျော့နဲ့ … မိုယုရန်ရဲ့ သင်္ဘောကို ထိပ်တိုက် ဖြတ်တိုက်ပစ် …”
ရှစ်မိုင်၊ ငါးမိုင်၊ သုံးမိုင် … တဖြည်းဖြည်းနှင့် အမှောင်သခင်၏ သင်္ဘောက ရဲချန်ဖန်နှင့် နီးကပ် လာသည်။ ဓားစက်ရုပ်ကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့နား အမှောင်သခင်၏ သင်္ဘောက ဖြတ်ကျော်တော့မည့် အချိန်တွင် အလွန် တောက်ပ လင်းလက်သော ဓားအလင်းက ထွက်ပေါ် လာသည်။ ဓားအလင်းကြောင့် အမှောင်သခင်၏ သင်္ဘောပေါ်မှ လူများသည် မျက်လုံးများ ကျိန်းစပ်ကာ မျက်စိကို မှိတ်လိုက် ရလေသည်။ ဓားအလင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှရာ ဝတ်စုံနက်ပင် ကြောက်လန့် သွားသည်။
“ပြတ်စမ်းကွာ …”
ဓားအလင်းက ကြောက်မက်ဖွယ်ပင် အမှောင်သခင်၏ သင်္ဘောကို ထိမှန်သွားရာ မီတာပေါင်းများစွာ ရှည်လျားသော ဓားခုတ်ရာကြီး ဖြစ်ပေါ် လာသည်။ အမှောင်သခင်၏ သင်္ဘောကို အလွန် ထူးခြား ခိုင်ခံ့သော သတ္တုများဖြင့် ဆောက်လုပ် ထားသော်လည်း ဓားအလင်းက အလွန် ပြင်းထန် လှသဖြင့် သင်္ဘောပေါ်တွင် ကြီးမားသော အပေါက်ကြီးက ဖြစ်ပေါ်လာသည်။
ထို့အပြင် ဓားအလင်း အစွမ်းက ပြင်းထန် လှသောကြောင့် မိစ္ဆာဖြူကိုပင် ကြောက်လန့် သွားစေကာ အဆင့်နိမ့် တန်ခိုးရှင် များက ဒဏ်ရာများ ရပြီး သွေးများ အန်ထုတ် လိုက်ရသည်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားလဲ … ဒီဓားချက်က ရဲချန်ဖန် ထုတ်သုံး လိုက်တာလား … သူရဲ့ တန်ခိုးအဆင့်က ဘယ်တောင် ရောက်နေပြီလဲ …”
အကြီးအကဲမိုင်တို့သည် ရဲချန်ဖန်နှင့် အတော်လေးပင် ဝေးကွာ နေသော်လည်း ခုနက ထွက်ပေါ် လာသော ဓားအလင်းကို သူမပင် ခုခံနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
“ဘယ်သူလဲ …”
သင်္ဘောကြီး အပေါ်တွင် ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ် လာသောကြောင့် သင်္ဘောကြီးမှာ ရပ်တန့်သွားသည်။ မိစ္ဆာဖြူက အော်ဟစ်ပြီး ဓားအလင်း ထွက်ပေါ်သည့် နေရာ တစ်ဝိုက်ကို ကြည့်ရှုရှာဖွေ နေရာ ပင်လယ်ရေ မျက်နှာပြင်သည် ဝုန်းခနဲ့ ကွဲထွက်ကာ ရေစက် ရေပေါက်တို့က နေရာအနှံ့ ပျံ့နှံ့ လွင့်စဉ် နေသည်။ ထို့နောက် အလင်းတန်း တစ်ခုနှင့် အတူ လူတစ်ဦးက ကုန်းပတ် ပေါ်တွင် ရပ်နေသည် ကိုမြင်တွေ့ လိုက်ရသည်။
“ဟွန်း … ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့် ဟုတ်လား …”
မိစ္ဆာဖြူ၏ ကြောက်လန့် စိတ်နှင့် ပြည့်နှက်နေသော မျက်လုံးများသည် ရဲချန်ဖန်ကို မြင်တွေ့ လိုက်သောအခါ ကြောက်ရွံ့မှုမှ အံအားသင့်မှု အဖြစ် ပြောင်းလဲ သွားသည်။ သူကိုယ်တိုင်ပင် တုန်လှုပ် ကြောက်လန့် သွားစေသော ဓားအလင်းကို ထုတ်လွတ် လိုက်သူသည် ရဲချန်ဖန် ဖြစ်နေသည်ကို မယုံသင်္ကာ ဖြစ်နေသည်။
“မင်းက ဘယ်သူလဲ … ငါတို့နဲ့ ရန်ငြိုးရန်စ မရှိဘဲ ငါတို့ သင်္ဘောကို တိုက်ခိုက် ရတာလဲ …”
မိစ္ဆာဖြူက မျက်နှာမှာ မသာမယာ ဖြစ်နေပြီး သူက ချက်ချင်း ရဲချန်ဖန်ကို တိုက်ခိုက်ခြင်း မပြုပေ။ သူက သတိကြီးသော သူဖြစ်ကာ တာဝန်ပေးသည့် ကိစ္စတိုင်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်သောကြောင့် အမှောင်သခင် လက်အောက်တွင် အလွန်အရေးပါသူ ဖြစ်နေခြင်းပေ။
“ငါဘယ်သူလဲ ဆိုတာ မင်းသိစရာ မလိုဘူး … မင်းသိရမှာက မင်းကို သတ်ဖို့ ငါရောက် လာတာပဲ …”
ရဲချန်ဖန်ဆီမှ ပြင်းထန် လှသည့် လူသတ် အော်ရာက ထွက်ပေါ် နေသည်။
ရဲချန်ဖန်၏ ရည်ရွယ်ချက်ကို သိလိုက်ပြီးနောက် မိစ္ဆာဖြူသည် ပို၍ သတိထား နိုးကြား လာသည်။ ရဲချန်ဖန်တွင် အားကိုးရာ တစ်ခုခု မရှိပါက ကောင်းကင်သားရဲ ဘုရင် ဒုတိယ အဆင့်က သူလိုတန်ခိုးရှင် ရှေ့တွင် ဤမျှအတင့်ရဲမည် မဟုတ်ပေ။
“မင်းတို့နှစ်ယောက် သူ့ကို သွားတိုက် ကြည့်စမ်း …”
သတိထားသည့် အနေဖြင့် မိစ္ဆာဖြူက ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦးကို ရဲချန်ဖန်အား တိုက်ခိုက်ရန် အမိန့်ပေး လိုက်သည်။
“ဟုတ် …”
ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦးက မပေါ့ဆဘဲ သူတို့၏ သားရဲ ဝိညာဉ်များနှင့် ပေါင်းစပ်ကာ ရဲချန်ဖန်ကို ဘယ်ညာ ဝိုင်း၍ ပူးပေါင်း တိုက်ခိုက် လိုက်သည်။
“ဓားစက်ရုပ် … သူတို့ကို သတ်ပစ်စမ်း …”
ဒဏ်ရာများ အကင်း မသေသေးသော ရဲချန်ဖန်သည် မိုက်မဲလှသူ မဟုတ်ပေ။ ထို့ကြောင့် ဓားစက်ရုပ်ကို ဆင့်ခေါ်ပြီး ကောင်းကင် သားရဲဘုရင် ပဉ္စအဆင့် တန်ခိုးရှင် နှစ်ဦးအား သတ်ရန် အမိန့်ပေး လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲချန်ဖန်ကို ဘယ်ညာဝိုင်း၍ တိုက်ခိုက် လိုက်သည့် ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦးအား၏ ဓားချက်များက ရဲချန်ဖန်ဆီ မရောက်လာမီ ဓားစက်ရုပ်၏ ဓားချက်များက ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦး၏ ခန္ဓာကိုယ် များကို ထိမှန်သွားပြီး နှစ်ဦးလုံး သေလုမြောပါး ဒဏ်ရာများ ရသွားကြလေသည်။ သွေးများသည် သူတို့ကိုယ်မှ ဒရဟော စီးကျ နေသည်။
ထိုအချိန်တွင် ရဲချန်ဖန်က အရိပ်မဲ့ သိုင်းသုံးကာ သေလုမြောပါး ဖြစ်နေသော ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦး ဘေးတွင် ပေါ်လာပြီး ဝိညာဉ်စုပ် သိုင်းသုံးကာ လွင့်ပြယ် လုနီးပါး ဖြစ်နေသော ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် တန်ခိုးရှင် နှစ်ဦး၏ ဝိညာဉ် သားရဲကို စုပ်ယူလိုက်သည်။
“မဟာ သားရဲ ဘိုးဘေး ပဉ္စမ အဆင့် တန်ခိုးရှင်လား …”
ဓားစက်ရုပ်မှ ထွက်ပေါ် နေသော အော်ရာကြောင့် မိစ္ဆာဖြူသည် အလွန် စိတ်ဓာတ် ကျသွား လေသည်။ ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့် တန်ခိုးရှင်တွင် ဘယ်လိုလုပ် မဟာသားရဲ ဘိုးဘေး ပဉ္စမအဆင့် စက်ရုပ် အစောင့်ရှောက် ရှိနေပြီး … ရဲချန်ဖန်သည် မည်ကဲ့သို့သော အင်အားစုကြီးမှ လူငယ်လေး ဖြစ်ကြောင်း မိစ္ဆာဖြူ မတွေးနိုင် ဖြစ်နေသည်။
“မင်း … မင်းက ဘယ်သူလဲ …”
မိစ္ဆာဖြူ မျက်နှာက ကြောင်ရွံ့မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေလေသည်။ သူသာ ပင်လယ်ထဲ မဟုတ်ဘဲ ပြေးဖို့နေရာ ရှိပါက သင်္ဘောကို စွန့်ခွာ ထွက်ပြေးမိမည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။ ယခုတော့ သူတွင် ပြေးစရာ မရှိသော ပင်လယ်ထဲတွင် ရောက်နေသောကြောင့် ရဲချန်ဖန်ကို တောင်းပန် အသနားခံရန် တွေးလိုက်လေသည်။
“ငါပြောပြီးပြီလေ … မင်းကို သတ်မယ့်လူလို့ …”
ရဲချန်ဖန်က သနားညှာတာခြင်း မရှိပေ။ အမှောင်သခင်လို ကြေးစား လူသတ်နေသော အဖွဲ့အစည်းမှ လူသည် အဘယ်ကဲ့သို့ လူကောင်း ဖြစ်နိုင်မည်နည်း။ ဓားစက်ရုပ်ကို စိတ်ထဲမှနေ၍ အစွမ်း အထက်ဆုံး၊ အပြင်းထန်ဆုံး တိုက်ခိုက်ရန် အမိန့်ပေး လိုက်သည်။